Quantcast
Viewing all articles
Browse latest Browse all 1811

“သေခါနီးတစ်ယောက်၏ ဂယောက်ဂယက်အတွေးများ”

by Soe Min (Notes) on Saturday, June 1, 2013 at 11:50pm
          ဖေ့စ်ဘုတ်ပရိုဖိုင်းပုံမှာ လိမ္မော်ရောင်တီရှပ်နဲ့ ငယ်ငယ်တုန်းကပုံကြီး တင်ထားတယ် လို့ ပြောကြတာကို မခံနိုင်လို့ “ဘယ်ကဟုတ်ရမှာလဲ။ အဲဒါ ဘူတန်ရောက်စက မီးပူတိုက်ရင်း ၀က်ကင်နဲ့ ရိုက်တင်ထားတာ။” လို့ မကြွားသော်ဝါရာရှိ ပြန်ပြန်ချေခဲ့တာတောင်မှ အခုဆို လေးနှစ်ကျော်လာခဲ့ပြီကော။ လေးနှစ်ဆိုတဲ့အချိန်ဟာ လူတစ်ယောက်ကို ကောင်းကောင်းကြီး ပြောင်းလဲသွားစေနိုင်သားပဲ။ အဲသည်အရှေ့က ၁၆ နှစ်စာမှာ မသိသာပေမယ့် သူ့နောက်ပိုင်း လေးနှစ်တာကတော့ တော်တော်သိသာသွားခဲ့ပြီ။
ရုပ်ဆင်းသွင်ပြင်က နေ့တိုင်းမှန်ထဲမှာ မြင်နေကျမို့ သိပ်မပြောင်းလဲပါဘူးဆိုတာတောင် သိသိသာသာ ပြောင်းလဲလာတာတွေကိုလည်း မသိချင်ယောင်ဆောင်ထားလို့ မရတော့ဘူး။ ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ ဆဲလ်တွေအားလုံး အကျပိုင်းကို ရောက်လာပြီ။ အရင်တုန်းကဆို တစ်လတစ်ခါ မညှပ်ဖြစ်ရင် ဘုတ်သိုက်ကြီးဖြစ်လာတဲ့ ဆံပင်တွေလည်း နှစ်လလောက် မညှပ်ဖြစ်တာတောင် သိပ်မသိသာတော့ဘူး။ လက်သည်းခြေသည်းညှပ်ရတဲ့ အချိန်အပိုင်းအခြားလေးတွေတောင်မှ ပိုပိုခြားလာတယ်။ ခုရက်ပိုင်း မျက်စိနာဖြစ်တော့ ဆယ်ရက်လောက်ကြာတာတောင် မပျောက်သေးဘူး။ ဆေးမျိုးကိုစုံလို့။ ငယ်ငယ်ကဆို ပွဲကြည့်မီ လေးနာရီမျက်စဉ်း နဲ့ လေးငါးခါလောက် ခပ်လိုက်ရုံပဲ။ (ညနေလေးနာရီက ခပ်လိုက်ရင် ညပွဲကြည့်အမီ ပြန်ကောင်းသတဲ့) ဟိုးတလောက လက်ကျိုးတုန်းကလည်း တော်တော်နဲ့ ပြန်မကောင်းဘူး။ ငယ်ငယ်ကကြာတဲ့အချိန်ထက် နှစ်ဆမကပိုကြာတယ်။ အပွန်းအပဲ့ ဒဏ်ရာကလေးတွေကအစ အနာရွတ်ပျောက်အောင် တစ်လကျော်ကြာတယ်။ ရွှေတိဂုံဘုရားပေါ်သွားတဲ့အခါ သားအဖနှစ်ယောက် ဘုရားဝတ်ပြုပြီး ပြန်အထမှာ ကိုယ်ကသူ့လို ၀ုန်းကနဲဆတ်ကနဲ ခုန်မထနိုင်တော့ဘူး။ လက်ကလေးနဲ့ထောက်ကာ၊ ဒူးကလေးကိုကိုင်ကာနဲ့ မသိမသာ ထူပြီးထရတယ်။ ခြေလက်ခန္ဓာက အဆစ်အမြစ်တွေဟာ သံချေးကိုက်စပြုနေတဲ့ တံခါးပတ္တာများလို အဖွင့်အပိတ် ကြပ်တပ်တပ် ဖြစ်နေပြီ။ ကိုယ့်သက်တမ်းကိုယ် ခြောက်ဆယ်နဲ့တွက်ထားတာမို့ အခုဆိုရင် နောက်ဆုံးကျန်တစ်စိတ်ထဲဝင်လာခဲ့ပြီ။ မကောင်းတော့တဲ့၊ မချိုမြိန်တော့တဲ့၊ မလတ်ဆတ်တော့တဲ့ လေးစိတ်တစ်စိတ် လို့တော့ သဘောမထားသော်လည်းပဲ အဲဒါတွေအားလုံး အမှန်တရားအဖြစ် လက်ခံရတော့မယ်။

             သေချာတာကတော့ အဲသည်တစ်စိတ်ကို သေခါနီးတစ်စိတ်လို့ ခေါ်ရင် မမှားဘူး။ ခေါက်ကနဲ နဲ့ ရုတ်တရက် မဟုတ်လို့ကတော့ ဒါပြီးရင် သေဖို့ပဲ ကျန်တော့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေခါနီးပြီဆို ရိက္ခာယူဖို့ စဉ်းစားရတော့မှာပေါ့လေ။ နေ့ဖို့ညစာတောင် နပ်မမှန်ရတဲ့အထဲ ဘယ်ဆီနေမှန်းမသိတဲ့ နောက်ဘ၀အတွက် မပြင်နိုင်ကြတာကတော့ သူသူကိုယ်ကိုယ်ပါပဲ။ ခေတ်ကာလ ရွှေညီအကိုများ အားလုံးလိုလို မနက်ဖြန်ကို မယုံကြည်ကြသူများချည့် ဖြစ်ကုန်ပြီ။ ကိုယ့်ဆီမှာရှိတဲ့ သေခါနီးကြီးတွေ ဘယ်နေရာမှာ ရိက္ခာယူနေကြသလဲ ဆိုတာတော့ ပြောစရာမလို။ လူတိုင်းသိနေတယ် မဟုတ်လား။ သူတို့ယူတဲ့ရိက္ခာက သေရင်ထားပစ်ခဲ့ရမှာစိုးလို့ ရှိသမျှစည်းစိမ် အကုန်ခံစားပြီး သည်ဘ၀သည်ကိုယ်နဲ့ ရသလောက် စံသွားမယ်ဆိုတဲ့အယူ။ နောက်ဘ၀တင်မယ့်ကြွေးကို နောက်ကိုယ်နဲ့ခံမယ် လို့ သဘောထားကြတာ။ ခုတော့ ကိုယ့်အလှည့်ရောက်တော့မယ်။ မသေခင် ဘာရိက္ခာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေထားခဲ့ပြီး ဘာတွေသယ်သွားမလဲဆိုတာ ဖဲသမားများ ၀မ်နင်ခေါ်တဲ့အချိန် အပုံထိန်းရိုက်သလို ထိန်းထိန်းသိမ်းသိမ်းလေး သုံးသပ်မိပါတယ်။

             လူ့သက်တမ်း သုံးချိုးနှစ်ချိုးမှာ ဘာတွေစုမိထားပြီလဲ။ ဘာတွေဖြစ်လာခဲ့ပြီလဲ။ လို့ ပြန်တွေးကြည့်တော့ ဥစ္စာပစ္စည်းအနေနဲ့ကြည့်ရင် ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြား မရှိပါဘူး။ လစဉ်ဝင်ငွေနဲ့ထွက်ငွေကို အလျဉ်မီရုံကလေး ချင့်ချိန်သုံးနေရတယ်။ မတ်တတ်စာအပြင် တုံးလုံးစာတောင် မရှိ။ ပူပင်နေရတဲ့ဘ၀ မဟုတ်တာပဲ ရှိတယ်။ ဒါပေမယ့် သည်အသက်သည်အရွယ်ထိအောင် မလုပ်သင့်မလုပ်ထိုက်ဘူးလို့ ကိုယ့်ဘာသာယူဆထားတဲ့အလုပ်တွေကို ငွေကြေးအတွက်ရော၊ အကြောက်တရားနဲ့ပါ မလုပ်ခဲ့မိသေးဘူးလို့ တွေးလိုက်ရင် လက်ခမောင်းတောင် ခတ်လိုက်ချင်သေး။ နောက်ဘ၀မှာ ပေးဆပ်စရာ ငရဲကို စစ်စစ်ပေါက်ပေါက် ပြန်တွေးကြည့်ရင် ဆေးကျောင်းသားဘ၀တုန်းက ပိုးဟပ်ကလေးတွေ၊ ဖားကလေးတွေ သတ်ခဲ့ဖူးတယ်။ ခြင်တဖတ်ဖတ်ရိုက်ဖူးတယ်။ သွန်သင်ဆုံးမပေးသော မိဘဘိုးဘွား ဆရာသမားများ ဂုဏ်ကျေးဇူးကြောင့် သည်ဘ၀မှာ “ကောက်ကျစ်သော”၊ “ယုတ်မာသော”၊ “ကိုယ့်အကျိုးစီးပွားအတွက် လူတဘက်သား ဒုက္ခရောက်စေတတ်သော”၊ “လှည့်ပတ်လိမ်ညာတတ်သော”၊ “ဟန်ဆောင် ရက်စက်တတ်သော” သူတစ်ယောက်တော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်မိတာ။ အဲလိုလူတွေ အများကြီး ကြုံတွေ့ခဲ့ရဖူးတယ်။ အခုလည်း မျက်စိအောက်မှာ မြင်နေရတယ်။ သူတို့တတွေ ဘာကြောင့် ဘာအတွက် သည်လိုလုပ်နေကြသလဲတော့ မတွေးတတ်ဘူး။ ဒါပေမယ့် ဘယ်လိုအကြောင်းနဲ့မှ သူတို့လုပ်နေတဲ့အလုပ်တွေကို မလွှဲသာမရှောင်သာ အတူပါဝင် လုပ်ဆောင်နေရတဲ့ဘ၀မှာ ကိုယ်မပါဘူး ဆိုတဲ့အသိဟာ ဘယ်လောက် ၀မ်းသာစရာကောင်းသလဲ။ အတိတ်ဘ၀က ကုသိုလ်ကံကြောင့် သည်ဘ၀မှာ အကုသိုလ်ကင်းသော လူမှုအသိုင်းအ၀ိုင်းမှာ အကုသိုလ်ကင်းရာကင်းကြောင်း အဆုံးအမနဲ့ ကြီးပြင်းခွင့်ရခဲ့တယ်။ လူဖြစ်မရှုံးတဲ့ ဘ၀ကိုရခဲ့တယ်။ သံသရာအတွက် အကြွေးမတင်ဘူး။ သည်နှစ်ခုနဲ့တင် ခုဘ၀ကို ကျေနပ်စရာကောင်းနေပြီပေါ့။

            လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ ဘုရားဒကာထင်ကြတာချည့်ပါပဲ။ သေတော့မှသာ မယားဘယ်နှစ်ယောက် အမွေလုရသလဲ လူသိရှင်ကြား ဖြစ်လာတာ။ ဒါတောင် ခိုးစားတဲ့ အိမ်ကမိအေးတွေ မပါသေးဘူး။ လူတစ်ယောက်ရဲ့ သီလ နဲ့သိက္ခာကို လူပုံအလယ်မှာ မြင်ရတဲ့အတိုင်း၊ သူ့ပါးစပ် သူများပါးစပ်က ထုတ်ဖော်ပြောဆိုနေတဲ့အတိုင်း ယုံလို့ ဘယ်ရမလဲ။ ဘယ်သူမှ မတွေ့တဲ့ ဆိတ်ကွယ်ရာမှာ သူဘယ်လိုစောင့်စည်းသလဲ။ စိတ်ရင်းအမှန်ပေါ်လာတဲ့အချိန်မှာ သူဘယ်လို ပြုမူသလဲဆိုတာကို ကြည့်ရပါသတဲ့။ ဒါပေမယ့် ဘယ်သူတွေ သိသိ မသိသိ ကိုယ့်ဘာသာကိုယ်တော့ မသိပဲ ဘယ်နေပါ့မလဲ။ ကိုယ့်စရိုက်အမှန်ကို သူများတွေသိမှာစိုးလို့ ဖုံးဖိလိမ်ညာရတဲ့သူတွေဟာ သူများတွေ ယုံတာ မယုံတာအပထား၊ သူ့ဘာသူအရင်ဆုံး ယုံကြည်သွားပြီး ငါက အမှန်၊ စေတနာနဲ့လုပ်နေတာ၊ ဘာကြောင့် ဘာအတွက် လုပ်နေတာဆိုပြီး ဆင်ခြေတွေနဲ့ ဖုံးဖိလှည့်စားမိပါတယ်။ ဒေ၀ဒတ်တောင် သူ့ကိုယ်သူအဟုတ်ကြီးမှတ်ပြီး သံဃာသင်းခွဲတဲ့အထိ မိုက်တွင်းနက်သေးတယ် မဟုတ်လား။ ကိုယ်လည်းပဲ ကိုယ့်ဘ၀ကိုယ် သုံးသပ်တဲ့အခါမှာ ငါ့ခမျာကလေး ဘာဖြစ်လို့ သည်အမှားတွေ ကျူးလွန်လိုက်ရပါတယ် ဆိုတဲ့ အကြောင်းပြချက်တွေကို မရှာပဲ ငါဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ ဘေးကထွက်ပြီး ပြန်တွေးပါတယ်။ တမင်မဟုတ်သော်လည်း သူများကို စိတ်ညစ်အောင် လုပ်ခဲ့မိတာတွေကတော့ ရှိပေလိမ့်မယ်။  ကိုယ့်စိတ်ညစ်အောင် လာလုပ်တဲ့သူတွေလည်း အများကြီးပဲ ဥစ္စာ။ (သူများ သောက်မြင်ကပ်အောင် လုပ်တဲ့နေရာမတော့ ပြိုင်စံရှားဗျ) ဒါပေမယ့် သူများဒုက္ခရောက်အောင်တော့ တစ်ခါမှ မလုပ်ဖူးတာ သေချာတယ်။ ကိုယ့်ကိုဒုက္ခရောက်အောင် လာလုပ်တဲ့သူရော မရှိဘူးလား လို့ စဉ်းစားကြည့်လိုက်တော့ မရှိပါဘူး။ လူဆိုတာ ကိုယ်နဲ့ ကိုယ့်ရဲ့ အတိတ်ကံကသာ ကိုယ့်ကို ဒုက္ခပေးလို့ရတာ လို့ ယုံကြည်တာကိုး။ ဒါကြောင့် သည်ဘ၀မှာ အမုန်းကြွေး ဘယ်သူ့ကိုမှ မတင်ဘူး။ ကျေးဇူးကြွေး၊ မေတ္တာကြွေးတွေ ဆပ်မကုန်အောင် တင်ခဲ့တာပဲ ရှိတယ်။

             ဘာတွေထားခဲ့မလဲ ဆိုပြန်တော့လည်း ခုချိန်ထိ ဟုတ်ဟုတ်ငြားငြား ထားရစ်စရာ ဘာမှ မရှိပါဘူး။ ကြွေးဟောင်းမဆပ်နိုင်ရုံတင် မဟုတ်ဘူး။ ကြွေးသစ်လည်း ဖြစ်ဖြစ်မြောက်မြောက် မချနိုင်သေးဘူး။ ကိုယ်မရှိတဲ့နောက် သမီးအတွက် ဘာတွေချန်ထားချင်သလဲဆိုရင် အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားတွေ ထားခဲ့ချင်တယ်။ ဘာသာရေးအဆုံးအမနဲ့ မြန်မာစရိုက်ကလေးတွေ ပေးခဲ့ချင်တယ်။ ရွှေပေါ်မြတင် တပင်တိုင်မြနန်း နဲ့ မထားခဲ့ချင်ဘူး။ ကိုယ့်အားကိုယ်ကိုး လွတ်လွတ်လပ်လပ် ပျော်ရွှင်ကျန်းမာတဲ့ မိန်းမပျိုကလေးတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ ဘာပဲပြောပြော ကိုယ်မရှိတဲ့နောက် သမီးလေးဖတ်ဖို့စာတွေ အထိုက်အလျောက် ရေးခဲ့ပြီးပြီ။ ပြောချင်တဲ့စကား၊ ထားချင်တဲ့အမှာတွေလည်း နားလည်နိုင်လာတဲ့ တစ်နေ့သောအခါအတွက် ရေးရစ်ခဲ့ပြီ။ တစ်နေ့ကျရင် အဲသည်စာတွေဖတ်ပြီး သမီးလေး ရယ်တဲ့အခါလည်း ရယ်လိမ့်မယ်။ ပြုံးတဲ့အခါလည်း ပြုံးလိမ့်မယ်။ ငိုချင်လည်း ငိုပေါ့။ သူ့အဖေဖြတ်သန်းခဲ့တဲ့ ခေတ်အခါက သည်လိုကိုး လို့ သဘောပေါက်လာမှာတော့ အမှန်ပဲ။ လောလောဆယ်မှာတော့ “ဘာတွေရေးထားမှန်းမသိပါဘူး။” “ဖတ်လို့လည်း မကောင်းပဲနဲ့။” “ကာတွန်းပဲ ရေးပါလား။” လို့ အားပေးနေတဲ့သမီးလေးဟာ သူ့အဖေကို စာတွေဆက်ရေးနေစေဖို့ တွန်းအားလည်းပေးတယ်။ အဲသည်စာတွေထဲမှာ အဆိပ်အတောက်တွေ မပါစေဖို့ အသိတရားကိုလည်း ပေးတယ်။ အမှန် နဲ့အမှား၊ တရားမှု နဲ့ မတရားမှုတွေ အကြားမှာ ဘယ်လိုရပ်တည်ရသလဲဆိုတာ သူကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံအရ သိလာပါလိမ့်မယ်။ သူ့အဖေ ဘယ်လိုလူစားမျိုးလဲ ဆိုတာကိုတော့ အဲဒီစာတွေကတဆင့် အကဲခတ်နိုင်လိမ့်မယ် မျှော်လင့်ရတာပဲ။

             နောက်ဘ၀အတွက် သယ်သွားစရာ ကောင်းမှုကုသိုလ်တွေကော ဘယ်လောက်လုပ်ခဲ့ပြီလဲ လို့ သယ်စရာအထုပ်ကလေးကို တစ်ခါပြန်ချိန်ကြည့်ပြန်တော့ တယ်ပြီး အားရကျေနပ်လောက်စရာ မရှိပါဘူး။ မဟုတ်တာ မလုပ်ရုံပဲ ရှိသေးတယ်။ ဟုတ်တာတွေလည်း မလုပ်ရသေးဘူး။ ဒါနရော သီလရော ဘာဝနာပါ သူငယ်တန်းအဆင့်က မတက်သေးဘူး။ ၀ိပဿနာဘက်မှာဆို သမာဓိတောင် မတည်သေးဘူး။ (သောတာပန်တည်နေပြီဆိုတဲ့ အဆိုတော်ရုပ်ရှင်မင်းသမီးတွေကို အားကျမိပါရဲ့) ခုနေများ သေသွားလို့ကတော့ ငရဲတော့ ကျချင်မှကျမယ်။ နတ်ပြည်တော့ မရောက်နိုင်တာ သေချာတယ်။ မေ့ပင်အောက်မ၀င်ခင် သေသေချာချာ စဉ်းစားတာတောင်မှ လောက်လောက်လားလား ပြစရာကုသိုလ် ဘာတစ်ခုမှ မရှိဘူး။ ညောင်စေ့ကလေးတွေ မွစာကျဲပြီး ဘယ်ဟာကိုမှ အမည်ဖော်လို့ မရတာ။ ဘယ်ညောင်စေ့မှ အပင်ပေါက်လာတာလည်း မမြင်မိဘူး။ သည်တော့မှ မသေခင် တော်တော်စုဆောင်းယူရမယ့် ကုသိုလ်ကြွေးတွေကို မြင်မိပါတော့တယ်။ အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦးဆို သေမင်းကို အချိန်ပိုတောင်းပြီး လုပ်ကိုလုပ်ရမယ့်အလုပ်ကတော့ တရုတ်အားထားရဦးမယ်ဆိုတဲ့ အလုပ်ပါပဲ။ နောင်ဆိုတဲ့ကိစ္စတွေဟာ နောက်တစ်နာရီတောင် သေချာတာမဟုတ်ဘူး။ ဒါမပါပဲ သံသရာလျှောက်ခဲ့ပေါင်းများပြီ။ နောင်ဘ၀မှာ ငရဲမကျဖို့ သေချာပေါက်ပြောနိုင်ရအောင် ကိုယ်လည်း ဘယ်တုန်းကမှ သောတာပန်တည်ထားတာ မဟုတ်ဘူး။ နောင်မှလို့ ပြောပြောပြီး နေ့ရွှေ့ညရွှေ့ ရွှေ့လာခဲ့တာ ဘယ်လိုမှ မသေချာတော့ဘူးဆိုတဲ့အသိက ခုရက်ပိုင်းအတွင်းမှာ တော်တော်ခိုင်မာလို့ လာပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တို့ ဗုဒ္ဓသာသနာတော်ကြီးက နောင်ဘ၀ထိအောင် မစောင့်နိုင်တော့တာ သိသာထင်ရှားလာမှကိုး။

            အဘွားတွေလက်ထက်တုန်းကတော့ မြန်မာတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြရင် မြန်မာ့အသိုင်းအ၀ိုင်းလယ်မှာ မျက်နှာပန်းလှတဲ့ဘ၀က ကျောင်းဒကာ ကျောင်းအမ၊ ဘုရားဒကာ ဘုရားအမ ဘ၀ပါပဲ။ အနည်းဆုံးတော့ ရဟန်းဒကာ ရဟန်းအမဖြစ်မှ သေရင်တောင် ရွှေထီးကလေး ရံလို့ရတယ်။ ရွာမှာ အမယ်ကြီးအိုမှန်ရင် ဥပုသ်နေ့ ဘုန်းကြီးကျောင်း မရောက်တဲ့သူ မရှိဘူး။ ရွာမှာ ဘုန်းကြီးဆိုတာ သူကြီးအထက်က အာဏာတည်တယ်။ သွားရင်းလာရင်း ဘုန်းကြီးရဟန်းတွေ့ရင် အရိပ်တောင် မနင်းမိအောင် ရှောင်တယ်။ အဖေအမေလက်ထက်ကျတော့ အိမ်မှာ ခံဆွမ်းရပ်ဆွမ်း ရှိတယ်။ ကျောင်းကို ပို့ဆွမ်းရှိတယ်။ အိမ်မှာ မနက်လင်းတာနဲ့ ပရိတ်ခွေ တရားခွေဖွင့်တယ်။ အပတ်စဉ်မပျက် ဘုရားတက် ပုတီးစိတ်တယ်။ ကိုယ့်လက်ထက်ရောက်တဲ့အခါမှာတော့ အိမ်ကဘုရားတောင် ရေဆွမ်းပဲ ကပ်နိုင်တယ်။ ဘုန်းကြီးဆိုတာ ဆွမ်းကျွေးရှိမှ အိမ်ပင့်ကပ်နိုင်တဲ့ဘ၀ ရောက်လာတယ်။ ညအိပ်ယာဝင် ပုဆိန်ပေါက် ဦးသုံးကြိမ်ချဖို့ မေ့တယ်။ လက်ထောက်ဆရာဝန်ဘ၀က ကျီးနဲ့ဖုတ်ဖုတ် ဆေးခန်းကလေးမှာ ငုတ်တုတ်ထိုင်တုန်းကမှ ပရိတ်ကြီး ၁၁ သုတ်ကို ကုန်အောင် ရွတ်ဖြစ်သေးတယ်။ ပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ်သာ ဟုတ်လှပြီ မှတ်နေတာ။ ဘုရားဝေး တရားဝေး နဲ့ ကြီးလေမိုက်လေ ကြီးမိုက်တွေထဲမှာ ကိုယ်ရှေ့ဆုံးက ပါနေတယ်။ ကိုယ့်သမီးလက်ထက်ကိုရောက်တဲ့အခါ အိမ်မှာအာရုံဆွမ်းကပ်ရင် သူက အိပ်ယာက မထသေးဘူး။ မွေးနေ့ နဲ့ နာရေးမဟုတ်ရင် ဘုန်းကြီးကျောင်းဆိုတာ သွားစရာလို့ သူမထင်ဘူး။ နှစ်တွေ ကြာလာတာနဲ့အမျှ ကိုယ်တို့ဘ၀ဟာ သာသနာနဲ့ ကင်းကွာလာတယ် မဟုတ်ဘူးလား။

           သာသနာဘက်ကလည်း သိသိသာသာကြီးကို ပြောင်းလဲလာတာ ကြောက်ခမန်းလိလိပါပဲ။ ဆရာဒကာဆက်ဆံရေးတွေက ဆန်ပေးဆေးရတဲ့ Service Business ဖြစ်မှန်းမသိဖြစ်လာတယ်။ အိမ်ပင့်ဆွမ်းကပ်၊ ၀တ္ထုသင်္ကန်းလှူ၊ ပရိတ်နာ၊ ရေစက်ချပြီးရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တာဝန်ကျေသွားပြီ လို့ ယူဆတယ်။ ပရိတ်ရွတ် တရားနာအလုပ်လောက်ကို အာရုံမစိုက်ပဲ ငြိမ်ငြိမ်ထိုင်နားထောင်လိုက်ရုံနဲ့ အန္တရာယ်ကင်း ဘေးရှင်းသွားမယ် လို့ ယုံနေတယ်။ ယုံကြည်မှ အကျိုးပေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး တရားနာပရိသတ်ကြီးရဲ့သဘောထားအမှန်ကို ဘူတန်ရောက်တုန်းက သဘောပေါက်ခဲ့တယ်။ သူတို့က အိမ်မှာ အန္တရာယ်ကင်းအောင် ဘုန်းကြီးတွေပင့်ပြီး သုံးရက်လုံးလုံး ပဌာန်းရွတ်သလိုရွတ်စေတယ်။ ဆွမ်းကွမ်း အဖျော်ယမကာ လိုလေသေးမရှိ ဖြည့်ဆည်းပြီး အိမ်ရှင်ရော ဧည့်သည်ပါ ကုန်းနေအောင် ရှိခိုးတယ်။ ဧည့်သည်ထမင်းကျွေးပြီးတာနဲ့ ဘေးချင်းကပ်အခန်းထဲမှာ ကက်ဆက်ဖွင့်ပြီး ဒစ္စကိုကကြရော။ ဘုန်းကြီးတွေက သူတို့ဘာသူတို့ဆက်ရွတ်နေရုံနဲ့ သူတို့အိမ်ထဲ သရဲမိစ္ဆာ မလာနိုင်တော့ဘူးပေါ့လေ။ တို့ဆီမှာလည်း နှစ်ဆန်းတစ်ရက်နေ့ဆိုရင် ကိုယ့်အရပ်ထဲ သရဲမလာအောင် ဘုန်းကြီးတွေပင့်ပြီး ကမ္မ၀ါဖတ်ကြတာ သည်သဘောပါပဲ။

           သည်ကနေ့ခေတ် တရားပွဲတွေ စည်ကားလာပုံမျိုးကလည်း ၀မ်းသာမိသော်ငြား စိတ်ထဲမှာ ကြောက်ကြောက်လာတယ်။ ကြာနီကန်ဆရာတော် ဘယ်လိုအဖြစ်ဆိုးရရှာသလဲဆိုတာ အဲသည် ဓမ္မကထိကဆရာတော်ကလေးတွေကို ပြောပြချင်မိတယ်။ အဟောအပြောကောင်းတာ သံသယမရှိပေမယ့် ကံထရိုက်စံနစ်နဲ့ တစ်ပွဲပုတ်ပြတ် ဘယ်ဈေးဆိုတာမျိုးကြီး ကြားမိတော့ ပြည်တန်ပတ္တမြား ရက်တက်ရည်နဲ့ လဲစားတဲ့ ကောသလ္လအိပ်မက်ကို မေ့လို့မရပြန်ဘူး။ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာတွေ ဘယ်လောက်များမများ မသိပေမယ့် လမ်းပိတ်ကားပိတ် ကိုယ်စိတ်အနှောက်အယှက်ဖြစ်မယ့်သူတွေက ဘာသာခြားတွေချည့်ပဲတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီအဖြစ်အပျက်ကို ကိုယ်ချင်းစာမိသွားတာကတော့ ကာလကတ္တား မြန်မာဘုန်းကြီးကျောင်းမှာတည်းတုန်းက
ကျောင်းပတ်ပတ်လည် လော်စပီကာအကြီးကြီးတွေ ဟိုဘက်ကလာဖွင့် သည်ဘက်ကလာဖွင့်လုပ်ကြတဲ့ ၀တ်ပြုဆုတောင်းပွဲတွေကြောင့် ဆရာတော်ခမျာ ထွက်လည်းပြေးလို့မရနဲ့ ဒုက္ခကြီးစွာ ရောက်တဲ့အကြောင်း ပြောပြတဲ့အခါမှာပါ။ ကိုယ်တိုင်လည်း လမ်းသွားနေရင်းက မြို့လည်ခေါင် လူအစည်ဆုံးနေရာတွေမှာ ဖွေးဖွေးလှုပ်နေအောင် လမ်းပိတ်ပြီး ၀တ်ပြုပွဲလုပ်နေကြတဲ့အခါမှာ ဘာသာရေးအထွဋ်အမြတ်ဆိုတဲ့သဘောထက် အင်အားပြတဲ့ရည်ရွယ်ချက်က တော်တော်သိသာထင်ရှားနေတာ တွေ့လိုက်ရပါတယ်။ ကိုယ့်ဆီမှာ သည်လို အလေ့အထမျိုးနဲ့ “သွေးအေးလို့ မနေသင့်ပြီ။” ဆိုပြီး သွေးမဆူဆူအောင် နှိုးဆော်နေတာလည်း ဟိုဘက်ကလူတွေနဲ့ ဘာမှ မခြားသလိုပါပဲ။

           သာသနာတော် မငြှိုးနွမ်းရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတာကတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် အခုထိန်းသိမ်းနေတဲ့နည်းကတော့ မဟုတ်သေးပါဘူး။ မြန်မာလူမျိုးတွေဟာ ဘာသာတရားကိုင်းရှိုင်းတာကတော့ ဘယ်ကျောက်စာရှာဖတ်ဖတ် သိသာပါလိမ့်မယ်။ ဒါပေမယ့် ကျောက်စာတွေရဲ့ အဆုံးသတ်မှာ သူပြုတဲ့ ကုသိုလ်ကို နှောက်ယှက်ဖျက်ဆီးမယ့်သူတွေအတွက် ကျိန်စာတွေ တိုက်ထားခဲ့တာလည်း ဖတ်ရမှာပါ။ ဘုရားရှင်ရဲ့သာသနာတော်မှာ ငါဘုရားထားခဲ့သော သာသနာအား နှောက်ယှက် ဖျက်ဆီးပိတ်ပင်သူတို့အား ဘယ်လိုဆိုးကျိုးငရဲ ခံစားရစေဆိုတဲ့ စကားမျိုးကို ဘယ်ကျမ်းဂန်ကမှ မထွက်ပါဘူး။ ဘယ်ဘာသာကို ကိုးကွယ်ယုံကြည်သူပဲဖြစ်ဖြစ် သံသရာမှ လွတ်ရာလွတ်ကြောင်းကို ရှာလိုလျှင် မည်သူမဆို “လာလှည့်၊ ကြည့်လှည့်၊ ကျင့်လှည့်” လို့ပဲ ဖိတ်ခေါ်ပါတယ်။

          အိန္ဒိယမှာ သာသနာကွယ်ပျောက်လို့ သံဃာတော်တွေ ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ခဲ့ရတယ်ဆိုတာကို သွေးချောင်းစီးနေတဲ့ သမိုင်းမှတ်တမ်းတွေမှာ ဖတ်လို့ ရနိုင်ပါသေးတယ်။ ဒါပေမယ့် သာသနာတော်ဆိုတာ အင်ပါယာများလို မြေပုံပေါ်မှာ အရောင်ခြယ်ပြီး သိမ်းပိုက်ချဲ့ထွင်လို့ ရတဲ့အရာမျိုးလို့ ဗုဒ္ဓဘာသာဝင်တွေက မယုံကြည်ပါဘူး။ နှလုံးသားထဲမှာ အသွေးအသားထဲမှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာရမယ့် ယုံကြည်မှုတစ်ခုလို့သာ သဘောပေါက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးမှာ ဘုရား၊ တရား၊ သံဃာကို ယုံကြည်သက်ဝင်ခြင်း ကင်းမဲ့သွားတဲ့နေ့ဟာ သာသနာကွယ်ပျောက်တဲ့နေ့ပါပဲ။ အဲဒီရက်ကိုရောက်ဖို့ သိပ်တော့ မလိုတော့ပါဘူး။ အဲဒါ သူများဘာသာတွေက အတင်းဝင်လာပြီး ၀ါးမြိုအနိုင်ကျင့်လို့ မထင်ပါနဲ့။ မိမိကိုယ်၌က သက်ဝင်ယုံကြည်မှု သဒ္ဒါတရား အားနည်းသွားလို့ပါ။ မေတ္တာသုတ်ရွတ်တဲ့ ဘုန်းကြီးတွေကို လမ်းမပေါ်တုတ်နဲ့ရိုက်တာလည်း မြန်မာတွေပါပဲ။ ငွေကြာရံ မစိုးရိမ်ကို မြေလှန်သလိုလှန်ပြီး ထမီစုတ်ရှာ တီဗီထဲရိုက်ပြတာလည်း မြန်မာတွေပါပဲ။ အခုလက်ရှိမှာ ကြည့်ဦးမလား။ ၀ီစီသံနဲ့ အဆုတ်အတက် သွက်လက်ညီညာစွာ ဘူဒိုဇာပါ တမဟုတ်ချင်းတက်မောင်းပြီး ၁၅မိနစ်နဲ့ အိမ်အပြီးဖြိုနိုင်တဲ့ ဥက္ကံဆရာတော်များဟာလည်း ထေရ၀ါဒသင်္ကန်းများနဲ့ ဖြစ်ပါတယ်။ သိန္နီနယ် လားရှိုးက ရွာဖြိုးအုံ့ဆင် ခါမိုးဟုတ်မထင်ဆိုတဲ့ ဘုန်းဘုန်းများကရော ကံဦး၊ မန်ဆူ၊ ပန်အုပ်က တွေ့နေကျရုပ်တွေလည်း မဟုတ်ပဲနဲ့။ ဒီပုံစံနဲ့ဆိုရင်တော့ နောက်ဘ၀ နေနေသာသာ ၂၀၁၅ ထိအောင် သာသနာတည်ဖို့ မနည်းကြိုးစားရဦးမယ် ထင်ပါတယ်။ (အာဏာနဲ့ သာသနာကို လက်မရွံ့တမ်း လဲဝံ့သူတွေ ဒု နဲ့ ဒေး)  စုတေစိတ်ကျလို့ နောင်ဘ၀ကျမှဆိုရင်တော့ မရှိတော့ဖို့များပါတယ်။

             ကိုယ့်ကိုယ်ကိုယ် သေခါနီးပြီလို့ သတိထားမိလို့ တရားဓမ္မနှလုံးသွင်းပြီး ငြိမ်းအေးရာရှာချင်တဲ့သူအဖို့ အခွင့်အရေးဆိုတာ နောက်တစ်ခါ လာစရာ မကျန်တော့ပါလား လို့ တွေးမိတာပါ။ သူများအကြောင်းလည်း မပြောတတ်ပါ။ စပ်မိစပ်ရာ ကွိစိကွစတော့ ဖြစ်ကုန်ပါပြီ။ သည်စာကိုဖတ်ပြီး သေခါနီးကြီးတွေကို မျက်စိထဲမြင်ယောင်လာမယ် ဆိုရင်တော့ ဟိုးအပေါ်ထောင့်က လိမ္မော်ရောင်တီရှပ်ဝတ်ထားတဲ့ ကလေးရုပ်မပျောက်တပျောက် သေခါနီးကလေးကိုပဲ မြင်ယောင်ပြီး ကလော်တုပ်လိုက်ပါနော်။ တခြားလူတွေ လျှောက်လျှောက် မတွေးနဲ့။ သူတို့က နေဦးမှာ အကြာကြီး။ အခုမှ အကွက်တွေက ခင်းလို့ကောင်းတုန်း။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်လည်း လုပ်တယ်။ ချစ်စရာ့အရွယ် ဆွဲစားမယ်လည်း တတ်တယ်။ ဘယ်သူ့ကိုမဆို “ဟဲ့အကောင်။ လူ့ပြည်ငြီးပလား။ နတ်ထီးပျော်တော့။” လို့ မိန့်လိုက်ရင် တစ်ခွန်းရယ်။ သေပြီဆရာတောင် ဆက်ရေးနိုင်မှာ မဟုတ်ဘူး။ သေဖော်သွားမညှိပါနဲ့။ ကွကိုယ် အေးဆေးသေတာပဲ ကောင်းပါတယ်နော့။ အပုံမဝေးဘု ရောက်လုပါပြီလေ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>