Image may be NSFW.
Clik here to view.

ကျနော် ပင်လယ်ပြင်ကို ပထမဆုံး စထွက်ဖူးတဲ့ ခရီးစဉ်မှာပေါ့..။
မှတ်မှတ်ရရဆိုသလို အဲဒီအခေါက်မှာ ကျောက်ဆူးရေမျောတာနဲ့ကြုံလိုက်ရပါတယ်။
ကျနော်တို့လိုက်ပါလာတဲ့ စစ်ရေယာဉ်-အင်းယား ရန်ကုန်မြစ်အတိုင်း ခုတ်မောင်းလာပြီး ဒဂုံမီးပြ မရောက်မီ ရေလယ်တနေရာမှာ ခေတ္တ ကျောက်ချရပ်နားလိုက်ပါတယ်။
ရတနာ ရေနံစင်လုံခြုံရေး တာဝန်ယူဖို့ ပင်လယ်ပြင်စစ်ဆင်ရေးခရီးစဉ်တွေ ကျနော်လိုက်ပါရတိုင်း အဲဒီနေရာ တဝိုက်မှာ စစ်ဆင်ရေး အဝင်/အထွက် စစ်ရေယာဉ်ချင်း တာဝန်လွှဲပြောင်းလေ့ရှိတာ ကြုံရတတ်ပါတယ်။
အဲဒီနေရာကနေ မြစ်ကမ်းတဖက်ကို လှမ်းမျှော်ကြည့်လိုက်ရင် လက်ခုပ်ကုန်း ကမ်းခြေအလှကို အတိုင်းသား မြင်နေရတယ်။ ညနေချမ်း နေဝင်ခါနီးအချိန် ရွှေအိုရောင်တောက်ပနေတဲ့ ဆည်းဆာအလှရပ်ဝန်း အောက်မှာ ရေပေါ်လျှပ်ပြေး လှိုင်းကလေးတွေက ကမ်းစပ်ကို အိအိလေး ပုတ်ခတ်ကစားနေတဲ့ မြင်ကွင်းလှလှလေးကို ရေယာဉ်ပေါ်ကနေ အားမလိုအားမရ တစိမ့်စိမ့် ငေးမော ရှုစားနေချိန်….
Look out တာဝန်ကျ ရဲဘော်ဆီမှ ‘ရေယာဉ် ကျောက်မျောနေပြီ’ ဆိုတဲ့ သတိပေးသံက .. ရေယာဉ်ပေါ်မှာ ရှိနေတဲ့ အဆင့်အတန်းဝင်အားလုံးကို တပ်လှန့်လိုက်သလိုပါပဲ..။
ရေတပ်ခရာ အချက်ပေး မှုတ်သံနဲ့အတူ ရေယာဉ် တခုလုံး လှုပ်လှုပ်ရှားရှား အာရုံများသွားကြတယ်။ ထမင်းစားနေသူတွေလည်း စားလက်စ ပန်းကန်ကို ဒီအတိုင်း ပစ်ထားခဲ့ပြီး ရေယာဉ်ကုန်းပတ်ပေါ် ပြေးတက် လာကြတယ်။
ဒီရေကျချိန်ဖြစ်နေတော့ ရေယာဉ်ဟာ ပင်လယ်ဘက်ဆီကို တရွေ့ရွေ့မျောပါနေတာပါ။ မြစ်ဝပိုင်း ရေပြင်ကျယ် ဖြစ်နေတာမို့ အတားအဆီးမရှိ လွတ်လွတ်လပ်လပ်ကြီး လွင့်မျောနေတယ် ထင်ရပေမဲ့ ကျနော်တို့ရေယာဉ် မျောပါနေတဲ့ အောက်ဘက် လမ်းကြောင်းတည့်တည့်မှာ ရေလယ်မီးပြတခုရှိနေတာ တွေ့လိုက်ရတယ်။
အားလုံးရဲ့ အသိအာရုံမှာ စိုးရိမ်စိတ်တွေ တိုးလျှိုးဝင်ရောက်လာနေကြပြီ။ ရေယာဉ်ကျောက်ချတဲ့ နေရာနဲ့ မီးပြ.. ရေမိုင် ၁ မိုင်ကျော် အလှမ်းဝေးပေမဲ့ အခုလို ကျောက်မျောနေတဲ့အခါမှာတော့ အန္တရာယ်ဟာ ကိုယ်နဲ့နီးရာကို တဖြည်းဖြည်းချဉ်းကပ်လာသလို ခံစားနေကြရတယ်။
‘လက်တို ငါးရိုးမျက်’ ဆိုတဲ့ မြန်မာစကားပုံတခုဟာ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ခံစားချက်နဲ့ ကွက်တိလို့ ဆိုချင် ပါတယ်။ ရေယာဉ် မျောပါနေတဲ့ လမ်းကြောင်းပြောင်းသွားအောင် တုတ်ထောက်လို့လည်းမရ၊ တက်နဲ့လှော်လို့ လည်း မဖြစ် .. ။ ဖြစ်ပျက်နေသမျှကို လက်ပိုက်ကြည့်မနေရုံမှတပါး စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရ ရင်တမမ ဖြစ်နေရတဲ့ အနေအထားပါ….။
တခုတည်းသော နည်းလမ်းက အချိန်မီ ရေယာဉ်စက်နှိုးနိုင်ဖို့ပါပဲ။ ရေယာဉ်တစီး စက်မကြီးနှိုးဖို့ဆိုတာက ဆိုင်ကယ်၊ မော်တော်ကားတွေလို တချက်တည်း ‘ဒေါက်ဝူး’ လုပ်လို့ရတာ မဟုတ်။ ခုဟာက အသေးစား ဓာတ်ဆီအင်ဂျင် မဟုတ်တဲ့အပြင် ဒီဇယ်အင်ဂျင်ဖြစ်နေတာတောင်မှ အကြီးစားအင်ဂျင်ပါ။ ကျနော်က ရေယာဉ် အတွေ့အကြုံ မရှိတဲ့အပြင် စက်ပိုင်းဆိုင်ရာ ပညာသည်လည်း မဟုတ်ပေမဲ့ လုပ်ဆောင်ချက် အကြမ်းဖျင်းကို တော့ မြင်တွေ့နေရပါတယ်။ ပထမဆုံး လေပေါင်ဖြည့်ဖို့ မီးစက်နှိုးရတယ်။ မိနစ်အနည်းငယ်ကြာ လေပေါင်ဖြည့် ပြီးမှ အဲဒီ လေဖိအား pressure နဲ့ စက်မကြီး အင်ဂျင် start လုပ်ရပါတယ်။ အဲဒီမှာ တခါတည်းနဲ့ အင်ဂျင်စက် မနိုးဘူးဆိုရင် နောက်တခါ လေပေါင်ပြန်ဖြည့်..။ အချိန်ထပ်စောင့်…။
ဘယ်သူ့ကိုမှ မျက်နှာငဲ့ညှာ စောင့်ဆိုင်းမနေဘဲ တရွေ့ရွေ့ပုံမှန်စီးဆင်းနေတဲ့ ရေအလျင်ကို မကျေမနပ် ငြူစူအံကြိတ် နေကြရုံကလွဲပြီး ဘယ်သူမှ မတားဆီးနိုင်။
ကျောက်ချရပ်နားတဲ့ နေရာမှာတုန်းက မီးပြတည်ရှိရာ ဘွိုင်နဲ့ တဖျတ်ဖျတ် မီးအလင်းရောင်လေးကို မှုန်မှုန် ရေးရေးသာ မြင်ခဲ့ရပေမယ့် …. အခုတော့ တဖြည်းဖြည်းနီးကပ်လာတာမို့ ပီပီပြင်ပြင် မြင်တွေ့စပြုလာပါပြီ။ ဝန်းကျင်တခုလုံး အမှောင်ထုက လုယူသိမ်းပိုက်လာချိန်မှာ ရေယာဉ် Crew တွေရဲ့ စိုးရိမ် ပူပန်မှုကို အားပို စေပါတယ်။
စစ်ရေယာဉ်မှူး ဗိုလ်မှူး မိုးကျော်ဆွေ ခမျာလည်း Wheel House ထဲမှာ စီစဉ်ညွှန်ကြားနေရာက တချက် တချက်မှာ Wheel House အပြင်ဘက် ထွက်ကာ ရေပြင်ကိုငေးကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေပုံ ရပါတယ်။ ကျနော်တို့တတွေကတော့ Oerlikon Deck ပေါ်ကနေ Look out ကြည့်ပေးရင်း ရေယာဉ် မြန်မြန် စက်နိုးပါစေလို့သာ ဆုတောင်းနေရပါတယ်။
အကယ်၍ အချိန်မီ ရေယာဉ်စက်မနှိုးနိုင်လို့ မီးပြကို ဝင်အောင်းမိမယ်ဆိုရင် နောက်ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေက မသေးလှပါ။
Image may be NSFW.
Clik here to view.

ရေယာဉ် စတင်ကျောက်မျောချိန်ကတည်းက ကျောက်ကြိုးကို ရစ်မတင်ဘဲ ဒီအတိုင်းထားတာ တွေ့ရပါတယ်။ ဘာကြောင့်ဆို ကြိုးတန်းလန်း ကျောက်ဆူးက ရေအောက်ကြမ်းပြင်မှာ ဒရွတ်တိုက်လိုက်ပါနေတဲ့အတွက် ရေအောက် ကြမ်းပြင်က အမာခံတခုခုနဲ့ ချိတ်မိသွားရင် ရေယာဉ်မျောတာ ရပ်တန့်သွားနိုင်လို့ပါ။
တကြိမ်မှာတော့ ရေယာဉ်ဟာ တုန့်ခနဲ ဖြစ်သွားပါသေးတယ်။ အဲဒီအခိုက်မှာ အားလုံး စိတ်သက်သာရာ ရသွားကြတယ်။ ဒါပေမဲ့ အခိုက်အတန့်လေးမျှသာ။ ကျောက်က ထိထိမိမိ မချိတ်မိလို့လား မသိ.. မျောမြဲတိုင်း ဆက်လက်မျောပါ နေပါတော့တယ်။
ကံဆိုးချင်တော့ အဲဒီလို အချိန်မှာ ကျနော်တို့ ရေယာဉ်အနီး ဖြတ်သန်း သွားလာ ခုတ်မောင်းနေတဲ့ လောက်လောက် လားလား ရေယာဉ်တစီးကိုမှ မတွေ့မမြင်ရတာပါပဲ။ အကယ်၍ ရှိခဲ့မယ်ဆိုရင် သူတို့ကို အကူအညီတောင်းပြီး ရေယာဉ်စက်နှိုးဖို့ ပြင်ဆင်ချိန်နဲ့ နေရာရွှေ့ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ အခုတော့ ရေပြင်တခုလုံး လှိုင်းပုတ်သံ ကလွဲလို့ ငြိမ်ချက်သား ကောင်းလျက် လစ်လျူရှုထားတဲ့ ပုံပါပဲ။
မီးပြနဲ့ တိုက်မိတော့မယ့်အရေး စိုးရိမ်ထိတ်လန့် နေရတဲ့ကြားက ပတ်ပတ်လည် ရေပြင်ကိုလည်း သတိမလပ် စောင့်ကြည့်နေရပါသေးတယ်။ တံငါသည်တွေ ချထားတဲ့ မျှောပိုက်နဲ့ ရေယာဉ်ပန်ကာ ရစ်ပတ်မိသွားမယ့် အန္တရာယ်ကို တွေးပူရတာပါ။ အဲလိုဖြစ်ရင် စက်မကြီး နှိုးလို့ရလာတဲ့တိုင် ရေယာဉ်ခုတ်မောင်းဖို့ မဖြစ်နိုင်ပါ။
ရေယာဉ်တခုလုံး စကားသံတွေ တိတ်ဆိတ်နေပေမဲ့ နှလုံးခုန်သံတွေကတော့ တဒိတ်ဒိတ် ပဲ့တင်ထပ် နေပါတယ်။ ရေလယ်မီးပြနဲ့ ဝင်တိုက်မိလို့ ရေယာဉ်တစုံတခု ချွတ်ယွင်းပျက်စီးသွားပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ပင်လယ်ပြင် စစ်ဆင်ရေးခရီးဟာ ဒီနေရာကပဲ အောင်မြင်စွာ တပ်ခေါက်ပြန်ရပြီး ရေယာဉ်တစီးလုံး စုံ/ခုံ ထိတော့မယ့်ကိန်းနဲ့ မလွဲဧကန် အသေအချာ တိုးရမှာပါ။
သံလှောင်အိမ် အကာအရံထဲမှာ လက်ခနဲ လက်ခနဲ မြင်တွေ့နေရတဲ့ မီးလုံးရဲ့အရောင်ဟာ ကျနော်တို့ကို ပြုစား တော့မယ့် ပင်လယ်ကဝေ စုန်းမီးတောက် အလား စူးစူးဝါးဝါး ခြောက်လှန့်နေသ ခံစားရပါတယ်။ ပင်လယ်ပြင် ကိုမှ မရောက်သေး… မာယာများသော အဏ္ဏဝါရေပြင်ရဲ့ လှောင်ပြောင်ကျီစယ်ခြင်းကို ခံနေရပြီလား..။
ထူးထူးကဲကဲ ဘာမှ မတတ်နိုင်တော့ပါ။ ရေယာဉ်စက်မကြီး နှိုးသံတချက်ကြားလိုက်သော်လည်း အင်ဂျင် လည်ပတ်သံ ထွက်ပေါ်မလာတာကြောင့် အမောမပြေ ချွေးပြန်တာသာ အဖတ်တင်ရပါတယ်။ ဒီတော့လည်း နောက်တကြိမ် လေပေါင်ပြည့်မယ့် အချိန်ကို စောင့်ဆိုင်းရင်း မီးပြဘွိုင်ကို ရေယာဉ်နဲ့ ဝေးရာဆီရောက်အောင်… (စိတ်ထဲကနေ) အားမာန်အပြည့်နဲ့ တွန်းထုတ်နေမိတယ်။
ရောက်လာမယ့် ဘေးက မဝေးလှတော့ပါ… မီးပြတည်ရှိရာ ရေလယ်ဘွိုင်ဆီမှ လှိုင်းပုတ်သံကိုပင် သဲ့သဲ့လေး ကြားနေရပါပြီ…. ခန့်မှန်းခြေ ကိုက် ၁၀၀ အတွင်းကို ရောက်နေပြီလို့ ထင်ရပါတယ်။ ကျနော်တို့အတွက် စက္ကန့် ပိုင်းလောက် ကာလတို အချိန်လေးသာ ကျန်ရှိပါတော့တယ်။
ကဲ…. မရှောင်မလွှဲသာတော့မယ့် အတူတူ ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကြဖို့ ဆုံးဖြတ်ရင်း တွေဝေ မှိုင်ငေး နေကြချိန်…………… ရေယာဉ်စက်ခန်းဆီမှ ကျယ်လောင်မြည်ဟီးလှတဲ့ စက်မကြီး နိုးထလာသံကို ကြားလိုက်ရတဲ့ အခါမှာတော့ ……………..
‘ဝေး….’ ‘ဟေး….’ ခနဲ ကျယ်လောင်စူးရှစွာ ဟစ်ကြွေး လိုက်သံက ရေယာဉ်စက်သံကို ဖုံးလွှမ်းသွားတယ်။ မီးပြဘွိုင်ကို နှုတ်ဆက် လက်ပြသူလည်း ရှိရဲ့။ ကုန်းပတ်ပေါ်မှာရှိနေတဲ့ အရာရှိ/စစ်သည်အားလုံး ပျော်မဆုံး မော်မဆုံး ကခုန်မြူးထူးကုန်ကြတယ်။
အန္တရာယ်ကျလုဆဲဆဲ ပွတ်ကာသီကာ အချိန်လေးအတွင်းမှာ မေခလာနတ်သမီး ကျနော်တို့ကို စောင့်ရှောက် ကယ်မ လိုက်ပြီလေ…။
နေမင်းသူ
၎-၀၆-၂၀၁၃