by Nanda Htun Htet (Notes) on Wednesday, June 5, 2013 at 2:24am
သံဃာတော်တွေဟာ မြန်မာ့လူနေမှုဘ၀မှာ ဟိုးအတွင်းပိုင်းအထိပါဝင်ပတ်သက်နေ ပါတယ်။ ရှေးဆရာတော်ကြီးများစွာကလည်းဒါယကာ၊ဒါယကာမများအတွက် လောကုတ္တရာအကျိုးစီးပွားအတွက်သာမက သာမာန်လူနေမှုလို့ဆိုရမယ့် လောကီအကျိုးစီးပွားအတွက်ပါ ဆုံးမသင်ကြား ၀ါယမစိုက်ထုတ်တော်မူခဲ့ကြ ပါတယ်။ မြန်မာ့နိုင်ငံရေးမှာလည်းအခွင့်လိုတဲ့အခါတိုင်းမီးရှုးတန်ဆောင်လိုအလင်းပေးလမ်းပြခဲ့တဲ့ ဆရာတော်သံဃာတော်တွေ အများကြီးပါပဲ။ သူတို့စွန့်လွှတ်ခဲ့ကြတာ၊ ပေးဆပ်ခဲ့ကြတာ ၊ လုံ့လထုတ်ခဲ့ကြတာတွေလည်းအဟောသိကံတော့ မဖြစ်ခဲ့ပဲကျနော်တို့အခုခံစားနေကြရတာတွေလည်း ပါနိုင်ပါတယ်။
တိုင်းပြည်သူ့ကျွန်ဘ၀ရောက်ချိန်၊အရေးကြီးချိန်မှာလိုအပ်လို့ဆောင်ရွက်တော်မူကြတာတောင်မှ သက်တော်ဂုဏ်တော်ကြီးတဲ့ ဆရာတော်ကြီးများကတော့ သံဃာလမ်းလွဲ ဖြစ်သွားမှာကို စိုးရိမ်တော်မူကြပြီးအားပေးတော် မမူကြပါဘူး။ နောက်ကနေထိမ်းသိမ်းကြပါတယ်။ အားပေးချီးမွမ်းခြင်းပြုတော်မမူကြတာကိုအံအားသင့်ဖွယ် တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။
ဘာသာတရားပေါင်းမြောက်များစွာထဲကမှ ဘုစုခရု ဖြစ်နေသမျှ အကောင်ပလောင် သတ္တ၀ါအားလုံးကို သံသရာကနေကျွတ်အောင်လုပ်နိုင်တဲ့ ဘာသာတရားဟာဒီတစ်ခုတည်းရှိတာမို့ မည်ကာမတ္တ ဘာသာတရားတွေလို၊ မည်ကာမတ္တသာသနာ့ဝန်ထမ်းတွေမျိုးမဖြစ်စေလိုပါ။ ကျနော့်သဘောကတော့ နည်းနည်းကလေးကိန်းကြီး၊ ခန်းကြီးနိုင်စေ့ချင်တယ်။ နဲနဲကလေးပိုပြီးအိနြေ္ဒိ ရှိစေချင်တယ်ဗျာ။ လိုအပ်တာလေးတွေကို ဆရာဒကာ နည်းလမ်းလေးပြ၊ မှားနေတာလေးတွေ ဆုံးမသြ၀ါဒပေး၊ ပုထုဇဉ်ရဟန်းတော်တွေမို့ ဘာသာချစ်စိတ်၊ အမျိုးချစ်စိတ်ရှိတာမှန်ပေမယ့် သံဃာ့ဂုဏ်ကိုထောက်၍ အောက်ခြေအထိနေရာတိုင်း မဆင်းစေချင်ဘူး။ အခြားဘာသာဝင်တွေက မေးငေါ့ မျက်စောင်းထိုးရမယ့် အကဲပါမှုမျိုးမလုပ်စေချင်ဘူး။
ဟိုးအရင်ကျနော်တို့ အဖိုးတို့ခေတ်တုန်းကဆို“ဆရာတော် -အခေါ်လွှတ်တယ်”ဆိုဖင်တုန်အောင်ကြောက်ကြရတာ။ ဘာများမိန့်လေမလဲ၊ ဘာအမြင်မတော်တာများရှိလေသလဲ၊ တွေးပြီးပူကြရတယ်ဆိုတာကိုး။ အခန့်မသင့်ရင် ဆယ်ရွာအုပ်သူကြီးတောင် ကြိမ်နဲ့ ထနှက်ရင်နှက်တာကိုး။ တခါများတော့ ကျနော့်အဖိုးရွာမှာ ရွာဦးကျောင်းဆရာတော်ကြီး ဆွမ်းခံကြွနေတုန်းရွာထဲကပဲတီဆိုတဲ့ မိန်းမနဲ့ သူ့ယောကျာ်းရန်ဖြစ်လိုက်ကြတာပဲတီရဲ့ ဖေတော့ ၊ မောင်တော့ ဆဲသံတွေ ပွက်လောကိုထနေတာပဲတဲ့။ ပဲတီကပိန်ပိန်သေးသေးလေးရယ်။ ပဲတီ က ပိန်တယ်ဆိုတော့ သူ့ယောကျာ်းကတော့ နဲနဲဖိုင့်ဖိုင့်လောက် ဖြစ်မှာပေါ့။ ယောကျာင်္းနာမည်လည်းမသိဘူးဗျ။
အဖိုးတို့ကပြောသွားကတည်းကိုကယောင်္ကျားနာမည် မပါဘူးထင်တာပဲ။ ရွာထဲမှာလည်းပဲတီတို့လင်မယား၊ ပဲတီတို့လင်မယားချည်းပဲခေါ်ကြတယ်။ ပဲတီကဆရာကိုး၊ သူ့ယောကျာ်းကတော့ နောက်လိုက်လူအေးပါ။ ပဲတီကိုလည်းကြောက်ရတယ်။ ရန်ဖြစ်ရင်လည်းသူကခံဖက်က ၊ ဘာဆိုဘာမှ မပြောတတ်ရှာဘူး၊ လူအေး၊ လူကြောက်၊ လူဖျင်းပဲလို့ ကျနော်တော့ ယူဆတာပဲဗျာ။ ဒါနဲ့ - ပဲတီသူ့ယောကျာ်းကို မကြားဝံ့မနာသာ ဆဲဆိုနေတာ ကြားလာတဲ့ ဆရာတော်ကြီးအတော် ဒေါထလာတယ်။ ဆွမ်းခံတောင်ဆက်မကြွပဲ ပဲတီကိုနွှာမယ်ဆိုပြီး ကျောင်းပြန်ချလာတာပေါ့ခင်ဗျာ။ ကျောင်းရောက်တော့မှ ကျနော့်အဖိုးဆီကပ္ပိယလွှတ်ပြီးခေါ်ခိုင်းတယ်၊ ပဲတီတို့ လင်မယားပါ ပါလာပစေတဲ့။
ကျောင်းလည်းရောက်ရောအားလုံးကြောက်ကြောက်နဲ့ ၀တ်ပြုနေကြရတာဖင်ပူးလေးတွေကိုထောင်လို့၊ အဲဒီမှာဆရာတော်ကြီးက -ဟဲ့- ပဲတီ၊ နင်ရိုင်းလှချည်ကလား၊ ကိုယ့်လင်သားကိုရပ်ထဲရွာထဲဆဲဆိုနေလိုက်တာများ၊ ငါလာတာတောင် မသိရအောင်၊ နင်ဆိုးမိုက်လှချည်လား-ရန်ဖြစ်တယ်ဆိုမှတော့ နင်တို့နှစ်ယောက်လုံးတော့ အတူတူပဲ၊ ဒါပေသိ ပဲတီ နင်အရင်လာစမ်း ဆိုပြီးကျောကုန်းကို ကြိမ်နဲ့နှက်တာလေးငါးခြောက်ချက်လောက်ဆက်တိုက်ပဲဗျ။ ပဲတီလည်းနဂိုကပိန်ပိန်၊ အသားကမရှိဆိုတော့ နာရှာတာပေါ့ဗျာ။ အဲဒီမှာဒီလောက်အနိုင်စားခံ၊ အဆဲအဆိုခံထားရတာတောင် မိန်းမအပေါ် မေတ္တာမပျက် သနားတတ်ရှာတဲ့ ဟိုလူကြီးကကြောက်ကြောက်နဲ့ ထ-လျှောက်တယ်။ အရှင်ဘုရား-အရှင်ဘုရား-ခဏရပ်တော်မူပါဦးဘုရား၊ ရပ်တော်မူပါဦးဘုရား၊ ပဲတီကိုအဲ့လောက်ပဲရိုက်ပြီးတပည့်တော်ကိုပိုရိုက်ပါဘုရား-တဲ့။ အောင်မယ်- နင်က-ဘာပြုလို့တုန်းဆိုတော့ ။ ပဲတီပိန်လွန်းလို့ပါဘုရား၊ ပဲတီအစားတပည့်တော်ပိုရိုက်ပါဘုရား-တဲ့။ အဲဒီမှာတင်ဆတော်ကြီးက - သြော- ပဲတီပိန်လို့ နင့်ပိုရိုက်ပါ-ဟတ်လား။ အေးအေးလာစမ်းလာစမ်း၊ ရှေ့တိုးခဲ့စမ်းဆိုပြီးပါးစပ်ကလည်းကဲ-ပဲတီပိန်ဦးကွာ- ပိန်ဦးကွာဆိုပြီး နှက်လိုက်တာအချက်ရေကိုမနဲဘူးတဲ့ခင်ဗျ။ မှတ်ထား - ။
စကားစပ်မိလို့ မြန်မာ့လူနေမှုဘ၀မှာ “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်”ဆိုတဲ့ မိဘနေရာကရော၊ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ”ဆိုတဲ့ ဆရာနေရာကပါ ဘုန်းကြီးကျောင်းပညာရေး၊ ပိဋိကတ်စာပေပညာရေးမှာပါ တာဝန်ကျေခဲ့၊ အထက်တန်းကျခဲ့တဲ့ သံဃာတော်တွေဟာ နေရာတိုင်း အရပ်တိုင်း အချိန်ကာလတိုင်းမှာ ရှိခဲ့တာပါ။ အဲဒီသံဃာတော်တွေရဲ့ နေရာမျိုးမှာပဲအခုခေတ်သံဃာတော်တွေကိုရှိစေချင်မိတာပါ။
အခုလောလောဆယ် ရပ်ကွက်ထဲကသံဃာတော်အချို့ရဲ့ အခြေအနေကတော့ အားလုံးလည်းသိကြတဲ့ အတိုင်းပါပဲ။ ရပ်ကွက်ထဲဘောပွဲလည်းတွေ့၊ ခြင်းပွဲလည်းပါ။ ညရောက်တော့လည်းခေါင်းမြီးခြုံကလေးတွေနဲ့ ကျောင်းပြင် ဘာထွက်လုပ်ကြတယ်မသိ၊ ညဖက်လည်း ဘုန်းပေးချင်ရာတွေဘုန်းပေး၊ လက္ဘက်ရည်ဆိုင်ရောက်တော့လည်းဘာမဟုတ်တဲ့ ချာတိတ်လောက်ကောင်တွေကတောင် ဥူးဇင်းဘာလာလုပ်တာလဲ။ ဟာဂျာဥူးဇင်းတို့ကတော့လုပ်ပြီ၊ မမိုက်ပါဘူးဂျာ၊ နေပါ-ဥူးဇင်းရာ- ဆိုတဲ့ စကားမျိုးတွေနဲ့ အပြန်အလှန် ဆက်ဆံနေတာတွေကို ကြည့်ပြီးရင်ထဲမကောင်းမိပါ။ နှမြောမိပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်ပါးအတွက်မဟုတ်ပဲ“သံဃာ့ဿ”ဆိုတော့ သံဃာထုကြီးတစ်ခုလုံးအတွက် ငါတို့ခေတ်ကျမှ သွားရှာပီ လို့တွေးပီးနှမြောမိတာပါ။ သြော် - ငါတို့ကတော့ ရှိခိုးဦးချလိုက်ရတာ၊ ည-ည ကန်တော့လိုက်ရတာ။ သူတို့မှာတော့ အားမနာဒီလိုနေရက်လေချင်းရယ်လို့ စိတ်ထဲကွက်မိပါတယ်။ အဲ--- အဲဒီမှာကျနော်မှားတာပါပဲ။ ကျနော် ငရဲဖြစ်တာပါပဲ။ သူတို့ကတော့ သိတောင်မသိပါ။
ဒါကြောင့် သိသာသိစေမမြင်စေနဲ့ ဆိုတဲ့အတိုင်း ပုထုဇဉ်မို့ ပါစိတ်လောက်တော့ရှိနိုင်ပေမဲ့ လူမြင်ကွင်းမှာတော့ ရှောင်အပ်လှပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့တော့ အသိပညာမရင့်ကျက်သေးပေမဲ့ ဘာလေးပဲလှူလှူ၊ ပစ္စည်းဒါန၊ လုပ်အားဒါန သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူနိုင်အောင် ကြိုးစားလေ့ကျင့်နေပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ ကျော်လောက်ကနေ ယခုထိတိုင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ မွန်မြတ်ကြားနာရခဲတဲ့တရားတော်တွေကို ယနေ့ထိရောက်အောင် သံဃာတော်ပေါင်းများစွာဟာ အငတ်ခံ၊ အသတ်ခံ၊ အပင်ပန်းခံ ကြိုးစားအာဂုံဆောင်တော်မူခဲ့ကြတယ်ဆိုတဲ့ အချက်ကိုခေါင်းထဲရောက်အောင်တွေးလို့ လှူနိုင်အောင်လုပ်ပါတယ်။ ပါဠိတွေဘာတွေ မသိပေမဲ့ သမုတိကော အရိယာကော အားလုံးခြုံတဲ့ သံဃာအဖြစ်ရည်မှတ်နိုင်အောင် ကြိုးစားလှူရမှာပါပဲ။
ကျနော်တို့မြို့မှာ စာရေးတံမဲပွဲ ယခုအထိ လုပ်လေ့ရှိပါတယ်။ မဲပေါက်တဲ့သံဃာကို ဖြူသည်၊ မည်းသည် သဘောမထား၊ ကောင်းသည်ဆိုးသည် သဘောမထားပဲ နှစ်စဉ်နှစ်တိုင်း ဆွမ်းဝတ်ပြုစုပါတယ်။ ဓမ္မာရုံကို သွားပင့်ပါတယ်။ ရလာတဲ့ရဟန်း-သိတာပေါ့။ ဒီရဟန်း ရပ်ကွက်ထဲ လွှားလွှားလုပ်နေတာ အရင်က မြင်ဖူးတာပဲ။ အနေအထိုင်ကြည်ညိုစရာမကောင်းတာလည်း သိနေတာပဲ။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာမွေးတတ်လာတာက ငါအခုဆွမ်းကပ်တာ ဒီအနေအထိုင်မတတ်တဲ့ ကိုယ်တော်တစ်ပါးတည်းအတွက်မဟုတ်ဘူး၊ သံဃာတော်တွေအားလုံးကို ကပ်လှူရတာလို့တွေးပြီး အစစ ရိုသေလေးစားစွာ ကပ်ပါတယ်။ အိမ်ပေါ်တက်ကြွကာစ ခြေသုတ်ဝတ်ပြုတာကအစ၊ ဘုန်းပေးနေတုန်း ယပ်လေခပ်၊ ကပ္ပိတာကလေးကအစ ပိုကဲလို့ လိုလေသေးမရှိအောင်လုပ်ပါတယ်။ ကြွလာတဲ့ ကိုယ်တော်ကို သံဃ နေရာကိုသိမြင်ပြီး သတိသံဝေဂရစေချင်တာလည်း ပါပါတယ်။ အိမ်က အိမ်သူနဲ့ အမတို့ဘာတို့ကတော့ မျက်နှာပျက်နေပြီ။ ဒီကိုယ်တော်ကို သူတို့မကြည်ညိုဘူးကိုး။
အဲဒီအခါ ကျနော်ကစပြီး ရိုသေလေးစားမှုကို ပြတဲ့အခါကျမှ- အော် ငါ့သား၊ ငါ့ယောင်္ကျားဟာ ဒီကိုယ်တော်အကြောင်းကို သိပါရက်ကနဲ့ လေးစားမှုပေးနေတာပဲ ။ ငါတို့လည်း သူ့လိုလုပ်ရမယ်လို့ အသိဝင်ကြအောင်ပေါ့ဗျာ။ ဒီကိုယ်တော်ကြောင့် ဆွမ်းဟင်းကုန် လူပန်းပြီး တစ်မိသားစုလုံး အကုသိုလ်ဖြစ်ကုန်မဲ့အရေးတော့ ကျနော်အဖြစ်မခံနိုင်ပါ။ ကောင်းသည်ဖြစ်စေ။ ဆိုးသည်ဖြစ်စေ သံဃာ့ဂုဏ်ကို အာရုံပြု၍ သံဃာတော်လည်း စိတ်အေးချမ်းသာ ဘုန်းပေးနိုင်အောင်၊ မိမိတို့အတွက်လည်း ကုသိုလ်ရသွားအောင်ပဲ ဦးစားပေးရပါတယ်။ မှတရားမပေးတတ်ရင်လည်း မပေးနဲ့ပေါ့ခင်ဗျာ။ ဘာတတ်နိုင်မှာလဲ။ ဟာ ဒီဒကာ ငါ့တယ်ကြည်ညိုတာပဲ၊ သူရုံးသွားချိန် ကားမှတ်တိုင်ကစောင့်ပြီး ၀တ္ထုကလေးဘာလေး အလှူခံဦးမယ်ဆိုတာမျိုးလားတော့မသိ၊ နောက်နေ့ တွေ့ပါတယ်။ ဥူးဇင်း ဟိုဟာလုပ်ချင်လို့၊ ဒီစာအုပ်ဝယ်ချင်လို့ဆိုပြီး အလှူခံပါတယ်။ ကျနော်မလှူခဲ့ပါ။ စကားလည်း ရှည်ရှည်ဝေးဝေး မပြောပါ။ ကျနော်လုပ်ရပ် မှားသလား-ကျနော်မသိပါ။ ကျနော်လုပ်ရပ် မှားလည်း ကျနော်ကျေနပ်တယ်ဗျာ။
မှတ်မိသေးတယ်၊ တစ်ခါများတော့ ကိုယ်ရင်ကလေးတွေချည်းပဲ သုံးပါးမဲကျတယ်။ ထုံးစံအတိုင်းပေါ့-အိမ်က အမေများ၊ မမများ မျက်နှာပျက်ကြပြန်တယ်။ စနေသားနှယ် ဘယ်လိုရွေးပင့်လာသလဲပေါ့။ သူတို့လည်း ရဟန်းပဲ ကပ်ချင်ရှာမှာပေါ့လေ။ ဟိုက်-ဒီတစ်နှစ်လည်း ငါတော့ မျက်နှာမရဖြစ်ပြန်ပဟ အောက်မေ့မိတယ်။ အမလေးလေး လုပ်သွားလိုက်တာဗျာ။ သုံးပါးစလုံး- သေးသေးလေးတွေဆိုပေမဲ့ ရွတ်သွားလိုက်တဲ့ပရိတ်တွေများနည်းမှမနည်းပဲကိုးဗျ။ အမယ်- ၀ါအကြီးဆုံးကိုယ်တော်က တရားပေးသွားလိုက်တာများ လေသူလေသိမ်းကလည်းကောင်း၊ တရားကိုယ်ကလည်းကောင်းဗျား။ နေပုံ၊ ထိုင်ပုံ၊ ဆွမ်းစားပုံတွေကလည်း ၀ါတော်ရမထေရ်ကြီးတွေလားမှတ်ရတယ်။ ကျနော်အမေတို့တော့ ပြုံးလို့။ သဘောတွေကျလို့။ ဟဲ့ ငါ့သားကိုယ်ရင်လေးတွေဟဲ့၊ ဘာဟဲ့နဲ့။ တစ်ခါတည်း မယ်တော်ကြီးပါ ကောက်တော် ပစ်တော့တာပဲ။ အဲလိုမျိုး အထင်နဲ့ အမြင် ပါစင်အောင်လွဲတာမျိုးလည်း ရှိတာပေါ့ဗျာ။ ဒီလိုကိုရင်ကလေးတွေ လမ်းမှန်ကမ်းမှန်နဲ့ သံဃာကြီးတွေဖြစ်ပြီး သာသနာတော်ကို လက်ဆင့်ကမ်း စောင့်ရှောက်နိုင်ပါစေ၊ အတုအယောင်များကင်းရှင်းသော သန့်ရှင်းတဲ့ သာသနာတော်ဖြစ်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။
ဘာရယ်တော့ မဟုတ်ပါဘူး၊ ရခိုင်မှာ သံဃာတော်တွေ ကလေးမွေးဖွားမှုကိစ္စ ဆန္ဒပြကြတာ မြင်ပြီး စိတ်ထဲနည်းနည်း ဘ၀င်မကျတာလေးတွေကြောင့် ရေးမိရေးရာ စိတ်ထွက်ပေါက်ကလေးရေးမိတာပါ။ ကျနော်ပြောချင်တာကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ ကိုယ်တော်တို့ မှားမှားမှန်မှန်၊ လိုလိုပိုပို -အကောင်းကိုသာ အာရုံပြု၍ ကိုးကွယ်ကြမှာဖြစ်ပါတယ်။ သံဃာတော်တွေကိုလည်း စော်ကားဝေဖန်လိုခြင်း လည်းမရှိပါ။ ကျနော်တို့အပေါ်ထားသော သံဃာတော်များရဲ့ စေတနာ၊ အနစ်နာများကိုလည်း မငြင်းနိုင်အောင်လည်း တွေ့မြင်နေရပါတယ်။ သံဃာတော်တွေ အနေနဲ့သာ နေရာတကာတိုင်း ရှေ့မထွက်ကြပဲ။ အောက်မဆင်းကြပဲ၊ လူပုဂ္ဂိုလ်တွေလိုအပ်နေတာ၊ မှားနေတာ၊ သတိလစ်ဟင်းနေတာလေးတွေကိုသာ အထက်အမြင့်မှသာ ထောက်ပြဦးဆောင်ပေးတော်မူကြပါ။ ကျန်တာ တပည့်တော်တို့ လပုဂ္ဂိုလ်တွေရဲ့ တာဝန်ပဲရှိပါစေ။ နေရာတိုင်း ငါတို့လုပ်မှဖြစ်မယ်။ ငါတို့ ပါမှဖြစ်မယ်ဆိုတာမျိုးမဖြစ်စေချင်ပါ။
`ပျော်လို့´ `တော်လို့´ `ဆော်မလို့´ လုပ်တာမဟုတ်ပဲ `လျော်လို့´ လုပ်တာမျိုးပဲဖြစ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ရဟန်းနှင့် အပ်မအပ်၊ သင့်မသင့်ကလေး မျှော်တွေးပြီး နိုင်ငံအတွက်၊ ဘာသာအတွက် ကောင်းစေချင်တဲ့စိတ်ရှိတိုင်း မလုပ်ကြပဲ
ရဟန်းအတွက် ``သင့်လျော်လျောက်ပတ်မှသာ´´ ရွက်ဆောင်တော် မူကြပါရန် လျှောက်ထားချင်တာလေးပါခင်ဗျာ။ ။
(ဒကာတော် စနေသား)