Image may be NSFW.
Clik here to view.
………
မရတော့ တော်တော်အိပ်ချင်လာသည်။
မျက်လုံးကို လက်နှင့်ပွတ်လိုက်သည်။ မရ။ စပ်တာပဲရှိသည်။
မထူးတော့ ဒီစာခဏထား အိပ်တာပဲကောင်းလိမ့်မည်။ ရေးဖို့ခေါင်းစဉ်ရှာတော့ မတွေ့ အပျင်းထူတာပဲ တွေ့ရသည်။
ဒါကြောင့် ဒီခေါင်းစဉ်တပ်သည်။ ခေါင်းစဉ်တပ်ပြီးမှပင် လူက ခေါင်းပင်မထူချင်တော့။
ခဏချ၊ အိပ်ယာထဲလှဲချလိုက်သည်။ အိပ်လိုက်ပါဦးမယ်။
“၀ါး “ အိပ်ပါမယ်ဆိုမှ သမ်းနေရသေးသည်။ စိတ်ကလည်း ဟိုလွင့်ဒီလွင့်…။
ကဲကွာ …အိပ်ချင်လှတာ အိပ်မယ်ဒါပဲ။
“ The lazy man is the bagger's brother ”
“ ပျင်းရိသူသည် သူတောင်းစား၏ အစ်ကိုဖြစ်သည် ”
ဇတ်ကနဲ ထလိုင်လိုက်မိသည်။ ဘယ့်နယ် ဒီစာကြောင်းကြီးက ၀င်လာရတာတုံး။ သူတောင်းစားအစ်ကိုတော့ အဖြစ်မခံနိုင်။
အချိန်ရှိခိုက် အိပ်ပစ်လိုက်။ ဟုတ်ပါဘူးလေ စာရေးလိုက်ပါဦးမယ်။
အင်း…ပျင်းပျင်းရိရိခေါင်းစဉ်နဲ့လိုက်အောင် လေးလေးတွဲတွဲ စဉ်းစားမိသည်။
ဘာ….ရေး … ရ….မ….လဲ။ သိပြီ ၁၀ တန်းကျောင်းသားဘ၀ကဖြစ်သည်။ ကျောင်းသားစုံညီပွဲတော် အတွက် ကျောင်းမှာ ပိုစတာနံရပ်ကပ်စာစောင်တွေလုပ်မည်။ ဘယ်ထဲပါရကောင်းမလဲ။ အဲဒီအချိန်က ပန်းချီနှင့် ကဗျာကို ရူးသွပ်နေချိန်ဖြစ်သည်။ မှတ်မှတ်ရရကျန်ခဲ့အောင် ပန်းချီဆွဲရန်စိတ်ကူးရပြီး ပန်းချီဆွဲဖြစ်ပါသည်။
စိတ်ကူးထဲရှိ သဘာဝရှုခင်းပုံဆွဲသည်။ နောက်တစ်ခုက သင်ကြားရေးလည်း အထောက်အကူဖြစ်အောင် ဆွဲမည်ဆိုသည့် စိတ်ကူးဖြင့် စာအုပ်တွေထဲရှာကြည့်တော့ ငယ်စဉ်က သင်ရသော ပျင်းရိခြင်းခြောက်ပါးပုံ ကူးယူဆွဲပေးလိုက်သည်။
ပွဲအပြီးတွင် စကားသံများထွက်လာသည်။ ပီပြင်ပါသည်တဲ့။ ချီးကျူးကြသည်။
ဟုတ်ကဲ့ ပီပြင်ပါလိမ့်မည်။ ပန်းချီရေးဆွဲသူကိုယ်တိုင်က ခံစား၍ ရေးဆွဲခြင်းကြောင့်ဖြစ်ပါသည်။ ပျင်းရိခြင်းဖြင့် ကျွန်တော်အကျိုးပေးပါသည်။
ကျွန်တော်ဘာကို ၀ါသနာသလဲမေးလျှင် အပျင်းထူခြင်းကို ၀ါသနာပါသည်ဟုဆိုရမည်။ တော်တော် အပျင်းထူခဲ့ပါသည်။ ဘယ်လောက်အပျင်းထူသလဲဆိုရင် ရေးပြရမှာပင် ပျင်းပါသည်။ သို့သော်ငြားလည်း ဆက်ရေးပါမည်။
တချို့ စာဖတ်ရမှာပျင်းသည်။ ကျွန်တော်ကတော့ ပျင်းလို့စာဖတ်မိသည်။ ပျင်းပျင်းရိရိရှိခြင်းကိုတော့ ကျွန်တော်ကျေးဇူးတင်မိသည်။ ပျင်း၍ စာအုပ်ကောက်ကိုင်မိသည်။ စာဖတ်ဝါသနာပါလာခဲ့သည်။ ပျင်း၍ စာဖတ်သော ကျွန်တော် စာတော်တော်များများဖတ်ဖြစ်သွားသည်။ အပျင်းများများထူခြင်းကြောင့်လဲ ဖြစ်ပါသည်။
“ စောသည်၊ ဆာသည်၊ ပြည့်အင့်သည်၊ ပူသည်၊ အေးသည်၊ အိပ်ချင်သည် ”
ပျင်းရိခြင်း(၆)ပါးနှင့် ကျွန်တော်ကတော့ ငယ်ပေါင်းကြီးဖော်တွေပင်။ လူတွေလည်း အကြောင်းအမျိုးမျိုးပြပျင်းသည်။
“ ထလော့မြန်မာ မြန်မာထလော့ ”
မြန်မာပြည်ကြီးကို ခဏခဏနိုးသံကြားရပါသည်။ သို့သော်ကျွန်တော်တို့က ဘာနှင့်တူသလဲဆိုတော့ “ တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံပြန်အိပ်ရန်” ဆိုသလို ခဏခဏ စိတ်တွေ အိပ်မောကြနေသည်။ အင်း ပျင်းခြင်းမှ ဖျင်းခြင်းတော့ မကူးဆက်အောင် ကြိုးစားပြုပြင်ရပါမည်။
ပျင်းရိခြင်းခြောက်ပါးအပြင် “လွမ်းခြင်း” သို့မဟုတ် “အလွမ်း” ကို ပျင်းရိခြင်းတစ်ပါးအဖြစ် ကျွန်တော်ကတော့ ထည့်သွင်းလိုက်ချင်သည်။
လွမ်းခြင်းကိုခေါင်းစဉ်ပြ ပျင်းနေခြင်းကြောင့်ဖြစ်သည်။ မပျင်းပါက လွမ်းဖို့အချိန်တောင် ရမည်မဟုတ်ပါလား။ ပျင်းလျှင် မလွမ်းပါနှင့်။ တခြားအရာပြုလုပ်ပါ။(ဥပမာ-စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း)
နောက်တစ်ခုကျန်ပါသေးသည် ပျင်းလျှင် အိပ်ပစ်ပါ။ အိပ်တာကမှ အိပ်ရေးဝပါဦးမည်။
အိပ်ပါဆိုကာမှ ကျွန်တော် အိပ်ချင်လာပြန်သည်။
ဒီတစ်ခါ တကယ်အိပ်ရမည်။
ဒါပျင်းရိခြင်းတော့မဖြစ်နိုင်။ သို့ကြောင့် သူတောင်းစားရဲ့ အစ်ကိုမဟုတ်နိုင်ပါ။
အဲ သူငယ်ချင်းအဆင့်လောက်တော့ ရှိပေမပေါ့။
ပျင်း……………..လိုက်…………………..တာ။

မောင်ပိုင်
၇-၁၀-၂၀၀၆။“
— with William Tuntunko and 2 others.၇-၁၀-၂၀၀၆။“