တပ်မတော်သားကိုယ်စားလှယ်များကိုဖယ်ခိုင်း၍ ဆိုးကျိုးကြုံလာပါကဖယ်ခိုင်းသူသည် သမိုင်းတရားခံ ဖြစ်မည်ဟုဦးခင်မောင်ဆွေ ပြော
လက်ရှိလွှတ်တော်တွင်းပါဝင်နေသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုအတင်းအကျပ် ဖယ်ခိုင်းသည့်အတွက် နောက်ဆက်တွဲနှင့် ဘေးထွက် ဆိုးကျိုးများရှိလာပါကဖယ်ခိုင်းသည့် သူသည် သမိုင်းတရားခံ ဖြစ်လာမည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၁၅-၆-၂၀၁၃ ရက်တွင် ရန်ကုန်မြို့ YWCA ၌ ပြုလုပ်သောပါတီသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား အတင်းအကျပ် ဖယ်ခိုင်းပါက နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပြီး အကျိုးဆက်အရစီးပွားရေး ကျဆင်းမည့် အရေးကိုသုံးသပ်ပြီး ယခုကဲ့သို့ ပြောခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်တွင်း ငြိမ်းချမ်းရေးမရတဲ့ကိစ္စ၊ တပ်မတော် အုပ်ချုပ်မှုစနစ် က လွတ်လာတဲ့ ကိစ္စ၊ တပ်မတော်ကရေးဆွဲထားတဲ့ အခြေခံဥပဒေ၊ အဲဒီ ဥပဒေမှာပါတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖြည်းဖြည်းချင်းနောက်ဆုတ်ခိုင်းဖို့ NDF က သဘောထား ရှိပါတယ်” ဟုဦးခင်မောင်ဆွေကပြောသည်။
ဒီမိုကရေစီအခြေခံဥပဒေတစ်ခုတွင် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များမပါဝင်သင့်ဟု ယေဘုယျသဘောတရားအရ လက်ခံသော်လည်းတစ်ဖက်နှင့် တစ်ဖက် နားလည်မှုနည်းကာ ယုံကြည်မှု အပြည့်အဝမရှိသေးသောကြောင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဝင်ရောက်နေရခြင်း ဖြစ်ကြောင်း NDFပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသန်းငြိမ်းကသုံးသပ်သည်။ နှစ်ဖက် ညှိနှိုင်း ကာ တပ်မတော်သား ကိုယ်စားလှယ်များကိုလွှတ်တော်မှ ဖြည်းဖြည်း ချင်းလျှော့ ချရမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးရပါက ပိုမြန်မည်ဖြစ်ပြီး ရွေးကောက်ပွဲတစ်ခါပြီးတိုင်း တစ်ခါ လျှော့ချသွားပါကပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းဦးခင်မောင်ဆွေကပြောသည်။
ပြည်မြန်မာ နေ့စဉ် (၁၆-၆-၂၀၁၃)

https://www.facebook.com/myanmarpoliticalarticles မှ ကူးယူဖော်ပြပါသည်။