ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မမြင်ရသော ကြိုးတစ်ချောင်း
==============================
တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အား အမေရိကန် သမ္မတ ဘားရက်အိုဘားမားက လမ်းကြောင်းသစ်တစ်ခုကို ဦးဆောင်နိုင်သော ခေါင်းဆောင်မှုစွမ်းရည်ရှိသူအဖြစ် ချီးကျူးထောမနာပြုခဲ့သည်။ သမ္မတအဖြစ် တာဝန် ယူခဲ့သော နှစ်နှစ်တာကာလအတွင်းတွင်ပင် သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကြောင့် နိုင်ငံတကာမှ ချီးကျူး ဂုဏ်ပြုမှုများစွာကို ရရှိခဲ့သူလည်း ဖြစ်သည်။
ဤတွင် သမ္မတဦးသိန်းစိန်အား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ယုံယုံကြည်ကြည် သတ်မှတ်မည် ဆိုပါက ဦးစွာပထမ ကျေးဇူးအထူး တင်ထိုက်သူမှာ ယခင်စစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ဖြစ်သည်။ ထိုအချက်ကိုပင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒု/ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျေးဇူး တင်ရမှာပေါ့” ဟုပြောဆိုခဲ့ဖူးသည်။
“ဘယ်အချိန်မှာ အာဏာကို စွန့်လွှတ်ရမယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးကသိနေတယ်။ ပြီးတော့ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ စစ်တပ်တို့မှာ ဘယ်သူ့ကို အဓိက ဆက်ခံသူအဖြစ် စနစ်တကျ စီစဉ်နေရာချထားရမယ် ဆိုတာလည်း ဗိုလ်ချုပ်မှူးကြီးက သိနေတာပဲ” ဟုသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အစီအစဉ် အယ်ဒီတာ ကိုကျော်စွာမိုးအား အလွတ်သဘော ပြောဆိုခဲ့ဖူးသေးသည်။
ဤအချက်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် မယ်ရီ ကလင်ဟန်ကလည်း “ယခင် စစ်အစိုးရအကြီးအကဲသည် သူနှင့်သူ့မိသားစု အကျိုးစီးပွား၊ နောက် သူ၏ အနာဂတ်ဘဝ လုံခြုံမှုအား အာမခံချက်ပေးနိုင်မည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ပုံရသည်” ဟု Journal of Democracy တွင် သုံးသပ်ပြခဲ့ဖူးသည်။
ဧရာဝတီအယ်ဒီတာ၏ သုံးသပ်ချက်တွင်မူ “၂၀၁၁ မတ်လတွင် ဦးသိန်းစိန် အာဏာရရှိခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေးတံခါးများ ဖွင့်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှု အလုံးစုံ၏ ချုပ်ကိုင် စိုးမိုးမှုကိုမူ ဦးသိန်းစိန် မရရှိခဲ့ချေ” ဟုဆိုသည်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အစီအမံ မပါရှိဘဲ နိုင်ငံတကာတွင် ရေပန်းစားနေသော သမ္မတဦးသိန်းစိန်သည် စစ်စည်းကမ်းအား ဘယ်တော့မှ သွေဖည်မည် မဟုတ်ဟု အစိုးရအဖွဲ့ဝင် အများစုနှင့် နေပြည်တော်ရှိ စစ်တပ် အရာရှိဟောင်းများက ယုံကြည်လျက် ရှိသည်။
ထို့ပြင် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၉ နှစ်တိုင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အဆင့်မြင့် အစိုးရအရာရှိများနှင့် လွှတ်တော်တွင်းရှိ ဗိုလ်ချုပ်ဟောင်းများ၏ အကြီးအချုပ်နေရာတွင် ရှိနေဆဲဟု ယုံကြည်ရသည်။
ထိုသို့ ဦးသိန်းစိန်၏ နောက်ကွယ်တွင် ကြိုးကိုင်သူရှိသည်ဟု အများက ယူဆကြသော်လည်း ဦးသိန်းစိန် အပါအဝင် ပြုပြင်ပြောင်းလဲရေးသမားများက ထိုအချက်ကို ယုံယုံကြည်ကြည် ငြင်းချက်ထုတ်နေသည်မှာ စဉ်းစားဖွယ်ရာ ကောင်းသည်ဟု မယ်ရီကလင်ဟန်က ဆိုသည်။
ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကွယ်တွင် ကြိုးကိုင်မှု မရှိဟုယူဆလျှင်ရသည့် အချက်အလက်များကလည်း ရှိနေပြန်သည်။
အဘယ်အတွက်ကြောင့် ဦးသိန်းစိန်အား သမ္မတအဖြစ် ရွေးချယ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများအဖြစ် ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့အား ရွေးချယ်ခဲ့လေသနည်း။ ဧရာဝတီအယ်ဒီတာ၏ သုံးသပ်ချက်အရမူ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် လွှမ်းမိုးနေသေးသော အရပ်သားအမည်ခံ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့တွင် သဘောထား ပျော့ပျောင်းသူ (Softliners) များကို နေရာ ချထားပေးလိုဟန် ရှိသည်ဟု ဆိုသည်။
အင်အားကြီးသော တပ်မတော်အား ဦးဆောင်ရန် ဦးသန်းရွှေသည် သူနှင့်ခေတ်ပြိုင် စစ်ဗိုလ်ချုပ်များထက် စာလျှင် သဘောထား ပျော့ပျောင်းပုံပေါ်သော ဗိုလ်ချုပ်မင်းအောင်လှိုင် အား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့ပုံပေါ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် သဘောထားမပျော့ပျောင်းဟု ယူဆရသော ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်သွားခြင်း (သို့) ထုတ်ပယ်ခြင်းခံရခြင်း စသည့်အချက်အလက်များက ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို ချောမွေ့စေလိုပုံရသော အချက်အလက်များဖြစ်သည်။
“ဗိုလ်ချုပ်မှူးကြီးဟာ ရှေ့လျောက်ဦးဆောင်နိုင်မယ့်သူကို လက်ဆင့်ကမ်းပြီး တိုင်းပြည်ကို စနစ်တကျ စီမံထားခဲ့တယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ လမ်းပြမြေပုံကို ကိုယ်တိုင်ကိုယ်ကျ စီမံရေးဆွဲခဲ့တယ်” ဟု စစ်တပ်ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ဧရာဝတီ သတင်းဌာနသို့ ပြောခဲ့ဖူးသည်ဟု ဧရာဝတီ အယ်ဒီတာက ဆိုပါသည်။
ဦးရဲထွဋ်ကလည်း ဗိုလ်ချုပ်မှူးကြီးသည် အစိုးရ၊ စစ်တပ်နှင့် လွှတ်တော်ကြား ပါဝါချိန်ခွင်လျှာ ညီမျှရန် နိုင်ငံရေးပုံစံ ဒီဇိုင်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“သမ္မတမှာ တခြားနိုင်ငံတွေက သမ္မတတွေလိုမျိုး ဗီတိုအာဏာမရှိဘူး” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ “တကယ်တော့ စစ်တပ်က ပါဝါရှိနေပါသေးတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် နည်းသွားတာပေါ့” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။
ဦးသန်းရွှေ၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို သိနိုင်သူ အလွန်ရှားသော်လည်း လက်ရှိ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွင်တော့ သဘောထားတင်းမာသူ (Hardliners) များထက်စာလျင် သဘောထားပျော့ပျောင်းသူများက သူ၏ နိုင်ငံရေး အစီအမံကို ပို၍ အကောင်အထည်ဖော်နိုင်စွမ်း ရှိမည်ဟု ဦးသန်းရွှေ ယုံကြည်ပုံရသည် ဆိုသည်ကား စဉ်းစားစရာပင်ဖြစ်သည်။ ဦးရဲထွဋ်နှင့် အခြားစစ်တပ် အရာရှိဟောင်းများကမူ ထိုကဲ့သို့ ယုံကြည်ပုံပေါ်သည်ဟု ဧရာဝတီ အယ်ဒီတာက ဆိုပါသည်။
မယ်ရီကလင်ဟန်၏ သုံးသပ်ချက်ကတော့ အမြင်တစ်မျိုးဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ ဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာ ကာလအား ဦးသိန်းစိန်တာဝန်ယူစဉ် တိုင်းပြည်၏ အပယ်ခံဘဝကို သိရှိခဲ့ရသလို စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် လွန်စွာ ချွတ်ခြုံကျနေသည့် အဖြစ်အား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၍ ဦးသိန်းစိန်အနေဖြင့် ပြုပြင် ပြောင်းလဲရေးသမားဖြစ်ဖို့ အားတစ်ရပ်ဖြစ်လာခဲ့သည်ဟု မယ်ရီကလင်ဟန်က သုံးသပ်ပြသည်။ ထို့ပြင် ၂၀၀၈ နာရဂစ်မုန်တိုင်းကြောင့် သိန်းဂဏန်းရှိ လူများ သေဆုံးပြီး အပျက်အစီးများအား ဝန်ကြီးချုပ်ဘဝဖြင့် ဇာတိမြေ ဧရာဝတီတိုင်းအား သွားရောက် စစ်ဆေးကြည့်ရှုရာမှ ပြုပြင်ပြောင်းလဲရေး စိတ်ဝင်စားလာပုံရသည်ဟု မယ်ရီကလင်ဟန်က သူ၏ အယူအဆကို ဖော်ပြခဲ့သည်။
မည်သို့ပင်ဆိုစေ ဦးသန်းရွှေလက်ဆင့်ကမ်းခဲ့သော ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် အပေးအယူ ညှိနှိုင်းခြင်းများ လုပ်လာခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ယမန်နှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ စစ်တပ်ထိပ်သီးခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ထူထောင်လာသည်ကို တွေ့ရသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် သူ၏ စီနီယာ ဦးသန်းရွှေ မျှော်မှန်းထားသော နိုင်ငံရေးပုံစံတစ်ခုကို အထမြောက်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ရန် အကောင်းဆုံး လုပ်ဆောင်နေပုံရသော်လည်း ထိုအချက်အား လက်မခံသူများ ရှိသည်။ ဝန်ကြီးဌာနတစ်ခုမှ ညွှန်ကြားရေးမှူးတစ်ဦးဆိုလျှင် ဦးသန်းရွှေအနေဖြင့် ဦးသိန်းစိန်အစိုးရ အား မည်သည့် ညွှန်ကြားချက်မှ မပေးကြောင်း ပြောဆိုပြီး စစ်တပ်အရာရှိဟောင်း အများစုကလည်း ဦးသန်းရွှေ နောက်ကွယ်က ကြိုးကိုင်သည်ဆိုသည့် အချက်ကို ငြင်းဆိုကြကြောင်း ဧရာဝတီ အယ်ဒီတာက ပြောကြားခဲ့သည်။
အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးက ဆက်လက်ပြောဆိုသည်မှာ ဦးသိန်းစိန်အပါအဝင် ဘယ်သူမှ ဖြတ်သန်းလို့မရတဲ့ မမြင်ရတဲ့ ကြိုးတစ်ချောင်းကို ဦးသန်းရွှေ စီမံခဲ့တယ်ဗျ။ အဲဒီမမြင်ရတဲ့ ကြိုးရှိတယ်ဆိုတာ သိတဲ့လူ တော်တော်ရှားတယ်။ ဒါပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေကတော့ အဲဒီမမြင်ရတဲ့ကြိုးကို သတိပြုမိကြတယ်။ ဒါကလည်း သူတို့ရဲ့ အရင်အကြီးအကဲ ဆန္ဒဆိုတာ သူတို့သိကြတယ်လေ ဟု ယုံကြည်နေသည့် အယူအဆ အကြောင်း ပြောဆိုပါသည်။
သို့သော် မကြာသေးခင်ကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်သော ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ အခြေခံ ဥပဒေပြင်ဆင်ရန် အာမခံချက်ပေးလာသည်။
ထိုအချက်သည် မမြင်ရသည့် ကြိုးအား ဖြတ်သန်းမည့် စွန့်စားခန်းလားဟု မေးစရာရှိလာပါ သည်။
စွန့်စားမှု လုံးဝမဟုတ်ပါ။ အခြေခံ ဥပဒေပြင်ဆင်ရန် မည်သို့ပင် ကတိပေးထားသော်လည်း မြန်မာ့နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှု အားကြီးခဲ့ခြင်းဟူသော အကြောင်းတရားက မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏဏ္ဍအား ဖယ်ထုတ်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ပင် ထိုမမြင်ရသော ကြိုး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေ၍ ဖြစ်သည်။
ဝေဖန်မှုများပြင်းထန်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လွှတ်တော်တွင်း ဥပဒေပြုသူများက ပြင်ဆင်မှုတချို့ ပြုလုပ်ပါလိမ့်မည်။ သမ္မတဦးသိန်းစိန် အနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးအား ပဲ့ကိုင်ရာတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်များဖြင့် ရှေ့ခရီးဆက်မည်ဟု ယူဆရပါသည်။ သို့သော် လွှတ်တော်အတွင်း ရွေးကောက်ခံ မဟုတ်သော ၂၅ရာခိုင်နှုန်းရှိသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ခွင့်ပြုပြဋ္ဌာန်းပေးထားသော ဖွဲ့စည်းပုံ၏ အရေးအကြီးဆုံး ပုဒ်မများကိုတော့ဖြင့် ပြင်ဆင်၍ ရနိုင်မည် မဟုတ်ချေ။
သိပ်မကြာသေးခင် ကာလကပင် ဝါရှင်တန်ပိုစ့်နှင့် အင်တာဗျူးတစ်ခုတွင် သမ္မတဦးသိန်းစိန် က “မြန်မာ့တပ်မတော်သည် အရေးပါသော တစ်နေရာတွင် အမြဲပါဝင်နေဦးမည်” ဟူသော စကားရပ်ကို ကြည့်လျှင် ၂၅ရာခိုင်နှုန်းကိစ္စမှာ မလွယ်ကူကြောင်း တွေးဆကြည့်နိုင်ပါသည်။
၂၅ရာခိုင်နှုန်း ပုဒ်မအားပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ရာခိုင်နှုန်း မဲရရှိရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ထက်ဝက်ကျော် ထောက်ခံမှ ပြင်ဆင်၍ရမည်။ ခံတပ်နှစ်ဆင့်ခံထားသော လက်ရှိဖွဲ့စည်းပုံအပေါ် ဒီမိုကရေစီ ဂျာနယ်၏ အယ်ဒီတာ လာရီဒိုင်းမွန်း၏ အမြင်မှာလည်း အထူးစိတ်ဝင်စားဖွယ်ကောင်းပါသည်။ လာရီဒိုင်းမွန်းက ဤသည် ကို ဖွဲ့စည်းပုံအကျပ်အတည်း ( Structural dilemma ) ဟု ကင်ပွန်းတပ်ခဲ့သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း စခန်းသွားလျှင် ၂၀၁၅၌ NLD ပါတီ အနိုင်ရရှိခဲ့လျှင် တပ်မတော်၏ ဗီတိုဆန်သော (ဗီတိုသဘော) အာဏာသည် ဖွဲ့စည်းပုံအတွင်း ပါဝင်နေလျက်ရှိသည့် အလျောက် တပ်မတော်မှ အာဏာဆက်လက် ထိန်းသိမ်းလိုသော ဆန္ဒရှိသည်ဟု ယုံကြည်သူများဘက်မှ ကြည့်လျှင်လည်း မှားသည်ဟု မဆိုသာချေဟု လာရီဒိုင်းမွန်းက ထောက်ပြသည်။
တခြားတစ်ဖက်မှ တွေးသူများက တပ်မတော်သားများ ဘက်ပြောင်းလျှင် ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟူ၍ ဖြစ်သည်။ ဤတွင်လည်း အကျပ်အတည်းတစ်ခုက ရှိနေပြန်သည်။ လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ်က လဲလှယ်အစားထိုးခွင့် ရှိသည်ဟူသော ဖွဲ့စည်းပုံပါ အချက်က တပ်မတော်သား ကိုယ်စားလှယ်များကို စည်းရုံးမှု၌ အကျပ်အတည်းတစ်ခု ဖြစ်နေပြန်သည်။
ဒီမိုကရေစီနည်းကျ တက်လာနိုင်ဖွယ်ရှိသည့် နောင်လာမည့် သမ္မတသည် စစ်တပ်၏ ဖွဲ့စည်းပုံပါ အာဏာအား အရပ်သားအစိုးရ အာဏာအောက် သွတ်သွင်းလျှင် ဖြစ်လာနိုင်ဖွယ် ရှိသည့် အရပ်ဘက်၊စစ်ဘက် အန္တရာယ်မှာလည်း မသေးလှပါ။ ထို့အတွက် ၂၀၁၅ မတိုင်ခင်မှာပင် အရပ်ဘက် ၊ စစ်ဘက်၊ ဆက်ဆံရေးအား စတင်ပုံဖော်ပြီး လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေနိုင်လျှင် အထူးသင့်လျော်မည်ဟု ယူဆရပါသည်။ သို့သော် ဖွဲ့စည်းပုံအား ညှိညှိနှိုင်းနှိုင်းဖြင့် မည်သို့ပြင်ဆင်ကြမည်ဆိုသော လမ်းကြောင်းကား အထူးခက်ခဲသော လမ်းကြောင်းတစ်ရပ်ဖြစ်လာပေလိမ့်မည်။
လင်းထိုက် (Y.I.T)
မြန်မာသံတော်ဆင့်ဂျာနယ်မှ