Image may be NSFW.
Clik here to view.
Clik here to view.

by Wunna ThanHtun (Notes) on Tuesday, June 18, 2013 at 4:04am
ခြေလျှင်၊ ခြေမြန် တပ်ရင်းများနှင့် စစ်လက်ရုံး တပ်ဖွဲ့များ အားလုံး၏ ဂိတ် (၁) အ၀င်လမ်းကြောင်းတစ်လျှောက်တွင် အနီရောင် နောက်ခံတွင် အဖြူရောင် စာလုံးများဖြင့် ထင်းနေအောင် ရေးထားသည့် ဆိုင်းဘုဒ် များထဲမှ “ရဲဘော်စိတ်” ဆိုသည့် ဆိုင်းဘုဒ်ကို မြင်ဖူး၊ တွေ့ဖူးကြမည် ထင်ပါသည်။ အပြည့်အစုံမှာ “ ရဲဘော်စိတ် ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်။”
သင်တန်းသား ဘ၀တုန်းက တပ်ရင်း၊ တပ်ခွဲအလိုက် တာဝန်ကျများခန့်အပ်ပြီး ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်မှုစနစ်၊ ကြီးကြပ်သူ (Guardian) များ စုဖွဲ့ထားပြီး ညီရင်း အကိုပမာ brother guardian စနစ်များဖြင့် အထက်အောက် အုပ်ချုပ်သည့် စနစ်များကို အသုံးချပေးခဲ့သည်။ သုံးနှစ်၊ သုံးမိုး အတူနေခဲ့သည် ညီရင်းကိုယ် ပမာ သံယောဇဉ်က ကျောင်းဆင်းပြီး နှစ်ပေါင်းများစွာ ကွဲကွာသွားသည့်တိုင် မပျောက်ပျက်။ တပါတ်စဉ်တည်း ဂါဒီယံ တစ်အုပ်စုတည်း တူချင်းပင် .. နာမယ်ရင်း၊ Nickname ထက် ဂါဒီ ဟု အတိုကောက် ခေါ်သည့် နာမ လေးက စွဲထင်သည့် အထိ။ ထို အရာကိုပင် ရဲဘော်ရဲဘက်ချင်းကြားက သံယောဇဉ် တနည်းအားဖြင့် ရဲဘော်စိတ်မျိုးဟု တွေးထင်ခဲ့မိသည်။
ကျောင်းဆင်းပြီးနောက် တပ်ရင်း တပ်ဖွဲ့များတွင် စတင် တာဝန်ထမ်းဆောင်သည့် အချိန်များရောက်မှ ရဲဘော်စိတ်သည် တပ်ရင်းတပ်ဖွဲ့များအပေါ် ခေါင်းဆောင်မှုနှင့် ဆက်စပ်နေသည်ကို တဖြည်းဖြည်း နားလည်သိရှိလာခဲ့တော့သည်။ တပ်မတော်လေ့ကျင့်ရေးကျောင်းကြီးများတွင် သင်တန်းသား အားလုံးကို စိတ်ဓါတ်၊ စည်းကမ်းမှတ်၊ တနည်းအားဖြင့် လေ့ကျင့်ရေးမှတ် (၁၀၀) စီ အပြည့်ပေးထားပြီး စိတ်ဓါတ် စည်းကမ်းပိုင်းဆိုင်ရာ အပြစ်ပေးမှုများရှိပါက ၄င်းအမှတ်မှတဖြည်းဖြည်း နှုတ် သွား တတ်သည့် အစဉ်အလာတိုင်းပင်။ မိမိတာဝန်ကျသော တပ်စု၊ တပ်ခွဲအလိုက် လက်အောက်ရှိ စစ်သည်များက မိမိကို လေးစားယုံကြည်မှု၊ ခေါင်းဆောင်မှု နှင့် ပါတ်သတ်၍ အမှတ်ပြည့်ပေးပြီးသား ဖြစ်နေတတ်သည်။ မိမိ၏ ရဲဘော်စိတ် နှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အားနည်းချို့ယွင်းချက်များက ၄င်းတို့အတွက် နှုတ်မှတ်များ ဖြစ်သွားတတ်သည်။
နမူနာ ပြရသော် .. မိမိ ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့စဉ်က ရိက္ခာ နှစ်ပါတ်စာထုတ်ပိုး၍ တပ်တည်နေရာသို့ လှုပ်ရှားသွားလာရမည့် အခြေအနေတစ်ခု ကြုံခဲ့ဖူးသည်။ တပ်စုအတွင်းမှာ တပ်စုတပ်ကြပ်ကြီး အဆုံး၊ အောက်ချေရဲဘော်အထိ မိမိ ကျောပိုးအိပ်အတွင်း ရိက္ခာ အပြည့်အစုံထည့်ပြီး ချီတတ်မည့် အစီအစဉ်ကို လက်မခံခဲ့ပါ။ (၄င်းတို့၏အဆိုအရ) ခေါင်းဆောင်ကို ပေါ့ပါးလွတ်လပ်နေစေပြီး အရေးအကြောင်းကြုံလျှင် ၄င်းတို့၏ အသက်ကို ဦးဆောင် ကယ်ထုတ်မည့် ယုံကြည်မှုမျိုးဖြင့် မိမိအားအပင်ပန်း မခံစေလိုခဲ့ခြင်းဖြစ်သည်။ ၄င်းယုံကြည်မှုသည်ပင်လျှင် အထက်အရာရှိပေါ် ထားသည့် စစ်သည်များ၏ ရဲဘော်စိတ်တစ်မျိုး ဖြစ်လေသည်။ ထို ယုံကြည်မှု နှင့် ရဲဘော်စိတ်သည် မိမိ၏ စစ်မြေပြင်ခေါင်းဆောင်မှု နှင့် တိုက်ရိုက်ပါတ်သတ်နေသည် မဟုတ်ပါလား။
စစ်သည် အများစု၏ စိတ်တွင် စွဲထင်နေသော အစွဲတစ်မျိုးလည်း ရှိတတ်သည်။ ၄င်းမှာ … တပ်စု တပ်ဖွဲ့အတွင်း ၄င်းတို့သည် အသုံးကျသူများ မဟုတ်၊ ခေါင်းဆောင်သူ အရာရှိ၏ အဆုံးဖြတ်သာ အခရာ ဖြစ်သည်။ မိမိတို့ မရှိလျှင်လည်း ဘာမှ မဖြစ်၊ အချိန်တန်လျှင် လုပ်ငန်းက အလိုလို ပြီးစီးသွားလိမ့်မည် ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ထို အတွေးကြောင့် ရေသာခို အချောင်လိုက်မှုများ ရှိလာတတ်သည်။ ထို့ကြောင့် .. တပ်ရင်းတပ်ဖွဲ့လိုက် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အောက်ချေရဲဘော်မှ အစ၊ တပ်မှုး အရာရှိ အဆင့်ထိသည် အားလုံးအဆင့်လိုက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိကြောင်း၊ ၄င်းတို့၏ အကြံဥာဏ်များကို အလေးထားကြောင်းနှင့် ၄င်းတို့၏ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ ၄င်းတို့သည် အခြေခံအကျဆုံး အင်အားစုများ ဖြစ်ကြောင်း၊ ရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အမိန့်ကွင်းဆက် (chain of command) မပြတ်အောင် လည်ပါတ်ရေးသည် အရေးကြီးကြောင်း၊ အဆင့်အားလုံးသည် သူ့ တန်ဖိုးနှင့် သူ အရေးကြီးကြောင်း နားဝင်အောင် ပြောဆိုဆုံးမရသည်။ ထိုစကားများသည် ၄င်းတို့အတွက် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆောင်မှုများ ဖြစ်သည့်အပြင် တပ်ဖွဲ့အတွင်း ၄င်းတို့၏ တန်ဖိုးကိုလည်း နားလည်လာစေသည်။
စစ်သည်တို့၏ ဘ၀ကို နားလည်အောင် ကြိုးစားခြင်း - စစ်သည်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရင်းနှီးမှုဖြင့်၊ တနည်းအားဖြင့် အမိန့်၊ ကြောက်ရွံ့မှုများကို အသုံးချ၍ ၀င်ရောက်စွက်ဖက်ခြင်းမပြုရ။ သို့သော် မိမိလက်အောက်ရှိ စစ်သည်များ၏ မိသားစုဘ၀၊ အိမ်ထောင်သည် ဘ၀ စသည်တို့ကို သိရှိနားလည်အောင် ကြိုးစားထားရမည်။ ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကို နှုတ်အားဖြင့် နွေးထွေးစွာ အားပေးခြင်းသည် အထက်အောက် ဆက်ဆံရေးကောင်းမွန်မှုတွင် ကြီးမားသော အထောက်အပံ့ကို ဖြစ်စေသော အကြောင်းရင်း တစ်ချက်ပင် ဖြစ်သည်။
သီးခြားနေထိုင်မှု သတိပြု - မိမိ၏ တသီးတခြားဆန်သော ရပ်တည်မှုကိုလည်း တပ်ဖွဲ့ကို ခေါင်းဆောင်ရာတွင် ပြန်လည် ဆန်းစစ်သင့်သည်။ လူ တစ်ယောက်၏ စရိုက်လက္ခဏာ အရ အဖွဲ့အစည်းနှင့် မနေတတ်၊ သီးခြားရပ်တည် နေထိုင်တတ်သော သူများလည်းရှိနိုင်သည်။ ထို စရိုက်ကြောင့်ပင် လက်အောက်စစ်သည်များမှ ၄င်းတို့အပေါ် “စိမ်းသည်” ဟူသော အမြင်မျိုး ဖြစ်သွားတတ်သည်။ ထို အမြင်သည် တပ်ဖွဲ့ဝင် အချင်းချင်းအကြားက ဆက်ဆံရေးအတွက် ခလုတ်ကန်သင်း ဖြစ်သည်။ (မိမိတို့၏ အခက်အခဲကို ၄င်းတို့ တပ်ခွဲမှ တပ်ခွဲမှုးအား သတင်းမပို့ရဲသဖြင့် အခြား တပ်ခွဲမှုးတစ်ဦးကို သတင်းပို့နေသော စစ်သည်များကို ကြုံခဲ့ရဖူးသည်။) ထို့ကြောင့် ဦးဆောင်သူ အရာရှိသည် စစ်သည်များနှင့် လိုအပ်သော အတိုင်းအတာ တစ်ခုထိ ရင်းနှီးကျွမ်းဝင်ရန်လည်း လိုအပ်သည်။ သို့သော် ….။၎င်း သို့သော် သည် အရေးကြီးပါသည်။
အပေါစား ခေါင်းဆောင်မှု - မလိုလားအပ်သော ထွေးရောယှက်တင် ပေါင်းသင်းဆက်ဆံမှု မျိုးကိုလည်း သတိပြုရှောင်ရှားရသည်။ ထိုသို့သော ခေါင်းဆောင်မှုမျိုးကို “အပေါစား ခေါင်းဆောင်မှု” ဟု ခေါ်သည်။ တစ်ခါတရံတွင် ဦးဆောင်သူ အရာရှိ၏ အပြုအမူသည် စစ်သည် တို့အပေါ်တွင် အရိုအသေတန်စေသည့် အပြုအမူမျိုး ဖြစ်သွားတတ်သည်။ ထို အခြေအနေသည် လက်အောက်အား ကွပ်ကဲအုပ်ချုပ်မှုကို ထိခိုက်စေနိုင်သည်။ ရင်းနှီးလွန်းတော့ မလေးစား ဆိုသည့် အဖြစ်မျိုးကို မည်သည့် တပ်ဖွဲ့ခေါင်းဆောင်မျိုးကမှ လိုချင်မည် မဟုတ်။ ၄င်းအခြေအနေမျိုးကို အပေါစား ခေါင်းဆောင်မှု ပုံစံမျိုးတွင် တွေ့ရတတ်သည်။ စစ်သည်များနှင့် ရင်းနှီးကျွမ်းဝင်မှုမျိုး ရှိရမည် ဖြစ်သော်လည်း သူ့ စည်းနှင့် သူ၊ ကိုယ်စည်းနှင့်ကိုယ် နေတတ်ထိုင်တတ်ရမည် ဖြစ်ပါသည်။
မိသားစု ပုံစံဆက်ဆံရေး - တပ်ဖွဲ့တစ်ခုတွင် လေ့ကျင့်မှု၊ လုပ်ငန်းတာဝန်ခိုင်းစေမှု နှင့် အနားပေးမှု သည့် သုံးနားညီ တြိဂံ ပုံစံမျိုး ဖြစ်သည်။ အချိုးညီမျှရမည်။ တာဝန်ချိန်ပြီးဆုံးပါက ပြည့်ဝသော အနားပေးမှုမျိုး လိုအပ်သည်။ သို့မှသာ နောက်ထပ် ရည်မှန်းချက် တာဝန်တစ်ခုအတွက် အပြည့်အ၀ လန်းဆန်းနေမည်ဖြစ်သည်။ စစ်သည်တို့ နှင့် အတူ အားကစား လုပ်ခြင်း၊ ၄င်းတို့၏ စားရိပ်သာများသို့ မကြာခဏ ၀င်ရောက်စစ်ဆေးခြင်း၊ ၄င်းတို့ စားသည့်ပုံစံမျိုး ရံဖန်ရံခါ တွဲဖက်စားသောက်ခြင်း များသည်လည်း ၄င်းတို့နှင့် တစ်သားတည်းရှိသည့်ပုံစံမျိုး ပြသရာ ရောက်သည်။ သို့သော် Respct လိုချင်သဖြင့် For show လုပ်ပြသည့်ပုံစံမျိုး မဖြစ်ရန် လိုအပ်သည်။ ၄င်းတို့အား မုန့်ဖိုးပေးခြင်း၊ အရက်တိုက်ခြင်းများထက် .. ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ များကို ၀င်ရောက်ဆွေးနွေးအားပေးခြင်းက ပို၍ ထိရောက်သည်။ ဥပမာ .. အနာဖြစ်နေသော ရဲဘော်ကို ပိုက်ဆံပေး၍ ကုသခိုင်းခြင်းထက် မိမိကိုယ်တိုင် ဆေးဝယ်ပေးပြီး .. “ရော့ တပည့် .. ဒါကို ဘယ်အချိန်မှာ လိမ်း၊ ဘယ်လောက်ကြာအောင်လိမ်း။ ဒီ အနာကို မပျောက်မခြင်း ငါ ဆေးဝယ်ပေးမယ်” ဆိုသည့် ဂရုတစိုက် အလေးထားမှုမျိုးကို အများစုက လိုချင်ကြသည်။ မိသားစု နှင့်ကင်းကွာပြီး နေရသူများအတွက် မိသားစု ဆန်သည့် ဆက်ဆံရေးက မည်မျှထိမိကြောင်း အကျယ်တ၀င့် ရှင်းပြနေဖို့ လိုမည် မထင်ပါ။ (တခါတရံ လူပျိုစစ်သည်များအတွက် မိန်းမလိုက်တောင်းပေးခြင်း၊ ရည်းစားစာ ရေးပေးရခြင်းမျိုးလည်း ကြုံရတတ်သည်။ ထို ကိစ္စများအတွက် ဂုဏ်ယူပါ။ ၄င်းတို့သည် မိမိအား ဆရာတစ်ဦးသဖွယ်၊ မိဘတစ်ဦးသဖွယ် လေးစားအားကိုးသောကြောင့် ဖြစ်သည်။)
ရပိုင်ခွင့်များအား ကြီးကြပ်ပေးခြင်း - ၄င်းတို့၏ ရပိုင်ခွင့်များနှင့် ပါတ်သတ်၍ ဖြစ်သည်။ မိမိလက်အောက်ရှိ စစ်သည် တစ်ဦးချင်းနှင့် သက်ဆိုက်သည့် စစ်ဝတ်နှင့်ဆိုင်သော ထောက် - ၂၅ ပစ္စည်းများ ပုံမှန်ရရှိရေး၊ လစာ၊ ဘဏ်စုကြေး ကိစ္စ ရပ်များ အားလုံးထိ သိရှိအောင် လုပ်ထားပြီး နစ်နာမှုများ မရှိစေရန် အထူးကြပ်မတ်ရသည်။ စစ်သည်များ နားလည်ကျွမ်းဝင်နေစေရန်လည်း ရှင်းပြရမည်။ ၄င်းတို့၏ ငွေကြေး များကို ရင်း ရံပုံငွေများတွင် မည်၍ မည်မျှ ထည့်ဝင်ရသည်၊ မည်သည့်အတွက် မည်မျှသုံးရသည်ကို ၄င်းတို့ နားလည်သည်အထိ ရှင်းပြရမည့် တာဝန်မှာ ဦးဆောင်သူ တပ်စုမှုး၊ တပ်ခွဲမှုး ၏ တာဝန်ဖြစ်သည်။ မကျေလည်မှုများရှိပါက ကျေလည်အောင် ဖြေရှင်းပေးရမည်။ မိမိစားပွဲတွင် မလိုအပ်ဘဲ ကြန့်ကြာနေသည့် စာရွက်စာတမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များ မရှိအောင် အထူး ဂရုစိုက်ရသည်။
တပြေးညီ ဆက်ဆံမှု - ထို အရာသည်လည်း အချင်းချင်း ရဲဘော်စိတ်အတွက် အရေးကြီးသော ဆက်ဆံမှုမျိုး ဖြစ်သည်။ ဆုပေး၊ ဒါဏ်ပေးစနစ်မျိုးရှိတတ်သော်လည်း ခွဲခြားဆက်ဆံမျိုး မဖြစ်ရန် လိုအပ်သည်။ စည်းကမ်းသေ၀ပ်သည့် စစ်သည်ကို ဦးစားပေးပြီး သောက်စားမူးရစ်တတ်သည့် စစ်သည်ကို ဖိနှိပ်အုပ်ချုပ်သည့် ပုံစံမျိုးသည် မှားယွင်းသော ခေါင်းဆောင်မှု ဖြစ်သည်ဟု သုံးသပ်မိသည်။ ထို အချက်သည် ၄င်းစစ်သည်များအတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ဖြစ်လာတတ်သည်။ တစ်ခါတရံ မိမိကိုယ်တိုင် ၄င်းစစ်သည်ကို နားဝင်အောင် ဆုံးမခြင်းထက် ၄င်းကို တိုက်ရိုက်ကိုင်တွယ် ကြီးကြပ်သည့် တပ်စိတ်မှုး၊ တပ်စုတပ်ကြပ်ကြီးတို့မှ တဆင့် ဆုံးမခိုင်းရသည်။ အလွန်အကျွံဆုံးမခြင်းမျိုး မဖြစ်စေရန် မိမိက ကြိုတင်မှာကြားထားရမည်။ အရာရှိ နှင့် စစ်သည်များကြားတွင် အထက်အောက် ဆက်ဆံရေးမျိုး ရှိတတ်သော်လည်း စစ်သည်အချင်းချင်းကြားတွင်မှု အလျားလိုက် ဆက်ဆံရေးမျိုး ရှိတတ်သည်။ အချို့ ကိစ္စများတွင် အရာရှိ ကိုယ်တိုင် ၀င်ရောက်ကိုင်တွယ်သည်ထက် စစ်သည်အချင်းချင်း အပြန်အလှန် ထိမ်းကြောင်းမှုက ပို ထိ ရောက်တတ်သည်။
အထက်တွင် ဖော်ပြခဲ့သောအကြောင်းအရာများသည် မိမိ တပ်ရင်းတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တွေ့ကြုံခဲ့ရသော အခြေအနေများမှ ရဲဘော်စိတ် နှင့် ခေါင်းဆောင်မှု ပိုင်းဆိုင်ရာ အတွေးစများ ဖြစ်သည်။ စစ်သည်အချင်းချင်း ကြားက ခိုင်မြဲသော ရဲဘော်စိတ်အတွက် ကောင်းမွန်သော ခေါင်းဆောင်မှုပေးရန်လိုသည်။ တပ်မတော်တွင် ခေါင်းဆောင်မှုသည် အလွန်ကျယ့်ပြန်သော ဘာသာရပ် တစ်ခုဖြစ်သည်။ဤနေရာတွင် ခေါင်းဆောင်မှု တစ်ခုတည်းအတွက် ကွက်၍ အကျယ် ပြောလိုခြင်း မဟုတ်။ တပ်ဖွဲ့ဝင် အချင်းချင်းအပေါ်တွင် မိသားစုကဲ့သို့ သံယောဇဉ်ရှိသော ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ရန် ခေါင်းဆောင်ဖြစ်သူတွင် တာဝန်ရှိကြောင်း နှင့် ခေါင်းဆောင်မှု နှင့် ရဲဘော်စိတ်သည် ဆက်စပ်မှုရှိကြောင်းကို ပြောလိုရင်းသာ ဖြစ်သည်။ စစ်သည်အချင်းချင်းကြားက သံယောဇဉ်တရား နှင့် သစ္စာ စောင့်သိမှုသည်ပင်လျှင် တိုက်ပွဲအောင်နိုင်ရေးအတွက် အဓိက အထောက်အပံ့ဖြစ်သော ... ရဲဘော်စိတ် ကို ခိုင်မြဲတည်တံ့နေစေသည် မဟုတ်ပါလား။
Image may be NSFW.
Clik here to view.![]()
ကနေဒါ တပ်မတော်၏ ခေါင်းဆောင်မှုဆိုင်ရာ ပုံစံတစ်ခု
ဝဏ္ဏသန်းထွန်း
(၁၈၊ ဂျွန်၊ ၂၀၁၃)