
“ ဗဟုပကာရာ ဘိက္ခဝေ မာတီမီတရော ပုတ္တာနံအာပါဒက ပေါသကာ၊ ကုမဿ၊ လေကဿ၊ ဒဿတရော။ ”
“ ရဟန်းတို့ …မိဘသည် သားသမီးတို့ကို ကျွေးမွေးပြုစုသူများ ဖြစ်သည်။ သားသမီးတို့အား လောကသဘာဝများ ညွှန်ပြပေးသူများဖြစ်သည်။ ထို့ကြောင့် မိဘသည် သားသမီးတို့အတွက် ကျေးဇူးကြီးသူများ ဖြစ်သည်။”
အင်္ဂုတ္ထိုရ် ပါဋ္ဌိတော်
…………….
skynet ကသတ္တ၀ါတွေအကြောင်းပြနေတယ်။ ပင်ဂွင်းငှက်လေးတွေက ဟိုးအဝေးကြီးကနေ ကူးခတ်လာတယ်။ လှိုင်းကို ကျော်တယ်။ ရွှံ့တွေနဲ့ချော်နေတဲ့ ကုန်းမြေကို ခက်ခက်ခဲခဲတက်တယ်။ လွင်ပြင်ကိုဖြတ်တယ်။ နောက်ဆုံး သူ့မိသားစုစီရောက်သွားတယ်။ ပြီးတော့ သူရှာခဲ့တဲ့ ပုဇွန်တွေ၊ ငါးတွေကို ပြန်အန်ကျွေးတယ်။
အဖို(အဖေ)ဖြစ်သူ ကျွေးမွေးပြီးသိပ်မကြာဘူး၊ အမ(အမေ)ဖြစ်သူက တစ်ဖန် အစာရှာထွက်ပြန်တယ်။
သြော်…သတ္တ၀ါတွေတောင် သူတို့ရဲ့ သားသမီးတွေအတွက် အသက်အန္တရာယ်လည်း မမှုပဲ ရှာဖွေ၊ ကျွေးမွေးနေကြတာလေ။
သတိရလိုက်တာ အဖေရယ်…လွမ်းလိုက်တော့ပါဘိ အမေရယ်…..
…………..
ကျွန်တော် ၉ တန်းနှစ်ကဖြစ်သည်။ တစ်ည …
“ ဟဲ့ ဟဲ့ တွဲပါဦး…လုပ်ပါဦး”
“ ဘာဖြစ်လို့လဲ..ဘာဖြစ်လို့လဲ”
အမေ့အသံကြောင့် ကျွန်တော်တို့ မောင်နှမတွေလည်း အိမ်အပေါ်ထပ်မှပြေးဆင်းလာမိသည်။
အဖေ လှည်းကျိတ်ခံရခြင်းဖြစ်သည်။
အဖေက လက်သမားလုပ်တော့ သစ်ရှာရပါတယ်။ တစ်ခါတစ်လေ သစ်တွေကို ကိုယ်တိုင်သွားသယ်ရတယ်။ များသောအားဖြင့် ညဘက်လှည်းနဲ့သယ်။ လူနဲ့သယ်ရတာပေါ့။
အဲဒီညက လှည်းနဲ့သယ်တာပါ။ ကမူတစ်ခုကို ဖြတ်မိတော့ သစ်တွေက လျှောကျတယ်။ သစ်ပေါ်မှာထိုင်စီးလာတဲ့ အဖေက လှည်းပေါ်ကပြုတ်ကျတယ်။
အဲဒီမှာတင် လှည်းဘီးက အဖေ့ပေါင်ပေါ် ဖြတ်နင်းမိတော့တာပါပဲ။
ဆေးလူးပေးသူကပေး။ နှိပ်ပေးသူကပေးရတယ်။ ကံကောင်းချင်းတော့ ပေါင်ရဲ့ အပေါ်ပိုင်းဆိုရင် ၀မ်းဗိုက်ကိုနင်းမိမယ်။ အောက်ဆိုရင် ခြေသလုံးနင်းမိမယ်။ ဒီတော့ ကျိုးသွားနိုင်တယ်။ ပေါင်နင်းမိတော့ နည်းနည်းသက်သာသွားတာပေါ့။
အဲဒီဒဏ်ကြောင့် အဖေခုချိန်ထိ မိနစ် ၂၀ ပြည့်အောင်မရပ်နိုင်ဘူး။ ခပ်ဝေးဝေးလေး လမ်းလျှောက်မိရင် ခြေထောက်ကနာလာပြီ။ ကျွန်တော်အဲဒီနေ့ကအဖြစ်ကို ခုထိတွေးမိတုန်း။ တွေးမိတိုင်း မျက်ရည်ဝဲခဲ့ရမိပါတယ်။
ဒီလိုပဲ အမေက အဖေရဲ့ပါရမီဖြည့်ဖက်ကောင်းဖြစ်သလို သားသမီးတွေကို လူကြီးဖြစ်ပြီ၊ အရွယ်ရောက်နေပြီလို့ တစ်ခါမှမတွေးမိဘူးထင်ပါတယ်။ ကျွန်တော်တို့ ဒီအသက်အရွယ်ရောက်နေတာတောင် အိမ်ကိုပြန်ရောက်ရင် အမေက ထမင်းခူးကျွေးတုန်း၊ အ၀တ်တွေလျှော်တုန်း၊ တကယ့်ကလေးလေးကို ပြုစုပေး သလိုပြုစုပေးချင်တုန်းပါပဲ။
အဖြစ်အပျက်လေးတစ်ခု သတိရမိတယ်.
တစ်ခါက မိုးတွေသဲနေတဲ့ညတစ်ညမှာ အဖွားအိုကြီးတစ်ယောက်က မီးခွက်ကြီးထွန်းပြီး တစ်ခုခုကို ရှာနေသတဲ့။ အဖွားကြီးကြည့်တော့ အသက်က ၇၀ ကျော် ၈၀ ဖြစ်နေပြီ။
ဒါနဲ့လမ်းတွေ့တဲ့သူတွေက မနေသာပဲ အမယ်ကြီး မိုးတွေတအားရွာနေပြီ။ အိမ်ပြန်တော့လေ။ ဘာရှာနေတာလဲဆိုတော့ “ ငါ့သားလေးပျောက်နေလို့ပါကွယ်။ ခုထိအိမ်ပြန်မလာသေးလို့”တဲ့။
သားဖြစ်သူက ဘယ်လိုပုံစံလဲ၊ အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ အသက်က ၄၀ ကျော် ၅၀ လောက်တဲ့။
သြော်မိဘတွေဆိုတာ ကိုယ့်သားသမီးကို ဘယ်အသက်အရွယ်ရောက်ရောက် မိဘမေတ္တာကြောင့် ကလေးလို့မြင်တုန်းပါပဲလား။
အဖေနဲ့ အမေက လက်လုပ်လက်စားသမားတွေ။ ဘ၀မှာ မချမ်းသာခဲ့သလို မဆင်းရဲခဲ့ဘူး။ သားသမီး သုံးယောက်ကို ကျောင်းပြီးအောင်ထားနိုင်ခဲ့တယ်။
စကားလေးတစ်ခုရှိတယ်။ မိဘနှစ်ပါးက သားသမီးအများကြီးကို ကျွေးနိုင် ဆင်နိုင်ပေမယ့်၊ သားသမီး အများကြီးကတော့ မိဘနှစ်ပါးကို ကျွေးနိုင်ဆင်နိုင်ခဲပါတယ်တဲ့။
အဖေက စက်ချုပ်တတ်တယ်။ ထန်းတက်တတ်တယ်။ အဘိုးလက်ထက်ကတည်းက လုပ်ခဲ့တဲ့ လက်သမားအလုပ်ကို ခုထိလုပ်နေရစဲ။ အမေကလည်း ငယ်စဉ်က ဆေးလိပ်ခုံမှာလုပ်ခဲ့ရတယ်။
သူတို့ဘ၀တွေဟာ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ခက်ခဲတယ်ဆိုတာ သိပ်မရှိခဲ့ဘူး။ အဖေနဲ့ အမေက သူများထက် မသာတာ တန်းတူဖြစ်နိုင်အောင် ဆင်တယ်။ ပညာတွေတတ်မြောက်အောင်ထားတယ်။
ကျွန်တော်တို့ကတော့ မိဘကို သတိရယုံပဲရှိခဲ့တယ်။ လစာရတော့ လစာလေးကန်တော့ခဲ့တာအပြင် ဟုတ်တိပတ်တိမရှိခဲ့ပါဘူး။ ပြီးတော့ လတိုင်းကန်တော့ခဲ့ရတာမဟုတ်ပါဘူး။
မိဘကတော့ သားသမီးရဲ့ထောက်ပံ့မှုကို ဘယ်တုန်းကမှ မျှော်လင့်မှာမဟုတ်ပါဘူး။
“ သားပေးလိုက်တာက လက်ဘက်တစ်ရိုး
အမေရလိုက်တာက စိန်ဆံထိုး ” တဲ့။ သားသမီးက ကန်တော့ထက်ပစ္စည်းထက် သတိတရရှိနေတာကို ၀မ်းသာပီတီဖြစ်နေမှာပါ။
ကျည်းကန်ရှင်ကြီးရဲ့ မေတ္တာစာလေးကိုရွတ်ကြည့်မိပါတယ်။
“ ချမ်းသာစီးပွားဆိုသည်များကို လာလားမယ့်မှာ၊ အောက်မေ့ပါဘူး၊ သားဦးကိုသာ၊ မြင်ချင်ပါရှင့်၊
မင်းလျာယဉ်ရွ၊ သားရွှေစငယ်၊ မရဖြစ်စေ၊ ရဖြစ်စေသား၊ ပြန်ခဲ့ပါတော့”တဲ့။
ချမ်းသားစီးပွားကို မမျှော်ကိုးပါဘူး။ ရွှေစ၊ ငွေစ ရရ မရရ ပြန်ခဲ့ပါတော့တဲ့။
“ သူ့ရပ်ရွာဝယ်၊ နာလည်းမကူ၊ သာမကူနှင့်၊ ရေပူရေချမ်း၊ ဘယ်သူကမ်း၍
စိတ်ဝမ်းရွှင်အောင်၊ သားရွှေတောင်ကို၊ ရွက်ဆောင်လိမ့်မည်၊ အတည်တည်ကို
ကြံစည်လိုက်မိ၊ အောက်မေ့ဘိသော်၊ နွမ်းရိခွေနုံး၊ သားရွှေတုံးကို၊
ယူကျုံးမရ၊ လွမ်းလိုလှခဲ့ ”
အဝေးရပ်ဌာနမှာ သားတောင်မောင်က ပျော်နေ၊ အခြေအနေကျနေသော်လည်း သားလေး ကျန်းမာပါ့မလား၊ ဘယ်သူက ပြုစုပါ့မလဲလို့ တွေးမိနေတာလဲ အဖေနဲ့ အမေပါပဲ။
ကျွန်တော်မိဘနဲ့ အဝေးမှာ ခွဲနေရသူပါ။ မိဘမေတ္တာကို ဝေးနေချိန်၊ အခက်အခဲတွေ့တဲ့အချိန်တွေမှာ ပိုပြီးသိလာရတယ်။ မိဘအရိပ်ဝါသလောက်အေးမျှခဲ့တာ ကျွန်တော်မတွေ့သေးပါဘူး။
ဘုရားရှင်က မိဘမေတ္တာဆပ်တဲ့အခါ တရားဓမ္မနဲ့ဆပ်တာအကောင်းဆုံးပါပဲတဲ့။
ကျွန်တော်သိသမျှ စာသိလေးတွေ၊ ဓမ္မလေးတွေကို ပြန်လည်ပြောပြဖြစ်ခဲ့ပါတယ်။ အသိတစ်ခုရအောင် တော့ကျွန်တော်မစွမ်းဆောင်နိုင်သေးပါဘူး။ ကိုယ်ကိုယ်တိုင်က ရှာဖွေတုန်းလေ။
ဒီတော့ မိဘမေတ္တာဆိုတာ၊ ကျေးဇူးတရားဆိုတာ အနန္တမဟုတ်ပါလား။
ကျွန်တော်က ဒီစာလေးနဲ့ မိဘမေတ္တာ သမုဒ္ဒရာ၊ ကျေးဇူးတရားသမုဒ္ဒရာထဲက ရေလေးတစ်စက်ကို ခပ်ကြည့်ယုံ၊ သောက်သုံးကြည့်ယုံလေးပါပဲခင်ဗျာ။
(အဖေနဲ့အမေကို ဒီစာလေးနဲ့ ဒီနေရာကနေ ကျွန်တော်ဦးခိုက်လိုက်ပါသည်)
မောင်ပိုင်
၂၆-၆-၂၀၁၃။
— with William Tuntunko and 5 others.၂၆-၆-၂၀၁၃။