by Pyay Chit Thu (Notes) on Friday, June 28, 2013 at 5:04pm
ဗုဒ္ဓက လောကီ ၊ လောကုတ္တရာ လို့  အပိုင်းခွဲထားပြခဲ့ ပြီးသားပါ။ လောကီက မလွတ်မြောက်နိုင်ကြသေးတဲ့ လူသားတွေအတွက် လောကီထဲ နေကြ လုပ်ကြရရင်း လောကုတ္တရာ အလုပ်ဆီကို စွမ်းနိုင်သလောက် ကြိုးစားလှမ်းပါ လို့  ညွှန်ပြခဲ့ပြီးသားပါ။ လောကုတ္တရာ နယ်ပယ်မှာ ရောက်နေတဲ့ သူတွေကတော့ လောကီ မလွတ်မြောက် နိုင်ကြသေးရှာသူတွေ အတွက် လမ်းပြဖို့  ၊ ဆွဲခေါ်ယူဖို့  ၊ အသိပေးဖို့ ၊ သတိပေးဖို့  တာဝန်ရှိသူတွေအဖြစ် ပြတ်သားတဲ့စည်း ထားရှိခဲ့ပါတယ်။
အဲဒါက ဗုဒ္ဓရဲ့  လမ်းစဉ်ပါ။ ဗုဒ္ဓ အလိုကျ သြ၀ါဒ အစစ်ပါ။ ခေတ်ကာလနဲ့  လျော်ညီအောင် ပြုပြင်မွမ်းမံဖို့  လိုတယ် လို့ များ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့  မာန်တက်နေခဲ့ရင် ဗုဒ္ဒရဲ့  သဗ္ဗေညုတ ညဏ်တော် အနန္တဆိုတာ ကြီးကို ကျွန်တော်တို့  ပျက်ရယ် ပြုလိုက်ကြရရုံပဲ ရှိပါတော့တယ်။ ဒါဆိုရင် ဗုဒ္ဓဘာသာ ဆိုတာကိုပါ ကိုယ့်ကြောင့် သေးသိမ်ညှိုးနွမ်းစေခဲ့ပြီ ဆိုတာကို ရော သတိပြုမိကြပါရဲ့ လား။
Time မှာပါတော့ စိတ်ဆိုးတယ်။ ဒေါသထွက်ကြတယ်။ ဘယ်သူမပြုမိမိမှု လို့  များရော စဉ်းစားကြည့်မိပါသလား။ သာမာန် ပုထုဇဉ်တစ်ယောက် သာ ဖြစ်ဟန်ရှိနေသေးတဲ့ သူတစ်ယောက်က နံမည်ဂုဏ်သတင်းထင်ရှားလာမှုအပေါ်မှာ ဆိုးဂုဏ်လား ၊ ကောင်းဂုဏ်လား ၊ Notorious လား Famous လား မကွဲပြားပဲ ၊ ကျွမ်းကျင်တဲ့ media သမားကို အစဉ်းစား ဆင်ခြင်ညဏ်မဲ့ မြှောက်လုံး ပင့်လုံး ခြောက်လုံး မခွဲတတ်ခဲ့တာ။ တစ်ကယ် ကတော့ လက်ခံခဲ့တုန်းကလည်း ကိုယ့်သဘောနဲ့ ၊ ဖြေခဲ့တာလည်း ကိုယ့်ဆန္ဒနဲ့ ၊ ဖြစ်လာခဲ့တဲ့ ပုံရိပ်ကြတော့မှ တစ်တိုင်းပြည်လုံးက ၀န်ရောက်ခံပေးကြရတာက တရားရော တရားပါရဲ့ လား။ လိုအပ်ပါသလား။ဗုဒ္ဓရဲ့  လမ်းစဉ်ကိုယ်က ကိုယ်ပြုသမျှကံ ကိုယ်သာ တာဝန်ရှိရ ၊ တာဝန်ယူရတာပါ။
ဒါကို နောက်ထပ် သွေးဆူဖွယ် လက်နက်တစ်ခုလို အသုံးချပြီး ဓမ္မစက်ကို အာဏာစက် အဖြစ် အသုံးချဖို့  ကြံရွယ် လာကြပါပြီ။ မြတ်စွာဘုရား ကိုယ်တော်တိုင်တောင် ဘယ်တုန်းကမှ ဗုဒ္ဓရဲ့  လမ်းစဉ်ကို အာဏာစက် အဖြစ် သမိုင်းမှာ မသုံးခဲ့ပါဘူး။ အခု နှစ် ၂၅၀၀ မှာ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓမြတ်စွာထက် ပိုတော် ပိုမြင့်မြတ် ၊ ပို ပြီးညဏ်အမျှော်အမြင် ရှိတယ်လို့  ဘာအကြောင်း ကြောင့် ယူဆကြတာပါလဲ။အခုဟာက ဗုဒ္ဒဘာသာ က ဘာဆိုတာ၊ ဗုဒ္ဒရဲ့  လမ်းစဉ် သြ၀ါဒတွေက ဘာဆိုတာကိုသာ ဂဃနဏ မသိခဲ့ကြရတဲ့သူတွေ ဆိုရင် ဗုဒ္ဒဘာသာဆိုတာ အတော်ကို စိတ်ပျက် စိတ်ကုန် နေစရာကောင် ဘာသာကြီး အဖြစ်ကို ယုတ် လျှော့လို့  လာနေခဲ့ပါပြီ။
အဲဒီသူအပေါ်မှာတော့ အစကတည်းက စိတ်ပျက်ကုန်ခမ်းနေခဲ့ရပြီး၊ နဲနဲကလေးမှလည်း ယုံကြည်ကိုးကွယ်အပ်တဲ့ စာရင်းထဲ ထည့်မထားခဲ့မိလို့  ဘာမှ ထူးကဲပြီး မခံစားရပါဘူး။ သာမာန်လူတစ်ယောက်လိုပဲ ဒီလူ ဒီခွင် ဆင်လိမ့်မယ်၊ ဒီလူ ဒီအချိုး ချိုး ဦးမယ်၊ အကုန် မှန်း လို့  ရနေခဲ့တာကိုး ။ အခုစိတ်မကောင်းအဖြစ်ဆုံးက ကိုယ်တွေ အထင်ကြီးလေးစားခဲ့တဲ့ ၊ ဆည်းပူး ကိုးကွယ်ခဲ့ကြရတဲ့ ထေကြီးဝါကြီး ပညာတတ်ကြီးတွေပါ ပါကုန်နေခဲ့ကြတာကိုပါ။အရှင်ဘုရားတို့ ကတော့ တိုင်းပြည် ကောင်းအောင် လုပ်တယ်လို့  ယုံကြည်နေကြပါလိမ့်မယ်။ တစ်ကယ်တော့ တိုင်းပြည် ပျက်ပါလိမ့်မယ်ဘုရား လို့  ၊ ဒီအချိန်မှာတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားတားရင်တောင်မှ ရလိမ့်မယ် ၊ နားဝင်မယ် မထင်တော့ ပါဘူး။ သွေးဆူအောင် လုပ်ခံခဲ့ကြရလို့  သွေးတွေက ဆူနေခဲ့ကြရရှာပြီကိုး။
မြတ်စွာဘုရားရဲ့  တိကျတဲ့ သြ၀ါဒတေါ၊ လမ်းစဉ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ အခိုင်အမာ၇ှိနေပါရက်နဲ့  အဲဒါအားလုံးကို သွေဖီပြီး ၊ ကိုယ့်ကိုယ်ကိုယ် ဘုရားထက်တောင် တော်သေး ထင်နေကြတာဆိုတော့ ဘာမှ ဆက်ပြောစရာ မရှိတော့ပါဘူး။ ဘာသာရေးနဲ့  ပတ်သက်လို့  ရေးစရာရှိတာ၊ ပြောစရာ ရှိတာ ကုန်သလောက်နီးနီး ကျွန်တော်ရေးခဲ့တာ ကုန်သွားပါပြီ။ စိတ်ကုန် စိတ်ပျက်ရလွန်းလို့  နောက်ကို လုံးဝ မပါ တော့ဘူးလို့  ကျွန်တော် တစ်လုံးတစ်ပါဒ ၀င်မပါပဲ ဘေးထွက် နေခဲ့ပါတယ်။ အခု Post က ဘာသာရေးနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့  နောက်ဆုံး post ပါ။
ဦးနေ၀င်းက ပညာရေးကို ချိုးနှိမ်ခဲ့တုန်းက ရည်ရွယ်ချက်နဲ့ ပါ။ အကြံအစည်နဲ့ ပါ။ပညာမတတ်တော့ အသိညဏ်မဲ့ပြီး ကြိုးဆွဲရ ၊ အုပ်ချုပ်ရ လွယ်အောင်လို့ ပါ။အဲဒီအကြံက ဒီနေ့  ဒီလို လုပ်ဖို့ ၊ ဖြစ်မြောက်အောင် လိုရာကြိုးဆွဲဖို့  အောင်မြင်နေခဲ့တာက သက်သေပြနေခဲ့ပါပြီ။အဟုတ်ထင်ပြီး ကကြပေါ့ဗျာ။ မနက်မိုးလင်းလာတဲ့အခါမှ အဲဒီပွဲခင်းဟာ တစ်ညပဲခံအောင် ပြင်ဆင် ထားတဲ့ ဇာတ်ပွဲကြီး ဖြစ်နေတာ တွေ့ ကြပါလိမ့်မယ်။ တစ်ခုတော့ ရှိတယ်ဗျာ။ အနော်ရထာလို ဘုရင်ခမျာ ကိုးကွယ်ရာ အစစ်အမှန်ရအောင် ၊ မွန်တွေဆီကနေ သွားတောင်မှ လုလာခဲ့ရတဲ့သာသနာပါ။ တို့ ခေတ်ရောက်မှ ပျောက်ကြရတော့မှာလား ဆိုတာတော့ စဉ်းစားကြည့်ကြပေါ့ဗျာ။ သာသနာထွန်းကားအောင် လုပ်တယ်လို့  ယူဆကြရင်းကနေ အခုကို သာသနာက ခင်ဗျားတို့  ကြောင့် ဘယ်လောက် ညှိုးနွမ်းနေခဲ့ပြီလဲ ဆိုတာ လက်တွေ့ မြင်နေကြရတာပဲ မဟုတ်လား။
စစ်တပ်နဲ့  အစိုးရနဲ့  နှီးနွယ် စက်စပ် ပတ်သက်သမျှ အသိုင်းအ၀ိုင်းက အဲဒီဂဏန်းတွေ နဲ့  ဟို ပုထုဇဉ် သင်္ဃန်းဝတ် ကို တစ်ခဲနက်ထောက်ခံကြရင်း၊ ဆတ်ဆတ်ထိ မခံ ထောက်ခံကြသတဲ့ဗျာ။ အသိညဏ် နဲနဲလေး၇ှိရင်တောင် စဉ်းစားကြည့်လို့  ရနေပါတယ်။ Time မှာပါလာအောင် သူ တမင်ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလို့  ဘယ်သူအာမခံနိုင်ပါသလဲ။ အဲဒါကြောင့်ပဲ ၊ အဲဒီကိစ္စကြီးသွားခဲ့ရလို့ ပဲ ၊ သူ့ ကိုထိလို့  မဟုတ်ပဲ သာသနာထိ ဓါးကြည့် ဆိုတဲ့ ပုံစံနဲ့  ဆရာတော်ကြီး အများစု ပါလာခဲ့တာပါ။
အာဏာ ဆိုတာ ချိုမြိန်လှသလောက် အင်မတန် စွဲလန်းရစ်မူးစရာ ကောင်းလွန်းလှတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အခုဘုရားသားတော်တွေက ဓမ္မစက်ရဲ့  အာဏာစက် ကို ကောင်းကောင်းကြီး ပျော်မွေ့  သွားခဲ့ ကြပါပြီ။အဓိက တရားခံကတော့ ပြောရရင် နိုင်ငံရေးသမားတွေပါ။ ဘုန်းကြီးအလုပ် ဘုန်းကြီး မလုပ်ရအောင်၊ လူ အလုပ်လူမလုပ်ပဲ နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်းလာခဲ့ကြတာက နိုင်ငံရေးသမားတွေပါ။ အခုမှ စကားပုံရိုင်းရိုင်းသုံးရရင် ကိုယ့်ဇာတ်ကိုယ် မနိုင်ပဲ၊ ပြန်အခြောက်ခံ နေကြရတဲ့ ကိန်း ဆိုက်နေတာပါ။
သရဏဂုံ စင်ကြယ်ဖို့  သိပ်အလေးထားလွန်းတဲ့ ဗီဇနဲ့  ကျွန်တော်က စိတ်နှလုံးညစ်ညူးဖွယ်ရာ သင်္ဃန်းဝတ်တွေ ကြောင့် ကျွန်တော့်ရဲ့  သရဏဂုံများ ပျက်ပြီလား၊ ညှိုးနွမ်းပြီလားလို့  ကြီးစွာသော သံသယ ၀င်မိတဲ့အခါ ယုံကြည်ရာ ဆရာတော်ကြီးများ ထံကို ဆည်းကပ်မေးမြန်းခဲ့ဖူးပါတယ်။ သံဃံသရဏံဂစ္ဆာမိ လို့  ရွတ်ဆိုတဲ့အခါတိုင်းမှာ မြတ်စွာဘုရားလက်ထက်ကကော ၊ အခုနေမှာရော ၇ှိနေကြမှာဖြစ်တဲ့ အရိယာ သံဃာ များကိုသာ ရည်မှန်းအာရုံပြု ပါလေ လို့  အမိန့့် ရှိခဲ့ပါတယ်။
ကောင်းမယ်ထင်ရင် ဆက်လုပ်ကြပေါ့ဗျာ။ လောကမှာက လုပ်လို့ ရတဲ့ အလုပ်တွေ ရှိတယ်။ လုပ်လို့  မရတဲ့ အရာတွေရှိတယ်။ တစ်ခါတစ်ရံ သဘာဝ အလျောက် တည်ရှိနေတဲ့ လောကရဲ့  မျက်စိနဲ့ မမြင်တွေ့ နိုင်တဲ့ လောကသတ်စည်း ဆိုတာတွေနဲ့  တားထားပြီးသားပါ။ နောင်ကြမှ နောင်တရတဲ့အခါ ကျွန်တော်တို့  တိုင်းပြည်က နောက်တဖန် ဖွတ်ဖွတ်ညက်ညက် ကြေပေးကြရဦးမှာပေါ့လေ။
အခုအပြင်သွားရင် ဟိုးတုန်းက ယူနီဖောင်း အစိမ်းဝတ်တွေ လမ်းပေါ်မှာ အာဏာပြ စောင့်ကြွားကြွား သွားလာနေကြသလိုမျိုး ယူနီဖောင်းတော့ ပြောင်းသွားပါရဲ့ ။ ခါးမှာ ချိတ်ထားတဲ့  လက်ကိုင်ဖုန်း နဲ့  ဆိုင်ကယ် တ၀ီဝီ မောင်းပြီး လမ်းပြောင်းပြန် မကလို့  ဘယ်လိုစီးစီး ၊ ရန်လိုနေတဲ့ ၊ ရန်စောင်နေတဲ့ အရောင်ဝါ၀ါဝတ်တွေကို အတွေ့ များလာနေရပါတယ်။ မတော်တဆများ မွတ်စလင် တစ်ယောက်ယောက်မောင်းတဲ့ငားနဲ့  တိုက်မိလိုက်လို့ ကတော့၊ မွတ်စလင်မလေးမောင်းတဲ့ ဆိုင်ကယ်နဲ့  ညိမိလိုက်လို့ ကတော့ ပြသနာက ပုံအကြီးကြီး ချဲ့ ခံထိလိုက်ကြရဦးမှာပါ။
အကြောက်တရားအောက်က လွတ်ချင်လွန်းလို့  ကြိုးစားလိုက်ကြရတဲ့ ပြည်သူအပေါင်းမှာ အခုလည်း အကြောက်တရား ခေါင်းစဉ် နောက်တစ်ခုအောက် ထပ်မံ ခေါင်းငုံ့  ကြရဦးမယ့် သဘောပါပဲ။ အရောင်တွေ ပြောင်းသွားပေမယ့် အာဏာကို ယစ်မူးလာမှုက တူနေသယောင်ယောင်ပါ။ မဲမထည့်ဘူးတို့ ၊ ဒကာအင်အား ဘယ်လောက်ရှိတယ် ထင်သလဲလို့ ၊ ကြောက်စရာ အာဏာစက် စတင်ဖြန့် ကျက်လာနေခဲ့ပြီ။
မှားတယ် မှန်တယ်တွေ အသာထားလိုက်ပါ။ လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာလည်း ခဏ ဘေးချထားလိုက်ပါဦး။ အဲဒီဥပဒေ ဘယ်လောက်တရားမျှတသလဲ ဆိုတာကိုလည်း မစဉ်းစားပါနဲ့ ဦး။ မြတ်စွာဘုရား လမ်းစဉ်ကို သွေဖီတာ တစ်ခုတည်းနဲ့  ကျွန်တော်တို့  အဲဒီကိစ္စကို ကန့် ကွက်ပါတယ်။ လောကီအရေးဝင်ပါချင်ရင် အားလုံး လောကီနယ်ကို လှမ်းခဲ့ကြပါ။ လောကုတ္တရာနယ်မှာ နေချင်ကြသေးရင်တော့ လောကုတ္တရာ အလုပ်ဖြစ်တဲ့ လောကီမှာ ပူလောင်နေကြရရှာတဲ့ လောကီသားတွေအတွက် ငြိမ်းအေးရာ ၊ လွတ်မြောက်ရာ လမ်းကို ပြဆောင်တော်မူကြပါ။ လောကုတ္တရာမှာနေပြီး ရှုပ်ထွေးလှတဲ့ လောကီလူ့ ဘောင်က အရေးတွေကို ဘာအကြောင်းကြောင့် ၀င်ပါချင်နေကြရတာလဲ ဆိုတာကို အမှန်တစ်ကယ် နားမလည် နိုင်တာပါ။
လွှတ်တော်မှာ မဆီမဆိုင် တမတ်သား ပါနေတာတောင် တိုင်းပြည်က အံချော်နေလှပြီကို အခု လောကုတ္တရာ နယ်ပယ်က လူတွေက လွှတ်တော်ကိုပါ လွှမ်းမိုး ချုပ်ကိုင် ချင်နေကြရင် ကျွန်တော်တို့  တိုင်းပြည် ဘယ်လမ်းကြောင်းကို သွားနေ ပါသလဲဆိုတာ တွေးကြည့်၊ ပြေးကြည့်စရာ မလိုပဲ မြင်နေရတဲ့ ကိစ္စကြီးပါ။ အဲဒါကြောင့် မရေးတော့ပါဘူးလို့  ဆုံးဖြတ် ထားတဲ့ကြားထဲက မနေနိုင်လွန်းလို့  ကျွန်တော်ဒီစာကို ရေးပါတယ်။ သာသနာကို ဖျက်တာ ကုလားတွေ ဟုတ်မဟုတ်တော့ မသေချာပေမယ့် သာသနာကို အခု ဖျက်ဆီးနေတာကတော့ သာသနာတွင်းမှာ ၇ှိနေတဲ့ အတုအယောင်တွေ က ဖျက်နေတာပါ။
အဲဒါကြောင့် အမုန်းခံပြီး ကျွန်တော် ပြောပါ့မယ်။ ကျေးဇူးပြုပြီး လောကုတ္တရာနယ်မှာ နေခဲ့ပြီးကြပြီပဲ။ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ပေးကြပါ။ ကျွန်တော်တို့  လူတွေအလုပ် လူတွေ လုပ်ပါလိမ့်မယ်။ လွှတ်တော်လည်း သူ့ အလုပ်သူ လုပ်ပါလိမ့်မယ်။ နိုင်ငံရေးသမားလည်း သူ့ အလုပ်သူ လုပ်ပါလိမ့်မယ်။ အခုအခြေအနေကတော့ အမှန်ကို ပြောတဲ့ ၊ တားတဲ့ သီတဂူ ဆရာတော်လို ဆရာတော်ကြီးတောင် ခဏနေ ရွာပြင် မောင်းထုတ်တာ ခံရတော့မယ့် အနေအထား ပါ။
အတုအယောင်တွေ သိပ်အားကောင်းတဲ့အခါ အစစ်တွေမယ် ငြိုးမှိန်ပေးကြရတာ ဓမ္မတာဆိုပေမယ့် အခုကွယ်မှာက သာသနာပါ။ ညှိုးတော့မှာက သာသနာပါ။ အများညီလို့  အီ ကို ကျွဲဖတ်ကြတာကတော့ ဖတ်ပေါ့လေ။ အိမ်ဦးခန်းမှာ တောင်ပို့ ကြီးတွေ ကိုးကွယ်ရာ ရောက်လာတော့မှ နောင်တ မရကြေးပေါ့။
ပြည်ချစ်သူ
28.6.2013