by Ye Myint Kyaw on Tuesday, March 12, 2013 at 12:30am ·
ဒီမိုကရေစီက လွတ်လပ်တဲ့ ဈေးကွက်စနစ်နဲ့ ခွဲမရအောင် ပေါင်းဖက်လေ့ရှိတယ်။ အလားတူပဲ ဒီမိုကရေစီဟာ ငြိမ်းချမ်းရေးနဲ့ နီးးနီးကပ်ကပ် ဆက်စပ်ပေါင်းဖက်တာကိုလည်း မြင်တွေ့ရပြန်တယ်။
ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးလေ့လာသူတွေက ဒီမိုရေစီနည်းကျ အုပ်ချုပ်တဲ့ တိုင်းပြည်တွေဟာ အခြားသူတွေထက် ပိုပြီး ငြိမ်းချမ်းစွာ ပြုမူဆက်ဆံလေ့ရှိတယ်လို့ ကောက်ချက်ချတာ ဖြစ်တယ်။ နိုင်ငံတကာဆက်ဆံရေး သုံးသပ်ချက်တွေအရဆိုရင် ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထက် ပိုပြီး အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ငြိမ်းချမ်းတဲ့နည်းကို သုံးတတ်ပါတယ်။
ဒီမိုကရေစီနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံတဲ့အခါ၊ တစ်ဦးနဲ့တစ်ဦး ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေ ပိုအားကောင်းလာအောင် လုပ်ဆောင်လေ့ရှိတယ်။ဒီအချက်ကြောင့် 'ဒီမိုကရေစီနိုင်ငံ အချင်းချင်း ထချခဲတယ်၊ ဒီမိုကရေစီနိုင်ငံချင်း ဘယ်တော့မှ မတိုက်' (Democracies have very seldom and never fought each other.) ဆိုတဲ့ ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ(Democratic Peace Theory)က နိုင်ငံတကာဆက်ဆံရေးမှာ ဥပဒေတစ်ခုလို ခိုင်မြဲလာပါတယ်။ ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ သဘောအရ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ ပိုများလာလေလေ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ပိုခိုင်မြဲလာလေလေ လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်လှိုင်းမြင့်လို့ ငြိမ်းချမ်း
အဲဒီ ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ ပေါ်ထွက်လာတာကို အနည်းငယ် ပြန်ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ ၂၀ ရာစုမှာ နှစ် ၁၀၀ အတွင်း သွေးထွက်သံယိုမှုတွေရော ငြိမ်းချမ်းရေးပါ နှစ်ခုစလုံးကို မြင်တွေ့ရပါတယ်။ ပထမ ရာစုနှစ်ဝက်မှာ လူသားသမိုင်းမှာ ပျက်စီးဆုံးရှုံးမှုအများဆုံး ကမ္ဘာစစ်ကြီးနှစ်ခု ဖြစ်ခဲ့တယ်။ နောက်ရာစုနှစ်ဝက်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ထူးထူးခြားခြား ထွက်ပေါ်လာတာကို မြင်တွေ့ကြရပါတယ်။
ဒုတိယကမ္ဘာစစ်ပြီး နှစ်တွေကိုကြည့်ရင် နိုင်ငံတကာမိသားစုထဲက အင်အားကြီးနိုင်ငံတွေကြား အချင်းချင်း ၀င်တိုက်ကြတာ မရှိပါဘူး။ ဒါဟာ နှစ်ပေါင်း ၅၀၀ အတွင်း နိုင်ငံကြီးတွေကြားမှာ ငြိမ်းချမ်းရေးရရှိမှုကာလ အရှည်ကြာဆုံး ဖြစ်ပါတယ်။ နောက် နိုင်ငံငယ်လေးတွေမှာဖြစ်တဲ့ ပဋိပက္ခနဲ့ ပြည်တွင်းစစ် အရေအတွက်လည်း သိသိသာသာ ထိုးကျဆင်းလာတယ်လို့ သုံးသပ်ကြပါတယ်။
အချို့ နိုင်ငံတကာဆက်ဆံရေး ပညာရှင်တွေကတော့ အခု ၂၁ ရာစုထိ ပါလာတဲ့ အကြမ်းဖက်ဖြစ်ရပ် အများစုဟာ စစ်ပွဲကြီး အဆင့်လောက်အထိ မြင့်မားမှုမရှိဘူးလို့ ဆိုပါတယ်။ အစိုးရတွေက နိုင်ငံရေးစိုးမိုးလိုမှုနဲ့ အင်ပါယာချဲ့ထွင်လိုမှုအတွက် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ၊ တစ်ဦးချင်း အာဏာတည်မြဲဖို့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်ရတဲ့ ရာဇ၀တ်မှုမျိုးတွေသာ များတယ်လို့ ဆိုပါတယ်။ သမိုင်းတလျှောက် မကြာခဏဖြစ်တတ်တဲ့ နိုင်ငံချင်း ထိပ်တိုက်တိုး တိုက်ခိုက်မှုမျိုးတွေ အခုနောက်ပိုင်း လျော့ကျသွားပါတယ်။
ဒီလို စစ်ပွဲကြီးတွေ လျော့ကျမှုဟာ တစ်ဖက်က ဒီမိုကရေစီလှိုင်း မြင့်တက်လာမှုနဲ့လည်း အများကြီး တိုက်ဆိုင်နေပါတယ်။ လူထုရွေးချယ် တင်မြှောက်မှုစနစ် (popular sovereignty) နဲ့ တစ်ဦးချင်းလွတ်လပ်ခွင့် (liberty) တို့ တိုးမြင့်လာတာနဲ့အမျှ စစ်ပွဲတွေကို ရှောင်ရှားလာနိုင်ကြပါတယ်။
ဒါပေမဲ့ အဲဒီလို စစ်ပွဲတွေ ကျဆင်းလာတာဟာ ဒီမိုကရေစီနဲ့ လစ်ဘာတီ အပြင် အခြားအချက်တွေကြောင့်လည်း ပါပါတယ်။ ၂၀ ရာစုမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေက အဓိက စစ်ပွဲကြီးတွေကို ဖယ်ရှားနိုင်ခဲ့တယ်။ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေဟာ လွတ်လပ်ရေးတိုက်ပွဲတွေ သွေးထွက်သံယိုဆင်နွှဲပြီးနောက် ကိုလိုနီစနစ်ကို ရာစုအလယ်မှာ အဆုံးသတ်နိုင်ခဲ့တယ်။ ၂၀ ရာစု နောက်ဆုံးဆယ်စုနှစ်မှာတော့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆိုဗီယက် ဦးဆောင်တဲ့ ကွန်မြူနစ်အုပ်စုတို့ကြား ပဋိပက္ခတွေ နိဂုံးချုပ်သွားတယ်။ ဒါတွေကလည်း နိုင်ငံချင်းကြား တိုက်ခိုက်တဲ့ စစ်ပွဲကြီးတွေ လျော့ကျစေတဲ့ အကြောင်းအချို့ပါပဲ။
ကုန်သွယ်ရေးကြောင့် ငြိမ်းချမ်း
နိုင်ငံရေးအပြင် အချုပ်အခြာနိုင်ငံတွေကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေတဲ့ နောက်အကြောင်းတစ်ခုကတော့ စီးပွားရေး ဆောင်ရွက်မှုပါ။ ၁၈ ရာစု ဗြိတိန်မှာ စခဲ့တဲ့ စက်မှုတော်လှန်ရေးနဲ့အတူ မတူခြားနားတဲ့ လူထုတွေကြား နယ်နမိတ်ဖြတ် ကုန်သွယ်မှုတွေ ရှိလာပြီး၊ ကမ္ဘာဂြိုဟ်ပေါ်က လူမှုရေး နိုင်ငံရေးပုံစံတွေကို ပြောင်းလဲပစ်တယ်။ ငွေကြးနဲ့ ကုန်ပစ္စည်း စီးဆင်းမှုက အချုပ်အခြာနိုင်ငံတွေကြားမှာ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးဖြစ်လာအောင် အားပေးပြီး၊ ဒီမိုရက်တစ် ငြိမ်းချမ်းရေး သီအိုရီကို ပေါ်ထွက်စေပါတယ်။
အမှန်တော့ လွတ်လပ်တဲ့ကုန်သွယ်မှု ကျင့်သုံးတဲ့ တိုင်းပြည်တွေကြားမှာ ရန်မလိုတဲ့ ဆက်ဆံရေး ဖြစ်ထွန်းစေတယ်ဆိုတဲ့ အယူအဆက ၁၉ ရာစုကတည်းက တာစားခဲ့တာပါ။ ငြိမ်းချမ်းရေးအတွက် အခရာက လွတ်လပ်တဲ့ကုန်သွယ်မှု ဆိုတာကို အဓိက ရပ်ခံပြောဆိုခဲ့သူတွေက ဗြိတိသျှ စီးပွားရေးပညာရှင် အဒမ်စမစ်၊ ဒေးဗစ်ရီကာဒိုနဲ့ နိုင်ငံရေးပညာရှင် ဂျွန်စတူးအတ် မေးလ် တို့ပါ။ တကယ်လည်း လွတ်လပ်တဲ့ ကုန်သွယ်မှုဟာ ငြိမ်းချမ်းရေးရဲ့ အဓိကသော့ချက် (Free trade is the key to peace.) ဖြစ်နေဆဲပါ။
ဆပ်ပလိုင်းချိန်းကြောင့် ငြိမ်းချမ်း
အခု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကုန်သွယ်ရေးက ငြိမ်းချမ်းရေးဖြစ်ပေါ်စေတယ်ဆိုတဲ့ အယူအဆကို ခေတ်မီပုံစံရပ်နဲ့ ပြောဆိုလာသူက နယူးယော့ခ်တိုင်းမ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင် 'တောမတ်စ် ဖရီးမင်း' ဖြစ်ပါတယ်။ သူက ကနေ့ခေတ် နိုင်ငံတွေကြား ပဋိပက္ခ ကြိုတင်ကာကွယ်ဖို့ဆိုရင် ဆပ်ပလိုင်းချိန်း သီအိုရီ (the supply-chain theory of conflict prevention) ရှိထားဖို့လိုတယ်လို့ ဆိုပါတယ်။
ဒီသီအိုရီသဘောက မတူတဲ့နိုင်ငံနှစ်နိုင်ငံဟာ နိုင်ငံတကာအတွက် ထုတ်လုပ်မှုကွင်းဆက် အစိတ်အပိုင်းတွေ ဖြစ်လာတယ်။ နှစ်နိုင်ငံစလုံးမှာ ကွန်ပျူတာလို အချောသတ် ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ လုပ်ငန်းအစိတ်ပိုင်းတွေ ရှိထားတယ်။ သူတို့ နှစ်နိုင်ငံပေါင်းပြီး တပ်ဆင်တဲ့ အချောထည်ပစ္စည်းတွေကို တစ်ကမ္ဘာလုံး ဖြန့်ချီပို့တယ်။ အဲဒီနှစ်နိုင်ငံဟာ သူတို့ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက်တွေ ပြတ်တောက်ပြီး ၀င်ငွေဆုံးရှုံးမှာကို ကြောက်တဲ့ဖိအားကြောင့် စစ်ဖြစ်ဖို့ ခက်ခဲစေတယ်။ စစ်ပွဲကြောင့် သူတို့လုပ်ငန်းတွေနဲ့ အခြားအကျိုးအမြတ် အားလုံး ပျက်စီးသွားမှာကို စိုးရိမ်ကြတယ်။
အဲဒီသီအိုရီကို အထင်အရှား ကျင့်သုံးနေတဲ့ နှစ်နိုင်ငံကို ဥပမာပေးရရင် တရုတ်နဲ့ အိန္ဒိယ ပဲလို့ ဖရီးမင်းက ပြောပါတယ်။ တရုတ်က သူပိုင်တယ်လို့ ပြောနေတဲ့ တိုင်ဝမ်ကို စစ်ဆင်ဖို့ လက်တွေ့မှာ ခက်ခဲသလို၊ အိန္ဒိယကလည်း ကက်ရှမီးယားကိစ္စမှာ ပါကစ္စတန်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကိုပဲ စဉ်းစားလာရပါတယ်။
ဒီမိုကရက်တစ်တွေက ငြိမ်းချမ်းရေး ပိုလိုလားတယ်
ဒီလိုအခြေအနေတွေကြောင့် အရင်ရာစုတွေမှာ ဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီးမျိုးတွေ အခုရာစုမှာ သိသိသာသာ လျော့ကျလာပါတယ်။ စစ်ပွဲတွေ လုံးလုံးလျားလျား ပျောက်မသွားရင်တောင်မှ စစ်စတင်ဖို့ ခက်ခဲမှုတွေ ရှိလာတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ လုံးဝ မပျောက်နိုင်တာကလည်း စစ်ဆိုတာ လူသားသဘာဝရဲ့ ထုတ်ကုန်တစ်ခုလို သမိုင်းတလျှောက် တွဲပါနေတာကြောင့်ပါပဲ။ ပရရှား စစ်ရေးပါရဂူ ကားလ် ဗွန် ကလော့စ်ဝစ်ဇ် ကဆိုရင် 'စစ်ဆိုတာ အခြားနည်းလမ်းအားဖြင့် နိုင်ငံရေးကို ဆက်လုပ်တာ' (War is the continuation of politics by other means.) လို့ ပြောခဲ့ဖူးတယ်။ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းမှာ အဆုံးသတ်မရတဲ့အခါ စစ်ပွဲနည်းနဲ့ ဆက်ဖြေရှင်းကြတယ်။ ဒီအခြေအနေက အခုထိလည်း ဆက်ကျန်ရှိနေပါသေးတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်မှာ စစ်ပွဲကြီးကြီးတွေ ကျဆင်းလာပြီး ကမ္ဘာလုံးချီ အသတ်အဖြတ်ပွဲကြီးတွေ လျော့ပါးလာပါတယ်။ ဒီလို လျော့ကျသွားတာဟာ ဒီမိုကရေစီ မြင့်တက်လာမှု၊ ကုန်သွယ်ရေးတိုးပွားလာမှုတို့နဲ့ အများကြီး ဆက်စပ်မှု ရှိပါတယ်။
ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေထက် လူမှုကျင့်ဝတ်အရရော စိတ်ပိုင်းဆိုင်ရာအရပါ စစ်ပွဲတွေကို ပိုပြီးဆန့်ကျင်လေ့ရှိတယ်လို့ နိုင်ငံတကာဆက်ဆံရေး လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထက် ပိုပြီး ငြိမ်းချမ်းရေးနဲ့ နှီးနှောကျွမ်းဝင်မှု ရှိတယ်။ သေချာတာက ဒီမိုကရေစီနိုင်ငံအချင်းချင်း ဘယ်တော့မှ စစ်မခင်းကြပါဘူး။ ဟန်ဘာဂါ စားသူချင်း စစ်မခင်းပါဘူး။
ဒီမိုကရေစီလို့ ကနေ့ ပြောတဲ့အခါ 'လစ်ဘရယ် ဒီမိုကရေစီ' ကို ပြောတာပါ။ လစ်ဘရယ်ဒီမိုကရေစီဟာ တစ်ဦးချင်း လွတ်လပ်ခွင့် အကာကွယ်ပေးမှု (liberty) နဲ့ လူအများ လွတ်လပ်စွာရွေးချယ်တင်မြှောက်မှု (popular sovereignty) ဆိုတဲ့ နှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ အဲဒီသွင်ပြင်နှစ်ခု ပီပီပြင်ပြင် တိုးတက်လာပါမှ အမှန်အကန် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာပါတယ်။
ဒါကြောင့် ရေရှည်ငြိမ်းချမ်းရေးဆိုတာ ဒီမိုကရေစီစနစ်၊ လွတ်လပ်သော ဈေးကွက်စနစ်နဲ့ လွတ်လပ်သော ကုန်သွယ်မှုစနစ်တို့ အပေါ်မှာသာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလိုလားသူဟာလည်း လစ်ဘရယ်ဒီမိုကရေစီကို လိုလားသူ၊ ကုန်သွယ်ရေးစနစ်ကို လိုလားသူသာ ဖြစ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးသမားဆိုသူရဲ့ ၀ိညာဉ်မှာလည်း ဒီမိုကရက်တစ် အသိစိတ်တွေ ၀င်ပူးကပ်ပြီး၊ သူ့အသွေးအသားထဲမှာ တစ်ဦးချင်းလွတ်လပ်ခွင့်ဆိုတဲ့ လစ်ဘရယ် အဟုန်တွေ ထကြွ စီးဆင်းနေရပါလိမ့်မယ်။
ရဲမြင့်ကျော်
ကိုးကား။
Democracy's Good Name by Michael Mandelbaum
The World is flat by Thomas L. Friedman
မဇ္ဈိမဂျာနယ် အတွဲ ၂၊ အမှတ် ၁၉၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၃