Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဒီမိုကရက်တစ် ပြည်သူ့ဝန်ထမ်းကေင်းတွေ မွေးထုတ်ပါ

$
0
0


 

by Ye Myint Kyaw (Notes) on Wednesday, July 3, 2013 at 7:15pm
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်လာပါတယ်။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေကို ချီးကျူးပြောဆိုမှုတွေရှိသလို၊ မယုံကြည်သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ မယုံကြည်သူ အများစုရဲ့ ပြောဆိုမှုတွေအရ အပြောင်းအလဲဟာ အပေါ်ပိုင်းမှာသာဖြစ်ပြီး အောက်ခြေပိုင်း အုပ်ချုပ်ရေးတွေမှာ နဂိုအတိုင်း အကျင့်ဟောင်းတွေနဲ့ နေမြဲ စားမြဲ ခိုကပ်မြဲဖြစ်ပြီး၊ အပြောင်းအလဲက လူထုဘ၀ထဲ မရောက်ဘူးလို့ ဆိုကြပါတယ်။


ဒါကို အစိုးရကိုယ်တိုင်လည်း ရင်ဆိုင်တွေ့ကြုံနေရပုံပါ။ သမ္မတရဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ စကားလုံးနဲ့ စိတ်ကူးတွေက တိုင်းဒေသ ပြည်နယ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ နားထဲ ရင်ဘတ်ထဲ သိပ်မစွဲဝင်ပါဘူး။ အရင်အချိန်က အထက်အမိန့်ဆို ပိပြားသွားရပေမဲ့၊ အခု သိပ်ဂရုစိုက်ပုံ မရပါဘူး။ ဒါက အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်ရတဲ့ အကြီးဆုံးအခက်ခဲတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီအတွက် အစိုးရက နိုင်ငံရေးပြုပြင်လဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အဆင့်တွေလုပ်ရင်းကနေ နှစ်နှစ်နီးပါးပြည့်ချိန်မှာ ပြုပြင်ပြောင်းလဲမှု တတိယအဆင့်အဖြစ် ဌာနဆိုင်ရာ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု (Administrative Reform) ဖော်ဆောင်ဖို့ ကြေငြာတာကို တွေ့လိုက်ရပါတယ်။

အခုလပိုင်းတွေမှာ ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည်အကဲဖြတ်ကော်မတီကနေ ဌာနဆိုင်ရာလုပ်ငန်းတွေ ကြံ့ကြာနေတာ၊ ကြိုးနီစနစ်များနေတာတွေ လိုက်လံဖြေရှင်းပေးတာတွေကို အစိုးရသတင်းစာတွေထဲ မကြာခဏ ဆိုသလို ဖော်ပြတာ မြင်ရပါတယ်။ နိုင်ငံကူးလက်မှတ်ဌာနနဲ့ ဆိပ်ကမ်းကုန်တင်ကုန်ချနေရာတွေမှာ အဆင့်များစွာ ကြာနေတာတွေကို အဆင့် လျှော့ချပစ်တာ၊ ပြည်သူတွေရဲ့ တိုင်ကြားမှု၊ အကြံပေးမှုအချို့ကိုလည်း လက်ခံဖြေရှင်းပေးနေတာကိုလည်း ဖော်ပြပါတယ်။

ဒါပေမဲ့ ဌာနအားလုံးကို တိုးတက်ခေတ်မီအောင် ပြုပြင်ပြောင်းလဲဖို့ဆိုတာ မသေးလှတဲ့ ပြဿနာလို့ မြင်ကြည့်လို့ရပါတယ်။ ဌာနတွေဟာ ဆိုရှယ်လစ်စနစ်၊ စစ်အစိုးရခေတ်တွေအောက်မှာ မျိုးဆက်သုံးခုကျော် ဖြတ်သန်းခဲ့ရလို့ ချက်ပလက်ကားကြီး တွေလို ချုံးချုံးကျနေပါပြီ။ သွက်လက်မြန်ဆန်မှုမရှိတဲ့ ဗျူရိုကရေစီစနစ်နဲ့ ခေတ်မမီတဲ့ အလေ့အကျင့်စရိုက်တွေအောက်မှာ ပြည်သူ့ဝန်ထမ်းတွေဟာ အသားကျနေပါတယ်။ မြန်မာပြည်က ဌာနဆိုင်ရာတွေ ကောင်းမကောင်း အမြန် ကြည့်လို့ရမယ့် ညွှန်းကိန်းတစ်ခုကတော့ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ အဆင့်သတ်မှတ်ချက်ပါ။ ပြီးခဲ့တဲ့နှစ် ဒီအဖွဲ့ရဲ့ အစီရင်ခံစာအရ အဂတိလိုက်စားမှု လေ့လာထားတဲ့ ၁၇၆ နိုင်ငံမှာ မြန်မာက အဆင့် ၁၇၂ နဲ့ အဆိုးဆုံး အခြေအနေမှာ ရှိနေပါတယ်။

နောက် လက်ရှိ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူပြောအများဆုံးကတော့ အင်စတီကျူးရှင်းတွေ ကောင်းအောင် လုပ်ဖို့၊ တရားဥပဒေစိုးမိုးရေး ရှိစေဖို့၊ အဂတိလိုက်စားမှု ကင်းစေဖို့၊ စွမ်းရည် မြှင့်တင်ဖို့၊ နိုင်ငံနောက်ကြောင်း ပြန်မလှည့်ဖို့ ဆိုတာတွေပါပဲ။ အဲဒီအရေးတကြီး ပြောနေတဲ့အကြောင်းအရာတွေကိုကြည့်ရင် တစ်နည်းမဟုတ်တစ်နည်း အစိုးရဌာနတွေ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပတ်သက်နေတာကို မြင်ရပါမယ်။ ဒီဖြစ်စဉ်တွေရဲ့ ဗဟိုချက်မှာ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်နေပါတယ်။

ဌာနအသီးသီးက ၀န်ထမ်းတွေရဲ့ အတွေးအမြင် အပြုအမူတွေကို ဒီမိုကရေစီစနစ် လိုအပ်ချက်နဲ့အညီ မပြောင်းလဲနိုင်သရွေ့၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ အမှန်တကယ် ရှေ့မရွေ့နိုင်ပါဘူး။ သူတို့ရဲ့ လုပ်ရင်ကိုင်ရည်နဲ့ skills ကို ဂလိုဘယ်ခေတ်ရဲ့ တောင်းဆိုချက်နဲ့အမီ ဖြည့်ဆည်းမပေးနိုင်သရွေ့ မြန်မာဟာ ဘယ်နေရာမှ ရောက်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဌာနတွေနဲ့ ၀န်ထမ်းတွေကို ပြုပြင်ပြောင်းလဲဖို့က အရေးတကြီး လုပ်ဖို့ လိုအပ်နေပါတယ်။

ဌာန၀န်ထမ်းနဲ့ အရာရှိ ရွေးချယ်ခန့်အပ်တာတွေကို စနစ်တကျ စီစစ်လုပ်ကိုင်ဖို့ လိုပါမယ်။ ၀န်ထမ်းလေ့ကျင့်ရေးကျောင်းက ၀ါဒဖြန့်ရေးသင်တန်းသက်သက် မဖြစ်စေဘဲ၊ ခေတ်မီ ပြည်သူ့ဝန်ဆောင်မှု သင်တန်းကျောင်း ဖြစ်အောင် နိုင်ငံတကာနဲ့ အမြန် ပူးပေါင်းဆောင်ရွက်ရပါမယ်။ အရင် အင်္ဂလိပ်အစိုးရခေတ် အိုင်စီအက်စ်၊ ဘီစီအက်စ် အရာရှိတွေ မွေးထုတ်ခဲ့တာကို သင်ခန်းစာ ပြန်ယူဖို့လည်း လိုပါမယ်။ အဂတိလိုက်စားမှု ဆိုးဆိုးရွားရွားမရှိသေးတဲ့ လူငယ်အရာရှိလောင်းတွေကို အနာဂတ် အုပ်ချုပ်ရေးဌာနတွေမှာ ဦးဆောင်နိုင်ဖို့ ထရိန်နင်တွေ ပေးရလိမ့်မယ်။ အဆင့်မြင့်ရာထူးနေရာတွေ ယူထားတဲ့ စစ်တပ်က မိုးကျရွှေကိုယ်တွေကိုလည်း ပြန်လည်ထိန်းသိမ်းကြဖို့ လိုပါမယ်။ ဌာနတွင်း တရားမျှတမှုမရှိတာတွေကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရပါမယ်။ ၀န်ထမ်းကောင်းတွေကို ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့နေရာမှန်မှာ ထားနိုင်ဖို့ လစာအပါအ၀င် နည်းလမ်းစုံနဲ့ ကြိုးပမ်းရပါမယ်။

ဒီနေရာမှာ ပညာရှင်တွေစကား အနည်းအပါး ထည့်ပြောချင်ပါတယ်။ ဗျူရိုကရေစီဘုရား ‘မက်စ်ဝေဘာ’ က နိုင်ငံတစ်နိုင်ငံ တရားဝင် အာဏာရှိမှု (legal authority) အတွက် လိုအပ်တဲ့ အင်္ဂါရပ်တွေကို ပြောထားဖူးပါတယ်။ နိုင်ငံသားတွေနဲ့ အစိုးရအရာရှိတွေဟာ တရားဝင်ပြဌာန်းထားတဲ့ ပုဂ္ဂိုလ်ရေးမဆန်သော အမိန့်တွေ (legally established impersonal order) ကို လိုက်နာမှုရှိခြင်း၊ ဗျူရိုကရေစီစနစ် စွမ်းဆောင်ရည်မြင့်ဖို့ ၀န်ထမ်းတွေကို လေ့ကျင့်ပေးထားခြင်း၊ ထိုက်သင့်သော လစာပေးခြင်း၊ အထက်အောက် ပုံစံရှိပေမဲ့ အရာရှိနဲ့ ၀န်ထမ်းတွေကို ကျွမ်းကျင်မှုနဲ့ အရည်အသွေးကြည့် ရာထူးတိုးပေးခြင်း၊ ၀န်ထမ်းတွေဟာ အစိုးရအဖွဲ့တစ်ခု ပိုင်ဆိုင်မှုမဟုတ်ဘဲ နိုင်ငံ့အင်စတီကျူးရှင်းတွေ ချောမွေ့မြန်ဆန်စွာ လည်ပတ်နိုင်အောင် ပံ့ပိုးနေသူများဖြစ်ခြင်း တို့ပါပဲ။ ဒီလို တရားဝင်အာဏာဟာ အနောက်နိုင်ငံတွေသွားတဲ့ ပုံစံလို့ ဆိုပါတယ်။

လက်ရှိ မြန်မာအစိုးရဟာ တရားဝင်အာဏာမဲ့မှု အခြေအအနေကနေ တရားဝင်အာဏာရှိမှုကို သွားနေတယ်လို့ ဆိုရပါမယ်။ ဒါဟာ နိုင်ငံအတွက် ကောင်းသောလက္ခဏာပါ။ အဲဒီ အသွင်ကူးပြောင်းမှု အောင်မြင်ဖို့ဆိုရင် ပြည်သူ့ဝန်ထမ်းတွေဟာ ပြဌာန်းတဲ့ အမိန့်တွေကို ပုဂ္ဂိုလ်ရေးမဆန်စွာ လိုက်နာဖို့ လိုလိမ့်မယ်။ အမိန့်တွေကလည်း အားလုံးလိုက်ပါဆောင်ရွက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေရပါမယ်။ တစ်ဖက်မှာလည်း ၀န်ထမ်းတွေရဲ့ လစာနဲ့ ကျွမ်းကျင်မှုတွေကို တိုးမြှင့်ပေးနေရပါတယ်။ နောက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ပါရာဒိုင်း လို့ခေါ်တဲ့ ‘ပီလေးလုံး’ ကို ၀န်ထမ်းနဲ့ အရာရှိတွေ တတ်ပွန်နေရပါမယ်။ အဲဒီ လေးလုံးက မူဝါဒ (Policy)၊ စွမ်းဆောင်မှု (Performance)၊ ရိုးဖြောင့်မှု (Probity)၊ စည်းကမ်းလိုက်နာမှုနဲ့ ရည်မွန်မှု (Propriety) တို့ပါပဲ။

ဝန်ထမ်းတွေ အရာရှိတွေနဲ့ ပတ်သက်လို့ မနှစ်က ဟားဗတ်တက္ကသိုလ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား ပြောခဲ့တာကလည်း စိတ်ဝင်စားစရာပါ။ အသက် ၉၀ ရှိပြီဖြစ်တဲ့ ကစ်ဆင်းဂျားက ဟားဗတ်တက္ကသိုလ်မှာ ငယ်စဉ် ပညာသင်ခဲ့၊ ပါမောက္ခလုပ်ခဲ့၊ အိမ်ဖြူတော် လုံခြုံရေးအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ သူ့ ပြည်သူ့ဝန်ထမ်း အတွေ့အကြုံတွေကို ကျောင်းသားတွေကို ပြန်ပြောပြပါတယ်။

ကစ်ဆင်ဂျားပြောတာတွေထဲ အရေးကြီးဆုံးက နိုင်ငံ့ဝန်ထမ်းဘ၀အတွက် အကယ်ဒမစ်ကျကျ ပြင်ဆင်ဖို့ဆိုရင် ဒဿန၊ နိုင်ငံရေးသီအိုရီနဲ့ သမိုင်းဘာသာရပ်တွေကို လေ့ကျင့်သင်ယူထားဖို့ လိုမယ်လို့ ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး သီအိုရီတွေက စည်းကမ်းတကျ တွေးခေါ်မြှော်မြင်တတ်မှုကို ပေးနိုင်တယ်။ သမိုင်း ဗဟုသုတကြွယ်ဝမှုက ကျယ်ပြန့်တဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ အထောက်အကူအများကြီး ဖြစ်စေတယ်။ တိုင်းပြည်အသီးသီးက လူအမျိုးမျိုးတွေ ကမ္ဘာကြီးကို ဘယ်လိုရှုမြင်သလဲဆိုတာ နားလည်ဖို့အတွက် သမိုင်းကို အခြေခံကျကျ သိထားဖို့ လိုတယ်လို့ ပြောပါတယ်။

ဝန်ထမ်းအတွေ့အကြုံများတဲ့ ကစ်ဆင်းဂျားရဲ့ ပြောဆိုချက်တွေက ဒီကနေ့ နိုင်ငံတကာ တက္ကသိုလ်တော်တော်များများမှာ  အရာရှိကောင်း ဖြစ်ဖို့ လေ့ကျင့်ပေးနေတဲ့ ပြည်သူ့ရေး မူဝါဒ (Public Policy) ဘာသာရပ်တွေ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု (Public Administration) သင်ရိုးတွေနဲ့ ကွာခြားနေပါတယ်။ လက်ရှိ မူဝါဒ ဘာသာရပ် သင်ရိုးညွှန်းတမ်းတွေကို ကြည့်ရင် ဘောဂဗေဒနဲ့ စာရင်းအင်းဘာသာရပ် (Statistics) တွေကိုပဲ အလေးထား သင်ကြားပါတယ်။ ဖလိုဆော်ဖီ၊ နိုင်ငံရေးသီအိုရီနဲ့ သမိုင်းတို့ကို ဦးစားပေး မသင်ပါဘူး။ အဲဒီဘာသာရပ် သုံးခုကို ပြည်သူ့ဝန်ထမ်း လေ့ကျင့်သင်ကြားရေးမှာ မထည့်သွင်းဘဲ၊ နိုင်ငံရေးသိပ္ပံကျောင်းသားတွေအတွက်သာ သီးသန့် ဖြစ်နေပါတယ်။

နာမည်ကြီး Kennedy School ရဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့တန်း (MPP) သင်ရိုးကိုကြည့်ရင်၊ ၀န်ထမ်းကျင့်ဝတ် ဘာသာရပ်အချို့ သင်ကြားပေမဲ့၊ သမိုင်းကို အရေးပါတဲ့ ဘာသာရပ်အဖြစ် ထည့်မသင်ပါဘူး။ ကျောင်းသားတွေကလည်း ခေါင်းဆောင်မှု (leadership) ဘာသာရပ်သင်တဲ့ စာသင်ခန်းထဲသာ စုပြုံတိုးပြီး၊ သမိုင်းဘာသာရပ်မျိုးကို ရှောင်ကွင်းချင် ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးတက္ကသိုလ်မှာ သင်ကြားတဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (Public Administration) သင်တန်း အပါအ၀င်၊ အာရှက ပြည်သူ့ရေးရာ မူဝါဒသင်တန်းတွေလည်း အနောက်သင်ရိုးယူထားတာမို့ ဘောဂဗေဒ၊ စာရင်းအင်းနဲ့ စီမံခန့်ခွဲမှု ဘာသာရပ်တွေပဲ များနေတာ တွေ့ရပါလိမ့်မယ်။

နောက် ကစ်ဆင်ဂျားက အဆင့်မြင့်အရာရှိ ပေါ်လစီမိတ်ကာတိုင်းဟာ မိမိကိုယ်ကိုယ်  ယုံကြည်မှုအပြည့်ရှိဖို့ လိုအပ်တယ်၊ ဘာကြောင့်လဲဆိုတော့ တချို့ကိစ္စတွေဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ခက်ခဲလို့ လို့ပြောပါတယ်။ အဲဒီလိုအခြေအနေမှာ ပညာပြည့်ဝမှု အမြှော်အမြင်ရှိမှုနဲ့ သတ္တိရှိဖို့လိုလိမ့်မယ်။ ဘေးကျပ်နံကျပ် ဂယ်ပေါက်ပိတ် အခြေအနေကို ဆုံးဖြတ်ဖို့ ဒဿန၊ သမိုင်းနဲ့ နိုင်ငံရေး သီအိုရီတွေက အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာလည်း ပြည်သူ့ဝန်ထမ်းကောင်းတွေ၊ အရည်အချင်းပြည့် ပေါ်လစီမိတ်ကာတွေ အမြန်ဆုံး မွေးထုတ်ဖို့ လိုအပ်နေပါတယ်။ ကိုယ့်နိုင်ငံသမိုင်းနဲ့ ကမ္ဘာ့သမိုင်းကိုလည်းသိ၊ ခေတ်သစ်စီမံအုပ်ချုပ်မှုပညာနဲ့ ဖလော်ဆော်ဖီကို သိပြီး ပြည်သူ့အကျိုး ရှေးရှုမယ့် အရာရှိကောင်းတွေ လိုအပ်နေပါတယ်။ သူတို့ဟာ အစိုးရတစ်ဖွဲ့ကို ကိုယ်စားပြုသူတွေ မဟုတ်ဘဲ၊ နိုင်ငံအင်စတီကျူှးရှင်းတွေ ကောင်းမွန်စွာ လည်ပတ်စေဖို့၊ ဒေသငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးကို ကူညီဖို့၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍကို ကောင်းစွာ ပံ့ပိုးပေးနိုင်ဖို့ ဖြစ်ပါတယ်။

သိပ္ပံမောင်ဝ၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ မောင်ထင်၊ မန်းတင် တို့လို ဖြောင့်မတ် အရည်အချင်းပြည့်ဝတဲ့၊ နိုင်ငံအပေါ် စေတနာရှိတဲ့ ပြည်သူ့ဝန်ထမ်းကောင်း လူငယ်တွေ ယနေ့ မြန်မာနိုင်ငံမှာ အမြန်ဆုံး ပေါ်ထွန်းဖို့ လိုအပ်နေပါတယ်။ သူတို့က  အရပ်ဘက် အင်စတီကျူးရှင်းများ ပြုပြင်ရေးနဲ့ ဒီမိုကရေစီနိုင်ငံသစ်အတွက် အများကြီး အားသစ်လောင်းနိုင်မှာ ဖြစ်ပါတယ်။

ရဲမြင့်ကျော်
(မဇ္ဈိမ သတင်းစာ ၊ ဇွန် ၁၊ ၂၀၁၃)



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>