စွန့်သူက မစားရဘူး
မစွန့်သူက “စား” ရတယ်
မင်းခယောက်ျား
ကမ်းနားသစ်ပင်ပါပဲလေ။
ခရိုနီ..ခရိုနီနဲ့
တံဆိပ်တွေ လွယ်လွယ်တတ်လိုက်ကြ
ရုံးပြင်ကန္နား…တဲ့
အလွယ်တကူ မျက်နှာထားတွေဆိုးကြ
ပြောရစတမ်းဆို
ကျွန်တော်တို့ ဘ၀များလည်း
ခင်ဗျားတို့လိုပါပဲ
မနက်ပြီးရင်ည
ဆန်ဝယ်ဖို့ စိတ်ပူနေရတာပါ။
ကျွန်တော်တို့ တောင်းတဲ့ လက်ဖက်ရည်ဖိုး
ခင်ဗျားတို့ဆီက မခိုးပါဘူး
အဦးအဖျား ဆက်သရတာမဟုတ်ပါဘူး
တခါတလေ ကျောင်းစရိတ်
တခါတလေ အသုံးစရိတ်
အံကြိတ်ပြီး အရှက်ကို ချပြနေရသူတွေပါ
ခင်ဗျားတို့ကို အားမနာလို့ မဟုတ်ခဲ့ပါ။
မော်ဒယ်မြင့်ကားတွေနဲ့
ဟိုသွားဒီသွားသွားရအောင် မဟုတ်ခဲ့ပါ
ဟိုသားဒီသား
နိုင်ငံခြားကျောင်းသွားထားဖို့မ
ဟိုနားဒီနား
တိုက်များများဆောက်ဖို့ မဟုတ်ပါ
ကျွန်တော်တို့ဟာ
လူချင်းလည်း ကွဲပါတယ်
မူချင်းလည်း…လွဲပါတယ်
အတူ တစ်သင်းထဲဆိုပြီး……မဖြဲပါနဲ့။
ခေါင်းငုံရိုကျိုး
လူလူချင်း ရှိခိုးရမတတ်
အရှိန်အစော်တွေ ပြနေတတ်သူကို
ခင်ဗျားတို့လိုပဲ
ကျွန်တော်တို့ မျက်စေ့ထဲ Cross ဖြစ်ပါတယ်
ပိုဆိုးတာက
အဲဒီလိုလူတွေအား
ခင်ဗျားတို့က တခါတလေမှ ကြုံရ
ကျွန်တော်တို့က တစ်သက်တာ ၀ပ်တွားနေရတာပါ။
အပြင်စည်းအတွင်းစည်း
ကျွန်တော်တို့ ခြားပြီးမနေလို
သူလိုကိုယ်လို ဘ၀များထဲ
တစ်လှေထဲစီး တစ်ခရီးထဲသွားအချင်းချင်း
အံတင်းမာန်တင်း မနေလို။
တကယ်ဆို ကျွန်တော်တို့လည်းအတူတူ
ကျွန်တော်တို့လည်း ပြည်သူ
ကြည်ကြည်ဖြူဖြူ ကျွန်တော်တို့ကိုလည်း
စည်းဝိုင်းလေးထဲ ထည့်ပေးပါခင်ဗျား။ ။
သက္ကမိုးညို