by Ye Myint Kyaw (Notes) on Wednesday, March 13, 2013 at 1:57pm
စာအုပ်ညွှန်းရေးသူ- ဘာတေးလ် လင်း(တ်)နာ
၁၉၈၁ခုနှစ် မတ်လမှာ မြန်မာနိုင်ငံက ရှမ်းပုန်ကန်လှုပ်ရှားသူများနဲ့ ပထမဆုံး စပြီး အဆက်အသွယ်ရခဲ့ပါတယ်။ ရှမ်း ပြည်တပ်မတော် (SSA)က အရာရှိ တစ်ယောက်နဲ့တွေ့ဖို့၊ ပစ်ကပ်ကားလေးနောက်ဖက်က ရွက်ဖျင်အမိုးအောက် ခေါင်းငုံဝင် လိုက်ရင်း ချင်းမိုင်မြို့ မြောက်ဖက်ဆီ လိုက်ခဲ့ပါတယ်။
ယဉ်မောင်းသူက ကျနော် ပထမဆုံး စရင်းနှီးခွင့်ရတဲ့ ရှမ်းပညာတတ်တစ်ယောက်ပါ။ သူပုန်ပုံစံမပေါက်ဘဲ အရပ်ပြတ်ပြတ် အသားလတ်လတ်၊ ဟန်ပန်ဖျော့ဖျော့နဲ့ မျက်မှန်ထူထူတပ်ထားပါတယ်။ သူ့အင်္ဂလိပ်စကားသံက မင်းပေါက်စိုးပေါက် လေယူလေသိမ်းမျိုးပါ။
တစ်ပတ်လောက်ကြာတော့ ချင်းမိုင်ကနေ ထိုင်းမြောက်ဖက် ထောင့်အကျဆုံးမြိုကလေး မဲဟောင်ဆောင် ရှိရာကို ဘတ်စ်ကား တစ်နေ့လုံး ဆက်စီးသွားပါတယ်။ အဲဒီကနေ နယ်စပ်ဖြတ်ပြီး SSA ပြောက်ကျားများရှိရာ ရောက်သွားပါတယ်။ နောက် နှစ်ရက်လောက် နယ်စပ်တောင်ပေါ်တွေကို ခရီးကြမ်းတက်ခဲ့ရပါတယ်။
ကျနော့် ကျောပိုးအိပ်ထဲမှာ အဲဒီအချိန် ရှမ်းလူမျိုးတွေအကြောင်း ဖတ်ထိုက်တယ်လို့ထင်တဲ့ စာအုပ်နှစ်အုပ် ပါပါတယ်။ တစ်အုပ်က Scott Hardimann ရေးတဲ့ Gazetter of Upper Burma and the Shan States ဖြစ်ပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်းက ရှမ်းလူမျိုးတွေရဲ့ စကားနဲ့ ယဉ်ကျေးမှုဟာ ဗမာတွေနဲ့ထက် ထိုင်းလူမျိုးတွေနဲ့ လုံးဝဆင်တူနီးပါး ရှိပြီး ဆွေမျိုးဝမ်းကွဲတော်စပ်ပုံကို ရေးထားပါတယ်။ နောက်တစ်အုပ်ကတော့ မြန်မာ့အရေး ကျွမ်းကျင်တဲ့ အမေရိကန်ပညာရှင် Josef Silverstein ရေးတဲ့ Politics in Shan State ဖြစ်ပါတယ်။ အဲဒီစာအုပ်က ၁၉၅၉ ခုနှစ် စက်တင်ဘာထုတ် The Associations for Asian Studies မှာ ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပြီးတဲ့နောက် စာအုပ်ထွက်လာတာပါ။
အဲဒီနောက်ပိုင်း ရှမ်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ အများကြီးထွက်လာတာ တွေ့ရပါတယ်။ လူအများသိဆုံး စာအုပ်ကတော့ စိုင်းအောင်ထွန်းရဲ့ History of the Shan State From Its Origins to 1962 စာအုပ်ပါပဲ။ နောက်တစ်အုပ် ကတော့ ၁၉၉၄ ခုနှစ်မှာ ဩ(စ)ထရီးယားသူ Inge Sargent က သူ့အမျိုးသား သီဟိုစော်ဘွား စောကြာစိုင်နဲ့ သူ့ရှမ်းမင်းသမီးဘ၀ အတွေ့အကြုံအကြောင်းရေးတဲ့ Twilight Over Burma: My Life as a Shan Princess စာအုပ် ဖြစ်ပါတယ်။
ဒါပေမဲ့ အခု ကျနော် ညွှန်းတဲ့ The Shan of Burma စာအုပ်ကတော့ ရှမ်းပြည်နဲ့ ရှမ်းလူမျိုးတွေအကြောင်း အချက်အလက် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ရေသားတင်ပြထားတဲ့ စာအုပ်လို့ ဆိုချင်ပါတယ်။ ရှမ်းပြည်နဲ့ ကမ္ဘာမှာ တရားမ၀င် မူးယစ်ဆေးဝါး အထွက်ဆုံးဖြစ်တဲ့ ရွှေတြိဂံနယ်မြေမှာ၊ ဘိန်းပြဿနာနဲ့ ပုန်ကန်ထကြွမှုတွေ အပြန်အလှန် ဆက်နွယ်နေတဲ့ အကြောင်းကို အသေးစိတ် ရေးထားပါတယ်။
ဒီစာအုပ်ကို ၁၉၈၇ ခုနှစ်မှာ Singapore’s Institute of Southeast Asia Studies က ပထမဆုံး ပုံနှိပ်ဖြန့်ချီခဲ့ပါတယ်။ အတော့်ကို တိုက်ဆိုင်တယ် ဆိုရမလားပဲ။ စာရေးသူ စ၀်ဇန့် ဟာ ၁၉၈၁ ခုနှစ် မတ်လမှာ ချင်းမိုင်ကနေ နယ်စပ်အထိ ကျနော့်ကို ကားမောင်းပို့ပေးခဲ့သူ ဖြစ်နေပါရောလား။
၂၀၀၄ ဇူလိုင်မှာ စ၀်ဇန့် ဟာ အသက် ၆၅ နှစ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အခုရဲ့ သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို တည်းဖြတ်ပြီး အသစ်ပုံနှိပ်ဖြန့်ချီပါတယ်။ စာရေးသူ ဆုံးပါးပြီး ခြောက်နှစ်ကြာမှ ထပ်မံပုံနှိပ်တော့ စာသားတွေကို မပြင်နိုင်တော့ဘူးပေါ့။ အကြောင်းကတော့ မူရင်းစာမူရဲ့ နိဂုံးပိုင်းကို တစ်စုံတစ်ယောက်က တာဝန်ယူရေးဖို့ လိုနေလို့ပါပဲ။ စာအုပ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရေးထားခဲ့တာပါ။ ၀မ်းနည်းစရာက မြန်မာပြည် နိုင်ငံရေး မြင်ကွင်းကြီး တစ်ခုလုံးကို ပြောင်းလဲခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်း မပါတော့ဘူးပေါ့။ ထပ်ဖြည့်စွက်ပေးမယ့်သူရှိရင် သိပ်တန်ဖိုးရှိပါမယ်။
ဒါပေမဲ့လည်း စ၀်ဇန့်ရဲ့စာအုပ် ပြန်လည်ထုတ်ဝေမှုဟာ ယနေ့အချိန်နဲ့ ကိုက်ညီမှုအများကြီး ရှိနေတယ်လို့ ဆိုချင်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ နောက် ခြောက်ရက်အကြာမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ အချိန်တို့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကနေ တစ်တိုင်းပြည်လုံးအာဏာကို ဆက်လက်ထိန်းချူပ်သွားဖို့ မျှော်လင့်ထားသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုဝိုင်းရံတဲ့သူများကလည်း ခါးသီးတဲ့ အတိတ်ကာလတွေ ပြီးဆုံးဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်နှစ်ခုစလုံး နောက်မှာ ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေအများကြီး ရှိနေပါတယ်။
ထိုင်းနယ်စပ်မှာ ကရင်သူပုန်များက အစိုးရရဲ့ တင်းကျပ်မှုများအပေါ် မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ တိုက်ပွဲအချို့ ဆင်နွှဲလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ထံ ပြေးလာတဲ့ လူအုပ်ကြီးကလည်း ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်တွင်း စိတ်ဝမ်း အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းဖို့ လူမျိုးစုအားလုံးပါဝင်နိုင်မယ့် ညီလာခံခေါ်ရေး သူမကို တိုက်တွန်းနေပါတယ်။ ဒီလိုနဲ့ မမျှော်လင့်ဘဲ စစ်အစိုးရအတွက်ရော အားလုံးအတွက်ပါ၊ မမျှတတဲ့ ရွေးကောက်ပွဲ ပြဿနာတွေကြားမှာ တိုင်းရင်းသား ပြဿနာက အာရုံစိုက် ဖြေရှင်းဖို့ လိုအပ်လာပါတယ်။
ရှမ်းပုန်ကန်မှုဟာ မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အပြင်းထန်ဆုံး ပြဿနာတစ်ခုပါ။ စ၀်ဇန့်ရဲ့ စာအုပ် ပထမအကြိမ် ထုတ်ဝေပြီးကထဲကဆိုရင် ရှမ်းပြည်ဒေသတော်တော်များများမှာ ဘာအပြောင်းအလဲမှ မရှိသေးသလောက်ပါပဲ။ နှစ် ၃၀ နီးပါး ကြာခဲ့ပြီဖြစ်တဲ့ စာမူလက်ရာဟောင်းတစ်ခုကို ပြန်ဖတ်ရင်း၊ ယနေ့ မြန်မာနိုင်ငံအခြေအနေ နှိုင်းယှဉ်မိတော့ အခုထိ အဲဒီဒေသမှာ ဇာတ်ကောင်အသစ် ပလေရာအသစ်တွေဟာ ဇာတ်လမ်းဟောင်းမှာ ဆက်ပါဝင်နေကြရတုန်းဆိုတာ မြင်တွေ့ရပါတယ်။ ရှမ်းပြည်မှာ ပုန်ကန်ထကြွနေသူတွေရဲ့ ပြဿနာကို ဗဟိုအစိုးရအာဏာပိုင်များက ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်း မရှိသေးပါဘူး။
စ၀်ဇန့်ဟာ ကနေဒါမှာ ပြည်ပြေးဘ၀နဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကနေဒါမှာ သူ့ဘ၀ နောက်ဆုံး ၁၉ နှစ်တာကို ကုန်လွန်သွားရှာပါတယ်။ ၁၉၈၅ ခုနှစ်မှာ ချင်းမိုင်ကနေ သူ့မိသားစုလည်း အမြန်ဆုံးစွန့်ခွာခဲ့ပါတယ်။ အကြောင်းကတော့ ရွှေတြိဂံဒေသမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘိန်းဘုရင်ခွန်ဆာက စ၀်ဇန့်ကို စည်းရုံးနေလို့ဖြစ်ပါတယ်။
ခွန်ဆာက သူ့အဖွဲ့နဲ့ သူ့နိုင်ငံရေးကို ကျားကန်ဖို့အတွက် စ၀်ဇန့်ကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အလိုရှိနေပါတယ်။ ခွန်ဇာလိုလူက တစ်စုံတစ်ဦးကို ကမ်းလှမ်းရင် ငြင်းဆန်ဖို့ ခက်ခဲပါတယ်။ စ၀်ဇန့်အတွက် အကောင်းဆုံး ရှင်သန်ဖို့ နည်းလမ်းကတော့ အမြန်ဆုံးရှောင်ပြီး ထွက်ပြေးဖို့ပါပဲ။
ကံကောင်းတာကတော့ စ၀်ဇန့် မိခင် စ၀်နန်းဟိန်းခမ်း က အစောကြီးကတည်းက ကနေဒါနိုင်ငံသား ခံယူပြီး၊ အလ်ဘာတာပြည်နယ် အဒ်မွန်တန်မြို့မှာ အခြေချနေထိုင်နေပါတယ်။ စ၀်ဇန်က ဗန်ကူးဗားမြို့မှာ နေထိုင်ပြီး ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်နဲ့ ဆက်သွယ်ပါတယ်။ အဲဒီမှာ ပညာဆက်လက် လေ့လာပြီး၊ ၁၉၆၀ အစောပိုင်းနှစ်များ မြန်မာနိုင်ငံ စစ်တပ် အာဏာသိမ်းမှုနဲ့ပတ်သက်တာတွေ ရေးသားနေခဲ့ပါတယ်။ ဗန်ကူးဗားမှာ နိုင်ငံရေးသိပ္ပံနဲ့ PhD ရပြီး၊ သူ့စာတမ်းခေါင်းစဉ်က ‘အာဏာရှင်စနစ်၏ နိုင်ငံရေး’ (The Politics of Authoritarianism: The State and Political Soldiers of Burma, Indonesia and Thailand) ဖြစ်ပါတယ်။
စ၀်ဇန့်ရဲ့ အဖေ စ၀်ရွှေသိုက်ဟာ ရှမ်းပြည် ညောင်ရွှေစော်ဘွားကြီး ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတော့ စ၀်ရွှေသိုက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ နောက် လူမျိုးစုလွှတ်တော်နဲ့ အောက်လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် နှစ်ကြိမ်ခန့်အပ်ခံရပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ရက် ဗိုလ်ချုပ်နေ၀င်း စစ်အာဏာသိမ်းတဲ့ ညမှာ သူတို့မိသားစုနေအိမ်ကို ၀င်ရောက်စီးနင်းခံရပါတယ်။ စစ်သားတွေရဲ့ သေနတ်ဒဏ်ရာနဲ့ စ၀်ဇန်ရဲ့ အစ်ကို အသက် ၁၆ နှစ်ရှိသူ စိုင်းမီ အသက်ဆုံးခဲ့ပါတယ်။ စ၀်ဇန့်တို့ အဖေ သမ္မတဟောင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာခင် စစ်ထောက်လှမ်းရေးတွေရဲ့ လက်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်။
စ၀်ဇန့်ဟာ ၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီး၊ ၁၉၆၃ ခုနှစ် ရှမ်းတော်လှန်ရေး လှုပ်ရှားမှုနဲ့ မဆက်သွယ်သေးမီအထိ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာကျူတာ လုပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ စ၀်ရွှေသိုက်ဇနီး မုဆိုးမ စ၀်နန်းဟိန်းခမ်း က ထိုင်းနိုင်ငံကို လွတ်မြောက်လာပြီး ရှမ်းပြည်တပ်မတော် စစ်ကောင်စီရဲ့ ဉက္ကဌ ဖြစ်လာပါတယ်။
၁၉၇၁ ခုနှစ် ရှမ်းပြည် တောင်ကုန်းတောင်တန်းများပေါ်မှာ စ၀်ဇန့် က SSA ရဲ့ နိုင်ငံရေး အဓိကအင်အားဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှာ အဓိက အရေးပါသူ ဖြစ်လာပါတယ်။ ၁၉၇၆ ခုနှစ် ရှမ်းပြည်တပ်မတော်(SSA) နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအကြား သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာပြီး၊ အထွေထွေအတွင်းရေးမှုးတာဝန်ကနေ အနားယူပြီး ထိုင်းနိုင်ငံမှာ သူနေထိုင်ခဲ့ပါတယ်။ စ၀်ဇန့်နဲ့ သူ့မိတ်ဆွေ ၀ါရင့်အများစုက ကွန်မြူနစ်ပါတီနဲ့ မဟာမိတ်ပြုတာ လက်မခံကြပါဘူး။ ကွန်မြူပါတီက ထရိန်နင်တွေ စစ်ရေးအကူညီတွေ ပေးဦးတော့ မဟာမိတ်မပြုချင် ကြပါဘူး။
စ၀်ဇန့် စာအုပ်မှာ သူ့လူငယ်ဘ၀ ကိုယ်ရေးကိုယ်တာများနဲ့ ရှမ်းတော်လှန်ရေးအကြောင်းတွေ အများကြီးပါပါတယ်။ သမိုင်းတလျှောက် ရှမ်း-မြန်မာဆက်ဆံရေးအပေါ် သူ့အမြင်တွေ၊ အငြင်းပွားဖွယ် ဘိန်းပြဿနာတွေအပေါ် ရှုမြင်ပုံတွေက အခု ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာ့အရေးကျွမ်းကျင်သူဆိုပြီး အမည်တွင်နေတဲ့ ဂပေးကြီးများရဲ့ ရေးသားချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ သို့သော် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ မည်သူမဆို မဖြစ်မနေဖတ်ကိုဖတ်ရမယ့် ဖတ်သင့်တဲ့ စာအုပ်ပါပဲ။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒများ အဟောသိကံဖြစ်နေပုံကို စ၀်ဇန့်က စိတ်ပျက်လက်ပျက် ကောက်ချက်ချထားပုံက-
“တစ်ခါတလေ ကျနော် စဉ်းစားကြည့်တာက ဘိန်းပြဿနာကို တစ်ခါထဲ အမြစ်ဖြတ်မပစ်ကြဘဲ ငန်းကို ရွှေဥ ဥခိုင်းတဲ့ပုံပြင်နဲ့ ပြောင်းပြန်လုပ်နေကြတာ အံအားသင့်စရာဖြစ်နေတယ်။ တစ်ဖက်မှာ မူးယစ်ကုန်ကူးသူတွေ၊ မူးယစ်ဂိုဏ်းကြီးတွေ ရှိတယ်။ တခြားတစ်ဖက်မှာ နိုင်ငံစုံ ဗျူရိုကရေစီအဖွဲ့အစည်းတွေက အဲဒီဂိုဏ်းတွေ ငွေကြေးတွေအောပြီး နည်းမျိုစုံနဲ့ အကူညီပေးနေတယ်” (စာမျက်နှာ ၂၅၂)။
စာအုပ်မှာ အပိုင်းသုံးပိုင်းပါပါတယ်။ ပထမပိုင်းမှာ စ၀်ဇန့်က သူ့ဘ၀နဲ့ သူ့အတွေ့အကြုံတွေကို ရေးထားပါတယ်။ ဒုတိယပိုင်းမှာက ကိုလိုနီမတိုင်မီနေ့များကနေ မျက်မှောက်ခေတ်အထိ ရှမ်း-မြန်မာ ဆက်ဆံရေးကို ခြုံငုံသုံးသပ်ထား ပါတယ်။ တတိယပိုင်းမှာတော့ ရှမ်းနဲ့ မြန်မာ နိုင်ငံရေးမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပုဂ္ဂိုလ်များနဲ့ သမိုင်းဆိုင်ရာ ဖြစ်ရပ်များကို အကျယ်တ၀င့် တင်ပြထားပါတယ်။
ယခုအသစ် ပုံနှိပ်ထုတ်ဝေမှုမှာတော့ ပထမစာအုပ်မှာ မပါဝင်ခဲ့တဲ့ အသုံးဝင်တဲ့ ‘အက္ခရာစဉ်ညွှန်း’ ပါလာခဲ့ပါတယ်။ ‘အောက်မေ့လွမ်းတစာ’ ကို သူ့ညီငယ်ဖြစ်တဲ့ ပြည်ပရောက် လူမျိုးစုအားလုံး သတင်းပြန်ကြားရေးဌာန အီးယူ-မြန်မာရုံး တာဝန်ခံ ဟန်ယောင်ဟွေ့ က ရေးထားပါတယ်။ အမှာစာကို Burma; Insurgency and the Politics of Ethnicity စာအုပ်ရေးသူ မာတင် စမစ်သ် က ရေးထားပါတယ်။ ပထမစာအုပ်မှာ သုံးနှုန်းခဲ့တဲ့ Burma အစား၊ ၁၉၈၉ ခုနှစ်မှာ တိုင်းပြည်နာမည် တရားဝင်ပြောင်းလဲခဲ့တာကြောင့် Myanmar လို့ပြောင်းလဲပစ်တာ တွေ့ရတာပဲ မူလစာမူနဲ့ ကွာခြားချက်လို့ မြင်မိပါတယ်။
အချို့စာဖတ်သူများကတော့ စ၀်ဇန့်က ဘိန်းဘုရင်ခွန်ဆာအကြောင်း ဖော့ရေးထားလို့ အားမလိုအားမရ ဖြစ်တာလည်း ရှိပါတယ်။ သို့သော် စ၀်ဇန့်ကိုယ်တိုင်က ခွန်ဆာ ရန်ကနေ လွတ်အောင်ရုန်းပြေးနေရချိန်မို့ သူ့အကြောင်း တတ်နိုင်သမျှ မဖော်ပြချင်တာ နားလည်မှုပေးနိုင်ရလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရေး ဒရမ်မာကို ကြားနေလေ့လာသူ စာဖတ်ပရိတ်သတ်များ အတွက်တော့ စာရေးသူ စ၀်ဇန့်ရဲ့ လေ့လာအားထုတ်မှု၊ ဖြတ်သန်းမှု၊ ကောက်ချက်ဆွဲမှုတွေအပေါ် သဘောထားကွဲလွဲနိုင်ဖို့ ခက်မယ်လို့ ထင်ပါတယ်။
အခု ရန်ကုန်ရှိမြန်မာခေါင်းဆောင်များနဲ့ တောတွင်းဌာနချုပ်အသီးသီးရှိ ခေါင်းဆောင်များအလုံးအဖို့ မိမိရည်မှန်းချက်တွေနဲ့ အစွဲတွေကို ပြန်လည်စဉ်းစားဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရှိ လူထုတွေဟာ အကြမ်းဖက် နိုင်ငံရေး ထောင်ချောက်တွေအောက်မှာ ကာလရှည်ကြာစွာ ထောင်ချောက်ပိတ်မိနေခဲ့ကြပါတယ်။ ဗမာ၊ ရှမ်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ကချင်၊ ရခိုင်၊ ချင်း အစရှိတဲ့ လူမျိုးများဟာ စစ်ပွဲများနဲ့ အကြမ်းဖက်မှုများအောက်မှာ သားကောင်များ ဖြစ်နေရပြီး၊ အဲဒီအဆိုးသံသရာကို ဖောက်ထွက်ဖို့ ခေါင်းဆောင်များအားလုံး ကြိုးစားဖို့ အချိန်ကျနေပြီ ဖြစ်ပါတယ်။ စ၀်ဇန့်ရဲ့ စာအုပ်က အဲဒီအတွက် တစ်စုံတစ်ရာ ကူညီပေးနိုင်ကောင်းပါတယ်။ ။
ရဲမြင့်ကျော်
မောက္ခ ပညာရေး မဂဇင်း ဒီဇင်ဘာ ၄၊ ၂၀၁၀
ရည်ညွှန်းစာအုပ်။ The Shan of Burma: Memoirs of a Shan Exile by Chai Tzang Yawnghwe; Institute of Southeast Asian Studies Publishing, Singapore (2010), ISBN-10: 9971988623. Price US$35.93,276pages.