Quantcast
Viewing all articles
Browse latest Browse all 1811

ကျနော်နဲ့ အိမ်တွင်းတော်လှန်ရေး



Image may be NSFW.
Clik here to view.
ငယ်ငယ်က အိမ်မှာ အမေဟာ တနှစ် ၂ ကြိမ်( ဝါဝင် ၁ ကြိမ် ဝါထွက် ၁ ကြိမ်) ရိုးရာနတ်တင်တယ်။ အမေလုပ်တာကို အဖေကလည်း မကန့်ကွက်ပါဘူး။ အဖေပြောတာပဲ သူအရင်တုန်းက နတ်မယုံဘူးတဲ့။ ဒါပေမဲ့ အိမ်မှာ ကျနော့် မမကြီး လေဖြန်းပြီး ပါးစပ်မှာ ပါးရွဲ့သွားတယ်။ အဲဒါ ဟိုဆရာနဲ့ကု ဒီဆရာနဲ့ကုရင်း နောက်ဆုံးမှာ ပယောဂအနှောက်အယှက်ပဲ ဆိုပြီး နတ်ကတော်နဲ့ မေးတဲ့အဆင့်ကို ရောက်သွားတယ်။


အဲဒီမှာ နတ်ကတော်က နတ်ကန္နားပွဲပေးရင် ပြန်ကောင်းမယ်ပြောလို့ နတ်ပွဲပေးလိုက်မှ မမကြီး ပါးစပ်ပြန်တည့် သွားတယ် တဲ့။ အဲဒီအချိန်ကစပြီး အဖေဟာ နတ်ဆိုတာကို နည်းနည်း ယုံလာတယ်။ အိမ်မှာ တင်တဲ့နတ်က ကိုးမြို့ရှင်လို့ အမေပြောတယ်။ ဘိုးဘွားစဉ်ဆက် ကိုးကွယ်လာတာ တဲ့။ တခြား မြင်းဖြူရှင်၊ အိမ်တွင်းအုန်း၊ ပဲခူး မယ်တော် စတာတွေ ကျနော်တို့ အိမ်မှာ မရှိပါဘူး။ နတ်အိုး ၃ လုံးနဲ့ နတ်စင်လေးတခုတော့ အိမ်ခန်းထဲမှာ ရှိတယ်ခင်ဗျ။

ကြုံကြိုက်လို့ နတ်စင်က ကျနော့်ကို သွယ်ဝိုက်အကျိုးပြုခဲ့တာလေး ပြောပြချင်သေးတယ်။ အမေက နတ်အိုးကို အမြဲတမ်း နတ်ပန်းလဲပေးလေ့ရှိပြီး အိုးထဲမှာ ပိုက်ဆံအကြွေ ဆယ်ပြားစေ့၊ မတ်စေ့၊ ငါးမူးစေ့ တွေ ထည့်ထား တယ်။ နွေရာသီရောက်ပြီဆိုရင် အပူရှိန်ကြောင့် နတ်အိုးထဲက ရေတွေ မြန်မြန် ခမ်းခြောက်တယ်ဗျ။ အိမ်မှာ ရှိတဲ့ ကြွက်မင်းများက နတ်ပန်းညှိုးညှိုးလေးတွေကို သူတို့အသိုက်လုပ်ဖို့သယ်ရင်း ပိုက်ဆံစေ့လေးတွေ ကိုလည်း မ, မ, သွားတတ်ကြတယ်လေ။ စူး၊ ဆောက် တန်ဆာပလာတွေ ထားတဲ့ ထင်းရှူးသေတ္တာတလုံး ထဲမှာ ဒီကောင်တွေ အသိုက်လုပ်တာကို သေတ္တာမွှေရင်း ကျနော် သိလိုက်တယ်။ အသုံးပြတ်တဲ့အချိန် သေတ္တာကို သွားဖွင့်ကြည့်လိုက်ရင် ပိုက်ဆံ ငါးမူး တကျပ် အသာလေးပဲ..။  

ငယ်ငယ်ကတော့ အမေ နတ်တင်မယ်ဆိုရင် ပျော်နေတာပဲ။ ကောင်ညှင်းပေါင်း၊ မုန့်ဆီကြော်( အဖြူ၊ အနီ)၊ ငါးကြော်၊ လက်ဖက်၊ မုန့်လုံးရေပေါ်… စုံနေအောင် စားရတာလေ။ မနက်အစောကြီး အမေက ကန်တော့ပွဲတွေ ထပြင်တယ်။ ကျနော်တို့လည်း လိုက်ထတာပေါ့… ပြီးတော့ အိမ်ရှေ့မှာ သင်ဖြူးဖျာတွေခင်း ကန်တော့ပွဲတွေ ဖျာပေါ်မှာချပြီး တပွဲပြီး တပွဲ ကိုင်မြှောက်ရင်း အမေ့ပါးစပ်က ခပ်တိုးတိုးလေး တတွတ်တွတ် ရွတ်ဆိုနေတယ်ဗျ။ ဘာတွေရွတ်လဲတော့ သေချာမကြားရဘူး။ ပြီးရင် မောင်နှမတွေစုံညီ ကန်တော့ခိုင်းတယ်။ အားလုံးပြီးမှ ကန်တော့ပွဲတွေ အိမ်ပေါ်ပြန်တင်… စားကြသောက်ကြ … အိမ်နီးချင်းတွေ ဝေလိုက်ကြနဲ့။

နတ်တင်တဲ့ ညနေပိုင်းမှာ ခေါစာပစ်တာလား ရွာစာကျွေးတာလား သေချာမမှတ်မိ။ ငါးကြော်၊ မုန့်ဖြူမုန့်နီ နဲ့ ငှက်ပျောသီးတချို့ အခွံနွှာပြီး မိုးချုပ်ခါနီး အိမ်ခြံထောင့်မှာ စကောနဲ့ သွားချရတယ်။ စကောကို တုတ်နဲ့ သုံးလေးချက် ခေါက်ပြီး အမေအိမ်ထဲပြန်ဝင်သွားချိန်မှာ စကောနဲ့ မုန့်တွေ ဒီအတိုင်း ကျန်ခဲ့တာ။ ကျနော်နဲ့ မမကြီးက စပ်စုချင်တော့ စကောထဲက မုန့်ကို ဘယ်သူလာစားမလဲ စောင့်ကြည့်တာပေါ့… ဘာကောင်မှ မတွေ့ရပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးကြီးပဲ ဝင်တွယ်နေတာ။ အဲဒီအကြောင်း အမေ့ကို မေးကြည့်ပြန်တော့ ‘နင်တို့ တော်တော် စပ်စုတာပဲ… နာနာဘာဝဆိုတာ သက်ရှိအကောင်ကို ဝင်စီးပြီးစားတာ ဟဲ့… ခွေးကို စီးစားနေတာ သိလား’ တဲ့။ ဟုတ်ပြီ  ဒါဆိုရပြီ…။

နောက်နောင် နတ်တင်တဲ့အခါတိုင်း အမေ ရွာစာကျွေးချိန်ရောက်ရင် အိမ်အကွယ် တနေရာကနေ ကျနော်နဲ့ မမကြီး တိတ်တိတ်လေး ချောင်းနေတယ်။ အမေအိမ်ထဲ ပြန်ဝင်ပြီဆိုတာနဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် စကောဘေးမှာ ခေါင်းချင်းဆိုင် တွယ်ကြပြီ။ စားနေရင်း ပါးစပ်ကလည်း ပြောလိုက်သေးတယ်.. ‘စီးစား.. စီးစား’ လို့။ ခွေးကြီးက ကျနော်တို့အနားမှာ လျှာအလျားသားချပြီး အမြီးတနှံ့နှံ့နဲ့ မျှော်ငေးနေတယ်။ သူ့ကိုတော့ ကိုယ်သိပ်မကြိုက်တဲ့ ငါးကြော်နည်းနည်း ပစ်ကျွေးလိုက်တာပေါ့လေ။

အမေသိတဲ့အခါ ဆူလိုက်တာလေ… ‘နင်တို့ ဒီလောက် ငတ်ရသလား’ ပေါ့။ အဲဒီကစ အမေဟာ ရွာစာကျွေး ခါနီးမှာ အဲဒီအထဲက ငါးကြော်နဲ့ မုန့်တချို့ကို ကျနော်တို့ စားဖို့ ခွဲချန်ထားပေးတယ်။ စကောထဲထိ လိုက်မစား အောင် ဆိုတဲ့သဘော..။ ကျနော်တို့ကလည်း အမေ မသိအောင် မရမက ခိုးစားတာ။ အရင်လိုတော့ အမေ အိမ်ထဲဝင်တာနဲ့ စကောနားကို မသွားတော့ဘူး။ ၅ မိနစ် လောက် စောင့်ကြည့်နေသေးတယ်။ အဲဒီအချိန် အတွင်း ခွေးကြီးရောက်လာရင် ခဲလုံးနဲ့ မသိမသာ ချောက်ထုတ်ပစ်တာ။ ဒါမှမဟုတ်လည်း ခွေးကို ကိုယ့်အနား ခေါ်ပြီး ထိန်းထားလိုက်တာ။ အမေ သတိမထားလောက်ချိန်ရောက်မှ စကောထဲက ကိုယ်လိုချင်တာကို ပြေးယူပြီး ချောင်ကွယ်တနေရာမှာ ကျိတ်တော့တာ။ အမေက ရွာစာကျွေးထားတဲ့ဟာကို အိမ်ထဲ ယူမလာရ ဘူးပြောထားလို့ စားနေတုန်း အိမ်ထဲကိုတော့ မဝင်ပါဘူး။ ဟုတ်တယ်ဗျ  နတ်ကို မကြောက်ပေမဲ့လည်း အမေ့ကိုတော့ ကြောက်တယ်.. အမေစိတ်မဆင်းရဲ စေချင်တာလည်း ပါတာပေါ့။

နည်းနည်း အရွယ်ရောက်လို့ အသိလေး ရှိလာတဲ့အခါ နတ်မတင်ခင် ပွဲပြင်နေတုန်းမှာပဲ ငါးကြော်ခိုးစား တတ်တဲ့ အကျင့်တိုးလာတော့တယ်။ အမေ မသိအောင် ပိပိရိရိလေး လုပ်ရတာ။ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးကလွဲပြီး (၃၇) မင်းသော နတ်ဆိုတာ ကိုးကွယ်ပူဇော်ပသရာ မဟုတ်ကြောင်း ကျနော် သိလိုက်ပါပြီ။
Image may be NSFW.
Clik here to view.
ဒီလိုနဲ့ အိမ်ထောင်ကျတဲ့အခါ ကံအားလျော်စွာ အိမ်ထောင်ဘက် သက်ထားကလည်း ကိုယ်နဲ့ စရိုက်တူ ဖြစ်နေတာ သတိထား မိတယ်။ သူ့အိမ်မှာလည်း အမေဖြစ်သူက မြင်းဖြူရှင် ရော အုန်းဆွဲတာပါ လုပ်တယ်။ အဖေက မကြည်ဖြူပေမဲ့ မိန်းမ စိတ်ကသိကအောက်ဖြစ်မှာစိုးလို့ ဘာမှ မပြောရှာဘူး။ ကျနော့်အမျိုးသမီး ကတော့ ဘာရယ်မဟုတ် အဖိုးမယုံ ငါမယုံ၊ အဖေမယုံ ငါမယုံ အစားထဲကပဲ။ သူတို့အဖိုးက နတ်နဲ့ပတ်သက်ရင် တော်တော်ပြတ်တယ်။ ‘နင်တို့တတွေ စားစရာမရှိရင် မောင်စိန်ထမင်းဆိုင်မှာ သွားစား.. နေစရာမရှိရင် ရွာပြင် ဇရပ်မှာနေ.. ငါ့အိမ်ရိပ်ကိုတော့ ခြံစည်းရိုးနားတောင် မသီနဲ့’ ဆိုတဲ့ လူစားမျိုး။

မှတ်မိသေးတယ် ကျနော်တို့ လင်မယား ၂ ယောက် တယောက်တလှည့် ကျန်းမာရေး ခြူခြာတော့ ၂ ဘက်သော အမေတွေ ခေါင်းချင်းဆိုင် တိုင်ပင်ကြတယ်။ ရိုးရာပျက်ကွက်လို့ နတ်နှက်ပြီပေါ့။ သူ့အမေက ကျနော့် အမျိုးသမီးကို ရိုးရာလေးဘာလေးလုပ်ဖို့ နားချပေမဲ့ မအောင်မြင်ဘူး ဖြစ်နေတယ်။ကျနော့် အမေကတော့ သူ နတ်တင်တဲ့အခါတိုင်း ကျနော်တို့အတွက် ပိုတိုးပြီး လုပ်ပေးတယ် ပြောတာပဲ။

မိဘတွေနဲ့ ဝေးရာ တမြေတရွာကို ပြောင်းလာချိန်ကစပြီး အိမ်မှာ ဘုရားစင်ကလွဲလို့ ဘာဆိုဘာမှ အနှောင်အဖွဲ့ မရှိ နေလာခဲ့တာ။ သားသမီးတွေ ရလာတော့ သူတို့အသိမှာ နတ်ဆိုတာ ဘယ်ရှိပါတော့မလဲ။ တခါလေ မိဘတွေရှိရာ အလည်ပြန်ရင် မျောက်ရှုံးတဲ့သား ၂ ယောက်က သူ့အဖွားအိမ်မှာ ချိတ်ဆွဲထားတဲ့ မြင်းကို ခွစီးသူကစီး အုန်းသီးကို ခေါင်းပေါင်းစ ဖြုတ်သူကဖြုတ်နဲ့ ကျနော်တို့လင်မယား လစ်တဲ့အချိန်မှာ ဒုက္ခ  ကောင်းကောင်း ပေးကြတော့တယ်။ အဖွားဖြစ်သူကလည်း ကျေနပ်လှတယ် မဟုတ်ပေမဲ့ မြေးတွေကို အရမ်းချစ် ကျနော် ဆူမှာရိုက်မှာလည်းစိုးတော့ ‘အုန်းသီးက ခြောက်နေတာ ကြာပါပြီ… မြင်းဖြူရှင် ကလည်း မလဲဖြစ်တာ နှစ်ပေါက်နေပြီ .. ငါ့မြေးတွေလာမှပဲ ပွဲသစ်လဲဖို့ အတော်ဖြစ်နေတယ်’ ဆိုပြီး ကာဆီးကာဆီး လုပ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုးကွယ်မှု အစွဲအလမ်းကြီးတဲ့ မိဘတွေကို အပြစ်တင်နေလည်ဲး မိဘကို ကန္တကောစ လုပ်မှုနဲ့ ကိုယ်ပဲ အပြစ်ထိုက်ဖို့ရှိပါတယ်။ သူတို့ကတော့ ဒီအစွဲကို ရိုးမြေကျတဲ့ထိ သယ်သွားမှာ အသေအချာ ပါပဲ။ တော်နေသေးတာက ၇ ရက် ၇ လီ ပျော်ပွဲပေး… ထစ်ခနဲရှိ နတ်ကတော်မေးတဲ့ အဆင့်အထိ မရောက်ခဲ့ ကြတာပါ။ ဒီတော့လည်း ယုံတဲ့သားသမီး အမွေဆက်ခံစေ .. ကိုယ်တိုင်တော့ လွတ်အောင် ရုန်းထွက်ခဲ့တယ် ပေါ့ဗျာ။

နေမင်းသူ
၁၃-၀၇-၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...