Image may be NSFW.
Clik here to view.
လေးထောင့်စားပွဲ ၁၀ ခု ခန့် ထိပ်ဆက်ထားသော ခုံတန်းရှည်ကြီးမှာ ခန်းမ တဝက်နီးပါးမျှ နေရာယူထားလေသည်။ စားပွဲတဖက်တချက်ရှိ ခုံတန်းရှည်များပေါ်တွင် လူ ၇၅ ယောက်စီခန့် တန်းစီထိုင်ကာ နေကြ၏။ သူတို့ရှေ့မှာ ထမင်းတပန်းကန် နှင့် ဟင်းချိုတဝက်ခန့်ထည့်ထားသော မတ်ခွက်တလုံးစီချထားသည်။ ပန်းကန်ထဲရှိ ထမင်းခပ်မို့မို့ပေါ်မှာတော့ ဂုံညှင်းဒိုးအရွယ် မရှိတရှိ ခပ်ပါးပါးငါးဆုပ်ဟင်း တခု။ အားလုံးရဲ့ မျက်လုံးများက ဟင်းဖတ်ဆီမှာ ဝေ့ဝဲလျက်..။
စားပွဲတန်းကြီး၏ တဖက်ထိပ်၌ အိုဂျီယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ပုခုံးဒေါက်မှာ အဖြူရောင် ပိတ်စကွတ်ကာ ခရာကြိုးတပ်ဆင်ထားသူတဦး မတ်မတ်ရပ်နေသည်။ ယနေ့အဖို့ တပ်ခွဲမှူးတာဝန်ကျသူ ဖြစ်လေ၏။ ကိုယ်ပိုင်နံပတ် စီနီယာဖြစ်ဖြစ် ဂျူနီယာပဲဖြစ်ဖြစ် တပ်ခွဲမှူးတာဝန်ယူရသော တနေ့တာ အတွက် သူဟာ လုပ်ပိုင်ခွင့်အာဏာအရှိဆုံး… သူခိုင်းသမျှ အားလုံးလုပ်ရသည်။ သူပေးတဲ့အမိန့်ကို နာခံကြရသည်။
ထမင်းဝေပေးသော နေရာမှာ တန်းစီနေသူ မရှိတော့ချိန်.. အားလုံးကိုယ်စီ နေရာယူပြီးချိန်မှာ .. ထိုမတ်တတ် ရပ်နေသူထံမှ အောင်မြင် ခန့်ညားသော အသံဖြင့် ‘တန်း…. ထ’ ဟု အမိန့်ပေးသံ ထွက်ပေါ်လာ၏။ ထိုင်နေသူ အားလုံး တညီတညာတည်း မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် တန်းထိပ်တွင် မတ်တတ်ရပ်နေသူမှ ထပ်မံ၍ ‘ထမင်းစား သစ္စာ… ဆို’ ဟု ခပ်ပြတ်ပြတ် အမိန့်သံ ထွက်ပေါ်လာအပြီးမှာ….
‘ငါတို့သည်… နိုင်ငံတော်မှကျွေးသော… ထမင်းများကိုစား၍… နိုင်ငံတော်၏ ကျေးဇူးသစ္စာကို… စောင့်သိ … ရိုသေပါမည်’ ဟူသော ညီညီညာညာ သစ္စာဆိုသံ ထွက်ပေါ်လာပြန်သည်။
‘တန်း… ထိုင်’
အမိန့်ရသည်နှင့် အားလုံးပြန်ထိုင်ကြပြီး နောက်ထပ် အမိန့်တခုကို စောင့်မျှော်နေကြ၏။ တပ်ခွဲမှူးဖြစ်သူက ထိုင်နေသူအားလုံး၏ ဝတ်စားဆင်ယင်မှုနှင့် လှုပ်ရှားမှုကို စုခြုံအကဲခတ်လိုက်သည်။ အားလုံးကို သူကျေနပ် နိုင်သည့် အနေအထားမျိုးတွေ့ရပါမှ..
‘စားနိုင်ပြီ’ ဆိုသော နောက်ဆုံး အမိန့်ကို ရလေသည်။
စောစောက အကဲခတ်နေစဉ်အတွင်း အဝတ်အစား မသပ်ယပ်တာ၊ အနေအထိုင် မပိရိတာ၊ ဂဏှာမငြိမ်မနေ ဖြစ်တာမျိုး တွေ့ပြီဆိုလျှင် အတန်းထဲမှ ဆွဲထုတ်အပြစ်ပေးနိုင်သည်။ သင်တန်းကာလ တလျှောက် သင်တန်းသားတိုင်း တပ်ခွဲမှူးတာဝန်ကို အနည်းဆုံး တကြိမ်ယူနိုင်အောင် စီစဉ်ထားသည်။ တပ်ခွဲမှူး လက်တို လက်တောင်းခိုင်းဖို့ ဆက်သားတဦးကိုလည်း ခန့်ထားပေး၏။ တပ်ခွဲမှူးတာဝန်ကို စီနီယာမှ ဂျူနီယာသို့ လည်းကောင်း၊ ဆက်သားတာဝန်ကို ဂျူနီယာမှ စီနီယာသို့ လည်းကောင်း အလှည့်ကျတာဝန်ပေးအပ်ရာ သင်တန်းကာလ နောက်ပိုင်းရောက်လေ ဂျူနီယာတပ်ခွဲမှူးနှင့် စီနီယာဆက်သား တွေ့ကြုံဆက်ဆံရလေ ဖြစ်သည်။ ဤသည်မှာ တပ်သားသစ်အခြေခံသင်တန်း၌အချင်းချင်း စည်းကမ်းထိန်းသိမ်း ကြပ်မတ်မှုနှင့် အလုပ်စီမံခန့်ခွဲမှု အခြေခံကို လေ့ကျင့်ပေးခြင်း ဖြစ်ပေသည်။
တပ်ခွဲမှူးမှ ထမင်းစတင်စားနိုင်ပြီဖြစ်ကြောင်း ခွင့်ပြုချက်ရသည်နှင့် တပြိုင်နက် ဇွန်းတွေ လက်တွေ လွန်းပြန် ပြေးပွဲ စတင်လေသည်။ တချို့က ဟင်းချိုကို ထမင်းထဲလောင်းထည့် ထမင်းပန်းကန်ကို ပါးစပ်နားကပ်ကာ ပါးစပ်ထဲသို့ လောင်းထည့် ယက်ထည့် လုနီးနီး ဇွန်းကို လွန်းထိုးလှုပ်ရှားနေသည်။ တချို့ကျ ငယ်မူမပျောက် လက်ခုပ်ကြီးဖြင့် ထမင်းအပြည့်ဆုပ်ကာ ပါးစပ်ထဲ ထိုးသွင်းနေ၏။ စားနေတုန်း ၃ မိနစ်ခန့်အကြာလောက်မှာ အနည်းဆုံး သင်တန်းသားလေးငါးဦး ထမင်းဝေသည့် နေရာသို့ ဒုတိယအကြော့ တန်းစီ ရောက်ရှိနေပေပြီ။ နောက်ထပ် တန်းစီသူတွေလည်း ရှိ၏။ သူတို့အတွက် ထမင်း အနည်းငယ်နှင့် ဟင်းရည်တဇွန်းရသည်။ ရတာလေးကို ကိုယ့်နေရာမှာ ပြန်ထိုင်စား … ကုန်သွားပြန်သည့်အခါ ထမင်းဝေသည့်နေရာသို့ လှမ်းမျှော် ကြည့်သည်။ ထမင်းဝေသူ ပန်းကန်ကိုင်လျက် စောင့်နေပါက တတိယ အကြိမ် တန်းစီကြပြန်သည်။ သည်လိုနှင့် ဒယ်အိုးကြီး ထဲက ထမင်းတွေ တက်တက်ပြောင် ကုန်စင်သွားလေတော့သည်။
ရဲဘော်သင်တန်းသားတွေ ဤမျှလောက် ဘုန်းကြီးကျောင်းသားလက် အရှုံးပေးရလောက်အောင် အလုအယက် အပြူးအပြဲ စားသောက်နေကြပါသနည်း။ အဖြေက ရှင်းရှင်းလေးပင်။ ထမင်းဝအောင်မရ၍ ဖြစ်ပေသည်။ တရားဝင် သတ်မှတ်ထားသော တပ်မတော် ရိက္ခာနှုန်းထားအရ တပ်မတော်သားတဦး (အရာရှိ/စစ်သည်) အတွက် တနေ့လျှင် ဆန် ၂၆ အောင်စ ထုတ်ယူစားသုံးခွင့်ပြုထားသည်။ သို့သော် ရိက္ခာထုတ်ယူမှု သဘောအရ ထောက်ပံ့ရေးတပ်မှ တပ်ရင်းတပ်ဖွဲ့များရှိ ရိက္ခာဂိုဒေါင်အထိ အဆင့်ဆင့်ဖြတ်သန်းလာခဲ့ရာတွင် တတိတိ လျော့နည်းလာမှုကြောင့် စစ်သည်တဦးအတွက် တလစာ ရိက္ခာဆန် ၁၀ ပြည် ခန့်ရရှိသည်ကို ၇ လုံးကိုက် ပြည်တောင်းဖြင့် ၉ ပြည်ခန့်သာ ပေးနိုင်သည်။ ထိုနှုန်းထားအတိုင်း ချက်ပြုတ်ကျွေးမွေးလျှင်ပင် သင်တန်းသား တဦးအတွက် တနေ့လျှင် ဆန် ၂ ဗူးချက်အပြည့် ကျွေးမွေးနိုင်ပေသည်။ သို့သော် ကျနော်တို့ သင်တန်းကာလမှာ တနပ်အတွက်ရသည့် ထမင်းပမာဏက ဆန်ဗူးဝက်ချက်သာသာ။ တနေ့ ၂ ကြိမ် ထမင်းကျွေးသည်ဆိုတော့ ဆန် ၁ ဗူးချက်ကျော်ကျော်ပဲ စားရပေသည်။
လူငယ်ဖြစ်သည်ကတကြောင်း၊ အလုပ်ပင်ပန်းသည်က တကြောင်း၊ ဝယ်ယူစားသောက်ဖို့ အခက်အခဲရှိ သည်ကတကြောင်းတို့ကြောင့် ကျနော်တို့တက်ခဲ့ရသော သင်တန်းအပတ်စဉ်မှာ သင်တန်းသား အများစု ထမင်းမဝသည့် အရေးနှင့် ကြုံခဲ့ရသည်။ ထမင်းမဝသည့် အကြောင်းကို တယောက်စကား တယောက်နှင့် တပ်မှူးနားပေါက်ခဲ့သော်လည်း အကြောင်းမထူးခဲ့ပါ။ ကျနော်တို့အတွက် မနက်စောစော လက်ဖက်ရည်ကျဲ တခွက် နှင့် ထမင်း ၂ နပ်က တနေ့တာ ဆာလောင်မှုကို မတင်းတိမ်နိုင်ခဲ့ပါ။ ထို့ကြောင့် ဘီစကစ် (သို့) ပေါင်မုန့်ခြောက်များ အသင့်ဝယ်ထားကာ ညခင်းအခါ ဗိုက်ဆာလာလျှင် ရေနှင့် မျှောချရသည်။
နေ့စဉ် သင်တန်းသားများ အလုပ်ခန့်ခွဲရာတွင် ထမင်းချက် ဆရာများနှင့်အတူ ကူညီလုပ်ကိုင်ပေးဖို့ စားရိပ်သာ အကူ (မက်စ်အော်တလီ) ၅ ယောက်ပေးရသည်။ တပ်စုအလိုက် အလှည့်ကျ တာဝန်ယူရသည်။ ထိုကဲ့သို့ စားရိပ်သာ အကူတာဝန်ကျသည့်နေမှာတော့ ထမင်းဝဝ စားရသည်။ ထို့ကြောင့် စားရိပ်သာအကူ တာဝန်ကို ဗော်လံတီယာ ယူထားသူအချို့ရှိသည်။ ကျနော်နှင့် အိပ်ရာချင်း ကပ်လျက် သူငယ်ချင်းတဦးက တောသား ဖြစ်သည့် အလျောက် ထမင်းများများစားရမှ တင်းတိမ်ရောင့်ရဲသည်။ မုန့်ပဲသွားရည်စာစားလို့ အာသာမပြေဟု ပြောသည်။ သူ့အတွက် ဟင်းကောင်းစရာမလို ထမင်းအဖြူကို ဆားဖြူးထားလျှင်ပင် သူ ဟက်ဟက်ပက်ပက် စားနိုင်တာ တွေ့ရသည်။ ထို့ကြောင့် သူ့ကို စားရိပ်သာ အကူ အဖြစ် သင်တန်းကာလတလျှောက်လုံးနီးပါး တွဲပေးထားသည်။ သို့နှင့် သင်တန်း မပြီးဆုံးမီ ၁ လလောက် အလိုမှာ စားရိပ်သာမှ ထမင်းချက်သူတွေ ဆန်ခိုးနေတာကို ပက်ပင်းမိတော့ သည်။
ဖြစ်ပုံက သည်လို…. အဲဒီနေ့မနက် ၄ နာရီလောက်မှာ ကင်းစောင့်တာဝန်မှထွက်လာသော သင်တန်းသား တဦး မျက်နှာသစ်ရန် မီးဖိုချောင်ဘေးနားရှိ ရေကန်ဘက်သို့ ထွက်လာစဉ် မှောင်ထဲမှ လှုပ်ရှားမှု တခုတွေ့သဖြင့် သွားကြည့်သည့်အခါ ဆန် ၄ ပြည်ခန့်အထုပ်နှင့် စားရိပ်သာအကူ သင်တန်းသားကို တွေ့လိုက်ရသည်။ ထမင်းချက်ဆရာက သူ့အိမ်ခန်းသို့ ပို့ဆောင်ရန် စေလွှတ်လိုက်ခြင်း ဖြစ်၏။ ဆန်ထုပ်နှင့်အတူ အမိခံလိုက် ရသော သင်တန်းသားမှာ များစွာကြောက်ရွံ့ တုန်လှုပ်နေသည်။ သို့သော် သူရိုးသားမှန်း ကျနော်တို့သိသည်။ သူထမင်းအစားကြီးသည်ကို အခွင့်ကောင်းယူကာ ထမင်းနှင့်မျှား၍ အကြပ်ကိုင်ခိုင်းစေသော ထမင်းချက်ကိုသာ အပြစ်မြင်ကြ၏။ သို့ကြောင့် ထမင်းချက်သိအောင် ဆန်ထုပ်ကိုယူပြီး သွားပြသည်။ သူလည်း သူ့အပြစ်နှင့်သူ ဘာမှ မပြောသာ။ အဲဒီနေ့က စပြီး သင်တန်းကာလပြီးဆုံးသည်အထိ ကျနော်တို့အတွက် ထမင်းရှယ်ယာ နည်းနည်း ပိုရလာသည်။ ထိုနည်းအားဖြင့် ဂယ်လီ(မီးဖိုချောင်) မှ ယိုပေါက်ကို တားဆီးနိုင်ခဲ့သော်လည်း ဆန်ထုတ်ပေးသည့် ရိက္ခာဂိုဒေါင် တာဝန်ခံကိုတော့ ကျနော်တို့ အံမတုနိုင်ခဲ့ပေ။
ဤသည်မှာ သင်တန်းသားဘဝက သင်တန်းကျောင်းတွင် ကြုံတွေခဲ့ရသော ဖြစ်စဉ်တခု ဖြစ်လေသည်။ တပ်နဲ့ပတ်သက်သော အမှတ်တရများတွင် ထိုကဲ့သို့ ထမင်းစားခဲ့ရသော နေ့ရက်များကိုလည်း တသက်တာ မေ့နိုင်မည် မဟုတ်ပါ။
Image may be NSFW.
Clik here to view.
…………………………………………………………………………………
ကျနော် ဟိုင်းကြီးကျွန်းမှာ ၄ နှစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်း လေ့ကျင့်ရေးတပ်တွင်လည်း နေခဲ့ရသည်။ အဲဒီအချိန်မှာ သင်တန်းသားတွေ ရှိ၏။ နေ့စဉ် သူတို့စားရိပ်သာဆောင်မှ ထမင်းကျန် ဟင်းကျန် များကို ဝက်မွေးထားသော သင်တန်းဆရာတဦး သယ်ယူလာတာတွေ့ရသဖြင့် ကျနော်တို့ သင်တန်းသား ဘဝနှင့် ဆက်စပ်တွေးပြီး သူတို့အတွက် ဝမ်းသာမိပါသည်။ သူတို့ စားရိပ်သာမှာ ဟင်းသိပ်မကောင်းသည့်တိုင် ထမင်းတော့ လောက်ငှအောင် ချက်ကျွေးသည်။ ထို့အပြင် နံနက်စာ ထမင်းကြော်ကျွေးရန်အတွက် ဌာနချုပ် ဝန်ထမ်းဆန် ဂိုဒေါင်မှ လစဉ် ဆန် နှင့် ဆီ ထောက်ပံ့ပေးထား၏။ ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲကြမ်းတမ်းသော သင်တန်းကာလမှာ ထမင်းတော့ ဝဝစားရစေချင်သည်။
ကျနော် ရန်ကုန်တပ်သို့ ပြန်ရောက်လာသည့် နောက်ပိုင်း လေ့ကျင့်ရေးတပ်မှာ ကျနော်နှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သော သူငယ်ချင်းတဦး ရန်ကုန်သို့ တီဂျူတီနှင့်လာရင်း ကျနော့်တပ်သို့ အလည်ရောက် လာခိုက် သူပြောပြသဖြင့် လေ့ကျင့်ရေးတပ်က အဖြစ်အပျက်တခုကို သိလိုက်ရသည်။ ‘သင်တန်းသား ရဲဘော်သစ်တွေ တညတာ တောခိုကြသည်’ တဲ့။ သူပြောပြသော အဖြစ်အပျက်ကို ကျနော်မှတ်မိသလောက် ရေးပြရလျှင် … တည လူခြေတိတ်ချိန်မှာ သင်တန်းသားတွေ စုပြီး ရိက္ခာဂိုဒေါင် ဖောက်ကာ ဆန်၊ ဆီ၊ ပဲ နို့ဆီ စသည့် စားစရာ အမယ်တချို့ ထုတ်ယူကြသည်။ ရိက္ခာဂိုဒေါင် မှာ တပ်ရင်းကင်းနှင့် အလှမ်းကွာသဖြင့် တပ်ရင်းကင်းမှ တာဝန်ကျ ရဲဘော်တွေ မသိလိုက်။ ပြီးတော့ သူတို့အဝတ်အစားတွေ ကျောပိုးအိတ်ထဲထည့်.. စားရိပ်သာမှ အိုးခွက်ပန်ကန်များ၊ လေ့ကျင့်ရေးလက်နက်များကို ယူဆောင်ကာ အုပ်စုလိုက်တပ်ဖျောက်သွား၏။ နောက်တနေ့နံနက် လင်းအားကြီး PT တန်းစီချိန်ကျမှ သင်တန်း ဆရာတွေ သိကြသည်။ အားလုံး အရူးမီးဝိုင်း ဖြစ်ကုန်ကြတော့၏။
သို့နှင့် ဌာနချုပ်ကိုပါ သတင်းပို့ အကြောင်းကြားပြီး တပ်ဖြန့် တောနင်းရှာဖွေကြရာ ပင်လယ်ကမ်းစပ်ရှိ ကပ္ပလီရွာနားက တဲဟောင်းတခု အတွင်းမှာ စခန်းချနေတာ တွေ့လိုက်ရသည်။ ဌာနချုပ်မှူးက မည်သူ့ကိုမှ သင်တန်းသားများထံ မသွားစေဘဲ သူကိုယ်တိုင် သွားရောက်ချော့မော့ကာ အခက်အခဲကို မေးမြန်းသည် ဆို၏။ သင်တန်းသားတွေက အစားအသောက် ဆင်းရဲကြောင်း အကြောင်းပြသည်။ ထို့ကြောင့် သင်တန်းဆောင်ကို သေချာ ကြီးကြပ်စေပြီး ဌာနချုပ်မှူးကိုယ်တိုင် သင်တန်းသားများ စားသောက်မှုအခြေအနေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးသည်ဟု သိရသည်။ သင်တန်းသားများ အတွက် ချက်ထားသောဟင်းကို ဌာနချုပ်မှူး ကိုယ်တိုင် မြည်းစမ်းကြည့်ပြီး သဘောမတွေ့ပါက ထမင်းချက်ကို သင်တန်းသားများ ရှေ့တွင်ပင် အပြစ်ပေး ကြောင်း ပြောပြသည်။
တိုက်တိုက်ဆိုင်ဆိုင် သိလိုက်ရသည်က ဌာနချုပ်မှူး အပြစ်ပေးခံရသော ထမင်းချက် ဆရာမှာ ကျနော်တို့ သင်တန်းတုန်းက ထမင်းချက်ကျွေးခဲ့သူ ဖြစ်နေခြင်းပင်….။
နေမင်းသူ
၁၉-၀၇-၂၀၁၃