Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ရွှေတံခါးကြီးပိတ် ပါဦး

$
0
0

-------------------------------

- ရွှေတံခါးကြီး ဖွင့်ပါဦး
- မဖွင့်နိုင်ဘူး
- ဘာဖြစ်လို့လဲ
- မေမေ ဆူမှာစိုးလို့
- ဆန်နဲ့ဆီ နဲ့ လဲပါ့မယ်
- မလိုချင်ဘူးကွယ်
- ရွှေနဲ့ ငွေနဲ့ လဲပါ့မယ်
- မလိုချင်ဘူးကွယ်
- နတ်သမီး နတ်သားပေးပါ့မယ်
- ဖွင့်မယ် ~~ ဖွင့်မယ် ...။
ငယ်ငယ်တုန်းက ကစား ခဲ့ရတဲ့ ရွှေတံခါးကြီး ဖွင့် ပါဦးဆိုတဲ့ ကစားနည်းလေးကို စိတ်ထဲ က ပြန်မြင်ယောင်နေပါတယ် ။ ရွှေတံခါးကြီးဖွင့်ပါဦး ဆိုတဲ့ ကစားနည်းဟာရွှေစွန်ညို ကစားနည်းလို ... ကလေး ၂ ယောက်က လက်မြှောက်တားပြီး ...ကျန်တဲ့ ကလေးတွေက အတန်းလိုက်လေး လက်အောက်ကနေဖြတ်သွားရတဲ့ ကစားနည်းလေး တစ်ခုပါ ။

ပြီးခဲ့ တဲ့ အပါတ် က .. စိတ်တွေ ရှုပ်ထွေးနေတဲ့ ချိန် ..ကျောင်းက အကိုတစ်ယောက်က တရားစခန်းဝင်မလားမေးလာပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် သဘောနဲ့ ဝင်မယ်ဆိုပြီး စာရင်းပေးပြီး ဝင်ခဲ့တယ် ။ ကမ္မဌာန်း ပေးတဲ့ ဆရာ က မလေးရှားနိုင်ငံ ကနေ ပြီး အွန်လိုင်းကနေ တဆင့် အချိန်ပေးပြီးတရားပေးတာပါ ။ ဒီမှာရှိနေတဲ့ ကျောင်း၃ ကျောင်း ကနေပြီးတော့ စကိုက်နဲ့ ချိတ်ပြီး ဆရာပေးတဲ့ ကမ္မဌာန်းတရားအတိုင်း ၊ တရားအားထုတ်ရပါတယ် ။ သဲအင်းဂူ ဆရာတော်ဘုရားကြီးရဲ့ ကမ္မဌာန်းနည်းနိဿယအတိုင်း တရားရှုမှတ်ရပါတယ် ။ တရားပွဲ စစချင်းမှာ ကမ္မဌာန်းဆရာက နေ ဒီသင်တန်းဟာ သေတတ်တဲ့စိတ်ကို ရရှိဖို့ ၊ သေခါနီးမှာ အသေတတ်ဖို့ အတွက် လေ့ကျင့်ရမဲ့သင်တန်း လို့ ဆိုပါတယ် ။ ပထမ ၁ ရက်မှာ ..တစ်ကြိမ်ကို ၁ နာရီ ၅ ကြိမ် နဲ့ ၅ နာရီ တရားထိုင်ရတယ် ။ ဒုတိယတစ်ရက်မှာတော့ ပထမ ၂ ကြိမ်မှာ ၁ နာရီ ၂ ကြိမ် ၊ ဒုတိယ ၁ နာရီခွဲ ၂ ကြိမ်နဲ့ အားလုံးပေါင်း ၅ နာရီ တရားထိုင်ရတယ် ။ တတိယနေ့ ကစလို့ နောက်ဆုံးနေ့ ထိ မှာတော့ တစ်ကြိမ်ကို ၂ နာရီ ၊ တစ်ရက်ကို ၄ ကြိမ် နဲ့ ၈ နာရီစီ နေ့စဉ် တရားထိုင်ရပါတယ် ။ ဆရာ ကလည်း စေတနာ ထက်ထက်သန်သန် နဲ့ မလေးရှားနဲ့ ရုရှားနိုင်ငံဟာ အချိန် ၄ နာရီကျော်ကွာခြားပေမဲ့ .. မလေးရှား မှ ညည့်နက်သန်းခေါင်ကျော်တဲ့ တဲ့ချိန်ထိ အလုပ်အကိုင်ဖြတ်ပြီး မသိနားမလည်တာတွေ ရှင်းပြတာ ၊ တရားထိုင်နေစဉ်မှာ အမြဲမပြတ်သတိပေးပြီးစောင့် ရှောက် ပေးပါတယ်။ ပထမ ၃ ရက်မှာ တော့ အာနာပါန ကမ္မဌာန်းကို ရှုမှတ်နည်းသင်ပေးပါတယ် ။ စတုတ္ထနေ့က စပြီးနောက်ဆုံးနေ့ ထိမှာတော့ ဝေဒနာကိုရှု တာ ၊ ပယ်တာကို စတဲ့
ပညာခန်းတွေကို ရှုမှတ်စေပါတယ်။

ကျွန်တော် ဟာ စာဖတ်ဝါသနာပါသည့်အလျှောက် ဘာသာရေး စာပေတွေလည်းအထိုက်အလျှောက်ဖတ်ဖူးသလို ၊ ဆရာတော်တွေ တရား တွေကိုလည်း နာကြားလေ့ရှိပါတယ် ။ ပြီးတော့ ဖီလော်ဆိုဖီ ဘာသာရပ် ကိုစိတ်ဝင်စားတဲ့ အလျောက် Buddha's Philosophy ၊ History of philosophy မှ ဗုဒ္ဓ ရဲ့ အယူအဆ နဲ့ ပက်သတ်ပြီးတခြား အတွေး ခေါ် ပိုင်းမှ ချဉ်းကပ်ဖော်ပြမှု ဆိုတာတွေကိုအနည်းကျဉ်းဖတ်မှတ်ဖူးပါတယ် ။ ဒါပေမဲ့ ဝိပဿနာ ကိုတော့ ကိုယ်ပိုင် စိတ်တည်ငြိမ်ဖို့ ဝင်လေ ထွက်လေ ရှုမှတ်တာ ကလွဲလို့ နည်းလမ်းတကျ အားမထုတ်ဖူးပါဘူး ။ ကျွန်တော်အပါအဝင် ၊ ကျွန်တော် တွေ့ ထိ ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ဗုဒ္ဓ ဟောကြားတော်မူခဲ့ တဲ့ တရားတော်တွေ အကြောင်း ၊ သုတ္တန်တွေ ၊ ဇာတ်တော်တွေ ၊ ဝိနည်းတွေ ကို ကိုယ်လိုရာအပိုင်းလေးကို ဆွဲထုတ်ကိုးကားပြီး ဆွေးနွေးငြင်းခုန်မှု တွေ ပြုလုပ်နေခဲ့ကြပါတယ်။
ဘယ်ဟာကတော့ ဘုရားဟောမဟုတ်ဘူး ၊ ဘယ်ဟာကတော့ အဌာကထာ ဆရာများရဲ့ အလိုအရ စသဖြင့် ဆွေးနွေးငြင်းခုန်လေ့ရှိကြပါတယ် ။ အတွေးခေါ် ပိုင်းအရ ကြည့်ပြန်တော့လည်း ဗုဒ္ဓကိုဘာသာတစ်ခု အနေနဲ့ လက်ခံ ထားတာဖြစ်တဲ့ အတွက် ယုံကြည်မှု ဗဟို နဲ့ သာ ချဉ်းကပ်ခဲ့ ကြတာပါ ။ ဗုဒ္ဓဟာ လူသားတွေ နဲ့
ပက်သက်ပြီးဘယ်လိုတွေးခေါ်ခဲ့သလဲ ၊ လူသားတွေကို ဘယ်လို စည်းရုံးနိုင်ခဲ့သလဲ ။ ဗုဒ္ဓရဲ့အယူအဆတွေဟာ ဘယ်အချက်တွေက သိပ္ပံ အရ မှန်ကန်နေသလဲ ၊ ဗုဒ္ဓ ရဲ့
အယူအဆတွေက လူ့လောကကို ဘယ်လို အကျိုးဖြစ်ထွန်းစေသလဲ စတာတွေကိုသာချဉ်းကပ် ကြတယ် ။ တကယ်တမ်း ဒါတွေဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဓိက မဟုတ်ခဲ့ပါဘူး ။ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တိုင်း ဗုဒ္ဓဘာသာ ဟာ အကျင့် နဲ့ သာ တည်ဆောက်ရတဲ့ဘာသာဆိုတာ အမှန်ပါပဲ ။

အရင်က တရားစာပေတွေ ဖတ်ရှု ပေမဲ့ တကယ်တမ်းထဲထဲဝင်ဝင် နားမလည်ခဲ့ဘူးဆိုတာ သိလာရပါတယ် ။ လူမှာ တရားအားထုတ်ဖို့ပဲ ဖြစ်ဖြစ် ၊ အမှုကိစ္စ တစ်ခုကိုဆောင်ရွက်ဖို့ပဲဖြစ်ဖြစ် .. အား ကြီးတဲ့ သဒ္ဓါဗိုလ် ၊ ၀ီရိယဗိုလ် ၊ သတိဗိုလ် ၊ သမာဓိဗိုလ် ၊ ပညာဗိုလ် .. ဗိုလ် ၅ ပါး လိုတယ်လို့ ဆိုပါတယ် ။ ကျွန်တော်ဟာ တကယ်တမ်း နှစ်နှစ် ကာကာ တရားအားထုတ်ဖို့ စိတ် မထက်သန်ခဲ့ တဲ့ အတွက် တရားအားထုတ်ခဲ့ တဲ့ အခါမှာ သဒ္ဓါဗိုလ် အင်အား ကျဆင်း ခဲ့တယ် ။ ငါ ဒါကို လုပ်မယ်ဆိုတဲ့ တစ်ထစ်ချ စိတ်ပိုင်းဖြတ်မှု မျိုးမရှိခဲ့ပါဘူး ။ အဲဒီအတွက်လည်း တရားထိုင်ချိန် ၂ နာရီမှာ ၁ နာရီလောက်သာ ထိုင်နိုင်ပြီး ကျန်တဲ့ချိန်တွေမှာ လိမ်ပိန် နေအောင် ဝေဒနာ ဒဏ်ကိုခံစား ရပါတယ် ။ သဒ္ဓါ အင်အား လျော့နည်း လာတာနဲ့ အမျှ တရားအားထုတ်နေရင်း "ငါ ..မနိုင်ဝန်ကြီးများထမ်းနေပြီးလား " ၊ " ကိုယ့် ခန္ဓာကိုယ် ကိုယ်ညှဉ်းဆဲပြီးတရားရှာသလိုများဖြစ်နေသလား" ဆိုတဲ့ ဝီစိကိစ္ဆာ တွေဖြစ်ပေါ်လာပါတယ်။ ပထမ ၂ ရက် အားထုတ်ပြီးတဲ့ ခါမှာ လူဟာ ကိုင်ရိုက်ခံထားရသလို နာကျင်ကိုက်ခဲ နေပါတော့ တယ် ။ အာနပါန ရဲ့ ဝင်လေ ထွက်လေပေါ်မှာ စိတ်ကို မထားနိုင်တာ နဲ့ အမျှ ခန္ဓာကိုယ်မှာ နာကျင်နေတဲ့ နေရာတွေကိုစိတ်ရောက်ပြီး .. တော်ပြီကွာ ငါနောက်ထက်မထိုင်တော့ဘူး .. ဆိုတဲ့ ကိလေသာ ကို အရှုံပေးပြီး ဖြုတ်ပစ်လိုက်တာ လည်း အကြိမ်ကြိမ်ပါပဲ ။ သဒ္ဓါ ၊ ဝီရီယ အင်အား တွေ ကျလာတာနဲ့ အမျှ ဝင်လေထွက်လေပေါ်မှာ သတိမကပ်နိုင်တော့ပါဘူး ။ အဲဒီအတွက် သမာဓိ လည်း မရတော့ပါဘူး ။ ပြီးတော့ ကိုယ့်ကိုယ် ကိုလည်း အတော်ဒေါသအားကြီးသော ၊ မာန်မာန ဖုံး လွှမ်းနေသော ၊ သမာဓိအင်အား၊ ဥာဏ်အင်အား အလွန် နည်းလှသော သူအဖြစ် မှန်တိုင်းမြင် တွေ့ ခဲ့ရပါတယ် ။

အဘိဓမ္မာတရားတော်တွေကို ဖတ်ဖူး မှတ်ဖူး လို့ စိတ် တစ်မျိုး ၊ စေတသိတ် ၅၂ မျိုး ရှိတယ်လို့ သညာသိသိဖူးခဲ့ပါတယ် ။ ဒါပေမဲ့ ဘယ်ဟာ က သတိ ၊
ဘယ်ဟာ က အသိ ၊ ဘယ်ဟာ က စိတ် ၊ ဘယ်ဟာကတော့စေတသိတ် ဆိုတာ ကို ကျွန်တော် သေချာ နားမလည်ခဲ့ပါဘူး ။ ပထမ နေ့ အာနာပါန ရှုမှတ်တဲ့ခါမှာ
ကမ္မဌာန်းဆရာ က " ရှူတာကိုကြည့်သတိထား ၊ တစ်ထပ်တည်းကျအောင်ရှု ၊ တခြားအာရုံကိုစိတ်မရောက်ပါစေနဲ့ " ဆိုပြီး အမြဲလိုလို သတိပေးနေတတ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း အာနာပါန ရှုနေရင်း အသက်ရှုလိုက်တိုင်း "ရှုတာကို ကြည့်သတိထား" "ရှုတာကိုကြည့်သတိထား" ဆိုပြီး ကိုယ့်စိတ်ကိုယ်စေခိုင်းနေပါတယ် ။ အဲလို ခိုင်းနေရင်း ကနေ
စိတ်ဟာ တခြား တနေရာစီ ရောက်သွားတတ်ပါတယ် ။ အဲဒီ အခါ "ငါ့ စိတ်တခြားရောက်သွားပြီဆိုပြီး " ဝင်လေ ၊ ထွက်လေ မှာ ပြန်ပြီး ဆွဲခေါ်ပါတယ် ။ ဒါပေမဲ့ ဘယ်ဟာက သတိလည်းဆိုတာကို ကျွန်တော်နားမလည်ပါဘူး ။ အဲဒီအတွက် တရားထိုင်ပြီးသွားတဲ့ခါ ဆရာကို မေးလျှောက်ပါတယ် ။ အဲဒီမှာ ဆရာ က ရှင်းပြပါတယ် ။ "ဝင်လေ ၊ ထွက်လေဟာ သူ့နဂိုမူလရှိနေတဲ့ အရှိတရား ၊ ရှုတာကိုကြည့်သတိထား ၊ ရှုတာကိုကြည့်သတိထားလို့ ကျွန်တော့်ကိုကျွန်တော် အသိကနေ ..ဝီရိယအား နဲ့ တွန်အားပေးနေတာပါ ၊ အဲဒီမှာ သတိက ဝင်လေ ထွက်လေမှာ စိတ်ရှိမရှိ စောင့်ကြည့်နေပြီး ၊ တခြားနေရာထွက်သွားတာနဲ့ ပြန်ဆွဲခေါ်တတ်ပါတယ် " ။ ဒါဟာကျွန်တော်
စာအုပ်တွေ ဖတ်ပြီး တကယ်နားမလည်ခဲ့တဲ့ စိတ် နဲ့ စေတသိတ် တွေ ဆိုတာ ကျွန်တော်နားလည်လာပါတယ် ။ စိတ်နဲ့ စေတသိတ်ဟာ တွဲ ပေါ်တတ်တဲ့ သဘော ကိုလည်း ကျွန်တော်သိလာပါတယ် ။

နောက် ကျွန်တော်နားလည်မိတာကတော့ မြတ်စွာဘုရားရဲ့ လမ်းစဉ် လို့ လူအတော်များများသိကြတဲ့ မဇ္ဇျိ မဆိုတာ ဘာလဲ ဆိုတာပါပဲ ။ ကျွန်တော် တရားစမှတ်စဉ်မှာ နှာသီး ဝကို အားစိုက်ပြီး အသက်ပြင်းပြင်းရှု ပါတယ် ။ တခြားကို စိတ်ရောက်လိုက် ၊ ခန္ဓာကိုယ်ပေါ် က နာကျင်တဲ့ နေရာတွေ စိတ်ရောက်လိုက် နဲ့ ပဲ တခါတခါ ကျွန်တော့် ရဲ့ စိတ်ဟာ ဝင်လေ ထွက်လေပေါ်မှာ ဝင်တည်တတ်ပါတယ် ။ အဲလို နဲ့ အသက်ရှု အရှိန်ရ လာတဲ့ခါ ... အသက်က ကိုယ်တိုင်ရှုစရာမလိုပဲ ခန္ဓာကိုယ်က သူ့ဘာသာရှူ နေတယ်ဆိုတာကိုသတိထားမိလာတယ်။ အဲ ဒီ အခြေနေကိုအာရုံစိုက်ပြီး ရှုရင်း ..ရှုရင်း နဲ့ ပဲ စိတ်ဟာ တည်ငြိမ် လာတယ် ။ ပြီးတော့ ကြည်လင်လာတယ် ။ ခန္ဓကိုယ်က နာတာ ကျဉ်တာတွေပျောက်သွားပြီးတော့ ငြိမ်းအေးတဲ့ အခြေနေတစ်ခုကို ခံစားလို့ရပါတယ် ။ ပြီးတော့ စိတ် နဲ့ ကိုယ်ဟာ တစ်ထပ်တည်းမဟုတ်ပါလားဆိုတာ ကို ..ကိုယ့်ရဲ့
စိတ်နဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်ကို ပြန်ကြည့်လို့ ရနိုင်ပါတယ် ။ အဲဒီ အချိန်မှာ စိတ်ရဲ့ ချမ်းသာမှု ကို ခံစားရပြီး ကျွန်တော်ကဆက်ပြီးခံစားချင်စိတ်တွေဖြစ်လာပါတော့တယ် ။ အဲဒီအခါ မှာ ကျွန်တော်ရဲ့ စိတ်က တဖန် ပြန်ကျပြီး ခန္ဓာကိုယ်ရဲ့ နာကျဉ်ကိုက်ခဲ နေတဲ့ ဆင်းရဲ ခြင်း ကို ပြန်ခံစားရပါတယ် ။ အဲဒီအချိန် ဟာ ၁၀ မိနစ် ၊ ၁၅ မိနစ် လောက်ပဲရှိမယ်ထင်ပါတယ် ။ တကယ်တမ်း နာကျဉ်ကိုက်ခဲ နေတဲ့ ခန္ဓာရဲ့ ဆင်းရဲမှု ကို ကင်းလွတ်အောင် ဝင်လေထွက်လေမှာ အာရုံစိုက်ထားရသလို ..အာရုံစူးစိုက်ခြင်းကြောင့် ငြိမ်းအေးသွားတဲ့ ချမ်းသာမှု ကို ပါ ..မခံစားပဲ ပယ်နိုင် မှသာ ၊ ဆင်းရဲမှု ၊ ချမ်းသာမှု လွတ်ကင်းနေတဲ့ အလယ်လတ် လမ်းစဉ်ကို လိုက်မှ သာ လျှင် သမာဓိ အင်အားပိုကောင်းလာပြီး တည်ကြည်တဲ့ စိတ်ကို ရနိုင်မှာဖြစ်ပါတယ် ။ကျွန်တော်ကတော့ ဆင်းရဲက နေလွတ်တာနဲ့ ချမ်းသာ ငြိမ်းချမ်းမှုကို ခံစား ၊ နှစ်သက်မိ တဲ့ အတွက် သမာဓိ ရှေ့မဆက်နိုင်ပဲ အကြိမ်ကြိမ် ပြုတ်ကျရပါတယ် ။

တရားစခန်း ၇ ရက်အတွင်းမှာ တရားထိုင်တဲ့ ယောဂီအားလုံး ဟာ ၉ ပါးသီလ ခံယူဆောက်တည်ရပါတယ် ။ နေ့လွဲ ညာစာမစားတဲ့ အတွက်ရော ၊ ခန္ဓာကိုယ်ပင်ပန်း တဲ့ အတွက် ပါ ည ည ဆို ကျွန်တော် ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး ။ မနက်ထ ပြန်တော့ ကိုက်ခဲ နေတဲ့ ခန္ဓာကိုယ်နဲ့ တရားမထိုင်ချင် တာနဲ့ အားကစားခန်းမှာ
အားကစားထလုပ် ရေချိုးပြီး မှ တရားထိုင်ပါတယ် ။ မနက်မိုးလင်းတည်း က ပင်ပန်းနေပြီ ဖြစ်တဲ့ ခန္ဓာကိုယ်ဟာ တရားထိုင်တဲ့ အချိန်မှာ ဝေဒနာ ကိုပြင်းပြင်းပြပြခံစားရပါတယ် ။ အနား လုံးဝ မရ တဲ့ ခန္ဓာကိုယ် ဟာ တရားစခန်း ရဲ့ ၄ ရက်မြောက် နေ့ ကစပြီး လုံးဝနလန်မထူတော့ပါဘူး ။ အဲဒါနဲ့ ပဲ ၄ ရက်မြောက်နေ့ ပြီးမှာတော့ ဆရာကို စိတ်ထဲရှိရာတွေ အကုန်လျှောက်လို့ အခန်းကို တပ်ခေါက်ပြန်ခဲ့ပါတယ် ။ အစတည်း က ကျွန်တော် ဟာ ဝိပဿနာ တရားကို လေ့လာသူ အဖြစ် အားထုတ်ခဲ့တာဖြစ်လို့ တရား မရခဲ့သလို ၊
သမာဓိ ၊ ပညာတို့လည်းမရခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ ကျေနပ်နေမိပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ့်စိတ်ကို သိခဲ့ရလို့ပါ ။ သညာ နဲ့ ပညာသိ ကွဲကွဲပြားပြားသိခဲ့ရလို့ပါပဲ ။ ပြီးတော့ ကိုယ်ကိုတိုင်ပင်ပင် ပန်းပန်း ရှာဖွေ ခဲ့ရတဲ့ ပေါ်မှာ အခြေခံပြီး တော့ ဒီတရားတွေရဲ့ မူလ ပိုင်ရှင် ဖြစ်တဲ့ မြတ်စွာဘုရားအဆူဆူ ၊ သန္ဒိဋ္ဌိကဂုဏ်တော် ၊ ဧဟိပဿိကဂုဏ်တော် အစရှိတဲ့ ဂုဏ်တော် ၆ ပါးနဲ့ ပြည့်စုံတော်မူတဲ့ တရားတော်တွေ ၊ ဒီတရားတော်တွေကို စဉ်ဆက်မပြတ်လက်ဆင့်ကမ်းစောင့် ရှောက်
တော်မူလာကြတဲ့ အရိယာသံဃာတော်ရှင်သူမြတ်များအပေါ် ပိုမိုကြည်ညို စိတ်ဖြစ်မိပါတယ် ။

၎ ရက်တာ တရားထိုင် ခဲ့ တဲ့ အချိန်မှာ တရားထိုင်ပြီးတိုင်း ထိုင်ပြီးတိုင်း စိတ်ထဲမရှင်းတာ မသိတာတွေကို ဆရာ့ကိုမေးလျှောက်သလို ၊ ညတိုင် ညတိုင်ဆိုလည်း တရားလေးတွေ နာနေတတ်ပါတယ် ။ မှတ်မှတ် ရရ ရှိနေတာကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ မသေချင်ရင် အသက်ရှု ဆိုတဲ့ တရား နဲ့ စွန့်တတ်ရင်စွန့်ခရတယ် ဆိုတဲ့ တရားတော် ၂ ပုဒ်ပါ ။ " မသေချင်လျှင်အသက်ရှူ" ဆိုတဲ့ တရားတော် မှာတော့ အာနပါန ကမ္မဌာန်းဟာ သတိပဌာန်တရား ၄ ပါး လုံး ပါဝင်တာဖြစ်လို့ နေ့တိုင်း နေ့ တိုင်း အချိန်တိုင်းအချိန်တိုင်းမှာ အချိန်ရရင် ရသလို အာနပါန ရှုမှတ်ဖို့ ဆရာတော်ကတိုက်တွန်းထားပါတယ်။" စွန့်တတ်လျှင် စွန့် ခရတယ် " ဆိုတဲ့ တရားတော်မှာတော့ ... ကျွန်တော်တို့ နေ့စဉ် "မစင်စွန့်တာ ၊ နှပ်ချေး ညှစ်တာ ၊ ရှူးပေါက်လိုက်တာ ၊ ပန်းကန်ဆေးရည်တွေ စွန့် ပစ်လိုက်တာက အစ သတိထား ပြီးဆောင်ရွက်တတ်ရင် ကုသိုလ်ရတယ်လို့ ဆိုပါတယ် " ။ ပြီးတော့ ဆရာတော်က အဲဒီ အလှုကိုလည်း " ရှယ်ဒါန " လို့ သတ်မှတ်ပါသတဲ့ ။ ဘာလို့ လဲဆိုတော့ အသိ ၊ သတိ မြဲ နိုင် တဲ့ ပုဂ္ဂိုလ်တွေသာ ပြုနိုင်စွမ်းတဲ့ ဒါနမို့ပါတဲ့ ။ ခုနောက်ပိုင်း ကျွန်တော် သတိရမိတိုင်းမှာ အဲဒီအလေ့ကျင့် လေး ကို လုပ်ဆောင်နေတတ်ပါတယ် ။ ပန်းကန်ဆေးလိုက်တိုင်း မှာ " ရေထဲမှာနေထိုင်ကြတဲ့သတ္တဝါလေးတွေ ဒီပန်းကန်ဆေးရည်ထဲမှာပါတဲ့ ထမင်းကျန်ဟင်းကျန်လေးတွေ စားသောက်ပြီး အဆာအာဟာရပြည့်ဝကြပါစေ " ဆိုတဲ့ စိတ်လေးကို
နှလုံးသွင်းပြီးပန်းကန်ဆေးဖြစ်ပါတယ် ။ ရေချိုးခန်း ကနေ အခန်းပြန်တဲ့ ချိန် ဖြစ်ဖြစ် သတိရတဲ့ ခါ ကောက်ပြီး အာနာပါန လေးရှု ဖြစ်နေတတ်ပါတယ် ။ ညနေ တိုင်း
ဘောလုံးကွင်း မှာ သွားပြေးတဲ့ခါ ပြေးနေတဲ့ ခြေချ သံလေးကို အာရုံထားပြီး ပြေးကြည့်ပါတယ် ။ အသံ ပေါ်မှာ concentrate လုပ်ထားတာ ဖြစ်လို့ ..အရင်ကထက် များများ ပို ပြေးနိုင်လာသလို ၊ ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုတွေကို အာရုံလွှဲထားနိုင်ပါတယ် ။

ပြီးတော့ သတိ ၊ ဒါန ၊ သီလ ၊ သမာဓိ ၊ ပညာ တို့ ဟာ သီးခြား စီရှိနေတာပဲ တစ်ခု နှင့်တစ်ခု စပ်ဆက် နေတယ် ဆိုတာ ကို ပါ ကျွန်တော်နားလည်လာပါတယ် ။ ကျွန်တော်တို့ ဟာ အဆောင် နေ ယောကျာင်္းသားများဖြစ်လို့ ဘုံဘုံပြားပြားနေကြတာများပါတယ် ။ ဟင်းခပ် စရာ ပစ္စည်းလေးတွေဆို မီးဖိုချောင်ထဲမှာထားတော့ ကိုယ့် ဟာသူသုံး ၊ သူ့ဟာကိုယ်သုံးသဘော ပဲ အသုံးပြုကြတာပါ ။ ဒါပေမဲ့ ခုနောက်ပိုင်း ထမင်းဟင်းချက်ရင်း အာနာပါနလေးရှု သတိလေး ကပ်တဲ့ချိန်မှာ အဲလို ပစ္စည်းလေးကအစ ယူသုံးလိုက်ရမှာ လက်တွန့် နေပါတယ် ။ သူငယ်ချင်းဆီ ခွင့်တောင်းဖို့ ကျတော့ လည်း အခန်းထဲရှိမနေတာနဲ့ မထည့်ပဲ ဒီတိုင်းပဲ ချက်လိုက်တာမျိုးတွေလုပ်မိပါတယ် ။ ကိုယ်ချက်ပြုတ်ပြီးလို့ မီးဖိုခန်း သန့်ရှင်းရေး လုပ်တာ ဖြစ်ဖြစ် ဆရာတော် အရှင်ဆန္ဒာဓိက တရားတော်ထဲကလို နောက်လူတွေ သန့်သန့်ရှင်းရှင်းသုံးပါစေဆိုတဲ့ မေတ္တာစိတ်လေး ထားလိုက်တဲ့ခါ ကုသိုလ်စိတ်ရင်ထဲမှာကိန်းလို့ ဒါနဖြစ်လာပါတယ် ။ ဒီ အသိ ၊ ဒီသတိ လေးတွေ စိတ်သန္တာန်မှာ ကြာကြာစွဲ နေတဲ့ခါ သမာဓိ ဖြစ်လာရတာပါ ။

စိတ်ဆိုတာ အကြိမ်တိုင်း ၊ အကြိမ်တိုင်းမှာ တစ်စိတ်တည်းဖြစ်ပေါ် ပါတယ် ။ ကျွန်တော်တို့ တွေ လူ့ဘဝမှာ သတိကင်းပြီး နေတဲ့ခါ ... အချိန်တိုင်း ၊ အချိန်တိုင်းမှာ စိတ် က ကုသိုလ်စိတ် ၊ အကုသိုလ်စိတ် နဲ့ ကုသိုလ် အကုသိုလ်မှန်း မသိတဲ့ မောဟ စိတ်ဆိုပြီး ၃ မျိုး ထဲ ကနေ တစ်ခု မဟုတ် တစ်ခု ဖြစ်ပေါ် နေပါတယ် ။ အာနာပါန ရှုတဲ့ အပေါ်လေးမှာ တစက္ကန့် လေးဖြစ်ဖြစ် စိတ်ထား နိုင်မိတယ်ဆိုရင် ... အာနာပါန ဟာ ထွက်လေ ၊ ဝင်လေသာဖြစ်လို့ ငါသူတပါး ယောကျာင်္းမိန်းမ မဟုတ်တဲ့ အတွက် ကိလေသာစိတ်နဲ့ လွတ်ကင်းပါတယ် ။ ကုသိုလ် ၊ အကုသိုလ် ၊ မောဟ စိတ်တွေ နဲ့ လွတ်ကင်းပါတယ် ။ ကျွန်တော် တို့ ရဲ့ စိတ်ဟာ ပန်းသီး ဆိုရင် ၃ ပုံ တစ်ပုံသာကောင်းပြီး ၂ ပုံ ကပုပ်နေ ပါတယ် ။ အဲဒီ ၂ ပုံ တစ်ပုံ သာ ကောင်းတဲ့ ပန်းသီး ကို ကျွန်တော်တို့ ဟာ ပျော်ပျော်ကြီး မြိန်ရည် ယှက်ရည်စားသုံးနေပါတယ် ။ ပုပ်နေတဲ့ ပန်းသီး အသားတွေဟာ ခန္ဓာကိုယ်အတွက် အာဟာရမဖြစ်စေသလိုပဲ .. အကုသိုလ်စိတ် နဲ့ မောဟ စိတ်တွေဖြစ်ပေါ် နေသမျှ လူ့ဘဝ အတွက် ၊ သံသရာအတွက်ဆိုးကျိုးချည်းပါပဲ ။

အပေါ် မှာ ကျွန်တော်ရေးခဲ့ တဲ့ ကလေးဘဝက ရွှေတံခါးကြီးဖွင့်ပါဦးဆိုတဲ့ ကစားနည်းလေးလိုပါပဲ ။ ကျွန်တော်တို့ ဟာ သုံးပုံ တစ်ပုံ သာကောင်းတဲ့ ပန်းသီးပုပ်ထဲက မောဟ တွေကိုစားပြီး ... အပယ်တံခါး ကို ရွှေတံခါး ကြီးထင်ပြီး ...တွင်တွင် ဖွင့်ခိုင်းနေ ခဲ့ ကြတာပါ ။ အဲဒီ အပါယ်တံခါးကြီး ဖွင့် ဖို့ ကို စည်းစိမ်ချမ်းသာတွေ နဲ့ လဲ ခဲ့ကြတယ် ။ ရာထူး ၊ ဥစ္စာတွေ နဲ့ လဲ ခဲ့ ကြတယ် ။ ဒါပေမဲ့ အဲဒါ ဟာ ကျွန်တော်တို့ ထင်သလို ရွှေတံခါး ကြီးမဟုတ်ပါဘူး ။ မောဟကြောင့် ရွှေတံခါးထင်နေတဲ့ အပါယ်တံခါးကြီးပါပဲ ။ အဲဒီ အပါယ်
တံခါး ကြီး ပိတ် ဖို့ ၊ ကုသိုလ်စိတ် တွေနဲ့ သာ အသက်ရှင်သန်နေဖို့ က တော့ မြတ်စွာ ဘုရားနောက်ဆုံး စကားဖြစ်တဲ့ အပ္ပမာဒေန သမ္မာဒေထ ပါပဲ ။

-ရွှေတံခါကြီး ပိတ်ပါဦး
- မပိတ်နိုင်ဘူး
- ဘာဖြစ်လို့လဲ
-ကိလေသာတွေဖုံးလို့
- ရွှေနဲ့ငွေ နဲ့ လဲပါ့မယ်
- မပိတ်နိုင်ဘူးကွယ်
- ဥစ္စာပစ္စည်းနဲ့လဲပါ့မယ်
- မပိတ်နိုင်ဘူးကွယ်
-ရာထူးဂုဏ်နဲ့လဲပါ့မယ်
-မပိတ်နိုင်ဘူးကွယ်
-ဝိပဿနာနဲ့လဲပါ့မယ်
-ပိတ်မယ် ...ပိတ်မယ် ~~

အားလုံး သော မိတ်ဆွေ သူငယ်ချင်းများလည်း အချိန်ရရင် ရသလို ၊ သတိရရင် ရသလို အသက်များများ ရှုနိုင်ကြပါစေ ၊ အသိ သတိမြဲ လို့ အပါယ်တံခါး ပိတ်နိုင်ကြပါစေ ။

(ရုပ်ဆိုး)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>