- Category: သူ့အမြင်
- Published on Friday, 15 March 2013 11:24
- Written by လှရွှေ
စရိုက်ကြမ်းသော ကျေးတစ်ကောင် ဖြစ်လာပုံကို ရေးသားဖေါ်ကျူးထားသော ပုံပြင်တစ်ပုဒ် ဖြစ်ပါသည်။ ကလေးငယ်များကို လူလိမ္မာနှင့် ပေါင်းခြင်း ကြောင့် လူလိမ္မာ ဖြစ်လာနိုင်သကဲ့သို့၊ လူဆိုးများနဲ့ ပေါင်းမိလျှင် လူဆိုး သူခိုး ဖြစ်လာနိုင်ပုံကို ဥပမာ သာဓက ပေးထားသော ပုံပြင်လေး တစ်ပုဒ်ဖြစ်သည်။
မိခင်တစ်ဦးက မွေးသော ကျေးညီနောင်သည် အသွင်မတူသော ပတ်ဝန်းကျင်ကြောင့် အရောင် ပြောင်းသွားပုံကို တင်ပြထားသော ဇာတ်လမ်းကောင်း ၀တ္တုကောင်း တစ်ပုဒ်ဟုပင် ပြောရပါမည်။
ကျေးညီနောင်နဲ့ တူသော လက်တွေ့ဘ၀ထဲက ဖြစ်ရပ်လေးတခုကို တင်ပြချင်ပါသည်။ ၁၉၈၈ နောက်ပိုင်း တက္ကသိုလ် ကျောင်းတော်ကို ရောက်ခဲ့သော သူငယ်ချင်း နှစ်ဦးအကြောင်းဖြစ်သည်။ သဘာဝ မုန်တိုင်းကြောင့် လွင့်ပါသွားခဲ့ခြင်း မဟုတ်ဘဲ၊ မြန်မာ့နိုင်ငံရေး မုန်တိုင်းကြောင့် လမ်းကြောင်းကွဲခဲ့ရသော သူငယ်ချင်း နှစ်ဦးပင် ဖြစ်သည်။
၁၉၉၆ ခုနှစ် ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့လွန်တက်နေသော သူငယ်ချင်း နှစ်ဦးသည် ဒီဇင်္ဘာ (၆) ရက်နေ့ အရေးအခင်းအပြီး လမ်းကွဲသွားခဲ့ရသည်။ တစ်ဦးသော သူငယ်ချင်းက သူယုံကြည်သော နိုင်ငံရေးပန်းတိုင်ကို ရောက်ဖို့၊ လူထုတစ်ရပ်လုံးကောင်းစားမည့် နိုင်ငံရေး စနစ်မျိုးကို ဖေါ်ဆောင်ဖို့ အေးချမ်းသော တက္ကသိုလ်ရိပ်မြုံမှ ရောဂါဘယ ထူပြောသော နယ်စပ် ဒေသကို ရွေးချယ်ခဲ့သည်။
တစ်ဦးသော သူငယ်ချင်းက နိုင်ငံရေးစနစ် ဘာဖြစ်ဖြစ် သူနဲ့မဆိုင်။ သူမှန်းထားသော ပါရဂူဘွဲ့ရဖို့၊ သူ့မိသားစုကောင်းစားဖို့ကသာ ပဓါနဟု ဆုံးဖြတ်ရင်း တက္ကသိုလ်နယ်မြေမှာ ပညာသင်ကာ အစိုးရ ပညာဆုနှင့် နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုမှ ပါရဂူဘွဲ့ ရရှိခဲ့ပြန်သည်။ အစိုး၏ သတ်မှတ်ချက်ဖြစ် သော နိုင်ငံရေးနဲ့ ကင်းရှင်းကြောင်း ထောက်ခံမည့်လူ၊ ပါမောက္ခများ၏ ထောက်ခံချက်နှင့် အစိုးရ ပညာသင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သူ ဖြစ်သည်။
ထူးဆန်း တိုက်ဆိုင်စွာပင် အဆိုပါ သူငယ်ချင်းနှစ်ဦးသည် ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ထဲ၌ ပြန်လည် ဆုံဆည်းခဲ့ကြသည်။ ထူးဆန်းသည်မှာကား တစ်ဦးက ငြိမ်းချမ်းရေး ကိစ္စနှင့် မြန်မာပြည်ထဲ ရောက်နေခိုက် အမေရိကန် သမ္မတ အိုဘာမား မိန့်ခွန်းပြောမည်ကို တက်ရောက် နားထောင်ရန် သံရုံး၏ ဖိတ်ကြားချက်ကြောင့် ဘွဲ့နှင်းသဘင် ခမ်းမကို ရောက်လာစဉ်၊ သူငယ်ချင်း ကထိကလည်း အိုဘားမား မိန့်ခွန်း နားထောင်ဖို့ လာရောက်ခိုက် တွေ့ဆုံကြခြင်း ဖြစ်သည်။ အရောင်မတူသော မိတ်ဆွေ နှစ်ဦး ဆုံတွေ့မှုက စိတ်ဝင်စားစရာ ကောင်းလှသည်။ တစ်ဦးက ယုံကြည်ချက်နှင့် တောခိုကျောင်းသား၊ သူပုန် ဖြစ်ခဲ့သူ၊ တစ်ဦးက အစိုးရ ပညာသင်ဆုနှင့် ဒေါက်တာဘွဲ့ရပြီး တက္ကသိုလ်ထဲမှာ ကထိက ဖြစ်နေသူ။ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်တိုက်ခန်းကို ပိုင်ဆိုင်သူ ဖြစ်နေသည်။ သူပုန်ကျောင်းသားဟောင်းမှာကား တည်းခိုစရာ အိမ်မရှိ၊ တက္ကစီကိုပင် အနိုင်နိုင်ငှားစီးရသူ။
မတွေ့တာ ကြာပြီ ဖြစ်သော သူငယ်ချင်းနှစ်ဦးသည် ဦးချစ် လက်ဘက်ရည်ဆိုင်ဖက်ကို ခြေဦး လှည့်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောဖြစ်ကြသည်။ အိမ်ထောင်ရေး၊ စီးပွားရေး အကြောင်း ပြောဖြစ်ကြသည်။ ဒေါက်တာကြီးက သူလုပ်နေသော ကျူရှင်အကြောင်း ဘော်ဒါ ဆောင်အကြောင်း ပြောပြသည်။ သူ၏ တစ်နှစ်ဝင်ငွေမှာ သိန်းရာကျော် ဖြစ်ကြောင်း ပြောသည်။ ဤသို့ လုပ်နိုင်သည့်အချိန် လုပ်ထားမှ ကြီးလာလျှင် ထမင်းနပ်မှန်မှာ ဖြစ်ကြောင်း ပြောပြသည်။ ဘယ်ပညာရပ် စာတမ်းကိုမှ မရေးဖြစ်ကြောင်းကို ပွင့်လင်းစွာ ပြောပြသွားပြီး နောက်နောင် စာတမ်းတွေ ရေးဖြစ်အောင် ကြိုးစားမည်ဟုလည်း ပြောသေးသည်။
သူပုန် ကျောင်းသားဟောင်းကတော့ သူနေတာ ဒုက္ခသည် စခန်း၊ ဒုက္ခသည်စခန်းက ရသည့် ရိက္ခာကို မှီခိုနေသူဖြစ်ကြောင်း၊ မိသားစုရပ်တည်ရေးအတွက် စာပေ၊ ဆောင်းပါးတွေရေးရင်း၊ ဘာသာတွေ ပြန်ရင်း ရတဲ့ပိုက်ဆံနဲ့ ရပ်တည်နေရကြောင်း ပြောပြသည်။ သူမတောက်တခေါက် တတ်ထားသောပညာ ၊ လက်တွေ့ လူ့ဘ၀ထဲက ရလာသော အသိတွေနဲ့ ပေါင်းစပ်ပြီး ဆောင်းပါး ပေါင်း နှစ်ရာကျော်ရေးပြီးပြီ ဖြစ်ကြောင်းပြောပြရှာသည်။ မိတ်ဆွေနှစ်ဦး တွေ့ဆုံမှုက မျှော်မှန်း ထားသည်ထက် အချိန်တွေ ကြာခဲ့သည်။ ကျောင်းသားဘ၀ အကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖြစ်ကြ၊ ကျောင်းဆောင်နေခဲ့စဉ်က ဘ၀တွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖြစ်ကြသည်။ သို့သော် အရပ်ထဲမှာ သူတို့နှစ်ဦးအား သတ်မှတ်ပုံက ကွာခြားလှသည်။
တောတွင်းပြန် သူပုန်ကျောင်းသားကိုတော့ အရပ်ထဲက လူရာသိပ် မသွင်းချင်ကြ။ သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ လက်ရှိဘ၀မှာ သူပိုင်ဆိုင်တာ ဘာမှမရှိ။ သူပိုင်ဆိုင်ထားတဲ့ စွန့်လွတ်မှု၊ အနစ်နာခံမှု ၊ ရိုးသားမှုဆိုသည်မှာ သာမန်အရပ်သူတွေအတွက် နားမလည်နိုင်။ သူ့မှာ ကားမရှိ၊ အိမ်မရှိ၊ ပိုက်ဆံမရှိ။ အာဏာရှိသူ အပေါင်းအသင်းမရှိ။ သူ့ကို ဆရာခေါ်မည်သူမရှိ။ လက်ဘက်ရည်ဆိုင်မှာ အတူမထိုင်လိုသော မိတ်ဆွေတွေက တပုံတပင်။ ပိုက်ဆံရှင်းခိုင်းမှာ စိုးလို့ပင်ဟု ပြောရမည် ထင်သည်။
ကထိက ဒေါက်တာကို တွေ့တဲ့သူတိုင်းက ဆရာကြီးတမျိုး၊ ဒေါက်တာတဖုံ ခေါ်မည့်သူက တပုံတပင်။ သူ့မှာ ပိုက်ဆံရှိသည်၊ ကားရှိသည်၊ အာဏာရှိသူ မိတ်ဆွေရှိသည်။ ဂုဏ်ရှိသည်၊ အရပ်တကာတို့၏ သာရေးနာရေး အလှူငွေတွင် ရှေ့တန်းမှ ဦးဆောင်နေသူ။ တက္ကသိုလ် ပရ၀ုဏ် ကျောင်းသားစာရင်းဌာနမှ လုပ်ဖေါ်ကိုင်ဖက် စာရေးမကလည်း သူ့ကို တလေးတစားပင် ဆရာကြီးဟုပင် ခေါ်သည်။ အဝေးသင် တက်ရောက်မည့် ကျောင်းသားများ၏ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ရှာပေးသော စာရေးမလေးသည်လည်း ထိုကထိကကြီးနဲ့ ဝေစုတည့်နေကြသည်။ ထိုစာရေးမ ရှာပေးသော အဝေးသင်တက်မည့် ကျောင်းသား ထောင်ဂဏန်း၏ လိပ်စာနဲ့ ဖုန်းနံပါတ်သည် သူ၏ရတနာသိုက်ပင် ဖြစ်သည်။ ထိုကထိကကြီးသည် ပါမောက္ခ ဌာနမှူးနှင့် လည်း တည့်သည်။ အခါအားလျော်စွာ သီတင်းကျွတ်၊ နှစ်ဆန်းရက်များတွင် လက်ဆောင် အထုပ်သေး၊ အထုပ်ကြီးများဖြင့် ဦးခိုက်တတ်သည့် အတွက် သဘောကျခံရသူ ဖြစ်ပြန်သည်။ အဆင့်မြင့်ပညာ ဦးစီးဌာနတွင်လည်း သူ့၏နာမည်က မွှေးသည်။ နိုင်ငံရပ်ခြားမှ ပြန်လာ ကတည်းက မည့်သည့်အခါမျှ နယ်ဝေးကို ပြောင်းခြင်းမခံရသောသူ ဖြစ်နေပြန်သည်။
မြန်မာ့လူ့အဖွဲ့အစည်း၏ ပစ္စခတ် စံသတ်မှတ်မှုတွင် ရှေးဟောင်း ကျေးညီနောင်ပုံပြင်သည် ပြောင်းပြန် ဖြစ်ကုန်ပြီဟု ယူဆရသည်။ မိဘတိုင်းသည်လည်း သားသမီးများ၏ အလုပ်အကိုင်တွင် ၀င်ငွေကောင်းသော၊ အောက်ဆိုက်ကောင်းသော ဌာနများကိုသာ သဘောကျတတ်ကြသည်။ လာတ်စားသည်၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးသည်ကိုပင် ပျက်စီးသည်ဟု မမြင်တော့။ အများ မိုးခါးရေသောက်လျင် မိုးခါးရေ သောက်တတ်ရမည်။ မိုးခါးရေ၏ ချိုမြိန်သည့် အရသာကို ခံစားတတ်ရမည်။
ထိုမိတ်ဆွေနှစ်ဦးသည် အသက်ငယ်ရွယ်စဉ် အခါက ပြဌာန်းစာအုပ်ပါ ကျေးညီနောင် ပုံပြင်ကို အတူတူသင်ယူခဲ့သော မိတ်ဟာင်း၊ ဆွေဟောင်း၊ သူငယ်ချင်းဟောင်းများပင် ဖြစ်သည်။ လောက သမုတ္တိ သစ္စာတရားသည် ကာလနဲ့ အချိန်တို့ကို လိုက်ကာ ပြောင်းလဲနေသည်။ မည်သူသည် ကျေးမိုက်နဲ့တူသော၊ မည်သူက ကျေးလိမ္မာ ဖြစ်သည်ကို ပစ္စုပ္ပန် မြန်မာ့လူ့ဘောင်၏ ဆုံဖြတ်မှုသည် လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်ပျက်နေသော အမှန်တရား၊ အရှိတရားများပင် ဖြစ်နေပါသလောဟု တွေးချင့်စရာပင်။
http://maukkha.org/index.php/interview-maukkha/opinion-maukkha/3078-2013-03-15-11-24-52?fb_action_ids=434906769927551&fb_action_types=og.likes&fb_source=other_multiline&action_object_map={%22434906769927551%22%3A391889127585308}&action_type_map={%22434906769927551%22%3A%22og.likes%22}&action_ref_map=[] မှကူးယူဖော်ပြပါသည်။