by Thanda Win (Notes) on Tuesday, March 26, 2013 at 6:51pm
Image may be NSFW.
Clik here to view.
ခိုင်မာတောင့်တင်းသော စစ်တပ်မရှိပဲ စင်္ကာပူ မရှိနိုင်ချေ။ ( လီကွမ်ယု )
အစစ အရာရာမှာ စင်္ကာပူနဲ့တူချင်တဲ့ မြန်မာတွေကလည်း အားကျမခံပါပဲ။
တပ်မတော် အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည် တဲ့။
ထိပ်ဆုံးက စီးပွားရေးအကြောင်းတော့ တစ်ကွက်ချန်ခဲ့တာပေါ့လေ။
နားလည်ပေးနိုင်ပါတယ်။
တရုတ်ပြည်မှာ လူဦးရေ သန်း တစ်ထောင်ကျော်
အိန္ဒိယပြည်မှာ လူဦးရေ သန်းတစ်ထောင်ကျော်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်း ၁၇၀ ကျော်နဲ့ ကမ္ဘာ့အဆိုးဆုံး လူဦးရေပေါက်ကွဲမှုဖြစ်နေတဲ့ဒေသ
ဒီနိုင်ငံတွေကြားထဲက လူဦးရေ သန်း ၅၀ နဲ့ တောင်အာရှရဲ့ လက်ဆောင်မွန်၊ ဆီတိုင်ကီ မြန်မာပြည်မှာ စစ်တပ်ဟာ မရှိမဖြစ်ဆိုတာကို။
စစ်တပ်ကလည်းနားလည်ပေးရမယ်လေ။
တပ်ကို တင်ကျွေးထားရမယ့် ပြည်သူတွေကိုယ်တိုင် ထမင်းဝဖို့လိုတဲ့အကြောင်း။
ဦးပိုင်ကရှာကျွေးတာလဲ တကယ်စားရတာမှ မဟုတ်တာ။ နာမည်ပဲဟာ။
မြန်မာ့စီးပွားရေး ချွတ်ခြုံကျခဲ့တာ နှစ် ၅၀ ရှိပါပြီ။
ဆန်အိုးထဲမှာ ဆန်မရှိပဲနဲ့ အတူနေတာကြာလာတော့ အိမ်ကြက်ချင်းပဲ သတ်စားရတော့မလိုလို။
ဒါကြောင့်ပဲ ထမင်းတစ်နပ်လျှော့စားဖို့ ပြောတာလားတော့ မသိ။ လူနည်းသွားလေ ကောင်းလေမို့လား။
တပ်မတော်သားတစ်ဦးက စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ စစ်တပ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် အင်အားကြီးလာပါတယ် တဲ့။
တကယ်ဟုတ်ရဲ့လား။
အင်အားဆိုတာ ခေတ်မီလက်နက်တွေကို ခေါ်တာလား၊
လူအင်အားကို ခေါ်တာလား၊
ပြည်သူလူထုအတွက် အသက်စွန့်မယ့် စိတ်ဓါတ်တွေကို ခေါ်တာလား။
တကယ်ပဲ ရင်ဘောင်တန်းနိုင်ပါသလား။
မြင်သာတာတွေ အရင်ကြည့်ရအောင်ပါ။
မြန်မာ= Main battle tanks ၈၀၀ ။ Frigates ၄ ။ Combat Aircrafts ၁၂၈
ဘင်္ဂလားဒေ့ရှ် = Main battle tanks ၆၆၂။ Frigates ၅။ Combat aircrafts ၁၀၀
Image may be NSFW.
Clik here to view.
ထိုင်း = Main battle tanks ၅၅၂။ လေယာဉ်တင်သင်္ဘော ၁။ Frigates ၆။ Corvette ၅။ Patrol Boat ၁၀၉။ Combat Aircrafts ၁၄၄။ Attack Helicopter ၄။
အိန္ဒိယ = Main battle tank ၅၉၇၈။ လေယာဉ်တင်သင်္ဘော ၁။ Amphibious warfare ship ၆ ။ Cruiser ၀။ Destroyer ၁၈။ Frigate ၂၈။ Corvette ၃၆။ Patrol Boat ၅၄။ Nuclear submarine ၂။ Submarine ၁၈။ Combat aircraft ၁၀၈၀။ Attack helicopter ၁၄၀။ Nuclear weapon ၉၀-၁၀၀။
တရုတ် = Main battle tank ၉၀၀၀။ လေယာဉ်တင်သင်္ဘော ၁။ Amphibious warfare ship ၂၇ ။ Destroyer ၂၇။ Frigate ၄၈။ Corvette ၁၅။ Nuclear submarine ၁၀။ Submarine ၄၀။ Combat aircraft ၁၅၀၀။ Nuclear weapon ၂၄၀။
ကိန်းဂဏာန်းတွေမှာတင် စိတ်ပျက်စရာကောင်းနေပါပြီ။
အဲဒီပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းကို ထည့်မတွက်ရသေးပါဘူး။
မကြာသေးခင်က မြန်မာ့စစ်ရေယာဉ်ကြီး ထိုင်းနိုင်ငံဆိပ်ကမ်းကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးဆိုက်ကပ်တဲ့သတင်းမှာ ကစားစရာစက္ကူလှေကလေးဖြစ်မနေတာ တော်ပါသေးရဲ့။
လူအင်အားကကောတဲ့။
ဆရာသိန်းဖေမြင့်ကတော့ ရေးခဲ့ပါတယ်။ တရုတ်ပြည်က စစ်သားတွေ မြောက်ပိုင်းမှာ စုပြီး အပေါ့သွားရင်တောင် ငါတို့ မြန်မာပြည် ရေထဲမျောသွားမယ်တဲ့။
အားတက်စရာကြီး။ ဒါကြောင့် ကြောက်ရတယ်ပြောတာပေါ့။ တည့်တည့်ပြောတော့လဲ နားထောင်မကောင်းဘူးပေါ့လေ။
လူတိုင်းစိတ်ဝင်စားတဲ့ စစ်စားရိတ်ကို ကြည့်ပါဦး။
GDP ရဲ့ ၂၀ ရာနှုန်းကျော်ကို ရဲရဲတောက်အသုံးပြုနေတာ ဂုဏ်ယူစရာကြီး။ ပတ်ဝန်းကျင် အိမ်နီးချင်း ဘယ်နိုင်ငံမှ ၁၀ ရာနှုန်းမကျော်။ ပြထားတဲ့ မြေပုံမှာကြည့်ရင် အစိမ်းရောင်တွေကြားထဲမှာ ခရမ်းရောင်လေးဆိုတော့ ထင်ရှားပါ့။
ကိုယ်တိုင်စိတ်ဝင်စားမိတာကတော့ လတ်တလောကုန်ကျစားရိတ်ပါ။ ကချင်စစ်ပွဲမှာ အစိုးရဘက်က ဒေါ်လာ ၆၅ သန်းနဲ့ ကေအိုင်အေက ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ စုစုပေါင်း ဒေါ်လာ ၇၅ သန်းကို လက်နက်ရောင်းသူ ပေါက်ဖော်ကြီးအား အသက်ပေါင်းများစွာနှင့် တကွပူဇော်ခြင်းပေါ့လေ။ သာဓု၊ သာဓု။ နောက်လဲဝယ်ဦးနော်။
ဒါနဲ့ စကားမစပ် လည်၊ ဆည်ဝန်ကြီးက ထမင်းတစ်နပ်လျှော့စားပြီး ဆပ်ခိုင်းနေတဲ့အကြွေးက ကျပ်ငွေသန်းပေါင်း ၆ ထောင် ( ဒေါ်လာ ၇ သန်း ခန့်) ပါ။ လယ်သမားတွေကို နောက်ထပ် ၁၀ ခါ ချေးခိုင်းရင် စိတ်ဆိုးမှာလားဟင်။ သူတို့ကမှ ထမင်းရှင်အစစ်ပါ။ သူတို့သာ စပါးမစိုက်ရင် ငတ်လို့သေတာ ကြာ။
မိမိအဖွဲ့အစည်းကို တိုးတက်ခေတ်မီစေလိုတာ ကောင်းတဲ့ရည်ရွယ်ချက်ပါ။ ထားသင့်ထားအပ်တဲ့ စိတ်ထားပါ။
လက်နက်ကြီးတွေကောင်းရုံမက စိတ်ဓါတ်ကလည်း ပြည်သူထဲက ပြည်သူ့တပ်မတော် ဖြစ်ထိုက်တာပေါ့။
ဘာစိတ်ဓါတ်လဲလို့ အော်လိုက်ရင် အောင်ဆန်းစိတ်ဓါတ်လို့ ဖြေတယ်မို့လား။
ရင်ထဲကလာမှ စိတ်ထဲကပါမှ ကောင်းတာနော်။
အသက်ကိုစွန့်လို့ ကာကွယ်စောင့်ရှောက်ရသူများမှာ စွန့်ဝင့်လောက်အောင်လည်း အတုန့်အလှည့်ရသင့်တာပေါ့နော်။ မေတ္တာရှိမှ မေတ္တာလာတာကိုး။ ဆဲစာတွေ ရပ်ကြပါ။
ယုံမှတ်လို့ ပုံအပ်ကြရမယ့်ပြည်သူများအမြင်မှာလဲ အားကိုးလောက်ဖွယ် လေးစားမြတ်နိုးစရာပုံရိပ်တွေ ဖြစ်သင့်တာပေါ့။
အမှိုက်ကျုံးသမားကို ဘယ်သူအားကိုးမလဲ။ အကြမ်းဖက်သမားလာရင် သူထိပ်ဆုံးကပြေးမှာလေ။
တစ်နိုင်ငံလုံးကို အငတ်ထားတယ်ဆိုရင်တောင်မှ အသေခံတိုက်ရသူများကို ၀လင်အောင် ကျွေးမွေးစောင့်ရှောက်သင့်တာပေါ့လေ။
အခုတော့ ရှေ့တန်းမှာ စားရတဲ့ဆန်တွေအကြောင်း၊ နောက်တန်းမှာ ဝေတဲ့ရာရှင်တွေအကြောင်း၊ လမ်းပေါ်မှာမြင်တဲ့ စစ်ပြန်တွေအကြောင်း ကြားမကောင်း၊ ရှူမကောင်း။
ဒီတောင်ကို ဒီမောင်တွေနဲ့ ဘယ်လိုများကျော်မှာပါလိမ့်။
ပြန်မေးကြည့်ဦးမယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလဲ ဒီလိုပဲလား။
တစ်ခါတုန်းက တပ်မတော်သား ဗိုလ်မှူးဟောင်းတစ်ယောက်က ထိုင်းမြန်မာနယ်စပ်မှာ တိုက်ပွဲတွေဆင်နွှဲခဲ့တဲ့အကြောင်းတွေ လွမ်းမောဖွယ်ပြန်ပြောပြပါတယ်။ ထိုင်းစစ်သားတွေမှာ လက်နက်ကရိယာစုံလင်တဲ့အကြောင်း၊ ထမင်းချိန်ဆိုရင် ရဟတ်ယာဉ်တွေနဲ့ ထမင်းဗူးတွေ လာပို့တဲ့အကြောင်း၊ မြန်မာစစ်သားများကတော့ လက်တစ်ကမ်းဟင်းချိုလို့ ခေါ်ကြတဲ့ ရရာဟင်းရွက်များနဲ့ ချက်ပြုတ်စားသောက်ကြတဲ့အကြောင်း၊ ညအချိန်မှာ ထိုင်းနယ်စပ်ဖက်က မီးတွေထိန်ထိန်လင်းနေပေမယ့် ချောင်းကလေးသာခြားတဲ့ မြန်မာနယ်စပ်မှာတော့ မှောင်မဲနေပြီး မှိတ်တုတ်မှိတ်တုတ်မီးအိမ်ကလေးတွေသာ မြင်ရတဲ့အကြောင်းတွေပါ။
ထိုင်းစစ်သားများက မြန်မာစစ်သားများကို ခွင့်ပန်ထားတာက မင်းတို့ အထက်က တိုက်ခိုင်းတဲ့အခါ ငါတို့ကိုပြောပါ၊ ငါတို့ဆုတ်ပေးပါ့မယ် တဲ့။ အံ့သြမိလို့ ကြွားများကြွားနေသလားလို့တောင် ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းစစ်သားတွေဆိုတာ ပြည့်ပြည့်စုံစုံထောက်ပံ့ထားတာမို့ ပျော်စရာကောင်းတဲ့ဘ၀ကို အဆုံးမခံချင်ပါဘူးတဲ့။ မြန်မာစစ်သားများကတော့ သေမထူး၊ နေမထူး စိတ်ဓါတ်တွေကိန်းအောင်းနေတာမို့ တိုက်ဆိုတာနဲ့ အသေခံတိုက်တတ်ကြလို့ပါတဲ့။ အသက်ကို မက်မောတွယ်တာကြတာချင်းတူတာတောင် စွန့်လွှတ်မှုမှာ မတူကြရတဲ့အဖြစ်များနော်။ သတင်းစာထဲမှာ၊ အစိုးရချင်းဆွေးနွေးပွဲတွေမှာ ဘာတွေပဲပြောနေ ပြောနေ အောက်ခြေမှာတော့ ထိုင်းစစ်သားနဲ့ မြန်မာစစ်သားများဟာ ထမင်းထုပ်ချင်းတောင်လဲစားကြပါသတဲ့။ ဟောတော့ လို့သာရေရွတ်မိပါတော့တယ်။ သူတို့ကလည်း ကောင်းလွန်းတဲ့ထမင်းဗူးတွေကို ငြီးငွေ့၊ ကျွန်တော်တို့လည်း ငတ်နေတာကြာပြီဆိုတော့ အဆင်ပြေပါတယ်တဲ့။ ကြားဖူးလားဟင်။
မနှစ်တုန်းက ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်ရေးထားတဲ့ အိမ်တိုင်နွယ်ရစ်လယ် တောဖြစ်လေသောအခါ ဆိုတဲ့ စာစုလေးထဲမှာ ဖတ်ရပါတယ်။
ငြိမ်းချမ်းရေးမရခင်တုန်းကတော့ တံတားတစ်စင်းတွေ့ရင် ဒါကို ဖျက်ပစ်ဖို့ ယမ်းဘယ်လောက်သုံး ရမလဲဆိုပြီး စတွေးတာဗျ။ အခုတော့ တံတားတစ်စင်းဆောက်ဖို့ ဘိလပ်မြေဘယ်လောက်၊ သံချောင်းဘယ်လောက် ကုန် မလဲဆိုတာ တွေးနေရပြီ တဲ့။
ဖျက်ခြင်းနဲ့ တည်ခြင်း ဘယ်ဒင်းက သာပါလဲ။
အထက်အမိန့်အရ လက်နက်ကိုင်ပြီး ပစ်ခတ်သတ်ဖြတ်ရပေမယ့်လည်း နောက်ဆုံးမှာတော့ လူဟာလူပါပဲလေ။
အားနာနာနဲ့ မေးတော့မေးကြည့်ပါရစေ။
တိုင်းပြည်တပြည် ပြန်ဆောက်ဖို့ဆိုရင်ကော။ ဘယ်လောက်ကုန်မှာလဲဟင်။
အိမ်တိုင်နွယ်ရစ်လယ် တောဖြစ်သွားတာ ရွာငယ်လေးမှ မဟုတ်တာပဲလေ။
( ဓါတ်ပုံများကို ဂူးဂဲမှ ကူးပါသည်။ )
Clik here to view.

military expenditure with GDP
ခိုင်မာတောင့်တင်းသော စီးပွားရေးမရှိပဲ ခိုင်မာတောင့်တင်းသော စစ်တပ်မရှိနိုင်၊ခိုင်မာတောင့်တင်းသော စစ်တပ်မရှိပဲ စင်္ကာပူ မရှိနိုင်ချေ။ ( လီကွမ်ယု )