“ခွေးဖြူလေးပုံပြင်”
တစ်ခါက အများအကျိုး သယ်ပိုးချင်တဲ့ ခွေးဖြူလေး တစ်ကောင်ရှိသတဲ့။
အဲဒီခွေးလေးဟာ တစ်နေ့မှာတော့ စိုက်ခင်းလုပ်လို့ကောင်းတဲ့ မြေကွက်ကြီးကိုတွေ့ပါသတဲ့။ သို့ပေမယ့် မြေကွက်ကြီးအလယ်မှာ အဆိပ်ပင်ကြီးက မိုးထားနေတော့ ပျိုးပင်ပေါက်လေးတွေ လောင်းရိပ်မိပြီး ဘယ်အပင်မှ မရှင်သန်နိုင်ဖြစ်နေတာပေါ့။
ဒါနဲ့ ခွေးဖြူလေးကလည်း အများအကျိုး ဆောင်ရွက်ချင်သူဖြစ်လေတော့ အဲဒီ အဆိပ်ပင်ကြီးကို ခုတ်လှဲဖို့ ကြိုးစားရှာတာပေါ့။ ဒါပေမယ့် အဆိပ်ပင်ကြီးက သက်တမ်းကကြာ၊ အမြစ်က ခိုင်နေတော့ တော်ရုံနဲ့ လှဲမရဘူးပေါ့ကွယ်။
ခွေးဖြူလေး ကြိုးစားပြီး အဆိပ်ပင်ကြီးကို လှဲနေတာ မြင်ကြတဲ့ ဘေးက တိရိစ္ဆာန်လေးတွေလည်း “ဟာ၊ တို့အတွက် အဆိပ်ပင်ကြီးကို ခုတ်လှဲဖို့ ကြိုးစားနေတာပဲ” ဆိုပြီး ခွေးဖြူလေးကို အစာတွေကျွေးကြ၊ ရေတွေတိုက်ကြနဲ့ပေါ့။
ဒါပေမယ့် အပင်ကြီးကတော့ မလဲပါဘူး။ ခွေးဖြူလေးမှာတော့ အပင်ကြီးမလဲတာကို ကြည့်ပြီး၊ စိတ်လည်းပျက် ဒေါသလည်းထွက်နဲ့ အဆိပ်ပင်ကြီးကို ဆဲလိုက်၊ ဟောင်လိုက်၊ တံတွေးနဲ့ ထွေးလိုက်တောင် လုပ်မိပါသတဲ့။
အဲလို တံတွေးနဲ့ ထွေးလေလေ၊ ဘေးက တိရိစ္ဆာန်လေးတွေက သူ့ကို အစာကျွေးလေလေပေါ့။ အစပထမတော့ အပင်လှဲဖို့ ကြိုးစားတာများများ၊ တံတွေးထွေးတာနည်းနည်းပေါ့။ နောက်ကျတော့ အပင်လှဲရတာကမောတာကိုး၊ တံတွေးနဲ့ ထွေးတာက များများဖြစ်လာတာပေါ့။
ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ ခွေးဖြူလေးလည်း အသက်တွေဘာတွေကြီးလာခဲ့တယ်။ အပင်ကြီးကို တံတွေးထွေးလိုက်၊ သူများတွေလာကျွေးတဲ့ အစာစားလိုက်လုပ်နေတုန်းပဲတဲ့။
တစ်နေ့မှာတော့……
အိုမင်းလှပြီဖြစ်တဲ့ အဆိပ်ပင်ကြီးလည်း သူ့ဘာသာသူ အမြစ်ဆွေးပြီး သေသွားပါလေရော။ သူ့ကို အစာကျွေးခဲ့တဲ့ တိရိစ္ဆာန်လေးတွေလည်း စိုက်ခင်းလုပ်ဖို့ ပြင်ကြဆင်ကြနဲ့ အလုပ်တွေရှုပ်ကြပြီပေါ့။
ခွေးဖြူလေးကတော့ ဘာလုပ်နေလဲ။
အစာစားရနှိုးနဲ့ အဆိပ်ပင်ကြီး ရှိခဲ့တဲ့နေရာကို တံတွေးနဲ့ ထွေးနေတုန်းပဲတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ေိေိ