………..
“ ဒုက္ခဟာ ပျားရည်စက်လို ချိုမြိန်တယ် …”
“ ချစ်ဖူးတယ်…ချစ်ဖူးတယ်.. ကိုယ်မလွယ်ဘူး ရူးနိုင်တယ် …”
“ တော်ပါတော့ရှင် နာကိုညီးလာပြီ။ သံစဉ်မရ စာသားမရနဲ့ ဆိုနေလိုက်တာ ”
ကျွန်တော်ရဲ့ပင်တိုင် ပရိသတ်ဖြစ်တဲ့ ကျွန်တော့်မိန်းမက အားပေးတာနဲ့ ဆိုနေတာကို ရပ်လိုက်တယ်။
ဘာရယ်မဟုတ်ပါဘူး အလုပ်ထဲမှာ စိတ်ခုစရာလေးတွေဖြစ်လာလို့ အိမ်ရောက်မှ ဟစ်အော်ကြည့်လိုက် တာပါ။
……………
တစ်ခါတုန်းက လူတစ်ယောက်ဟာ မတော်တဆ တွင်းထဲကို ပြုတ်ကျသွားတယ်။
ကျကျခြင်းပဲ မှီရာကို လှမ်းဆွဲလိုက်တော့ သစ်ကိုင်းစတစ်စကို ဆွဲမိလိုက်တာ။ သူဟာ တွင်းရဲ့ အောက်ဆုံးထိ ပြုတ်မကျသေးပဲ တန်းလန်းဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ သစ်ကိုင်းစထွက်လာရာ သစ်ပင် ဘေးက အပေါက်ကနေ ကြွက် တစ်ကောင်ထွက်လာသတဲ့။
အဲဒီကြွက်က သူကိုင်ထားတဲ့ သစ်ကိုင်းကို တစ်စခြင်း၊ တစ်စခြင်း ကိုက်ဖြတ်နေလေရဲ့။ သူဆွဲလိုက်တဲ့ အပင်ကိုင်းမှာ ပျားအုံတစ်အုံက စွဲနေသေးသတဲ့။ ပျားအုံက ပျားရည်စက်ဟာလည်း တစ်စက်ခြင်းစီ အောက်ကိုကျ နေတယ်တဲ့။
တွင်းထဲကျတဲ့လူက ပျားအုံကကျလာတဲ့ ပျားရည်စက်ကို ပါးစပ်လေးဟပြီး လျှာလေးနဲ့ခံပြီး လျက်နေ သတဲ့။ တဖြည်းဖြည်းနဲ့ သစ်ကိုင်းကလည်း ပြတ်ဖို့နီးလာသလို ပျားရည်စက်ကို အဲဒီလူကလည်း အရသာခံနေ တုန်းပဲတဲ့။
…………….
မင်းဒုက္ခကိုသိသလား။ ဟာသိတာပေါ့။ ဒုက္ခဆိုတာ မတောင်းပဲပြည့်နေတဲ့ဆုပဲ။ လူတိုင်းရနေတာပဲ မဟုတ်လား။ မွေးကတည်းက ဒုက္ခက ကိုယ်နဲ့ ကပ်ပါလာပြီးသား။
ဒီတော့ ဒုက္ခက ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံး အမြဲယှဉ်တွဲ ပါမြဲပါလျက်ပဲလေ။
မခွဲတူယှဉ်ဆိုတော့ ဒုက္ခကိုချစ်သလား။ လိုချင်သလား။ ကြံကြီးစရာ။ ဒုက္ခကို ချစ်ရမယ်လို့။ မချစ်ပါဘူး။ မလိုချစ်ပါဘူး။
ကျွန်တော်တို့တွေက ပြောတဲ့ ဒုက္ခမလိုချင်ပါဘူး။ မရချင်ပါဘူးတဲ့။ ပြီးတော့ လုပ်လိုက်တော့ ဒုက္ခ ရကြောင်းတွေကြီးပဲ။ ပြီးတော့ ဒုက္ခကို ဒုက္ခမှန်းသိသလားဆိုတော့ တကယ်မသိပြန်ဘူး။
ခလုတ်လေးတိုက်မိလို့ ဒုက္ခ၊ ဒုက္ခ။ နာရေးလေးများဖတ်မိလိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုပြီးတောင် ရွတ်လိုက်ပါသေးတယ်။
ဒုက္ခ= ဆင်းရဲခြင်း တဲ့။ ဆင်းရဲတာ ဒုက္ခဆိုတော့ ချမ်းသာတာ ဘယ်ဒုက္ခလို့ ထင်ပါ့မလဲနော်။
မိမိကိုယ်ပိုင် ငွေစက္ကူတွေနဲ့ စားဟယ်၊ သောက်ဟယ်၊ ၀ယ်ဟယ်လုပ်နေရရင် ဒုက္ခလို့ထင်သလား။ မိန်းကလေးတစ်ယောက် မိုးလင်းကတည်းက သနပ်ခါးလိမ်း၊ မိတ်ကပ်ခြယ်၊ နှုတ်ခမ်းနီဆိုးဆိုတဲ့ များပြားလှတဲ့ အလှပြင်ခြင်း ကိစ္စတွေကို လုပ်နေပြီဆိုရင် နင် ဒုက္ခရောက်ပြီလို့ ပြောရင် ထရိုက်ချင်ရိုက်မယ်ထင်ပါတယ်။
နင်က လှလိုက်တာဆိုမှ သူစိတ်ချမ်းသာမယ်မဟုတ်လား။ အဲဒီလို စိတ်ချမ်းသာနေတာက ဒုက္ခရောက် နေတာလို့ ပြောရင်လက်ခံနိုင်ဖွယ်ရှိပါ့မလား။
ပစ္စည်းဥစ္စာဆင်းရဲသူတွေ၊ ငွေကြေးဆင်းရဲသူတွေက ဒုက္ခအကြောင်းတော့ ကောင်းကောင်းသိတယ်။ ငွေ ရှာရတဲ့ ဒုက္ခ၊ စားဝတ်နေရေးအတွက် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းရတဲ့ ဒုက္ခ။ ဒါတွေက မျက်မြင်ကိုယ်တွေ့ လောကီ ဒုက္ခတွေမဟုတ်လား။ ဒါကရော ဒုက္ခအစစ်ဆိုပြီး ဒုက္ခငြိမ်းရာ လုပ်မိကြပါရဲ့လား။
……………..
တစ်ခါတုန်းက မင်းတုန်းမင်းတရားကြီးဟာ သင်္ဂဇာဆရာတော်အပါအပင် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်တော်မူပါတယ်။ ဆွမ်းဆက်ကပ်ပြီး စကားစမြည်ပြောရင် မင်းတရားကြီးက ဆရာတော်များကို လျှောက်ထားတယ်။
“ တပည့်တော်ဟာ ရတနာ ရွှေငွေ၊ ဆန်ရေစပါး၊ ကျွဲ၊ နွား၊ မြင်းသင်းပင်းကျေးကျွန် ခြွေရံပရိသတ် အရပ်ရပ်တို့သည် ကောင်းမြတ်သော ကုသိုလ်ပါရမီ ကူညီထောက်ပံ့၍ ဖြစ်လာသဖြင့် ချမ်းသာဟု ခေါ်သမုတ်ကြ သော်လည်း ၀ဋ်သုံးဝအတွင်း၌ စာရင်းအပါအ၀င်ဖြစ်၍ စင်စစ်မုချမှာ ဒုက္ခပင်ဖြစ်ပါသည်။ ”
“ သို့အတွက် ယခုတပည့် တော်အစိုးရသော တိုင်းပြည်ကျေးလက် ခရိုင် နိုင်ငံနှင့်တကွ မိဖုရားမောင်းမ မိဿံ အရံထီးနန်းစသော စည်းစိမ်ချမ်းသာ ဟူသမျှမှာလည်း ဒုက္ခဟူ၍သာ စိတ်ရှုတ်ခြင်း အတိသာ ဖြစ်ပါသည် ဘုရား ”
အဲဒီအခါ တခြားသော ဆရာတော်တွေက တိတ်ဆိတ်နေသော်လည်း သင်္ဂဇာဆရာတော်က ပြန်လည် ပြောကြားပါတယ်။
“ ဒကာလေးလျှောက်ထားသော စကားသည် ဘုရားဟောကျမ်းဂန်နှင့် သင့်မှန်ညီညွတ်သော စကားဖြစ်ပါ သည်။ သို့ရာတွင် သူတစ်ပါးကြားက သည်လို ဒုက္ခမျိုး တက်တိုးတို့ ခံစားချင်ပါဘိ ဆိုတာလို ဖြစ်နေလိမ့် ” ဟု မိန့်ကြားပါတယ်။
ဒါနဲ့ မင်းတရားကြီးက ဥပမာစကားထင်ရှားအောင် ဟောတော်မူဖို့ လျှောက်ထားပါတယ်။ ဆရာတော်က
“ အရှင်ကောဏ္ဍညမထေရ်မြတ်၏ တူသားအမျိုးဖြစ်တဲ့ တက်တိုးဆိုသော ကျောင်းသား မထေရ်မြတ်ရဲ့ အနီးမှာ ပြုစုလုပ်ကျွေးနေပါတယ်။
တစ်နေ့ မထေရ်မြတ်၏ ဒါယကာတစ်ဦးက မထေရ်မြတ်ကိုအထူးကြည်ညိုလှလို့ ချိုမြိန်ပြီးအရသာရှိတဲ့ နွားနို့ကို စီရင်ပြီး ကပ်လှူသတဲ့။ မထေရ်မြတ်က နွားနို့ကို အဆောတလျင်ဘုန်းမပေးသေးဘဲ ဖြည်းဖြည်းလက်ပေါ် တင်ပြီး ပစ္စေဝေက္ခဏာ ဆင်ခြင်ပြီး သြော် ဒုက္ခ.. ဒုက္ခဟု နှုတ်ကဆိုပြီး ဘုန်းပေးသတဲ့။
ဒါကိုမြင်ကြားရတဲ့ တက်တိုးက “ အရသာရှိသော နို့ကို သောက်ရမည့်အရေးကိုများ ညည်းနေရ သေးတယ်။ သည်လို ဒုက္ခမျိုးကို တက်တိုးတို့ ခံစားချင်လှပါဘိ ”လို့ပြောသတဲ့ ဒကာရဲ့။
………….
ငွေမရှိတော့ပြီဆိုရင်၊ နာမကျန်းဖြစ်ပြီဆိုရင်၊ ထိခိုက်ရှနာလေးဖြစ်ပြီဆိုရင် ဒုက္ခ၊ ဒုက္ခနဲ့ ရေရွတ်သလောက် ငွေယားလေးများလက်ထဲရှိလာပြီ၊ ကျန်းမာရေးကလည်း စိတ်သွားတိုင်းကိုယ်ပါပြီဆိုရင်တော့ ဒုက္ခဆိုတာ ချိုနဲ့လား လို့တောင် ကျွန်တော်တို့ မေးမိမယ်ထင်တယ်။
ဘာလို့လဲဆိုရင် ကျွန်တော်တို့က ခန္ဓာရဲ့ဒုက္ခ အစစ်တရားကို မသိပါဘူး။ မမြင်ပါဘူး။
ဒုက္ခချုပ်ငြိမ်းရာလမ်းကို သိသလိုလို စမ်းတ၀ါးဝါးနဲ့ လျှောက်လည်းမလျှောက်ဘူးလေ။ မလျှောက်တာ လည်း ဘ၀ရဲ့ ဒုက္ခ၊ သံသရာမှကျင်လည်ရခြင်း ဒုက္ခ၊ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခကို မသိလို့လေ။
ဒုက္ခသစ္စာအနက် ၄ ချက်ထဲမှာ ပိဌနဋ္ဌော- မိမိကိန်းရာ၊ သတ္တ၀ါဝယ်၊ သုံးဖြတ် ဒုက္ခ၊ ဖြစ်ပေါ်ကြလျက် ဒုက္ခ ဖြတ်ရိတ်၊ ကြောင်းနိမိတ်ဖြင့်၊ ကြိတ်ကြိတ်နင်းနင်း၊ နှိပ်စက်ခြင်းဆိုတဲ့ အနက်သဘောတစ်ချက်ပါဝင်ပါတယ်။
လူဖြစ်ရင်၊ လူ့ ဒုက္ခ၊ နတ်ဖြစ်ရင် နတ် ဒုက္ခ၊ ခွေးဖြစ်ရင် ခွေးဒုက္ခတွေကို ခံစားရမှာအမှန်ပဲ။ ဘ၀နဲ့ယှဉ်တွဲပြီး ဒုက္ခက အမြဲကြိတ်ကြိတ်နင်းနင်း၊ နှိပ်စက်ခြင်းရှိနေမှာပါပဲ။
ဒီတော့ ဒုက္ခလွတ်ကြောင်း၊ ဒုက္ခချုပ်ကြောင်း၊ ဒုက္ခငြိမ်းကြောင်း လမ်းကို နင်းလျှောက်တော့မည်လား။
…………..
“ဒုက္ခဟာ ပျားရည်စက်လို ချိုမြိန်တယ် ”
“ လာပြန်ပြီလား။ ရှင်တော့ တော်တော် ဒုက္ခရောက်ချင်တယ်နဲ့တူတယ် ”
မိန်းမဖြစ်သူက ကျွန်တော်သီချင်းဟရုံရှိသေး ပိတ်ပြီးပြောလိုက်တာကြောင့် ကျွန်တော် အပြင်ကို လှစ်ထွက်ခဲ့တယ်။
စိတ်ထဲကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင် ကို သတိရလိုက်မိ သေးတယ်။
“ဒုက္ခနဲ့ ကျွန်တော်ကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်မည်သား ” ပေါ့။
သြော် ချစ်ရပါသော (မကြည်ပြာမဟုတ်ပါ) ဒုက္ခရယ်ပေါ့။

မောင်ပိုင်
၂၈-၇-၂၀၁၃။
— with Thanda Win and 21 others.