ဒုက္ခရောက်သူ ၀ိုင်းလို့ကူ ထပ်တူကောင်းကျိုး ဆပွားတိုး
ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ တပ်မတော်သား တစ်ဦးပါ။ ကိုယ်တွေ့ ဖြစ်ရပ်လေးတစ်ခုကို ပြောပြချင်ပါတယ်။
ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ တပ်မတော်သား တစ်ဦးပါ။ ကိုယ်တွေ့ ဖြစ်ရပ်လေးတစ်ခုကို ပြောပြချင်ပါတယ်။
ပဲခူးတိုင်းဒေကြီးအတွင်းမှာရှိတဲ့ မြို့နယ်လေးတစ်ခုရဲ့ တပ်တစ်တပ်မှာ ကျွန်တော့်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေစဉ် တစ်နေ့ ည ၈ နာရီခွဲလောက်မှာ မြို့ထဲကို ဆိုင်ကယ် လေးစီးပြီး ထွက်အလာ ဝေါဘုရားကြီး ကားလမ်းပေါ်အရောက် အသက် ၄၅ နှစ်အရွယ် ၀န်းကျင်လောက်ရှိတဲ့ လူတစ်ဦး တုန့်နှေးနှေးနဲ့ လမ်းလျှောက်နေတာကိုတွေ့လို့ ဆိုင်ကယ်လေး ရပ်ပြီး ဘယ်သွားမလဲလို့ မေးကြည့် လိုက်ပါတယ်။ အဲတော့ သူက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့က လာတာဖြစ်ပြီးတော့ မြ၀တီမြို့ကို သွားမယ် လို့ ပြောပါတယ်။ မင်းဘူးကနေပြီး ခြေလျင် လမ်းလျှောက်လာတာ ရက် ၂၀ လောက်ရှိပြီး လမ်းတစ်လျှောက် ဘုန်းကြီးကျောင်းတွေမှာ တည်းခိုစားသောက်ကာ ဆက်သွားနေတယ်လို့ ပြောပါတယ်။ ကျွန်တော်လဲ အဲဒီ ပုဂ္ဂိုလ်ကို စာနာသနားမိလို့ ဝေါမြို့ကို ဆိုင်ကယ်နဲ့လိုက်ပါပို့ဆောင်ပေးပြီး သူ့လက်ထဲ ကားခနဲ့ ထမင်းဖိုး ၃၀၀၀ ပေးကာ မြ၀တီမြို့ကို ထွက်မဲ့လိုင်းကားပေါ် တင်ပေးပြီး ကျွန်တော်လဲ ဆက်ထွက်လာခဲ့ပါတယ်။
ကျွန်တော့်မိတ်ဆွေ အသိအိမ်ကိုရောက်တော့ အတော်နောက်ကျနေပါပြီ။ မိတ်ဆွေကို လမ်းခရီးမှာကြုံတွေ့ခဲ့ရတဲ့ ဖြစ်အပျက်လေးကို ပြောပြပြီး နောက်ကျသွားကြောင်းပြောဆိုလိုက်တော့ မိတ်ဆွေ တစ်ယောက်က “စစ်သားတွေက ဒီလိုရော ကူညီတတ်ကြလို့လား” မေးတော့ ကျွန်တော်က “စစ်သားလဲ လောကနီတိကို လေးစားလိုက်နာတတ်ပါတယ်။ ကူညီခြင်း၊ မကူညီခြင်းဆိုတာက လူတွေအပေါ်မှာထားတဲ့ လူသားဆန်တဲ့ စိတ်ဓာတ်ကလေးပါပဲ။ ကူညီခြင်းမှာ စစ်သား၊ အရပ်သားခွဲခြားမထားပါဘူး။ စစ်သားလဲလူပါပဲ။ စစ်သားလဲ လူသားဆန်ဆန် ကူညီသင့်တဲ့နေရာမှာ ကူညီရမှာပါပဲ” ကျွန်တော်က အဲလိုပြောလိုက်တော့ မိတ်ဆွေ က “လမ်းမှာတွေ့တယ်ဆိုတဲ့ လူတိုင်းကိုတော့ မကူညီသင့်ဘူး။ လူကောင်းလဲ ဖြစ်နိုင်သလို လူဆိုးလဲဖြစ်ရင် ဖြစ်နေနိုင်တယ်။ ကူညီတယ်ဆိုပေမဲ့ လူဆိုး၊ လူကောင်းက ခွဲခြားရခက်တယ်။ ကိုယ့်ကိုပြန်ပြီးဒုက္ခပေးရင် အခက်ဖြစ် နေဦးမယ်။ ကိုယ်က ကူညီလိုက်တယ်ဆိုပေမဲ့ စေတနာအမှားမျိုးလဲ ဖြစ်ရင်ဖြစ်သွားနိုင်တယ်လေ” ဟု မိတ်ဆွေက စိုးရိမ်ပူပန်စွာ ပြောပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ နောက်တစ်နေ့ နံနက် ဂျာနယ်တစ်စောင်မှာ သတင်းတစ်ပုဒ်ကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ အမျိုးသမီးတစ်ယောက်ကလမ်းမှာတွေ့တဲ့အဖွားအိုတစ်ယောက်ကို လမ်းကြုံလို့ဆိုင်ကယ် ပေါ်တင်ပြီးခေါ်သွားရာကလမ်းမှာ ဆိုင်ကယ်ဆောင့်ပြီး ပြုတ်ကျသေဆုံးသွားလို့ တာဝန်ရှိသူတွေက အဲဒီ အမျိုးသမီးကို ရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်းနဲ့ လူတိုင်းကို ကူညီပေးဖို့မသင့်ကြောင်း၊ အခန့်မသင့်ရင် ကိုယ့်ကိုပါပြန်ပြီး အမှုပတ်လာနိုင်ကြောင်း ရေးသားဖော်ပြ ထားတာကိုတွေ့ရပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ပြီးကျွန်တော်ကိုယ်တိုင် အလျဉ်းသင့်ရင် သင့်သလို အခါအားလျော်စွာ လမ်းကြုံတွေ့တိုင်းကူညီပြီး ဆိုင်ကယ်နဲ့တင်ဆောင်သွားတတ်တဲ့ ကျွန်တော့်ရဲ့ လုပ်ရပ်ကို သေချာ ပြန်စဉ်းစားရပါတော့မယ်။
နောက်သေချာပြန်စဉ်းစားကြည့်တော့မှ ကောင်းတဲ့အလုပ်လုပ်တာပဲ၊ ကောင်းတာကိုလုပ်လို့ အကုသိုလ် ဖြစ်တယ်ဆိုတာ မရှိနိုင်ပါဘူး။ အတိတ်ဘ၀ရဲ့ ကံ အကြောင်းတရားကြောင့်သာ အခုဘ၀မှာ ကောင်းတာကို လုပ်ပေမဲ့ ရှေးဘ၀ရဲ့ အကျိုးဆက်ကိုခံစားနေရတယ်လို့ပဲ ထင်မြင်ယူဆ မိပါတယ်။ ဒါကြောင့်လဲ ကိုယ်တတ်နိုင် သလောက် ကုသိုလ်အလုပ်တွေ များများလုပ်ဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့ ဘာကိုဆိုလိုချင်တာလဲ ဆိုတော့ တစ်ချို့စာပေတွေက လူကို အဆိပ်အတောက် ဖြစ်စေပါတယ်။
အဲဒီလို စာအဆိပ်အတောက်မဖြစ်စေဖို့၊ စာအဆိပ်မသင့်စေဖို့ စာရေးသူတွေ၊ စာစောင်ဖြန့်ချိသူတွေ ဘက်က သတိတရားနဲ့ ဆင်ခြင်တတ်ဖို့လိုပါတယ်။ စာဖတ်သူတွေဘက်ကလဲ ဓမ္မဓိဌာန်ကျကျ စဉ်းစားနိုင်ပါမှ အကျိုးတရား၊ အကြောင်းတရား ဆက်စပ်ဆင်ခြင် တွေးတောပြီး ပရဟိတ လုပ်ငန်း တွေကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်လို့ တင်ပြလိုက်ပါရစေ။
Ko Ye