Quantcast
Viewing all articles
Browse latest Browse all 1811

လာရီဂျေဂင်၊ အနာဂတ်အမြင်နှင့် ၂၀၁၅ - အလွန်

 
ဒေါက်တာ နေဇင်လတ်

ယခုနှစ် (၂၀၁၃) ဇူလိုင်လအတွင်း ထွက်ပေါ်လာသော မြန်မာ့အနာဂတ် ဆိုင်ရာ နိုင်ငံရေးသတင်း များသည် ပြည်သူတို့၏ စိတ်ဝင်စားမှုကို ကြီးမားစွာ ဖမ်းစားနိုင်ခဲ့ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တစ်စိုက် မတ်မတ်ရေးသားခဲ့သော Larry Jagan ၏ ၂၀၁၅ အလွန် သုံးသပ်ချက်ပါ အမေး အဖြေကို The Messenger တွင် ထည့်သွင်းဖော်ပြနိုင်ခဲ့သဖြင့် လူစိတ်ဝင်စားမှု အတော်များခဲ့သည်ဟု သိရသည်။ ထိုမတိုင်ခင်က ပြည်ပ ခရီးစဉ်များတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် NLD ဥက္ကဋ္ဌနှစ်ဦးလုံးက မြန်မာနိုင်ငံ၏ အနာဂတ်တွင် သမ္မတဖြစ်လိုကြကြောင်း ထုတ်ဖော်ပြောကြား ခဲ့ခြင်းမှစ၍ မြန်မာနိုင်ငံတွင်း မှာ သာမက အချို့သော နိုင်ငံများမှာတွင်ပင် စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါသည်။

လာရီဂျေဂင်၏ သုံးသပ်ချက်

မြန်မာနိုင်ငံနှင့် ထဲထဲဝင်ဝင် အဆက်အစပ်ရှိသော၊ မြန်မာနိုင်ငံအတွင်းမှ သတင်းများကို ကောင်းစွာ ရယူနိုင်ထားသောကြောင့် လာရီဂျေဂင်၏ ဆောင်းပါးများကို အပျော်ဖတ်အဖြစ် သဘောထား၍ မရသည် ကတော့ သေချာသည်။ သူ၏ သုံးသပ်ချက်များမှာ ရာနှုန်းပြည့်မှန်ကန်ရမည်ဟု တထစ်ချ ယူဆ၍ မရနိုင်သော်လည်း မြန်မာ့နိုင်ငံရေး အခြေအနေနှင့် အဓိကပလေယာများ (ဇာတ်ကောင်များ) အကြောင်း ကောင်းကောင်း သိထားသူ ဖြစ်သဖြင့် ရာနှုန်းအတော်အသင့် မှန်ကန်နိုင်သည်ဟုတော့ ယူဆနိုင်ဖွယ်ရာရှိ သည်။ ယခင် သူ၏ ဆောင်းပါးများ၊ အင်တာဗျူးများကို ခြုံငုံသုံးသပ်လျှင် ရာနှုန်းထက်ဝက်ကျော်မျှ လောက်ကတော့ လက်ခံနိုင်ဖွယ် ရာရှိသဖြင့် သူ့ဆောင်းပါးပါ အချက်အလက်တချို့မှာ ဦးနှောက် အလုပ်ပေး (Brain Storming) ရာတွင်တော့ ထည့်သွင်းစဉ်းစားနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံရေး အဓိက ဇာတ်ကောင်များနှင့် အချို့တိုက်ရိုက် အဆက် အသွယ်၊ အချို့ တစ်ဆင့်ခံ အဆက်အသွယ်၊ သတင်းရယူနိုင်ရန် အရင်း အမြစ်များ ရှိနေသူတစ်ဦးဟု ယူဆနိုင်ပါသည်။ ဘန်ကောက် တွင် ရှိနေ တတ်ပြီး ပြည်ပရောက် မြန်မာအသိုက်အဝန်းနှင့် နေ့စဉ်အမျှ ထိတွေ့ ဆက်ဆံနေသူ ဖြစ်သည်။ ၁၉၈၈ မတိုင်မီ ဖြစ်စဉ်များမှစ၍ ယနေ့အထိ နိုင်ငံရေးဖြစ်စဉ် တစ်လျှောက်လုံးနှင့် အဆက်အစပ်မပြတ်သူ ဖြစ်သည်။ သူ့ထံတွင် သာမန်သတင်းပေးမှသည် အတွင်းပိုင်းအချို့အထိ သတင်း ရယူနိုင်ကြသူများ၊ ကိုယ်တိုင် ဇာတ်ဆောင်ဖြစ်ကြသူများ စုစုပေါင်း အရေ အတွက်မှာ ရာ ဂဏန်းမျှရှိသူဖြစ်ဿ ယခု The Messenger ဂျာနယ်တွင် ပါဝင်သော သူ့သုံးသပ်ချက်၊ ရှုမြင်ချက်များထက်ပို၍ ပြောနိုင်သော အချက် အလက်များ ရှိနေနိုင်သေးသည်ဟု ယူဆနိုင်ပါသည်။

အချို့သော လာရီဂျေဂင်၏ အဖြေများမှာ မတင်မကျဖြစ်နေသော်လည်း၊ အချို့သော အဖြေများမှာ ခပ်ရဲရဲသုံးသပ်ချက်များ ဖြစ်သည်ကို တွေ့ရသည်။ သူ၏ သုံးသပ်ခံရသူအမည်များကို ဖော်ပြလျှင် ပုဂ္ဂလဓိဋ္ဌာန်ရှုထောင့်မှ ရှုမြင်ကြနိုင်၍ အမည်များနှင့် ဆိုင်ရာသုံးသပ်ချက်များကို ပြန်၍ မရေး လိုတော့ပေ။ သို့သော်လည်း သူမျက်ကွယ်မပြုနိုင်သော သူတစ်ဦးအကြောင်း ကိုတော့ Key power brokers တွေ ရှိသည်ဟု ရေးသွားသည်။ အင်အားကြီး ပါတီကြီးနှစ်ခု၏ အခြေအနေအချို့ကိုတော့ ခပ်ပါးပါး ဖြေသွားသည်။ သာမန်လူတို့ မမြင်သော အယူအဆတစ်ရပ်ကိုလည်း လာရီက ထုတ်ဖော် သွားသည်။

ဆင်သွားရင် လမ်းဖြစ်တယ်

မြန်မာ့စကားပုံတွင် “ဆင်သွားလျှင် လမ်းဖြစ်” ဟူ၍ ရှိသည်။ အင်အားကြီးသူ တို့ ဆောင်ရွက်ခဲ့လျှင် ကိစ္စပြီးနိုင်သည်ဟူသော သဘောဖြစ်ပါ၏။ လမ်းဖြစ်ရန် ဆင်ကြီး မည်မျှ သွားနိုင်မည်ဟူသည်က ဦးနှောက်အလုပ်ပေး ရန်ကောင်းသော စဉ်းစားချက်တစ်ခု ဖြစ်လာမည်ဟု တွေ့မြင်နိုင်ပါသည်။ ဤအချက် သည်များစွာ အခြေခံကျပြီး အားလုံးက လက်ခံထားသော အရာလည်း ဖြစ်သည်မို့ ဤအချက်အပေါ် အားလုံးက စိတ်ဝင်တစားလည်း ရှိနေကြသည်။

သမ္မတတာဝန် ထမ်းဆောင်ရန် အသင့်ရှိနေပါသည်ဟု ဆိုထားသူ နှစ်ဦးတွင် တစ်ဦးက Personal Power ရှိသူဖြစ်ပြီး၊ တစ်ဦးက Positional Power ပိုကြီးသူတစ်ဦး ဖြစ်သည်။ လာရီ၏ ခန့်မှန်းမှုတွင် Positional Power ကြီးမား သူတစ်ဦးကို ဆွဲထုတ်ပြထားပါသေးသည်။ သုံးပွင့်ဆိုင်လား၊ လေးပွင့်ဆိုင် လား၊ အနားနီးမှ ထပ်၍ ငါးပွင့်ဆိုင်လားဆိုသည်မှာ အတွေးကောင်းကောင်း တစ်ခုအတွက် ပဟေဠိများ ဖြစ်နေပါ သည်။ သေချာသည့်အချက်တစ်ခုတော့ ရှိနေပါသည်။ မဟာဗျူဟာ တစ်ရပ် မည်မျှကောင်းခြင်းနှင့် မြန်မာ့ အနာဂတ် ကို မည်မျှကောင်းအောင်ထုဆစ်နိုင်ခြင်း ဖြစ်သည်။ ဤအချက်က ဇာတ်ညွှန်းကောင်းကို ဖြစ်စေမည်ဖြစ်ပြီး၊ ဆိုက်ပတ်များ၏ ပံ့ပိုးမှုကိုပါ ကြီးမားစွာ ရရှိစေပါလိမ့်မည်။ ထိုသည်မက နိုင်ငံရေး အကယ်ဒမီပင် ရသွားလောက်သည်ဟု ဆိုနိုင်ပါလိမ့်မည်။

ထပ်မံသေချာသည့် အချက်တစ်ခုလည်း ရှိနေပြန်ပါသေးသည်။ မြန်မာ့ ပြုပြင်ပြောင်းလဲရေး ပြီးခဲ့ သောကာလအတွင်း မည်သူတို့၏ ဆောင်ရွက် ချက်များ မည်မျှ သက်ရောက်မှု ရှိခဲ့သည်ဆိုသော အချက် ဖြစ်သည်။ ဤအချက်က အနာဂတ် ပုံသဏ္ဌာန်ကို ပြန်လည် သက်ရောက်မှု ရှိစေပါ လိမ့်မည်။ မြန်မာ့နိုင်ငံ ရေးသည် ထူးခြားချက်အချို့ရှိနေသေးပြီး၊ ဒီမိုကရေစီ ကို ရုပ်လုံးစတင်ပုံဖော်ဆဲ ဖြစ်နေချိန် ဖြစ်သော ကြောင့် ဖြစ်သည်။ စင်ကာပူနိုင်ငံရေး၏ အစိတ်အပိုင်းအချို့နှင့် ထိုင်းနိုင်ငံရေး၏ အစိတ်အပိုင်း အချို့သည် ရှိဆဲ မြန်မာ့နိုင်ငံရေး ဆေးစက်များတွင် တစ်စိတ်တစ်ပိုင်း ပါဝင်မှုမရှိနိုင်ဟု တထစ်ချဆိုကြမည့်သူ အရေအတွက် နည်းပါးမည်ဟု ယူဆပါသည်။

(၂၀၀၈) သည် (၂၀၁၅) လွန်အတွက် အခြေခံ

တစ်ဦးက သမ္မတဟု ဆိုပြီး၊ နောက်တစ်ဦးက ဒုတိယသမ္မတဟု ဆိုခဲ့ကြ သည်မဟုတ်။ ထို နှစ်ဦးအပြင် အခြားသူ တစ်ဦးဦးကရော သမ္မတ မဖြစ်နိုင် ဘူးလား ဟူသော မေးခွန်းလည်း ရှိလာနိုင်သလို၊ လက်ရှိ သမ္မတသည်လည်း တောင်းဆိုမှုခံရလျှင် အခြေအနေများ တစ်မျိုးတစ်မည် ဖြစ်လာနိုင်ဖွယ်ရာ ရှိလာနိုင်သည်။ ထားတော့ ၊ ပထမနှစ်ဦးတွင် တစ်ဦးသည် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်မျှ အတိုင်းအတာအထိ ပြင်ဆင်နိုင်စေမည့်အပေါ် များစွာ မူတည်နေပါသည်။ ဤအချက်ကို ပြင်ဆင်နိုင်ခဲ့လျှင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ အခြားသော အကြောင်းအရာများ အားလုံး ပြင်ဆင်ခြင်း သည် ငှက်ပျော်သီး အခွံနွှာသကဲ့သို့ မလွယ်ကူသော်လည်း ခက်ခဲတော့မည် မဟုတ်ချေ။ ဤအချက်ထက် ပို၍ စိန်ခေါ်မှုရှိသော အရာပင်ရှိနိုင်တော့မည် မဟုတ်ဘဲ Federalism အပေါ်တွင်ပင် သက်ရောက်မှု ကြီးစွာ ရှိလာပါ လိမ့်မည်။

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်မျှအဆင့်အထိ ပြင်ဆင်နိုင်ခြင်း၊ မပြင်ဆင်နိုင်ခြင်းသည် ပင်လျှင် (၂၀၁၅) မကုန်မီ လွှတ်တော်၏ အခြေအနေ သရုပ်သကန်ကိုလည်း ထင်ဟပ်လာနိုင်ပါ၏။ ယခု မြင်ကွင်းထက်ပို၍ လွှတ်တော်ကြီး သွက်လက်၊ အသက်ဝင်လာမည်ဟု တစ်ဦးတစ်ယောက်က ဆိုသော် ထိုခန့်မှန်းချက်သည် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ဆက်စပ်ကောင်း ဆက်စပ်နိုင်ပါ လိမ့်မည်။ ဤအယူအဆသည် ဖြစ်နိုင်ချေရှိသော အယူအဆတစ်ရပ်မျှသာ ဖြစ်ပြီး၊ ဧကန်သိနိုင်သူရှိမည် မဟုတ်ပါ။

မျှော်မှန်းထားသော အတိုင်းအတာအထိ(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွန်စွာမှ ခက်ခဲပါလိမ့်မည်ဟု သုံးသပ်ကြသူများရှိကြသလို၊ ဥပဒေကို လူတွေက ရေးဆွဲခဲ့သည်ဖြစ်၍ ဖြစ်နိုင်ခြေ ရှိသည်ဟု ခံယူထားကြသူများလည်း ရှိနေပါသည်။ လွှတ်တော် နှစ်ရပ်လုံးရှိ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို မည်မျှစည်းရုံးနိုင်သည့်အပေါ်တွင် မူတည်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံရေး သမားတို့၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်သလို စည်းရုံးရေးစွမ်းအား၏ စမ်းသပ်မှုကို ကောင်းစွာကျော်လွှား နိုင်ခဲ့လျှင် ပြည်တွင်းသာမက ကမ္ဘာကပင် အံ့သြသွားကြမည့်အပြင်၊ နိုင်ငံတကာ၏ ချီးကျူးမှုကို ခံရမည် မှာလည်း သေချာလှသည်။

မျက်နှာသစ်၊ ပါတီသစ်များနှင့် စိတ်ဝင်စားဖွယ်ရာ အဖုံဖုံ

(၂၀၁၅) အလွန်ကာလတွင် ပါတီသစ်များ ထွက်ပေါ်လာနိုင်ပြီး၊ မျက်နှာသစ် များလည်း (၂၀၁၄) အကုန်၊ (၂၀၁၅) ကာလဦးများတွင် စတင် မိတ်ဆက် လာနိုင်ပါသည်။ နိုင်ငံရေး ကစားကွက်များကိုလည်း တွေ့ရ လာနိုင်သည်။ မဲဆွယ်စည်းရုံးမှုပုံသဏ္ဍာန် များစွာကွာခြားသွားနိုင်ပြီး၊ မဲဆွယ်စည်းရုံး စနစ် များလည်း (၂၀၁၀) ကာလနှင့် များစွာခြားနားသွားပါလိမ့်မည်။ ‘ညွန့်ပေါင်း’ သည် မေးရန် မေးခွန်းအဆင့်တစ်ခုဖြစ် လာတော့မည် မဟုတ်ဟု ယူဆသည်။ ချိန်ခွင်လျှာ မျှပေးမည့် နိုင်ငံရေးပါတီအချို့ ပေါ်ပေါက်လာနိုင်ပြီး၊ ခေါင်းဆောင် များ ညှိနှိုင်းမှုအရ ပါတီများ ပူးပေါင်းမှု၊ ကွဲပြားမှုများလည်း တစ်ပြိုင်နက်တည်း မြင်ကွင်းထဲ ရောက်ရှိလာနိုင်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၌ key player များစွာ မရှိသေးပါ။ အလားအလာ ရှိသူများ ခန့်မှန်းထား သည့်အတိုင်း ဖြစ်လာနိုင်သလို၊ ခန့်မှန်းထားသည်နှင့် လွဲချော်သွားနိုင်သည်များလည်း ရှိနေနိုင်ပါသည်။ တတိယ အင်အားစုများ အလျှိုလျှို ပေါ်ထွက်လာနိုင်ပြီး၊ စတုတ္ထအင်အားစုများလည်း မြန်မာ့နိုင်ငံရေး ကို စတင်မိတ်ဆက်လာနိုင်ပါသည်။

လာရီဂျေဂင် ချပြထားသူတို့ နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက်လာနိုင် သည့် နည်းတူ၊ မြင်းကောင်း ခွာလိပ်တို့လည်း ရှိလာနိုင်ပါသည်။ လာရီဂျေဂင် ချပြထားသော အယူအဆတစ်ခုထက် များစွာပို၍ နက်နဲရှုပ်ထွေးသော အယူအဆတစ်ခုသည်လည်း လက်တွေ့ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင်း ရောက်ရှိလာ နိုင်ပါသည်။ အားလုံး ‘ဟင်’ ခနဲ ‘ဟာ’ ခနဲ ဖြစ်သွားနိုင်သော ပြကွက်မျိုးများလည်း ဖြစ်နိုင်ပါသည်။ ထို အယူအဆသစ်မျိုးကိုသာ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် လိုက်ပါကျင့်သုံးခဲ့ပါက၊ ကမ္ဘာ့နိုင်ငံရေး သမိုင်း မှာ ပင် ပြောစမှတ်ပြုလောက်သော မှတ်တိုင်တစ်ခု ဖြစ်သွားနိုင်ဖွယ်ရာ ရှိပါသည်။ ဆပ်ပြာခဲ တစ်တုံးဖြင့် လေယာဉ်အပိုင်စီးနိုင်ခဲ့ဖူးသော မြန်မာ တို့ဖြစ်၍ မည်သူ့ကိုမျှ အထင်သေး၍ မရနိုင်ချေ။ ယခုရှိဆဲ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများမှာသူ မမျှော်မှန်းခဲ့သော ဖြစ်ရပ်မျိုးဖြစ်၍ အံ့အားသင့် ရပါသည်ဟု ဆိုခဲ့ သလို လာရီဂျေဂင်မှ ဒုတိယအကြိမ် မှတ်ချက်ပေးသွားနိုင်သော မြင်ကွင်းသစ်မျိုး ဖြစ်မလာနိုင်ဟု မည်သူ မျှ တပ်အပ်သေချာစွာ ပြောနိုင်မည် မဟုတ်ပါ။

မြန်မာ့နိုင်ငံရေးသည် စိတ်ဝင်စားဖွယ်ရာ အမှန်ပင် ကောင်းလှပါ၏။ အခြေအနေတစ်ရပ်ရပ်၏ ဖန်တီးမှု ကြောင့် ဖြစ်သည်။ (၁၉၄၈) နောက်ပိုင်း မြန်မာ့နိုင်ငံရေးကို လက်လှမ်းမီသလောက် လေ့လာခဲ့ဖူး ပါသည်။ ထိုအခြေ အနေနှင့် ယခု ဖြတ်သန်းဆဲ အခြေအနေနှစ်ရပ်မှာ များစွာကွဲပြားခြား နားနေပြီး၊ (၁၉၄၈-၆၂) နိုင်ငံရေးကာလထက် များစွာပို၍ ရှုပ်ထွေးသိမ်မွေ့ သည့် အခြေအနေတစ်ရပ်ဟု သုံးသပ်နိုင်ပါလိမ့် မည်။ ထိုစဉ်က ဒေါင်ဒေါင်မြည်နိုင်ငံရေးသမား အများအပြား ပေါ်ထွက်လာခဲ့ပြီး၊ ယခု နိုင်ငံရေးအခြေအနေ နှင့် နှိုင်းယှဉ်လျှင် ရိုးစင်းသော အခြေအနေတစ်ရပ်ဟု သုံးသပ်နိုင်ပါလိမ့်မည်။ (၂၀၁၅) ဝန်းကျင်နိုင်ငံရေး အခြေအနေမှာ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားများ အတိတ်ကလောက် မပေါများနိုင်သေးသော်လည်း၊ကမ္ဘာ့စစ်တုရင် ပြိုင်ပွဲကဲ့သို့ များစွာ စိတ်ဝင်စားဖွယ်ရာကောင်းသည့်အခြေအနေတစ်ရပ်အဖြစ် မျှော်လင့် နိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြပါ၏။ မည်သို့ဆိုစေ နောက်တစ်နှစ်ခန့် အကြာတွင် လွှတ်တော်ကြီး ပို၍ သွက်လက် အသက်ဝင် လာမည်မှာ သေချာလှပါသည်။ မြင်နေကျ မြင်ကွင်းမျိုးမှ ပြောင်းလဲ မြင်ကွင်းသစ်များဖြင့် ဥပဒေများကို ဖြည့်စွက်၊ ပြင်ဆင်၊ ပြဋ္ဌာန်းခြင်းမျိုးဖြင့် အများပို၍ စိတ် ဝင်စားရာ နေရာတစ်ခုအဖြစ် တွေ့မြင်ရနိုင်ပါသည်။ (၂၀၁၄) နှစ်လယ်ခန့်မှစ၍ အများစိတ်ဝင်စားကြသည့် ကိစ္စများ၏ ရိုးတိုးရိပ်တိပ် အစဦး အဖြေများကို ထိုကာလမြင်ကွင်းများသည် သက်ဆိုင်သူတို့၏ ဆောင်ရွက် ချက်များမှ တစ်ဆင့် တစ်စွန်းတစ်စ စတင်တွေ့ရှိလာနိုင်မည်ဟု ခန့်မှန်းရပါသည်။ သေချာသည်ကတော့ နိုင်ငံရေးသည် ထင်ထားသလို ဖြစ်လာနိုင်သည်များလည်း ရှိပြီး၊ မထင်မှတ်ထားသည်များလည်း ဖြစ်လာ တတ်ပြန်၍ နိစ္စဓူဝ ကိစ္စများကဲ့သို့ မရိုးစင်းလှသည်မှာ သေချာနေပါ၏။

အနာဂတ်ကို မည်မျှ လှမ်းမျှော်ကြည့်နိုင်ခြင်း၊ မဟာဗျူဟာကောင်း ရှိခြင်း သည် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးသော အဆုံးအဖြတ်ဖြစ်ပါ၏။ ရွေးကောက်ပွဲဝင် အဆင့်ဖြစ်၍ ပါတီများတွင် မဟာဗျူဟာ တို့ရှိကြမည်မှာ မလွဲပါ။ ထို မဟာဗျူဟာ မှန်ခြင်း/မှားခြင်းကသာ အရေးကြီးပါသည်။ ဤမဟာဗျူဟာ အမှန်/အမှားကို Vision ဟူသော အနာဂတ်အမြင်က တည့်မတ်ပေးပါလိမ့်မည်။ မှန်ကန်သော အနာဂတ် အမြင် မည်မျှ တိတိ ကျကျရှိနေနိုင်ခြင်းက (၂၀၁၅) အလွန်၏ အဖြေတစ်ဝက်လည်း ဖြစ်လာပါ လိမ့်မည်။ “Zero sum game” ကို ဦးတည်ခြင်း၊ “All win ” ကို ဦးတည်ခြင်း ကလည်း အခြားသော အဖြေတစ်ဝက် ဖြစ်နိုင်သည်ဟု သုံးသပ်၊ မှန်းဆကြည့် မိနေပါ၏။

The Messenger ဂျာနယ် Volume-4, No.10 မှ ကူးယူဖော်ပြသည်

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...