Myanmar Navy and LIMA 2013 မြန်မာ့တပ်မတော်(ရေ)မှ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီး နေမျိုးဆက် (ယာယီဗိုလ်မှူးကြီး) ဦးဆောင်၍ စစ်ရေယာဉ်-မဟာဗန္ဓုလ သည်
ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Langkawi International Maritime & Aerospace Exhibition ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ မတ်လ(၂၂)ရက်နေ့တွင် ထွက်ခွာသွားခဲ့ရာ Langkawi သို့ မတ်လ(၂၅)ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် ဦးဆောင်သော Delegation အဖွဲ့သည် လေကြောင်းခရီးဖြင့် ယနေ့နံနက်ပိုင်းတွင် Langkawi သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။ အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှလည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။ မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILAN သို့သာ စစ်ရေယာဉ်များ စေလွှတ်ခဲ့ပြီး ယခုအကြိမ် LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။ LIMA သည် ၁၉၉၁ ခုနှစ်မှ (၂)နှစ်တစ်ကြိမ် စတင်ကျင်းပခဲ့ရာ LIMA 2013 သည် (၁၂)ကြိမ်မြောက် ဖြစ်သည်။ LIMA 2013 တွင် စစ်ဖက်/ အရပ်ဖက် နှင့် လုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးအတွက် ရေကြောင်း နှင့် လေကြောင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်း လေယာဉ်၊သင်္ဘောအပါအဝင် (ကြီး/ငယ်)အမျိုးမျိုးအား Indoor / Outdoor / On-Water တွင် ခင်းကျင်းပြသခြင်း၊မောင်းသူမဲ့လေယာဉ်များ အပါအဝင် လေယာဉ်အမျိုးမျိုး လက်တွေ့စွမ်းရည်ပြသခြင်း၊Conference နှင့် Seminars အမျိုးမျိုး ဆောင်ရွက်ခြင်း၊စစ်ရေယာဉ်များမှ ဧည့်သည်များဖိတ်ကြားလက်ခံ၍ နေ့လည်စာ (သို့မဟုတ်) ညစာဖြင့် တည့်ခင်းဧည့်ခံခြင်း၊ စစ်ရေယာဉ်များ အပြန်အလှန် လေ့လာလည်ပတ်ခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရှိရပါသည်။ ထို့ပြင် နိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးမှ စစ်ရေယာဉ်များအပါအဝင် ရေယာဉ်မျိုးစုံ (၆၃)စီး ၊Aerial Display လေယာဉ်မျိုးစုံ (၃၀)စီး၊ Static Display လေယာဉ်မျိုးစုံ (၄၈)စီး နှင့် နိုင်ငံတကာမှ Delegation အဖွဲ့ပေါင်း (၃၀၀) ကျော်ခန့် ပါဝင် တက်ရောက်မည် ဖြစ်သည်။ (၆၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဤရုပ်သံ သတင်းမှတ်တမ်းအား ဖော်ပြအပ်ပါသည်။