- သာဓု
သာဓု စာရေးဆရာဖြစ်မှန်းမသိ ဖြစ်လာပြီးနောက် နာမည်ကလေးရလာသည်နှင့် ခေတ်ပြိုင်စာရေးဆရာအတော်များများ (အထူးသဖြင့် လက်ဝဲယောင်ယောင်)များက သာဓုအား အရင်းရှင်ဘက်တော်သား ဓနရှင်စာရေးဆရာ စသည်ဖြင့်၎င်း ၊ လက်ျာစာရေးဆရာအချို့ကလည်း စာရေးဆရာအနုပညာသည်မဟုတ်သော ဆုမ္မစာရေးသမား ၊ သြ၀ါဒရေးဆရာစသည်ဖြင့်၎င်း - ကိုယ်သန်ရာ စကားလုံးများဖြင့် ကင်ပွန်းတပ်ကြသည်။
လူတကိုယ်စိတ်တမျိုးဆိုသည်ကို သာဓုနှလုံးသားထဲက လက်ခံသည်။ သာဓုငယ်စဉ်ကတည်းက စာဖတ်ဝါသနာထုံသည်။ (ရေးရန်ကိုကား တကြိမ်သာ အရူးထခဲ့သည်။) ဤသည်မှာလည်း သူငယ်ချင်းတစ်ယောက် အောင်ကျော် အမည်ဖြင့် ရွှင်ပျော်ပျော်တိုက်သို့ ၀တ္ထုတစ်ပုဒ်ရေးပို့ရာတွင် သူအောင်မြင်သွားသဖြင့် အားကျမခံစိတ်ဖြင့် "သန်းဖေမောင်" ဟူသော ကလောင်အမည်တပ်ပြီး ၀တ္ထုတစ်ပုဒ် ရေးပို့ဖူးသည်။ (ပယ်လိုက်လေသတည်း။) ပြန်စာမှတ်ချက်တွင်လည်း အများကြီးလိုပါသေးသည် ၊ ဆက်ကြိုးစားပါဦး ဟူ၍ ပါလာသဖြင့် သူတို့၏အများကြီးလိုသော မှတ်ချက်သည် အတိုင်းအတာမရှိသောကြောင့် နောက်ထပ် သာဓုမရေး။ အဖတ်သမားဘ၀တွင်ပင် ရပ်တည်နေခဲ့သည်။
ဖတ်ရာတွင်လည်း သာဓု ဂျီးများသည် ၊ ရွေး၍ဖတ်သည်။ မှတ်သားစရာ ပညာ-ဗဟုသုတ ဘာမျှမပါသော စာပေဆိုလျှင် ၀ယ်ရန်မဆိုထားဘိ ၊ အခမဲ့ရသည့်တိုင် အချိန်ကုန်ခံ၍ မဖတ် ၊ စာရေးသူဖြစ်လာသောအခါတွင်လည်း စာရှုသူအား တခုခုပေးနိုင်မှ ရေးချင်၏။ ငွေကုန် ၊ အချိန်ကုန် ၊ အညောင်းမိ စာမျိုးဖြင့် ပရိတ်သတ်ကို ဒုက္ခမပေးလို။
စေတနာ၏အကျိုးကိုယုံသော သာဓုသည် ပြည်သူအားအကျိုးပြုမည်ထင်သည့်စာများသာ ရေးခဲ့သည်။ ပြည်သူကလည်း စေတနာတုံ့ပြန်ကြသည်။ သာဓုစာအုပ်ထွက်ပြီဆိုလျှင် လက်မလည်အောင်ရောင်းရသည်။ အကောင်းဆုံး ပုံနှိပ်စက်အသစ်များ ၀ယ်လာနိုင်သည်။ တိုက်နှင့်ကားနှင့် နေနိုင်လာသည်။
ဤသည်ကို ဓနရှင်စာရေးဆရာဟု အမည်တပ်လာကြသည်။ ရေးဖော်ရေးဖက် လက်ဝဲစာရေးဆရာ တယောက်ကမူ သာဓုအား ကြေးစား စာရေးဆရာဟု ခါးခါးသီးသီး ဝေဖန်သည်။ ..........
******* ******* *******
.......... ထိုသို့သော အစွန်းရောက် စာရေးဆရာ အတော်များများနှင့် သာဓုတို့ အယူအဆချင်း မတူညီကြသည့်အတိုင်း ပြင်းပြင်းထန်ထန် စာအပြန်အလှန် ဝေဖန်လေ့ရှိကြသော်လည်း သူတို့သည် သာဓုထံသို့ မလာဘဲမနေနိုင်။ လာပြန်လည်း တ၀တပြဲစားပြီးမှ ပြန်လေ့ရှိကြသည်။
ထိုအထဲတွင် အယူအသည်းဆုံး ခေါင်းအမာဆုံး စာရေးဆရာတယောက်ကား ကလေးအလွန်ချစ်တတ်သည်။ သာဓုကိုလည်း ချစ်သည်။ အချိန်ရသည်နှင့်ရောက်လာတတ်ပြီး မောင်ဝဏ္ဏ ၊ မောင်ဗလ (သုမောင်) တို့နှင့် ကစားတတ်သည် ၊ မြှူသည်။ သူ့ဂုတ်ပေါ်တင်၍ လျှောက်လည်တတ်သည်။ ကလေးများနှင့်တွေ့လျှင် နူးညံ့ပျော့ပျောင်းနေသလောက်
သာဓုနှင့် ရင်ဆိုင်မိလျှင် ခနိုးခနဲ့နှင့် စကား စတတ်သည်။
"ဟေး .... အရင်းရှင်အစ်ကို ၊ ဆာတယ်ဗျာ .... လက်ဖက်ရည်တိုက် ...."
မောင်ဝဏ္ဏတို့နှင့် ချော့မြှူကစားရာတွင်ပင် ..... "မင်းတို့နော်.... ကြီးလာရင် ဦးလေးလို ပြည်သူ့ဘက်တော်သားဖြစ်ရမယ် ၊ မင်းတို့အဖေ လမ်းစဉ်မလိုက်နဲ့ ၊ သူက လူ့မလိုင်စာရေးဆရာကွ"
ကလေးများနားမလည်သော စကားလုံးများဖြင့်ပင် သာဓုကို မကြားတကြားရိတတ်သေး၏။ သို့သော်....သူ့စိတ်ရင်း အလွန်ကောင်းသည်။ ဆင်းရဲသော လူတန်းစားကို အလွန်သနားတတ်သည်။ သူ့အိတ်ထဲ၌ ငွေနှစ်ကျပ်ရှိလျှင် တကျပ်ဖဲ့ပေးရန် ၀န်လေးသူမဟုတ်။ သူသည် ကားပေါ်ကလူကို မုန်းသလောက် လမ်းပေါ်ကလူကို အလွန်ချစ်တတ်သည်လည်းဖြစ်၏။
တနေ့ .... သာဓုကားပျက်နေသဖြင့် သူနှင့်အတူ ရှုမ၀သို့ လမ်းလျှောက်လာကြစဉ် ဗိုလ်ချုပ်ဈေးအ၀င်၌ ဖြတ်မောင်းသွားသော မော်တော်ကားလေးအရှိန်ကြောင့် နှစ်ယောက်စလုံး ရေအစင်ခံလိုက်ရ၏။
"တောက်...."
သူသည် သို့လျှင် တောက် တချက် ခပ်ပြင်းပြင်းခေါက်လိုက်ပြီးမှ....
"တွေ့တယ်မဟုတ်လား အစ်ကို ၊ ကားပေါ်က လူတွေဟာ ဒီအတိုင်းဘဲ ၊ လမ်းပေါ်ကလူတွေကို နဲနဲမှ ဂရုမစိုက်ချင်ကြဘူး"
"တမင်လုပ်တာမှ မဟုတ်ဘဲ ညီလေးရာ ၊ အစ်ကိုတို့ ညီလေးတို့ကို သူသိလဲမသိ ၊ ရန်သူလဲမဟုတ်"
"ဟာ.... နဲနဲပါးပါး ရှောင်မောင်းပေါ့"
"ဒီမှာ ညီလေး ၊ အကိုက ကားမောင်းနေကျမို့ ကောင်းကောင်းသိနေပြီ ၊ သူရှောင်မောင်းလို့မရဘူး ၊ ဒီဘက်မှာ ကားတွေရပ်ထားတယ် ၊ ဟိုဘက်မှာက ဈေးသည်တွေ လမ်းပေါ်အထိချရောင်းနေတယ် မလွတ်ဘူး ၊ ခုလိုဘဲ သူမောင်းမှ ဖြစ်မယ်"
ဤအထိ သူမကျေနပ်သေး။
"ဒါဖြင့် ဖြေးဖြေးမောင်းပေါ့"
"ခု-မောင်းသွားတာလဲ ဆိုက်ကား အမြန်နှုန်းလောက်တောင် မရှိပါဘူး"
"ဒါတော့-အစ်ကိုက ကားရှင်မို့ ကားသမားဘက်ကလိုက်ပြောတာ"
"မဟုတ်ဘူးလေ ၊ ကဲ-ခုပြဿနာကို သေသေချာချာတွေး ၊ ကဲ-ဟိုမှာ ရှုမ၀တိုက်နားက ကားတစီးလာနေတယ် ၊ ဘေးကိုရေစင်သလား"
သူ-ထိုကားသို့စိုက်ကြည့်နေသည်။
"မစင်ဘူးနော် ၊ ကြည့်-ခုန အစ်ကိုတို့စင်တဲ့နေရာရောက်ရင် စင်လိမ့်မယ် ၊ ဟော....တွေ့လား ဟိုမှာ မိန်းမကြီးတွေ ရေစင်ကုန်ပြီ ၊ ဘာလို့စင်တာလဲ"
"ဂျိုင့်ရှိလို့...."
"အဲဒါဘဲ....ကားလမ်းမှာ ဂျိုင့်ရှိရင် ရေ၀ပ်မယ် ၊ ရေ၀ပ်နေရင် ကားဖြတ်သွားတိုင်း ရေစင်မယ် ၊ ဒါဘယ်သူ့မှာ တာဝန်ရှိသလဲ ၊ ညီလေးစဉ်းစားပေါ့ ၊ နောက်ပီး မော်တော်ကားဆိုတာက ရှောင်ချင်တိုင်း ရှောင်လို့ရတာ မဟုတ်ဘူး ၊ လူက သတိရှိဘို့ လိုတယ် ၊ ရေ၀ပ်နေတဲ့ကားလမ်းတွေ့ရင် အဲဒါ.... ဝေးဝေးက...."
"တော်ပါတော့ အစ်ကိုရာ ၊ ကားစီးနိုင်တဲ့လူတွေကိုက ဟင်း..."
"အေး- တနေ့လုပ်မှ တနေ့စားရတဲ့ ဘတ်စ်ကားဒရိုင်ဘာတွေလဲ ဒီအတိုင်းဘဲညီလေးရေ့ ၊ တခါတလေ သူတို့ကတောင်ပိုဆိုးချင်သေးတယ်"
******* ******* *******
ထိုနောက် များမကြာမီမှာပင် သာဓု စက္ကူသွားဝယ်ရန် ကားပေါ်အတက် သူရောက်လာပြီး
"ကလေးတွေ ကျောင်းက မပြန်သေးဘူး အစ်ကို ၊ ဒါဖြင့် ကျွန်တော်လဲ လိုက်မယ်ဗျာ ပျင်းတယ်"
သာဓုတို့ စက္ကူသွားဝယ်သည်။ ကားနှင့်အပြည့် တင်လာသည်။ ၀န်က လေးလွန်းသဖြင့် ကားဦးပိုင်းမော့နေသည်။ ခပ်ဖြည်းဖြည်းပင်မောင်းလာရပြီး ၊ ယောက်လမ်းကုန်းအတက်တွင် ဘုရားလမ်းဘူတာ အဆင်းဘက်မှ လက်တွန်းလှည်းတစီး အရှိန်နှင့် ဆင်းလာသည်။ ဗြုန်းကနဲ ရင်ဆိုင်တွေ့လိုက်ကြသဖြင့် သာဓုက တဖက်သို့ဆွဲပြီး ဘရိတ်ကို ဖမ်းလိုက်စေကာမူ လက်တွန်းလှည်းတွင် ဘရိတ်မပါ ၊ အရှိန်သတ်၍မရဖြစ်ကာ သာဓုကား ရှေ့တခြမ်းကို ၀င်ဆောင့်တော့၏။
"ဟာ- ဒီခွေးကုလားတွေ ၊ ငါဆင်းရိုက်ပြန်တော့မယ်"
ဆင်းရဲသားကို သနားတတ်သူ စာရေးဆရာက ဤလို ထကြိမ်းတော့၏။
"နေ နေ- အစ်ကိုဆင်းမယ်"
ကုလားများကား အလွန်အမင်းကြောက်နေသည်။ သာဓု ကားမီးခွက် အနည်းငယ်ပိန်သွားရုံသာရှိသဖြင့် ကုလားများအား "သွားတော့" ဟု မျက်နှာရိပ်ဖြင့်ပြရင်း ကားကိုပြန်မောင်းထွက်လာသည်။ သူလည်း ဘာမျှမပြော ၊ သာဓုလည်း ကိုယ့်အတွေးနှင့်ကိုယ် ခပ်ဖြေးဖြေးပင်မောင်းလာခဲ့သည်။
လမ်းပေါ်ကလူနှင့် ကားပေါ်ကလူ ၊ နေရာပြောင်းလိုက်သောအခါ လူသည် လူပါတကား။
("သာဓုလူဝါးဝတယ်"စာအုပ်မှ "လူသည်ကား-လူ" ဆောင်းပါးကောက်နှုတ်ချက်)