by Ye Myint Kyaw (Notes) on Sunday, March 24, 2013 at 11:18pm
တိုင်းမ် မဂ္ဂဇင်း၊ Asia Business Council နဲ့ စင်္ကာပူက Lee Kuan Yew School of Public Policy ကျောင်းတို့ ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်မှာ အသက် ၃၂ နှစ်အောက် အာရှလူငယ်တွေအတွက် အက်ဆေး ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ကျင်းပခဲ့ဖူးပါတယ်။
အက်ဆေး ခေါင်းစဉ်က “၂၀၂၀ ခုနှစ် အာရှရဲ့ စိန်ခေါ်မှု” (Asia’s Challenge 2020) ပါ။ နောက် ဆယ်စုနှစ်အတွင်း အာရှဒေသတစ်ခွင်မှာ ကြုံတွေ့ရမယ့် အကြီးဆုံးပြဿနာနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဘယ်လို ဖြေရှင်းကြမလဲဆိုပြီး ရေးခိုင်းတာပါ။
ပြိုင်ပွဲအတွက် ရေးသားလာတဲ့ အက်ဆေး ၄၀၀ ကျော်ထဲက အပုဒ် ၈၀ ကို တိုင်းမ်မဂ္ဂဇင်းအဖွှဲ့က ရွေးချယ်ပြီး စာအုပ်ထုတ်ပါတယ်။ အဲဒီ စာအုပ်နာမည်က “Through the Eyes of Tiger Cubs: Views of Aisa’s Next Generation” ပါ။ ပြိုင်ပွဲမှာ ပထမဆုရသွားသူက စင်္ကာပူမှာ ဆော့ဖ်ဝဲကုမ္ပဏီ ထူထောင်ဖို့ကြိုးစားနေတဲ့ အသက် ၂၆ နှစ်ရှိ Sarabjit Singh ဆိုတဲ့ အိန္ဒိယနိုင်ငံသား ကျားပေါက်လေး တစ်ဦးပါ။
အာရှတစ်လွှားမှ အလားအလာရှိတဲ့ လူငယ်ချာတိတ်တွေကို ကျားပေါက်လေးတွေ (Tiger Cubs) လို့ တင်စားခေါ်ပါတယ်။ ကျားပေါက်တွေ ရေးထားတဲ့ အာရှစိန်ခေါ်မှု အက်ဆေးတွေမှာ ပညာရေး၊ ၀င်ငွေမညီမျှမှု၊ လူဦးရေပြဿနာ၊ အိုးအိမ်ရွှေ့ပြောင်း ပြဿနာ၊ အုပ်ချုပ်ရေး ညံ့ဖျင်းတဲ့ ပြဿနာ၊ သဘာဝပတ်ဝန်းကျင်၊ အဂတိလိုက်စားမှု၊ ပထ၀ီနိုင်ငံရေး၊ ယဉ်ကျေးမှုကိစ္စနဲ့ အာရှတန်ဖိုး အထိ အကြောင်းအရာတွေ မျိုးစုံအောင်ပါပဲ။
အာရှလူငယ်တွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို အမြန်ဆုံး ထွေးပွေ့ကြိုဆိုခဲ့ကြတာဖြင့် တခြားဒေသထက် ပိုထူးခြားပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအောက်ကနေ အာရှကျားနိုင်ငံတွေ ရှောင်ရှားဖောက်ထွက်နိုင်ခဲ့တယ်။ အာရှတိုင်းပြည်တွေရဲ့ စီးပွားရေးတိုးတက်မှုက အာရှဒေသကြီးတစ်ခုလုံး စီးပွားရေး ဆူပါပါဝါဖြစ်လာဖို့ ထင်သာမြင်သာ ဖြစ်နေပါတယ်။
အဲဒီလို အမေရိကန်နဲ့ ဥရောပသားတွေက အာရှရဲ့ တိုးတက်လာမှုအပေါ် စိုးရိမ်စိတ် ၀င်နေကြချိန်မှာပဲ၊ အာရှလူငယ်တွေဟာ ဒေသရဲ့ ပညာရေးစနစ်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေး မကောင်းမှု၊ အလုပ်အကိုင်မလုံလောက်မှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု စတာတွေကို စိတ်ပျက်နေရကြောင်း သူတို့ အက်ဆေးတွေမှာ အထူးဖော်ပြထားပါတယ်။
လူငယ်တွေ ရေးထားတဲ့အက်ဆေးတွေကိုကြည့်ရင် အာရှဒေသမှာ မျိုးဆက်အလိုက် အတွေးအမြင်တွေ သိသိသာသာ ပြောင်းလဲတာကို မြင်တွေ့ရပါတယ်။ အထူးသဖြင့် အာရှတိုင်းပြည်တွေမှာ သူတို့ ဘိုးဘွားတွေက တော်လှန်ရေး၊ လွတ်လပ်ရေး၊ ကိုလိုနီဆိုးမွေ၊ ပြည်တွင်းစစ်နဲ့ နာတာရှည် ဆင်းရဲမွဲတေမှုတို့အကြား အသက်ပေး ဖြတ်သန်းခဲ့ကြရတယ်။
နောက် သူတို့ မိဘတွေအလှည့်ကျတော့ အလုပ်ကို အပြင်းအထန် ကုန်းရုန်းလုပ်ခဲ့ကြတယ်။ သားသမီးတွေ လူတန်းစေ့နေရေးနဲ့ ပညာရေးအတွက် မိဘတွေက ဇွဲနပဲကြီးကြီး အလုပ်လုပ်ခဲ့ကြပါတယ်။ အာရှရဲ့ ထူးခြားတဲ့ ‘စီးပွားရေး ပဉ္စလက်’ ဟာ အဲဒီ အာရှမိဘတွေရဲ့ ဦးနှောက်နဲ့ ကြွက်သားတွေကြောင့် ပေါ်ထွက်လာတာလို့ လူငယ်တွေက ဖော်ပြထားပါတယ်။
အာရှက မိဘတွေရဲ့ သွေး၊ ချွေး၊ ပြင်းပြတဲ့ စိတ်ဓာတ်တွေနဲ့ ရာစုနှစ်ဝက်ကျော်အတွင်း အာရှဟာ မကြုံစဖူးတဲ့ စီးပွားရေး တိုးတက်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ အခု ရေးထားတဲ့ အက်ဆေးတွေမှာ အဖိုးအဖွားတွေ မိဘတွေရဲ့ ဓားတောင်နဲ့ မီးပင်လယ်ပြင်တွေ ဖြတ်သန်းခဲ့ရမှု၊ မျိုးဆက်အတွက် အနစ်နာခံခဲ့မှုတွေဟာ သူတို့အတွက် အလွန်ကျေးဇူးကြီးမားကြောင်း ကျားပေါက်တွေက ရေးထားပါတယ်။
သို့နှင့်တိုင် အာရှတိုင်းပြည်အများစုမှာ ဘိုးဘွားတွေနဲ့ မိဘတွေက သူတို့ဖြတ်သန်းတဲ့အချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးလောက်ကိုပဲ အာရုံစိုက်ထားခဲ့ပြီး၊ အာရှဒေသတစ်ခုလုံးရဲ့ အရေးကိစ္စအပေါ် စဉ်းစားတာမျိုး အားနည်းခဲ့ကြောင်း သူတို့ အက်ဆေးတွေမှာ ဝေဖန်ထောက်ပြပါတယ်။
အခု သူတို့ အက်ဆေးတွေမှာ အာရှဒေသ နိုင်ငံတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ငွေကြေးပြဿနာ စတဲ့စိန်ခေါ်မှုတွေကို ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်း အဖြေရှာဖို့၊ ကြီးမားတဲ့ စီမံကိန်းတွေချကြဖို့ လိုတာကို အိပ်မက်ကြီးကြီးတွေနဲ့ ရေးထားပါတယ်။
ပါကစ္စတန်က Khawaja Ali Zubair ဆိုတဲ့ လူငယ်က “ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးနယ်နမိတ် ဘောင်ကျဉ်းကျဉ်းလေးကိုပဲ တွေးတာထက်၊ အာရှနိုင်ငံအားလုံးရဲ့ အရေးကိစ္စမျိုး အတိုင်းအတာကြီးကြီးနဲ့ တွေးဖို့ အချိန်ကျပြီ။ ဖြစ်နိုင်ရင် အာရှတိုက် တစ်တိုက်လုံးရဲ့ အရေးကိစ္စကို အာရှလူငယ်တိုင်းတွေးဖို့ အချိန်ရောက်ပြီ”လို့ သူ့အက်ဆေးမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်က Marikit G Manalang ဆိုတဲ့ လူငယ်ကလည်း သူ့အက်ဆေးမှာ“အာရှရဲ့ ချမ်းသာကြွယ်ဝမှုကို ဒေသတွင်းက နိုင်ငံအားလုံး မျှဝေရရှိစေမယ့် ရည်မှန်းချက်ပန်းတိုင်မျိုးဖြစ်အောင် ပေါ်လစီမိတ်ကာတွေ ချမှတ်ရမယ်”လို့ ရေးထားပါတယ်။
အက်ဆေးစာအုပ် အမည်အတိုင်း “ကျားပေါက်တွေရဲ့ မျက်စိကတစ်ဆင့် အာရှ အနာဂတ်ကို မြင်ကြည့်တာ” ကို တွေ့ရပါတယ်။ အာရှကျားပေါက်လူငယ်တွေဟာ သူတို့ ဘိုးဘွားတွေ မိဘတွေနဲ့ မတူအောင် သူတို့ခေတ်မှာ မကြုံစဖူးတဲ့ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိလာပါတယ်။
ကျားပေါက်တွေဟာ မော်ဝါဒနဲ့ ဆိုဗီယက်ယူနီယံအကြောင်း တမြုံမြုံ အမှတ်ရနေသူတွေ မဟုတ်ဘူး။ တယူသန်အတွေးအခေါ် မှိုင်းသွင်းရိုက်ထည့်တာမျိုးကို လက်ခံမယ့်သူတွေမဟုတ်ဘူး။ သူတို့ဟာ ဆဲ့တလိုက် တီဗီကြည့်ပြီး အင်တာနက်မှာ အချိန်ပေးထားသူတွေ ဖြစ်တယ်။ အင်ဖော်မေးရှင်းတွေ ပြည့်နှက်နေတဲ့ ကမ္ဘာမှာ ရှင်သန်သူတွေ ဖြစ်တယ်။ လိုကယ်နဲ့ ဂလိုဘယ်ကို လယ်ဗယ်ညှိရေး တွေးနေသူတွေ ဖြစ်တယ်။ နောက်ဆုံးပေါ် ဖုန်းအကြောင်းဖြစ်ဖြစ်၊ အစိုးရမူဝါဒကိစ္စဖြစ်ဖြစ် သူတို့မှာ ကမ္ဘာကြည့် ကြည့်မြင်တဲ့ စိတ်ကူးအိုင်ဒီယာတွေ ရှိနှင့်နေပါတယ်။
အိန္ဒိယက Rohit Pathak ဆိုတဲ့ လူငယ်က “နောက်လာမယ့် ဆယ်စုနှစ်ဟာ အာရှဆယ်စုနှစ်ဖြစ်မယ်ဆိုတာဖြင့် ဘာသံသယမှ ရှိစရာ မလိုပါဘူး။ သို့သော် အကြီးမားဆုံးသော မဟာ့မဟာ အဟန့်အတားက ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး (poor governance) ပါပဲ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လမ်းကြောင်း အာရှမှာပေါ်ထွက်ဖို့ အကြီးမားဆုံး အဟန့်အတားက အဂတိလိုက်စားမှုပါပဲ”လို့ သူ့အက်ဆေးမှာ ရေးထားပါတယ်။
နောက် သူက အုပ်ချုပ်ရေးကောင်းဖြစ်ဖို့ နည်းပညာရဲ့ စွမ်းအားတွေကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူမှုရှိဖို့၊ သတင်းလွတ်လပ်ခွင့် ရှိဖို့ဆိုရင် အိုင်တီကို တွင်ကျယ်စွာ အသုံးချသင့်တယ်လို့ ပြောပါတယ်။
ကျားလူငယ်တွေဟာ မီဒီယာလှိုင်းတွေ အလျှံအပယ် စီးနေသူတွေမို့၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကလည်း ပိုကြီးမားလာပါတယ်။ သွားသုတ်သုတ် စားသုတ်သုတ်နဲ့ အလျင်စလိုနိုင်တဲ့ မျိုးဆက်ဖြစ်သလို၊ အစိုးရတွေနဲ့ ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့ကိုလည်း တစ်ဖက်က စိန်ခေါ် တောင်းဆိုနေကြတယ်။
အရင်မျိုးဆက်နဲ့ မတူဘဲ ထူးခြားတာက ကျားငယ်တွေဟာ အစိုးရရဲ့ စွမ်းအားကို ယုံကြည်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ခံတယ်။ အစိုးရနဲ့ အင်စတီကျူးရှင်းတွေကို အမြစ်က ဖြိုလှန်ပစ်ဖို့ထက်၊ အုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ပိုကောင်းမွန်လာအောင် သူတို့ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့ အားထုတ်လာကြတယ်။ သူတို့ အသိပညာအင်အားတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အာရှဒေသကြီး တိုးတက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
အာရှကျားပေါက်တွေ စံထားတဲ့သူက ချီဂွေဗားရား မဟုတ်ဘဲ အိုဘားမား ဖြစ်နေတယ်။ မော်စီတုန်းနဲ့ ဟိုချီမင်း မဟုတ်ဘဲ ဘီလ်ဂိတ်နဲ့ မခ် ဇာကာဘဂ် ဖြစ်နေတာ သူတို့ အရေးအသားတွေမှာ တွေ့နိုင်ပါတယ်။ အနောက်ပညာရေးကို မှီခိုအားထား ကြပေမဲ့၊ သူတို့ရဲ့ အာရှကို အနောက်ဆင်ခြေဖုန်း မဖြစ်စေချင်တာကို တွေ့ရမယ်။ အရှေ့နဲ့ အနောက်ဆိုတဲ့ တံတိုင်းတွေဟာ ခေတ်အောက်နေတဲ့ အတွေးတွေလို့ သူတို့ မြင်ကြတယ်။
စင်္ကာပူက Loh Su Hsing ဆိုတဲ့ ကျောင်းသူက “အဓိကအချက်ကတော့ အာရှကို အနောက်နဲ့ အဆက်မဖြတ်ဖို့ပါ၊ ဒါပေမဲ့ အနောက်အပေါ်မှီခိုမှုကို လျှော့ချရမယ်၊ ဗဟုပုံစံကျင့်သုံးရမယ်၊ အာရှအတွက် ပုံစံသစ်ကို ရှာဖွေရလိမ့်မယ်”သူ့အက်ဆေးမှာ ရေးထားပါတယ်။
အက်ဆေးရေးသူ အားလုံးအတွက် သက်တောင့်သက်သာ မရှိဆုံးအကြောင်းအရာကတော့ တရုတ်နိုင်ငံရဲ့ အနာဂတ်ရေးအပေါ် ခန့်မှန်းချက်ပါ။ တရုတ်ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ လူငယ်တွေက မသေချာမရေရာ ခန့်မှန်းတာတွေကိုပဲ တွေ့ရတယ်လို့ အက်ဆေးရွေးချယ်ရေးကော်မတီက သုံးသပ်ပါတယ်။
သို့ပေမဲ့ စင်္ကာပူက Jesslyn Zeng ဆိုတဲ့ အမျိုးသမီးလေးက တရုတ်ပြည်အပေါ် အားလုံး စိုးရိမ်တာကို အဖြေရှာပေးပါတယ်။ သူက“အားလုံးအတွက် အကြီးမားဆုံး အိပ်မက်ဆိုးက တရုတ် တိုးတက်မှုကြောင့် ဖြစ်လာမှာ မဟုတ်ဘူး။ တရုတ် မတိုးတက်ရင်သာ အဲဒီ အိပ်မက်ဆိုးတွေ အာရှမှာ ပေါ်ထွက်လာမှာပါ”လို့ ရေးထားပါတယ်။
အာရှ ကျားပေါက်ကလေးတွေရဲ့ အက်ဆေးတွေကို ဖတ်ကြည့်ရင်၊ သူတို့ဟာ အနောက်ကို ဆန့်ကျင်သူတွေ မဟုတ်သလို၊ အနောက်ကို အရူးအမူး ပုံတူကူးနေကြသူတွေ မဟုတ်တာ သေချာပါတယ်။ သူတို့ဟာ ကိုယ်လိုနီတစ္ဆေ ခြောက်ခံရပြီး အတွေးတံခါး စီးပွားရေးတံခါး ပိတ်ထားသူတွေ မဟုတ်တာလည်း သေချာပါတယ်။ အာရှဒေသမှာ ကိုယ်ပိုင် အင်စတီကျူးရှင်းတွေ ဂုဏ်ယူစဖွယ်ဖြစ်လာအောင် ပညာရေးနဲ့ တည်ဆောက်နေသူတွေဆိုတာကို သူတို့အရေးအသားတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။
အာရှ ရီနေဆန်းခေတ်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ၊ အရပ်ဖက် အင်စတီကျူးရှင်းတွေ တိုးတက်ကေင်းမွန်အောင် လုပ်ဖို့က လူငယ်တွေအတွက် စိန်ခေါ်မှုဖြစ်တယ်။ ခေတ်ရဲ့ တောင်းဆိုတဲ့အပေါ်မှာ သူတို့ အသိပညာအင်အားတွေ ဘယ်လောက် ထည့်ဝင်နိုင်မလဲဆိုတာကပဲ သူတို့ မျိုးဆက်တာဝန်နဲ့ သမိုင်းတန်ဖိုးဖြစ်တယ်လို့ ကျားပေါက်လေးတွေ နားလည်ထားကြပါတယ်။
ရဲမြင့်ကျော်
ရည်ညွှန်း။
‘Through the Eyes of Tiger Cubs: Views of Aisa’s Next Generation’ edited and published by Time magazine
![]()