ယှဉ်ပြိုင်ခြင်းနှင့် အနိုင်ယူခြင်း
================
ဆရာမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး ဘာသာပြန်လုံးချင်းဝတ္တုရှည်ကြီးထဲမှာ ဇတ်လိုက်ကျော် အက်ရှ်ဟာ အင်္ဂလိပ်သွေး အိန္ဒိယနယ်မှာ ကြီးပြင်းသူပါ။ အရွယ်ရောက်တဲ့အခါ အင်္ဂလန်မှာ စစ်တက္ကသိုလ်တက်ခဲ့ပြီး အိန္ဒိယနယ်၊ အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထမ်းခဲ့တယ်။ တစ်နေ့မှာ အိန္ဒိယဖွား လူဆိုးကြီးနဲ့ ယှဉ်ပြိုင်သတ်ပုတ်ကြတဲ့အခါ လူဆိုးက ဓါးကောက်ကြီး လွတ်ကျသွားတယ်။ အဲဒီအချိန်မှာ အက်ရှ်ရဲ့ သွေးထဲမှာ စိတ်နှစ်မျိုးပေါ်လာတယ်တဲ့။ တစ်မျိုးက အနိုင်ရရင် ပြီးစတမ်း အိန္ဒိယသားတွေလိုပဲ ပြိုင်ဘက်ကို အသေသတ်လိုက်ဖို့။ တစ်မျိုးကတော့ အင်္ဂလိပ်လူမျိုးတွေရဲ့ ထုံးတမ်းအရ လက်နက်မဲ့သူကို လက်နက်နဲ့ သေစေတာ သားစဉ်မြေးဆက် ရှက်ဖွယ်လိလိတဲ့။
ဓါးကို ပြန်ကောက်ခိုင်းမလား၊ မကောက်ခိုင်းဘူးလားဆိုတဲ့ မေးခွန်းထွက်လာတာပေါ့လေ။
စာအုပ်ဖတ်ချိန်က အထက်တန်းကျောင်းသူဘ၀မှာဆိုတော့ ဒီအဖြစ်အပျက်ကလေးက ဘာကိုဆိုလိုမှန်း သိပ်မသိပါဘူး။ ထူးဆန်းသလိုလိုမို့ မှတ်ထားမိပါတယ်။
အခုတော့ ဒီဇတ်ကွက်လေးဟာ လူမျိုးတစ်မျိုးစီမှာရှိတတ်တဲ့ သွေးထဲ သားထဲက မွေးရာပါအကျင့်စရိုက်အချို့နဲ့ ဆက်စပ်တယ်လို့ တွေးမိလာပါတယ်။
ကျွန်မတို့ မြန်မာလူမျိုးတွေမှာကော ဘယ်လိုယှဉ်ပြိုင် အနိုင်ယူလေ့ရှိကြသလဲ။
အိမ်ချင်းနီးတဲ့ အိန္ဒိယလိုလား။ နှစ် ၁၀၀ ကျော်အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်လိုလား။
ရာဇ၀င်တွေထဲမှာတော့ ဗညားနွဲ့ စီးချင်းထိုးတာတွေ ဖတ်ဖူးတယ်။ ဦးပေါင်းကျားနဲ့ မြင်းကျားရှင်လို လက်ရုံးရည်ပြတာတွေ သင်ဖူးတယ်။ လက်နက်မဲ့သူကို အနိုင်ရလျှင်ပြီးစတမ်းလို့ ရှေးလူကြီးတွေ မှာတမ်းမခြွေခဲ့ဘူးလို့ ထင်မိပါတယ်။ ( အမှတ်မှားရင် ပြင်ပေးကြပါဦး။)
ကမ္ဘာစစ်ပြီးခေတ်မှာတော့ နိုင်ငံအချင်းချင်း ယှဉ်ပြိုင်ခြင်းကို စစ်ပွဲတွေထက် အားကစားပွဲတော်တွေနဲ့ ပိုမိုဆင်နွှဲလာကြပါတယ်။ နိုင်ငံရဲ့ ပြယုဒ်၊ နိုင်ငံရဲ့ ဂုဏ်ဆောင် အားကစားသမားများက စစ်သူရဲကောင်းတွေနေရာမှာ အစားထိုးဝင်ရောက်လာခဲ့ပြီး အားကစားစိတ်ဓါတ်ရယ်လို့ တခမ်းတနားအမွှန်းတင်ခွင့်ရလာကြပါတယ်။ အနိုင်၊ အရှူံးထက် တရားသောယှဉ်ပြိုင်ခြင်းသာ ပဓါနပေါ့လေ။ ဖျက်ဆီးခြင်းမပါတဲ့ ပင်ကိုယ်စွမ်းရည်ယှဉ်ပြိုင်ခြင်းတွေ ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးလာတာ ကျက်သရေရှိလှပါပေ့။
တစ်ဖက်မှာလည်း နိုင်ငံအခြေအနေ ချွတ်ခြုံနိမ့်ကျလာတာနဲ့ အမျှ အားကစားသမားတွေရဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကလည်း နိမ့်သထက်နိမ့်ပါးလာတာကို ထင်ထင်ရှားရှားမြင်ကြရပါတယ်။
စားဝတ်နေရေးပြေလည်မှ အားကစားလေ့ကျင့်နိုင်မယ်လေ။ ပရိသတ်ကလည်း စားဝတ်နေရေးပြေလည်နေမှ တခဲနက်အားပေးနိုင်မှာပေါ့။ ကျွန်မတို့ရဲ့ကျောင်းတွေမှာ အားကစားကွင်းတောင် ကောင်းကောင်းမရှိတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဆရာရော တပည့်ပါ အားကစားဆိုတာ ဗွက်ပေါက်နေတဲ့ ကွင်းမှာတောင် လွတ်လပ်စွာဘောလုံးကန်ချိန် မရှိကြတာကြာပေါ့။ ဒါကြောင့်လည်း အာဆီယံအားကစားပွဲကြီးကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရချိန်မှာတောင် ဗိုလ်စွဲဖို့ မမျှော်မှန်းနိုင်ကြဘူးလေ။
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းတာ မလွှမ်းတာထက် အားကစားစိတ်ဓါတ် မြန်မာကို လွှမ်းသလားလို့ မေးခွန်းထုတ်ကြည့်ချင်ပါတယ်။
တုတ်နဲ့ပစ်လို့ရရ ခဲနဲ့ပေါက်လို့ရရ အနိုင်ရလျှင်ပြီးစတမ်းလား။
လက်နက်မဲ့သူကို လက်နက်ရှိသူက အနိုင်ရတာ ဂုဏ်ယူစရာလား၊ ရှက်စရာလား။
ဘိုးဘေးတို့ရဲ့ အမွေကို ထိန်းသိမ်းမှာလား၊ တော်လှန်မှာလား။
တစ်ချိန်မှာ ကျွန်မတို့ရဲ့ မြေးမြစ်တီတွတ်ကျွတ်တို့က
ငါတို့မြန်မာတွေရဲ့ သွေးထဲသားထဲက ယှဉ်ပြိုင်ခြင်း၊ အနိုင်ရခြင်းထုံးဓလေ့က ဘာပါလိမ့်လို့ မေးလာခဲ့ရင်
ဘယ်လိုအဖြေမျိုး ချန်ထားရစ်ခဲ့ချင်ကြပါသလဲ။
ဖြေကြည့်ကြဖို့ပါ။