Quantcast
Viewing all articles
Browse latest Browse all 1811

ပျော်ရွှင်ပါစေ ငယ်ဘ၀တွေ


“ သမီး.. ဆော့လေ ဗွက်ထဲမှာ ဆော့စမ်းပါ ”
မိုးတွေက ရွာနေသည်။ ကျွန်တော်က သမီးကို မိုးရေချိုးဖို့ ချပေးရင်း သမီးကို ဆော့ခိုင်းနေခြင်းဖြစ်သည်။ သမီးဖြစ်သူက ကစားဖော်မရှိတော့ အိမ်ထဲမှာ တစ်ယောက်ထဲအဆော့များသည်။ ဂျီကျခြင်းတော့မရှိချေ။
ကျွန်တော်က သူ့ကို အဖော်တွေနဲ့ဖြစ်ဖြစ်၊ မြေကြီးပေါ်မှာ ပြေးလွှားဆော့တာပဲဖြစ်ဖြစ် ဆော့စေချင်သည်။
“ တွေ့လား ရွှံ့တွေ ခြေထောက်ကိုသုတ်၊ မိုးရေထဲမှား ပြေး ”
“ တော်ကြာချောလဲနေဦးမယ် ”
အမေဖြစ်သူက ကျွန်တော်တို့ သားအဖနှစ်ယောက်ကို လှမ်းပြောသည်။ သမီးကတော့ မိုးရေကို ရပ်ပြီး ချိုးနေသည်။ ကျွန်တော်ပြောတော့လည်း သူက မဆော့။
“ မြန်မြန်လဲ ချိုးကျဦး။ တော်ကြာ အအေးမိကုန်ဦးမယ် ”
“ အေးပါပြီးပါပြီ။ ကဲတော်ပြီ သမီး၊ အိမ်ပေါ်တက်ရအောင် ”
သားအဖနှစ်ယောက် မိုးရေချိုးတာကို ရပ်လိုက်သည်။ မိုးကတော့ ရွာလို့ကောင်းစဲ။
……………
ကျွန်တော်ကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် မွေးဖွားခြင်းဖြစ်သည်။ ကျွန်တော်ဇာတိမြို့က ရေနဲ့ ကြီးပြင်းတဲ့မြို့လို့ ပြောရင်ရပါလိမ့်မယ်။ ကျွန်တော်သိတတ်အစရွယ်ကတည်းက င၀န်မြစ်ရေ လျှံလို့ ရေကြီးသည်။ မိုးများလို့ရေကြီးသည်။ ဟင်္သာတဘက်က ဆည်ပေါက်လို့ ရေကြီးသည်။
ဒီတော့ နှစ်စဉ်လိုလို ရေးကြီးနေတဲ့မြို့။ ရေကျချိန် နွေဘက်ဆိုရင် ကျွန်တော်တို့က မြစ်ထဲ ရေဆင်းချိုးကျ သည်။ မြစ်က တစ်ခါတစ်ခါလည်း ကောသွားသည်။ တစ်ဘက်ကမ်းနဲ့ တစ်ဘက်ကမ်းကို လှည်းများဖြင့် ကူးသည်။ ကျွန်တော် ၁၀ နှစ်သားမှာ ဟိုးယခင်ကတည်းက စည်ကားခဲ့တဲ့မြို့ဟာ မြစ်ကမ်းပါးပြိုကျမှုကြောင့် င၀န်မြစ်တစ်ဘက်ကမ်းကို မြို့သစ်အဖြစ် ပြောင်းရွှေ့ကြရသည်။
မြို့သစ်ရောက်တော့လည်း လယ်ကွင်းတဲကမြို့ဆိုတော့ နည်းမျိုးစုံဖြင့် ရေကြီးသည်။ သည်တော့ ကျွန်တော့် ငယ်ဘ၀က ရေထဲမှာ ဆော့ကစားခဲ့ရသည်။ ဒါ့အပြင် ငယ်စဉ်ကတည်းက ရွှံတွေ၊ ဗွက်တွေနဲ့ ကျွန်တော်တို့ လုံးထွေးဆော့ကစားခဲ့ကြရသည်။
ညဘက် လသာချိန်ဆို ထုတ်ဆီးတိုးတမ်း၊ သရဲခြောက်တမ်း၊ မထွေးဖမ်းတမ်း နည်းမျိုးစုံ ကစားခဲ့ကြ ရသည်။ မြစ်ရေတွေ ကျပြီးလို့ လယ်ကွင်းထဲတွေ၊ မြောင်းထဲတွေ ရေကျန်နေရင် ပိုပျော်ဖို့ကောင်းတော့သည်။
ရေများစဉ်မှာ ရေကူးကြသည်။ လယ်ကွင်းထဲက ရေထဲမှာဘောလုံးကန်ကြသည်။ ရေက နည်းနည်းကျန် တော့တဲ့အချိန် ဆိုရင် အိုင်ပက်သည်။ ငါးဖမ်းသည်။ လယ်ကွင်းထဲမှာ ဇလူးထိုးသည်။ ပုစွန်လုံးနိုက်သည်။
ခုချိန်ပြန်တွေးလိုက်တိုင်း ငယ်ဘ၀တွေက တော်တော်ပျော်ဖို့ကောင်းခဲ့သည်။ ထို့အတူ လွတ်လပ်သည်။ ချစ်ခင်စည်းလုံးကြသည်။ ပြီးတော့ ပြိုင်ဆိုင်မှုဆိုတာ မရှိကြပါ။
…………….
ဆုတ်ကပ်ခေတ်ကြီးကြောင့်ထင်သည် ကလေးတွေ အသိမြန်လာကြသည်။ ၃ နှစ်အရွယ် ကျွန်တော့်သမီး က သီချင်းတွေရသည်။ ဖုန်းကို ဆော့တတ်သည်။ ကိုင်တတ်သည်။ ခေတ်ပေါ်ပစ္စည်း တော်တော်များများကို သိ သည်။ အ၀တ်အစားကအစ ရွေးဝတ်သည်။
ကျွန်တော်တို့ ငယ်စဉ်က ကျောင်းနေအရွယ် ၁ တန်း၊ ၂ တန်းအထိ ဥာဏ်ထိုင်းတယ် ပြောပြော သိတာ နည်းပါးသည်။ “ ရည်းစား ”၊ “ ကောင်မလေး ” “ ကောင်လေး ” ဆိုတာ ဘာမှန်းမသိ။
သူငယ်ချင်း ဆရာမတွေက သူတို့ အတွေ့အကြုံတွေကို ပြောပြတော့ ကြားရတာတွေက ရယ်ရမလို၊ ငို ရမလိုအဖြစ်တွေ၊ ၃ တန်းကလေးက စာပေးလိုပေး၊ ကလေးမလေးက ငါ့ကိုဘာကောင်မ မှတ်လဲ ပြောချင်ပြော။ ပြီးတော့ တချို့သော လူကြီးတွေက ကလေးတွေကို “ သားကျောင်းမှ ဆော်တွေ့ပြီလား ” ဆိုပြီး မေးတတ်ကြ သည်။ တကယ်တော့ မမေးသင့်သော မေးခွန်းတွေပါ။ သို့သော် ကလေးတွေကလည်း ပြောတတ်ကြသေးသည်။
“ သားတို့ အခန်းက ကောင်မလေးတွေက မလှဘူးဗျ။ ဟိုဘက်အခန်းက ကောင်မလေးတွေက လှတာ ” လို့ ချက်ကျလက်ကျ ဖြေတတ်ပြန်သေးသည်။
လက်ရှိအချိန်တွင် တောကလေးနှင့် မြို့က ကလေးတွေက တော်တော်ကွာနေတာတွေ တွေ့ရပါသည်။ ဗဟုသုတ၊ အသိဥာဏ်၊ ပညာရေး၊ စီးပွားရေး၊ ပေါင်းသင်းမှုကအစ အားလုံးမဟုတ်သော်လည်း မြို့က ကလေးတွေ က ပိုတတ်ကြသည်။
သို့သော် မြို့ပေါ်က ကလေးတွေကြည့်ရတာမွန်းကြပ်မိသည်။ သူတို့မှာ ကစားကွင်းလို့ သီးသန့်လုပ်ပေးမှ သာ ကစားကွင်းမှာ ဆော့ကစားကြရရှာသည်။ ဆော့ကစားဖို့ နေရာတွေက ကျဉ်းမြောင်းလာသည်။ တောက ကလေးတွေကတော့ လွတ်လပ်သည်။ အားလုံးကို မဆိုလိုပေမယ့် ကျန်းမာရေးနှင့် သန်မာမှုမှာတော့ တောက ကလေးတွေက ပိုသာသည်။
ကျန်းမာရေးအသိဆိုတဲ့ အရာတွေပိုများလာကာမှ အရာရာ သတိထားစား၊ နေကြရသည်။ ကျွန်တော်တို့ ငယ်စဉ်က မြေကြီးပေါ်လူးလိမ့်ဆော့ချင်ဆော့သည်။ ဗွက်ထဲလူးချင်လူးသည်။ မိုးရွာထဲ လျှောက်ပြေးချင်သလို ပြေးသည်။ ရာသီပေါ်သီးနှံတွေ ပေါ်ရင် သရက်ပင်၊ မာလကာပင်၊ မရမ်းပင်တွေပေါ်ကို တက်ခြွေခူးပြီး စားကြ သည်။ သန့်စင်ရကောင်းမှန်းမသိ။
သရက်သီးကို အမာတစ်ခုခုပေါ်ထုလိုက်သည်။ အစီးထွက်ရင် ဖက်ပေါ်ဖြစ်ဖြစ်သုတ်သည်။ ပြီးတော့ စား ကြသည်။ ၀မ်းလျှော၊ ၀မ်းပျက်၊ ၀မ်းကိုက်တယ်ဆိုတာ တော်တော်ရှားသည်။
ဒါတွေရေးတော့ ကလေးတွေ ကျန်းမာရေးအသိမလို၊ ဆော့ချင်သလို ဆော့လို့ ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့ ငယ်ဘ၀က ဆော့ကစားပြီး နေထိုင်ကြီးပြင်းခဲ့ရသည့် ဘ၀နှင့် လက်ရှိ ကလေးတွေရဲ့ ဘ၀ကို နှိုင်းယှဉ်တွေးကြည့် မိတာပါ။
------------
ကျွန်တော် အရင်က ရေးခဲ့ဘူးသည့် “ကျော်ဒိုးပစ်ပါစေ ” ဆိုသည့် စာလေးကို ပြန်လည်ဖော်ပြချင်ပါသည်။
တစ်နေ့ ကျွန်တော်ရပ်ကွက်ထဲ လမ်းလျှောက်ဖြစ်တော့ လူကြီးတစ်ဦးက ကလေးတွေကိုပြောတဲ့အသံ ကြားလိုက်ရသည်။
ဟေ့ကလေးတွေ မင်းတို့ဒီလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျောက်တုံး(ကျောက်ဒိုး)ပစ်နေသေးတယ်။ သွားသွား …တခြားကစားနည်းသွားဆော့တဲ့။
ဒီခေတ်ကာလမှာ ကလေးတွေက တီဗွီဂိမ်းတွေ၊ ဖုန်းနဲ့ဂိမ်းဆော့တာတွေ အများကြီးတွေ့နေရသည်။
ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဒီလိုကျောက်ဒိုးပစ်တာ၊ ထီလက်မှတ်လေးတွေ ထောင်ပစ်တာ၊ သရေကွင်းပစ်တာတွေဆော့ခဲ့တာပါပဲ။ ဒီလူကြီးလည်း ဆော့ခဲ့မှာပါပဲ။
ကျောက်ဒိုးပစ်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ကိုယ်ကျောက်ခဲ့က သူ့ကျောက်ခဲကို ထိဖို့ အကွာအဝေး၊ လက်အမှန်းအစ၊ ပစ်အား ချိန်စရတယ်။ ဒီလိုမှမဟုတ်ရင် လွဲသားမယ်။ လွဲရင်ရှုံးပြီ။
ကျွန်တော်ကတော့ ဒီကစားနည်းဟာ လူငယ်တွေအတွက် ဥာဏ်ရည်ဥာဏ်သွေးရော ကျန်းမာရေး အတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ ထင်ပါသည်။
ခေတ်ကာလအရရွှေ့လျားလာတဲ့အခါ ယနေ့လူငယ်တွေ တီဗွီရှေ့၊ အင်တာနက်ရှေ့မှာ ဆော့ကစား နေချင်ဟာ ကောင်းကျိုးထက် ကျန်းမာရေးအရရော၊ လူမူဘ၀မှာပါ ဆိုးကျိုးတွေရရှိစေနိုင် တယ်လို့ထင်မိပါတယ်။
…….………..
ပညာရေးအရာမှာ၊ စီးပွားရေးအရာမှာ၊ နည်းပညာအရာမှာတော့ ကလေးတွေ နိုင်ငံတကာ အမီလိုက် ကြပါ။ သို့သော် လွတ်လပ်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ချစ်ခင်မှုတွေ၊ ခံစားတတ်မှုတွေကိုတော့ မထားရစ်ခဲ့စေချင်ပါ။
လျှပ်စစ်မီးရောင်အထက်က လမင်းကြီးရဲ့အလင်းရောင်ကို ခံစားရင်း လွတ်လပ်စွာ ပျော်ရွင်နိုင်မှုတွေ ရပါစေ။ မှားယွင်းသော အသိတွေ၊ အတတ်တွေကို တတ်မြောက်မှု နှေးကွေးပါစေ။
ခေတ်ကို အမှီပြေးလိုက်ကြရင်း ခေတ်ရဲ့သားကောင်တွေ အဖြစ်မခံကြရပါစေနှင့်။
သြော် လွတ်လပ်ပျော်ရွှင်သော ငယ်ဘ၀တွေကို ဆော့ကစား ဖြတ်သန်းနိုင်ကြပါစေ။
…………
“ မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ် ”
“ ရွှေစွန်ညို ဘာကိုလိုလို့
ဝဲပါတယ်..
မထွေးလိုလို့ ၀ဲပါတယ်
မထွေးမပါ တို့ချည်းသာ
ပါပါရဲ့လား နောက်ကထား ”
ကျွန်တော် ငယ်အကြောင်းတွေ တွေးရင်း ငယ်ငယ်က ဆိုခဲ့တာတွေ၊ ဆော့ခဲ့တာတွေကို အမှတ်ရနေ မိသည်။
မိုးကတော့ ဘယ်အငြိုးနဲ့ သဲလေသလဲမသိ။ ရွာလို့ကောင်းတုန်း။ ကျွန်တော့် စိတ်ထဲမှာ မိုးရွာထဲထွက် ပြီး ဘောလုံးကန်ချင်စိတ်တွေတောင် ဖြစ်လာမိသည်။
“ ကဲ ကုလားထိုင်ပေါ်က အဖေကြီး မိုးရွာတာကြည့်ပြီး သူငယ်ပြန်ချင်နေတာထင်တယ် ”
မိန်းမဖြစ်သူက မီးပူထိုးနေရာမှ ပြောသည်။
“ ဟိုတွေး ဒီတွေးရင်း ငယ်ငယ်ကလို မိုးထဲထွက်ဆော့ရင် ကောင်းမလားလို့ပါကွာ ”
“ ရှင်ကသာ ငယ်ငယ်ကလို ဆော့ချင်နေတာ။ ရှင့်သမီးကို ကြည့်လိုက်ဦး ”
ကျွန်တော်လည်း သမီးဖြစ်သူ ငြိမ်ချက်သားကောင်းနေလို့ ကြည့်လိုက်သည်။ သမီးက လေးခွပစ် နေသည်။ ကျွန်တော်တို့ ငယ်စဉ်က အဖေလုပ်ပေးသော လေးခွမဟုတ်။ ခွပါတဲ့ သစ်ကိုင်းကို သားရေကွင်းဖြင့် ကျွန်တောတို့လုပ်သော လေးခွမဟုတ်ပါ။
ကျွန်တော့် ဖုန်းထဲက လေးခွပစ်နေခြင်းဖြစ်သည်။ Anger Bird ဆော့နေခြင်းသာဖြစ်တော့သည်။

 
 မောင်ပိုင်
၃-၈-၂၀၁၃
— with William Tuntunko and 13 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...