Quantcast
Viewing all articles
Browse latest Browse all 1811

အလယ်ဘေးက ကျွန်တော်


“ အောင်မြင်မှုထံက
စာတစ်စောင်ရတယ်
ခင်ဗျား သိပ်တော်တာပဲတဲ့…။
ကျဆုံးမှုထံက
စာတစ်စောင်ရတယ်
ခင်ဗျား သိပ်ညံ့တာပဲတဲ့…။ ”
အောင်မြင်မှုထံ
စာပြန်လိုက်တယ်
ဟုတ်ကဲ့ခင်ဗျား…
တစ်ခါတစ်ခါ ဒီလိုပါပဲ
ချောတိုင်ရဲ့ ထိပ်ဖျားမှာ
လက်ခုပ်သံများ
ကြားရတတ်ပါတယ်။
ကျဆုံးမှုထံ
စာပြန်လိုက်ပါတယ်
ဟုတ်ကဲ့ခင်ဗျာ
တစ်ခါတစ်ခါ ဒီလိုပါပဲ
ချောတိုင်ပေါ်က ချော်ကျ
ဒဏ်ရာရတတ်ကြပါတယ်…။
မည်သို့ဖြစ်စေ
နှစ်ရှည်အိပ်မက်၊ အခန်းဆက်ရင်း
(ချောတိုင်တက်သူရဲ့ အိပ်မက်
ချောတိုင်တက်နေဖို့ လိုတယ် ) လို့
သူတို့ရဲ့ထံ စာပြန်အပြီး
လှော်မြဲ လှော်နေကျ
လှေကလေးလှော်
သီချင်းကလေးတွေနဲ့ ပျော်
ကျွန်တော်ပေါ့……။
ဌေးကြည်(စလင်း) ၁၉၉၈၊ စက်တင်ဘာလ၊ သပြေတေးမဂ္ဂဇင်း
…………
မိုးအေးအေးနဲ့ အိမ်မှာ ကျွန်တော်ဇိမ်ခံနေမိတယ်။ မှတ်စုထဲက စာလေးတွေကို အရသာခံ ပြန်ဖတ် နေမိသည်။ ကဗျာလေးတွေဖတ်ရတာ တော်တော်အရသာရှိသည်။
ဌေးကြည်(စလင်း)ရဲ့ “ ချိုးခါးနှစ်ခွက် ချောတိုင်တက်သူ ” ဆိုတဲ့ ကဗျာလေး ဖတ်မိရင်း အတွေးတွေက ၀င်လာမိတော့တယ်။
………….
ကျွန်တော်က မွေးချင်း မောင်နှမသုံးယောက်။ ကျွန်တော်က အလတ်(အလယ်)လူပေါ့။ အလယ်လူ ဆိုတော့ (သူများတွေတော့မသိဘူး) ကျွန်တော်ကတော့ အပေါ်က အစ်မဖြစ်သူအတွက် တစ်ခါတစ်ခါ အနစ်နာ ခံပေးရတယ်။ အောက်က ညီဖြစ်သူအတွက် တစ်ခါတစ်ခါ ငဲ့ညှာပေးရတယ်။
ဒါက ကျွန်တော်ရဲ့ အလယ်အစပေါ့။
ကျောင်းတက်အရွယ်ရောက်လာတော့ ဆရာဌေးကြည်ရဲ့ကဗျာထဲကလို့တော့ မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုရင် အောင်မြင်မှုစီကလည်း စာမရခဲ့သလို၊ ကျဆုံးမှုစီကလည်း စာမရခဲ့လို့ပါ။ ကျွန်တော်တို့ ကျောင်းမှာ ၄ တန်း နှစ်ကတည်းက အခန်း(A)၊ (B)၊ (C) ဆိုပြီးရှိတယ်ပေါ့။
အခန်း(A)ကများသောအားဖြင့် တော်တဲ့သူတွေစုပါတယ်။ အခန်း(B)က အသင့်အတင့်တွေပေါ့။ အခန်း (C)က နည်းနည်းညံ့သူတွေပါ။
ကျွန်တော်ကတော့ ၁၀ တန်းအောင်တဲ့အထိ (A) နဲ့ (C) မှာ မနေခဲ့ရဘူး။ အခန်း(B) မှာ နေလို့ ထိပ်မှာ လားဆိုတော့ မဟုတ်ပြန်ဘူး။ အခန်းထဲမှာ ကျောင်းသား ၄၀ ရှိရင် အဆင့်က ၂၀။ အဲဒီလိုပေါ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့လည်း ခပ်ဖြည်းဖြည်းလေးပေါ့။
ဒီလိုနဲ့ လုပ်ငန်းခွင်ဝင်တယ်။ ကျရာဒေသကိုသွားဖို့ လူခွဲလွတ်ကျပါတယ်။ ကျွန်တော်တို့ တစ်နေရာထဲကို ၅ ရောက်ကျပါတယ်။ ကျွန်တော့်ထက်စီနီယာက ၂ ယောက်၊ အောက်မှာ ဂျူနီယာက ၂ ယောက်။ ကျွန်တော့်က အလယ်လူ။ အလယ်က ပြီးပြီလား ဆိုတော့ မပြီးသေးဘူးခင်ဗျ။
လက်ရှိ ယူထားတဲ့ မိန်းမကလည်း သူ့ညီအစ်ကိုမောင်နှမထဲမှာ အလယ်လူပဲ။ (နောက်ယူဖို့တော့ မရှိပါဘူး)။
ဒါတွေက ကျွန်တော်နဲ့ အလယ်အကျိုးပေးတွေပေါ့။
……………
ဆရာဌေးကြည်(စလင်း)ရဲ့ ကဗျာလေးကို ကျွန်တော်ဖတ်ပြီး ဥာဏ်မီသလောက်စဉ်းစားကြည့်တယ်။ အောင်မြင်လို့ မာန်မ၀ံ့ဘူး၊ ကျဆုံးလို့ စိတ်မပျက်ဘူး။ ကိုယ်ရဲ့ အလုပ်ကိုသာ ပျော်ပျော်ရွှင်ရွှင် ဆက်လုပ် နေတုန်းပဲ။ ဒါဟာ ဆရာ့ရဲ့ အလယ်စိတ်ဓာတ်ကိုပြောနေသလိုပါပဲ။
ကျွန်တော်တို့ မြန်မာစကားလုံးမှာ “ သမာသမတ် ” (တည်ဖြောင့်ညီမျှမှု) ဆိုတာရှိပါတယ်။ ပါဠိ စကားလုံးက ဆင်းသက်လာတာပါ။ သမ္မာသမ။ သမ္မာ-ကောင်းစွာ၊ သမေတိ- ညီညွတ်စေ၏။ ညီညွတ်မျှတအောင် ပြုနိုင်သူ ” တဲ့။
လက်ရှိနိုင်ငံရေးမှာ ခေတ်စားနေတဲ့ “ တရားဥပဒေစိုးမိုးရေး ” ဆိုတာ သမာသမတ် ကျမှုကို ပြောတာလို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက သမာသမတ်ရှိရမယ်။ ဥပဒေကို ကိုင်တွယ်သူ၊ ထိန်းကျောင်းသူ တွေဟာ သမာသမတ်ရှိရမယ်။
သမာသမတ်ကို ကျွန်တော်တခြားနည်းဖြင့် တွေးမိတာက အလယ်အလတ်စိတ်ထားပါ။ ဥပဒေကို ကိုင် တွယ်သူက ငွေကြေး၊ ဥစ္စာဘက်လိုက်ရင် ဒါ သမာသမတ်မဖြစ်ဘူး။ အစွန်းရောက်တယ်။ ငွေကြေးနည်းပါးသူ ဘက်က သနားလို့၊ စာနာလို့ ဘက်လိုက်ရင် အမှန်တရားမပေါ်နိုင်ဘူး။ အစွန်းရောက်တယ်။
ဘက်မလိုက်သော အလယ်အလတ်မှာသာ နေသင့်တယ်။ ချိန်ခွင်တစ်ခုမှာ အလယ်က လျှာဟာ တစ်ဘက်ဘက်ကို ထွက်နေပြီဆိုရင် သမာသမတ်မဖြစ်တော့ဘူးပေါ့။
……………
“ ဘုရားဖြစ်ခါ မိဂဒါသို့
စကြာရွှေဘွား၊ ဖြန့်ချီသွား၍
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်
မဟီတိုက်သောင်း၊ တိုက်အပေါင်းမှ
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား
ဝါဆိုလပြည့်၊ စနေနေ့ဝယ်
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်
တရားနတ်စည် ရွှမ်းတည်ကို။ ။ ”
မြတ်စွာဘုရားရှင်ဟာ တရားဦး ဓမ္မစကြာတရားကို လူ၊ နတ်၊ သတ္တ၀ါတွေ အေးငြိမ်းချမ်းသာ ဖို့ဟောမြွက် ခဲ့ပါတယ်။
“ ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ ”
“ ပဉ္စ၀ဂ္ဂီအမှူးထားသည့် ကျွတ်တမ်းဝင်ကြမည့် ပရိသတ်များတို့၊ အိမ်ရာတည်ထောင် လူတို့ဘောင်ကို ခွာပြီး၍ ရသေ့ ရဟန်းအဖြစ်သို့ ရောက်လာတဲ့ ပုဂ္ဂိုလ်မှန်လျှင် နှစ်ပါးကုန်သော အစွန်းနှစ်ဖက်ထွက်နေတဲ့ အရာ တို့ကို မမှီဝဲထိုက်ကုန် ”
“ ကာမသုခလ္လိကာနုယောဂ ” ကိလေသာ ကာမချမ်းသာကို အဖန်ဖန်ခံစားအားထုတ်ခြင်းဆိုတဲ့ အကျင့်၊
“ အတ္တကိလမထာ နုယောဂ ” တပင်တပန်းဖြစ်အောင် အားထုတ်တဲ့ အကျင့်။
ဒီအကျင့်နှစ်မျိုးက လွတ်တဲ့ “ မဇ္စျိမာ ပဋိပါဒါ ” ဆိုတဲ့ “ အလယ်အလတ် ” လမ်းစဉ်ကို ကျင့်ခြင်းဖြင့်သာ သံသရာကလွှတ်မြောက်နိုင်ပါသည်တဲ့။
-----------
အိုစမာဘင်လာဒင်၊ ဟစ်တလာ၊ တာလီဘန်တွေ ဗုဒ္ဓဂါယာဗုံးခွဲသူတွေ၊ မြန်မာပြည်တွင်းက ထစ်ခနဲရှိ ချမယ့်သူတွေ၊ သတ်မယ့်သူတွေဟာ “ အလယ် ”ဆိုတာကို သိခဲ့ကျရင်၊ သိနေကျရင် ဘယ်လောက် ကောင်းလိုက်မလဲ။
နိုင်ငံတကာက အစွန်းရောက်ဆိုတဲ့သူတွေကို အလယ်လမ်းပေါ်တင်ပေးနိုင်ခဲ့ရင် ဘယ်လောက်ကောင်း လိုက်မလဲ။
ပြီးတော့ နိုင်ငံတကာမှာ အုပ်ချုပ် မင်းလုပ်နေသူတွေပါ အလယ်လမ်းစဉ် (သမာသမတ်)လေးတွေ သိထား၊ တတ်ထား၊ လေ့ကျင့်ထားရင် ဘယ်လောက်ကောင်းလိုက်မလဲ။
…………….
တစ်ခါတစ်ခါ ချီးကျူးတာလေးတွေရလာရင် မြောက်သေးတယ်။ နိမ့်ချတာတွေတွေ့ရင် ဒေါသကထွက် သေးတယ်။ ကျရှုံးတာတွေဖြစ်ရင် စိတ်ကပုံကျသွားတတ်သေးတယ်။ ကျွန်တော် တစ်ဘက်ဘက်တော့ အစွန်းကို ရောက်သွား သွားတတ်တယ်။
အောင်မြင်မှုစီလည်း စာမပြန်နိုင်၊ ကျဆုံးမှုစီလည်း စာမပြန်နိုင်ပဲ အလယ်လမ်းစီမှာ ငိုင်တိုင်တိုင် ကျွန်တော်ဖြစ်နေပါရဲ့လေ။
ကျွန်တော် ဘ၀စပြီဆိုကတည်းက အလယ်တွေနဲ့ စခဲ့တာ လက်ရှိအချိန်ထိ အလယ်က ပါတုန်းပဲ။ သို့သော် လောကုတ္တရာဘက်မှာတော့ ကျွန်တော် အလယ်လမ်းကို ဟိုဘက်က ကွေ့ရှောင် ဒီဘက်ကကွေ့ရှောင် လုပ်နေမိတယ်။
သြော် ဘ၀အစကတည်းက ပါခဲ့တဲ့အလယ် ကျွန်တော့ဘ၀ အပိတ်ခရီးကိုတော့ အလယ်လမ်းစီက လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရပါတော့မည် တကား။

 
 
မောင်ပိုင်
၂-၈-၂၀၁၃။
— with William Tuntunko and 8 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>