Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အမှတ်တရ ၈၈၈၈

$
0
0




လမ်းထိပ်မှာ ကိုဇာဂနာက တရားလာဟောတယ်။ သူပြောတာက ဦးနေ၀င်းကို လွန်ခဲ့တဲ့ ၃ လလောက်က မကွယ်လွန်လို့ အင်မတန်ကျေးဇူးတင်တဲ့အကြောင်း။ အဲဒီတုန်းကသာ ကွယ်လွန်ခဲ့ရင် နိုင်ငံတော်ဇာပန အနေနဲ့ သဂြိုလ်ကြရမှာမို့ပါတဲ့။ ပထမဆုံးကြားဖူးတာ။

ကျောင်းနားမှာလည်း ဒေါ်ဆွေဇင်ထိုက်တို့ လာဟောကြတယ်။ နဂါးနီသီချင်းကို တို့အရေး သီချင်းလုပ်ဆိုကြတာမှတ်မိတယ်။ ဟောပြောပွဲနားထောင်နေတုန်း ကားနဲ့လူတွေရောက်လာပြီး လေတပ်ကဗုံးကျဲ၊ ရေတပ်ကအမြောက်နဲ့ထုမယ်ဆိုတဲ့ သတင်းကို ဖတ်ပြတယ်။ လူတွေလည်း လက်ခုပ်ဝိုင်းတီးကြရော။ ကိုယ်ကတော့ ဗိုလ်ချုပ်တင်ထွန်းနာမည်ပါနေတော့ မထင်မိဘူး။ အဲလောက်လွယ်လားပေါ့။

အဖေပြောဖူးတာတစ်ခုကို ချက်ချင်းအမှတ်ရတယ်။ သူရဘွဲ့နှစ်ခါရခဲ့ပေမယ့် ခရုသင်းစွဲတဲ့အမှုနဲ့ ကြည်းတပ်ကထွက်ရပြီး လေးဘီးကားလေးမောင်းနေတဲ့ ဒုဗိုလ်မှုးကြီးဟောင်းက အဖေ့ကို ခင်ဗျားမလုပ်ရဲဘူးလား၊ လွှတ်တော်ကို ဗုံးကျဲလိုက်၊ လူ ၅၀ လောက်ပါသွားရင် တိုင်းပြည်ကောင်းသွားမယ်တဲ့။ အဖေက ပြန်ပြောတယ်၊ ဟုတ်ပါတယ်။ အဲဒီ ၅၀ ပြီးသွားရင် နောက် ၅၀ ကကောတဲ့။ ဟိုလူ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြန်သွားသတဲ့။

ချမယ်၊ နှက်မယ်ပြောတဲ့ ဟိုကားထွက်သွားပြီး တစ်မိနစ်တောင်မကြာဘူး။ နောက်ကားတစ်စီးရောက်လာပြီး အရှေ့ကပြောသွားသမျှ တစ်ခုမှမဟုတ်ဘူးလို့ ပြောပါလေရော။ အကုန်လုံး ပါးစပ်အဟောင်းသားနဲ့။ ခုနပျော်သလိုလိုဟာ ဆန့်တငန့်ငန့်။ ကောလဟလဆိုတာ ပထမဆုံးနဖူးတွေ့ဒူးတွေ့။

တစ်ရက်ကျတော့ အိမ်ရှေ့က ကျန်းမာရေးရုံးကို အုပ်စုလိုက်ကြီး ခဲနဲ့ပစ်ကြတော့ အိမ်အောက်ထပ်မှာ ကြောက်ကြောက်နဲ့ ပုန်းနေရတယ်။ အိမ်ပေါ်က မှန်ချပ်တွေ ကွဲကုန်ပြီထင်တယ်မေမေလို့ ပြောမိသေးတယ်။ ဥစ္စာခြောက်တာပေါ့။ ရုံးကမှန်တွေ အကုန်ကွဲတော့မှ သူတို့ထွက်သွားကြရော။ ရပ်ကွက်ကို ဘာမှမလုပ်ဘူး။

ဗိုလ်ကြီးစည်သူကို သူလျှိုမှုနဲ့ဖမ်းမိတယ်လို့ ကြားတော့ အမေက အပြေးအလွှားနဲ့ စာစောင်သွား ၀ယ်တယ်။ လေယာဉ်မောင်းသင်တန်းမှာ အဖေ့တပည့်ဖြစ်ခဲ့ပြီး ရင်းနှီးတဲ့မိတ်ဆွေဆိုတော့ စိုးရိမ်မိတာပဲ။ သိခဲ့ဖူးတဲ့ အရပ်မြင့်မြင့် ရုပ်ချောချော သဘောကောင်းကောင်း ဦးဦးဟာ ဒီလိုလုပ်သလားလို့ မယုံချင်ဘူး။ နောက် ၃ ရက်လောက်နေတော့ လွှတ်ပေးလိုက်တယ်ဆိုတော့ သက်ပြင်းချကြတယ်။

နောက် ၀န်ကြီးများရုံးရှေ့မှာ ပစ်ကြခတ်ကြတော့ လူနာတွေသယ်ပြီး အိမ်ရှေ့ရုံးထဲမှာ ပုန်းရင်း ဆေးကုကြတယ်။ ကျောင်းစိမ်းနဲ့ မိန်းကလေးတစ်ယောက်ဆုံးသွားတယ်တဲ့။ အဲဒီတုန်းက ပါလာတဲ့ တစ်ယောက်နာမည်ကလည်း သန္တာဝင်းပဲ။ သန္တာဝင်းက မူးရုံမူးတာလို့ အော်ပြောသံတွေကြားရတယ်။

သိပ်မကြာခင်ပဲ အိမ်ရှေ့ရုံးကို တပ်က သိမ်းလိုက်တာ။ စစ်သားတွေက တိုင်းရင်းသားတွေများတယ်။ တစ်ချို့ဗမာစကားမတတ်ဘူး။ ရပ်ကွက်ကလည်း မုန်းမုန်းနဲ့ အစပိုင်းမှာသူတို့ကို မျက်စောင်းထိုး ကြတယ်။ စကားမပြောကြဘူး။ သူတို့ကလည်း ခပ်လန့်လန့်နဲ့ တွန့်ဆုတ်ဆုတ်။

တစ်ပတ်လောက်ကြာပြီး အိမ်မှာ စက်ဆိုင်ပြန်ဖွင့်ထားတော့ ဘောင်းဘီအပြဲလေးတွေ ချုပ်ဖို့လာအပ်တယ်။ အမေကလည်း စစ်သားမယားပဲဆိုတော့ သနားပြီးချုပ်ပေးတယ်။ နောက်ရပ်ကွက်ထဲကလူတွေလည်း အလုပ်မရှိတော့ မုန့်ဟင်းခါးဆိုင်လေးဖွင့်၊ ဈေးဆိုင်လေးတွေ ဖွင့်တော့ စစ်သားတွေကလာဝယ်၊ တဖြည်းဖြည်းနဲ့ မျက်မှန်းတမ်းမိလာပြီး မေးထူးခေါ်ပြော ဖြစ်လာကြရော။

တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၉ ရက် ဆိုသလိုပဲ အဲဒီစစ်သားတွေထဲက တစ်ယောက်က အိမ်မှာနေတဲ့ ၀ လူမျိုး အမနဲ့ ငယ်ငယ်တုန်းက ရည်းစားတဲ့။ သူတို့ချင်းမတွေ့တာ ဆယ်စုနှစ်လောက်ရှိနေကြပြီ။ တစ်ယောက်နဲ့တစ်ယောက်မှတ်မိအောင် မနည်းကြည့်ရသတဲ့။ ဖြစ်ပုံများ။ အဲဒီတုန်းက အမ ရွှင်လန်းနေတာမှတ်မိသေး။

ရင်းနှီးလာလို့ မေးကြည့်ကြတာပေါ့လေ။ ဘာလို့ သေနတ်နဲ့ပစ်တာလည်းလို့။ သူတို့ကပြန်ပြောတယ်။ ဗကပတွေ မြို့ပေါ်တက်သိမ်းထားပြီလို့ သိထားတာတဲ့။ ခေါင်းစည်းအနီစည်းထားတဲ့ ကျောင်းသူတွေကိုမြင်တော့ ဗကပတွေက လှ လှချည်လားလို့ ထင်နေတာတဲ့။ ငိုရမလို ရယ်ရမလို။

သူတို့ဘ၀တွေဆင်းရဲကြတယ်။ ယူနီဖောင်းခပ်စုတ်စုတ်။ မနက်တိုင်းတန်းစီကြရင် ဆရာကြီးက တစ်ယောက်မဟုတ် တစ်ယောက်ကို ပါးရိုက်တာပဲ။ ဘာမှုလဲတော့မသိ။ တစ်ခါက ရိုက်ထည့်လိုက်တာ လူပါပစ်လဲသွားတာမြင်ရတယ်။ လေတပ်မှာ အဲလိုအကျင့်မျိုး တစ်ခါမှ မမြင်ဖူးတော့ အတော်ထူးဆန်းတာ။

ညညဆိုရင် လူတွေလိုက်ဖမ်းလာတာ၊ မနက်ဆို စစ်ကားပေါ်မှာ လက်ပြန်ကြိုးတုပ်ရက်နဲ့။ တစ်ခါကတော့ လူတစ်ယောက်ကို ရိုက်နှက်ထားလိုက်တာ ဖူးရောင်နေတာပဲ။ သွေးတွေလဲထွက် ယင်တွေလဲဝိုင်းနေလို့ စစ်သားတစ်ယောက်ကို အဲဒီလူက သူ့မျက်နှာကို ပုဆိုးနဲ့ အုပ်ပေးပါလို့ ပြောတယ်။ လက်ကကြိုးတုပ်ထားတော့လေ။ မျက်နှာကို ပုဆိုးနဲ့ အုပ်လိုက်တော့ ဟောင်းလောင်းကြီးဖြစ်နေရော။ အကုန်လုံး အိမ်ပေါ်ကနေမြင်နေရတယ်။ နောက်ပိုင်းသိရတာက ညမထွက်ရအမိန့်နဲ့ တစ်ခါတစ်လေဖမ်းလာတာ ညလယ်ခေါင်ထ လက်မှတ်တန်းစီပြီး မီးရထားသွားစီးရတဲ့ ခရီးသည်တွေတဲ့။ ထွက်ပြေးရင်းလွတ်လာတဲ့ ခရီးသည်တစ်ယောက်က ပြန်ပြောပြတယ်။

စက်တင်ဘာအာဏာသိမ်းပြီးသွားတော့ တပ်ကဗိုလ်ကြီးတစ်ယောက်က သူနဲ့ရန်ညှိုးရှိတဲ့ အဖိုးကြီး၊ အဖွားကြီးနှစ်ယောက်ကို အိမ်မှာသွားခေါ်ပြီး ကမ်းနားမှာ ပစ်သတ်ရေထဲမျှောချပစ်လိုက်တယ်။ အမှန်တော့ ရောင်တော်ပြန်နဲ့ ရောလွှတ်တာပေါ့လေ။ သူကနှယ်နှယ်ရရတော့မဟုတ်ဘူး။ မြောက်ကိုရီးယားသူလျှို ကင်မေချုးတို့ကို ဖမ်းတုန်းက သူရဲကောင်းမှတ်တမ်းဝင်ရထားတာ။ တပ်ကို အတိုင်ခံရတော့ အမှုဖြစ်ပြီး ဒါဟာ နိုင်ငံရေးနဲ့ ဘာမှမဆိုင်ဆိုတာ တွေ့လာတော့ ထောင် ၁၀ နှစ်ကျသွားတယ်။

မတည်ငြိမ်တဲ့ လုံခြုံမှုကင်းတဲ့အနေအထားကို အခွင့်ကောင်းယူသူတွေက သူ့ဘက် ကိုယ့်ဘက်မှာ ရှိစမြဲပေါ့။

၈၈ အကြောင်းရေးထားတာတွေတွေ့တော့ အဟောင်းတွေ အသစ်ဖြစ်တာပေါ့လေ။ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေအဖို့တော့ ကြေကွဲစရာတွေပဲ။ သေချာတာကတော့ ဘယ်သူမှ ပြန်မဖြစ်ချင်တော့ဘူး။

လနဲ့ချီပြီး ရုံးထဲမှာ တပ်စွဲထားတော့ ရပ်ကွက်နဲ့ အရင်းနှီးလွန်သွားတာ အရပ်ထဲက မိန်းကလေးတွေနဲ့တောင် ရည်းစားတွေဘာတွေဖြစ်လို့။ တစ်ယောက်ဆို အိမ်ထောင်ပါကျသွားလို့ မူဆယ်ကိုလိုက်ပြောင်းသွားတယ်။

ဗမာတွေက ခွင့်လွှတ်လွယ်ပါတယ်။ မေ့ပျောက်ဖို့ဆိုတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဟိုဘက် ဒီဘက် အလိမ်တွေကို ဖြည်ထုတ်နိုင်ရင်၊ နှစ်ဘက်စလုံး ပြုသူမဟုတ် ခံသူတွေဆိုတာ ပေါ်လာမှာပါပဲ။ ခံသူအချင်းချင်း တိုက်နေလို့လည်း နှုတ်ခမ်းပဲ့ချင်းမှုတ်လို့ မီးမထွက်သလိုသာ ရှိမှာပေါ့လေ။








Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>