(၈၈)အတွက် အစိုးရနှင့်တပ်မတော်က တောင်းပန်နိုင်စွမ်း ရှိပါ့မလား
-------------------------------------------------------------------------
(၈၈)မှာ တပ်က အာဏာသိမ်းခဲ့တာဟာ မှားတယ်၊ မှန်တယ် အငြင်းပွားကြတယ်။ ဒါပေမယ့် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို မရခဲ့တာတော့ သေချာတယ်။ ပြည်သူ ထောက်ခံမှု မရတဲ့အတွက်ကို ဒီအာဏာသိမ်းတဲ့ ကိစ္စအောင်မြင်ဖို့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာဟာလဲ မှားတယ် ဆိုတာ သေချာတယ်။ စစ်တပ်ရဲ့ ရည်ရွယ်ချက်ပန်းတိုင် (end) က မှန်တယ် ဆိုဦးတော့ (တကယ်မှန်တယ်လို့ မပြောဘူးနော်)၊ ပန်းတိုင်ရောက်အောင် လုပ်တဲ့နည်းလမ်း (means) က မှားခဲ့တယ်ဆိုတာ သေချာတယ်။
အဲဒီတော့ အဲဒီအမှားအတွက် တောင်းပန်တယ် ဆိုရင် အဲဒီအမှားကို ၀န်ခံခြင်းနဲ့ အဲဒီအမှားကို တာဝန် ယူခြင်း သဘော သက်ရောက်ပါတယ်။ တကယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က တောင်းပန်တယ် ဆိုရင် သူ့အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ တပ်မတော် တစ်ခုလုံးက အဲဒီအမှားကို တာဝန် ယူရာရောက် ပါတယ်။ ဒါ ဘယ်လို အဓိပ္ပါယ်မျိုး ထွက်လာမလဲ။
(၈၈) အရေးအခင်းဟာ လွန်ခဲ့တဲ့ (၂၅)နှစ်တုံးက ဖြစ်ခဲ့တာဆိုတော့ အခု အသက် (၄၀) ရှိတဲ့ စစ်သားတစ်ယောက်ဟာ အဲဒီတုံးက (၁၅) နှစ်ပဲ ရှိပါလိမ့်ဦးမယ်။ ပြည်သူကို နှိမ်နင်းတဲ့ အထဲမှာ သူ ဘယ်လိုမှ ပါဝင်နိုင်ခဲ့စရာ မရှိပါဘူး။ စစ်တိုက်တယ်ဆိုတာလဲ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေရဲ့ အလုပ်ဆိုတော့ ဒီလို (၄၀) အောက် လူငယ်တွေကပဲ တပ်ထဲမှာ အများစု ဖြစ်နေမှာပါ။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဒီတောင်းပန်ချက်ဟာ သူတို့လို လူတွေအတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်မှာလဲ။
ရှေးရှေးတုံးက ဖြစ်ခဲ့လို့ ကိုယ်ဘာမှ မတတ်နိုင်တဲ့ ကိစ္စမျိုးတွေအတွက် နောက်လူတွေက တာဝန်ယူရ တာဟာ သမိုင်းကို ဆက်ခံတာ၊ သမိုင်းကို တာဝန်ယူရတာမျိုး ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ သမိုင်းမှာ ဖြစ်ခဲ့တဲ့ အကောင်းအဆိုးတွေ အားလုံးကို တာဝန်ယူရတာ ဖြစ်တဲ့အတွက် အကောင်းတွေ၊ ဂုဏ်ရောင် ပြောင်ခဲ့တာတွေကို အမွေခံရတာ ကိစ္စမရှိပေမယ့် ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ အမှားတွေကို တာဝန် ယူရတာကတော့ အင်မတန် ၀န်လေးပါတယ်။ တာဝန် မှန်သမျှထဲမှာ သမိုင်းတာဝန်ဟာ အလေးပင်ဆုံး ဖြစ်ပါတယ်။
အဲဒီတော့ ဒီတာဝန်ကို တပ်မတော်အနေနဲ့ ယူနိုင်မယူနိုင် မစဉ်းစားခင် ဒီလို ကိုယ့်ထက်အရင် သမိုင်းတာဝန်ယူသွားကြသူတွေကို အရင် အကဲခတ်ကြည့်ပါ့ မယ်။
ဂျာမနီ သင်ခန်းစာ
---------------------
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီနိုင်ငံကို အုပ်စိုးနေတဲ့ အာဏာရှင်ဟစ်တလာဟာ သူ့နိုင်ငံတွင်းက၊ သူ သိမ်းပိုက်ထားတဲ့ နယ်မြေနိုင်ငံတွေက ဂျူးလူမျိုး (၆)သန်းကျော်ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ရန်သူမြို့ကို သိမ်းပိုက်ပြီး တစ်မြို့လုံး မြေလှန်သတ်ဖြတ်ပစ်တဲ့ ဘုရင်တွေ ရှိခဲ့ဘူးပေမယ့် ရန်သူမဟုတ်တဲ့၊ ကိုယ့်လက်အောက်မှာ ကိုယ်ထားရင်နေ၊ သတ်ရင်သေရမယ့် လူမျိုးတစ်မျိုးကို ပစ်မှတ်ထားပြီး လူမျိုးပြုန်း သတ်ဖြတ်တာဟာ ကမ္ဘာ့သမိုင်းမှာ ရက်စက်မှု စံချိန်သစ်ဖြစ်လို့ စစ်အပြီး အကြောင်းစုံပေါ်လာတဲ့ အချိန်မှာ တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ကြပါတယ်။
အဲဒီတော့ ဟစ်တလာလို လူမျိုး နောက်ပေါ်မလာနိုင်အောင် ဘယ်လို တားဆီးရမလဲလို့ စစ်နိုင်မဟာမိတ် နိုင်ငံကြီးတွေ စဉ်းစားခဲ့ကြပါတယ်။ ဟစ်တလာ အာဏာရလာခြင်းရဲ့ သမိုင်းအကြောင်းခံတွေကို တွေ့အောင် ရှာဖွေပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဖယ်ရှားပုံက...
၁။ ဟစ်တလာဟာ အစွန်းရောက် အမျိုးသားရေးဝါဒကို ကိုင်စွဲတဲ့ နာဇီပါတီရဲ့ ခေါင်းဆောင်ပါ။ သူအာဏာ ရလာတာက ဂျာမနီမှာ လစ်ဘရယ်ဒီမိုကရေစီ ကျဆုံးသွားလို့ပါ။ အဲဒီလို ကျဆုံးရတာကလဲ ပထမကမ္ဘာစစ် အပြီးမှာ စစ်ရှုံးနိမ့်ခဲ့ရတဲ့ ဂျာမနီကို စစ်နိုင်တဲ့ အင်္ဂလန်လို နိုင်ငံတွေက အညှိုးတကြီးနဲ့ စစ်လျော်ကြေးတွေ ရက်ရက်စက်စက်တောင်း၊ ၀ိုင်းထုထောင်းလိုက်ကြတဲ့အတွက် နိုင်ငံ ဆင်းရဲကြပ်တည်း လွန်းလာလို့ ဖြစ်ပါတယ်။
အဲဒီသင်ခန်းစာကို ယူပြီး ဒုတိယကမ္ဘာစစ်အပြီးကျတော့ မဟာမိတ်တွေ လက်ထဲမှာ ရှိတဲ့ အနောက် ဂျာမနီနိုင်ငံကို မာရှယ် စီမံကိန်းနဲ့ အကူအညီတွေ ပုံအောပေးပြီး ပြန်လည် ထူထောင် ပေးခဲ့ပါတယ်။ နိုင်ငံသားတွေ ပညာတတ်ပြီး စားဝတ်နေရေး ချောင်လည်မှ လစ်ဘရယ် ဒီမိုကရေစီ အားကောင်းနိုင်မယ်၊ ဒီမိုကရေစီ အားကောင်းမှ အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းမထောင်နိုင်မှာ ဖြစ်ပါတယ်။
၂။ ကမ္ဘာစစ်ကြီး (၂)ခု ဖြစ်ခဲ့ရတာဟာ ကိုလိုနီ နယ်ချဲ့စံနစ်ကြောင့် ဖြစ်ပါတယ်။ နယ်ချဲ့တာ လက်ဦးတဲ့ နိုင်ငံကြီးတွေက ကမ္ဘာအနှံ့ နိုင်ငံတွေကို ဝေစုခွဲ၊ သိမ်းပိုက်ပြီး စီးပွားရေး လက်ဝါးကြီးအုပ်ထားခဲ့ကြလို့ စက်မှုနိုင်ငံအသစ်တွေ ဖြစ်တဲ့ ဂျာမနီ၊ ဂျပန်တို့ အတွက် စီးပွားရေးဈေးကွက်မရှိတော့တာ မကျေနပ် ကြတဲ့အတွက် ကမ္ဘာစစ်မီး (၂) ကြိမ်တောက်ခဲ့ရတာပါ။ ဒါကို မြင်လို့ စစ်အပြီးမှာ ကိုလိုနီ နယ်မြေအများစု ကို လွတ်လပ်ရေးပေးပြီး စီးပွားရေးအရ လွတ်လပ်စွာယှဉ်ပြိုင်တဲ့ စံနစ်ကို ကူးပြောင်း ခဲ့ကြပါတယ်။
ဟုတ်ပြီ။ ဒါဆိုရင် ဟစ်တလာကို မွေးထုတ်ခဲ့တဲ့ ဂျာမနီ နိုင်ငံကရော။ ဟစ်တလာက စစ်ပြီးခါနီးဆဲဆဲမှာ ကိုယ့်ကိုယ်ကို သတ်သေသွားလို့ မရှိတော့ပါဘူး။ ဒါပေမယ့် သူဟာ ရွေးကောက်ပွဲနဲ့ တက်လာပြီးမှ အတိုက်အခံတွေကို ချေမှုန်းပြီး အာဏာရှင်လုပ်သွားတဲ့သူ ဖြစ်လို့ သူ့ကို ခေါင်းဆောင်တင်မိခဲ့ကြတဲ့ ဂျာမန်လူမျိုးတွေဟာ ဟစ်တလာရဲ့ အမှားကို သမိုင်းတာဝန်ယူခဲ့ရပါတယ်။
ဘယ်လို ယူခဲ့သလဲ။ (၁၉၇၀)မှာ ဂျာမန်ဝန်ကြီးချုပ်လုပ်သူဟာ ဟစ်တလာလက်ချက်နဲ့ သေဆုံးသွားရတဲ့ ဂျူးလူမျိုး သန်းပေါင်းများစွာကို ရည်စူးပြီး အများပြည်သူ ရှေ့မှောက်မှာ ဒူးထောက် တောင်းပန်ခဲ့ပါတယ်။ အဲဒီတုံးက ကံကောင်းလို့ မသေဘဲ ကျန်ခဲ့တဲ့ ဂျူးအကျဉ်းသားတွေအတွက်၊ နောက် ဂျူးလူမျိုးတွေ တည်ထောင်ခဲ့တဲ့ အစ္စရေးနိုင်ငံအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ဂျာမနီနိုင်ငံက နှစ်အဆက်ဆက် ပေးကမ်းထောက်ပံ့ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီလို တောင်းပန်တာ၊ လျော်ကြေးပေးတာတွေက အကင်းရှိပါသေးတယ်။ တကယ့် အနှစ်က ဒီလို။
၁။ အခု တည်ဆဲဂျာမန်ဥပဒေများအရ ဟစ်တလာခေါင်းဆောင်ခဲ့တဲ့ နာဇီပါတီဟာ မတရားအသင်းဖြစ် ပါတယ်၊ သူ့ရဲ့ နာဇီဝါဒဟာ မတရား ၀ါဒ ဖြစ်ပါတယ်၊ ဒီဝါဒကို လက်ခံယုံကြည်တဲ့ အသင်းအဖွဲ့ တွေလဲ မတရား အသင်းတွေလို့ သတ်မှတ်ပါတယ်။ ဒီဝါဒကို စိတ်ထဲယုံကြည်နေရုံဆို ကိစ္စမရှိ၊ လူအများသိအောင် ဖေါ်ထုတ်ပြောဆိုရေးသား စည်းရုံးရင် ရာဇ၀တ်မှု မြောက်ပါတယ်။ ဒီဝါဒကို ကိုင်ပြီး နိုင်ငံရေးလောကထဲ ၀င်ဖို့ ဆိုတာ အဝေးကြီးပါ။
၂။ နာဇီပါတီရဲ့ သင်္ကေတဖြစ်တဲ့ စကြာတံဆိပ်ကို လူအများရှေ့မှောက်မှာ တပ်ဆင်သုံးစွဲတာ၊ နာဇီ ပါတီဝင်တွေ အသုံးပြုတဲ့ အလေးပြုနည်းအတိုင်းပြုတာမျိုးကအစ ထောင်ကျနိုင်တဲ့ အပြစ်တွေ ဖြစ်ပါတယ်။
၃။ ဟစ်တလာကို ကာကွယ်ချင်တာနဲ့ သူလုပ်ခဲ့တဲ့ အပြစ်တွေကို ဖေါ့ပြီး ဒါတွေက စစ်နိုင်တဲ့ မဟာမိတ်တွေက ဂျာမန်တွေ သိက္ခာကျအောင် လုပ်ကြံထားတါပါ ဆိုတာမျိုး ပြောဆိုရေးသားရင်လဲ (holocaust denial) လို့ သတ်မှတ်ပါတယ်၊ အပြစ်ရှိပါတယ်။
အဲဒီ ဥပဒေတွေဟာ ဟစ်တလာလို လူမျိုး နောက်ထပ်မပေါ်အောင် တားဆီးဖို့လို့ မထင်ပါနဲ့။ ဒီလိုလူမျိုးတွေ မပေါ်အောင် ဥပဒေနဲ့၊ အမိန့်အာဏာနဲ့ တားလို့မရပါ၊ လစ်ဘရယ်ဒီမိုကရေစီ အားကောင်းမှ သူတို့လို အစွန်းရောက်တွေ ခေါင်းမထောင်နိုင်မှာဖြစ်ကြောင်း ရှေ့မှာ ပြောခဲ့ပြီး ပါပြီ။ နောက်ပြီး ဟစ်တလာလက်သစ်ဟာ ဂျာမနီမှာ မပေါ်ပေမယ့် အခြားနေရာမှာ ပေါ်ချင်ပေါ် လာနိုင်ပါသေးတယ်။ နာဇီလက်သစ်ဝါဒ (Neo-Nazism) ကို ယုံကြည်လက်ခံသူတွေ နိုင်ငံပေါင်း (၂၀) ကျော်မှာ ရှိနေတယ် ဆိုတာကိုး။
နောက်ပြီး တစ်ဖက်က ပြန်စဉ်းစားရင် ဂျာမနီနိုင်ငံမှာ အဲဒီလို ဥပဒေတွေ ရှိတဲ့အတွက် သူတို့ နိုင်ငံနဲ့လူမျိုး အတိုင်းအတာတစ်ခုအထိ နစ်နာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့...
၁။ လူ့အခွင့်အရေးစံချိန်နဲ့ တိုင်းရင် ဘယ်သူမဆို ကိုယ်ယုံကြည်ရာကို ထုတ်ဖေါ်ပြောဆို ရေးသားခွင့် ရှိပါတယ်။ ဒါပေမယ့် ဂျာမန်နာဇီဝါဒီတွေကတော့ ဒီအခွင့်အရေးကို မရပါဘူး။ အဲဒီတော့ စီးပွားရေးဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံကြီးသားတွေ ဆိုပေမယ့် ဂျာမန်တွေဟာ အခြားနိုင်ငံကြီးတွေက လူတွေလောက် လူ့အခွင့်အရေးအပြည့်မရဘူးလို့ ပြောရတော့မှာပါ။
၂။ နာဇီဝါဒဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိတတ်တဲ့ အမျိုးသားရေးဝါဒ တစ်မျိုးပါပဲ၊ အစွန်း ရောက်သွားလို့သာ ရက်စက်ကြမ်းကြုပ်တဲ့နေရာမှာ သမိုင်းစံချိန်တင်ခဲ့ရတာပါ။ ဒါပေမယ့် ဒီဝါဒကို လုံးဝခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားတဲ့အတွက် ဂျာမန်အမျိုးသားရေးကိုပါ အတိုင်းအတာတစ်ခု အထိ ထိခိုက်ပါတယ်၊ လက်သည်းဆိပ်တော့ လက်ထိပ်နာတဲ့ သဘောပါ။
၃။ လူ့သဘာဝအရ ”ဖိရင် ကြွပါတယ်”။ ကိုယ်မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုကြီးရဲ့ တာဝန်ကို ကိုယ့်လက်ထက်အထိ ခေါင်းခံနေရတဲ့ ကိစ္စကို အချို့ ဂျာမန် လူငယ်တွေက လက်မခံနိုင်ကြပါဘူး၊ သူတို့ဟာ နာဇီလက်သစ်တွေ ဖြစ်လာကြပါတယ်။ ဒါပေမယ့် တရားဝင်ရပ်တည်လို့ မရတဲ့အတွက် မြေအောက်အဖွဲ့အစည်းတွေအနေနဲ့သာ ရပ်တည်ကြရ ပါတယ်။ (၂၀၁၀)ခှုနှစ်ထုတ် ဂျာမနီထောက်လှမ်းရေးအဖွဲ့ အစီရင်ခံစာမူကြမ်းအရ ဂျာမနီမှာ လင်္ကျာအစွန်းရောက် (၂၅၀၀၀)လောက်ရှိပြီး အဲဒီထဲမှာ နာဇီ လက်သစ်ဝါဒီ (၅၆၀၀)လောက် ပါတယ်လို့ဆိုပါတယ်။
ဒါဆိုရင် ဒီဥပဒေတွေကို ပြဌာန်းခဲ့တဲ့သူတွေ၊ အခုအချိန်အထိ ကျင့်သုံးနေတဲ့ သူတွေ ခေါင်းဆောင် တွေက ဒီလိုနစ်နာမှာတွေကို မမြင်ဘူးလားလို့ မေးစရာရှိပါတယ်။
ကျွန်တော့အထင်ကတော့ သူတို့ မြင်ခဲ့မှာပါ။ ဒါပေမယ့် ဒီလိုဥပဒေတွေကို ပြဌာန်းကျင့်သုံးနေ တာဟာ ”ဟစ်တလာ လုပ်သွားတဲ့ ကိစ္စတွေကိုတော့ အတိတ်ဖြစ်လို့ ပြင်မရတော့ဘူး။ ဒါပေမယ့် ဟစ်တလာလို လူမျိုး ဂျာမနီမှာ နောက်ထပ်ခေါင်းဆောင်ဖြစ်ဖို့ မပြောနဲ့၊ အညွှန့် အညှောက်တောင်ထွက်ခွင့် မရစေရဘူး။ ဂျာမန်နိုင်ငံရေးလောကမှာ သူ့လိုလူမျိုး လူမွေးလူတောင် ပြောင်ခွင့် မရှိစေရဘူး” ဆိုတဲ့သဘော၊ ဟစ်တလာရဲ့ အမှားမျိုး အခြားဂျာမန်လူမျိုးတွေ ထပ်မမှားမိလေအောင် (လူ့အခွင့်အရေး လျော့ရင် လျော့ပါစေ) သားစဉ်မြေးဆက် အနစ်နာခံ တာဝန်ယူသွားကြတဲ့ သဘောပါ။ ဒါမျိုးကမှ သမိုင်းတာဝန်ယူမှု အနှစ်အသား စစ်စစ်ဖြစ်ပါတယ်။
ဒါဆိုရင် အခုလက်ရှိမြန်မာ့တပ်မတော်အနေနဲ့ အဲဒီလိုမျိုး သမိုင်းတာဝန်ယူနိုင်မှာလား ဆိုတဲ့ မေးခွန်းကို စဉ်းစားရပါတော့မယ်။
ဒီလို မသုံးသပ်ခင်မှာ မြန်မာ့တပ်မတော်နဲ့ နိုင်ငံတကာတပ်မတော်တွေ မတူညီတဲ့ အချက်တစ်ခုကို သိထားဖို့ လိုပါတယ်။ အဲဒါကတော့ အမိန့်နာခံမှု စည်းကမ်းပါ။
တပ်မတော်နှင့် အမိန့်နာခံမှုစည်းကမ်း
----------------------------------------
အမိန့်နာခံမှုဆိုတာ ဘယ်စစ်တပ်မှာမဆို မရှိမဖြစ်တဲ့ အနှစ်သာရစည်းကမ်း တစ်ရပ်ဖြစ် ပါတယ်။ သူသူကိုယ်ကိုယ် သေမှာကြောက်တတ်တာချဉ်း ဖြစ်လေတော့ အသက်ပေးပြီး စစ်တိုက်ရတဲ့ကိစ္စမျိုးကို အောင်အောင်မြင်မြင်လုပ်နိုင်အောင် စစ်သားတွေမှာ အမိန့်နာခံတဲ့ အလေ့အကျင့် လိုပါတယ်။ အမိန့်တစ်ခု ရပြီဆိုတာ နဲ့ ”ငါ ဒီအမိန့်ကို လိုက်နာရင် သေသွားနိုင်သလား” လို့ စဉ်းစားတာကနောက်၊ အမိန့်ကို လိုက်နာမိတာကအရင် ဖြစ်အောင် လေ့ကျင့်ပေးထားရပါတယ်။ စစ်တိုက် ချင်လို့ စစ်ထဲဝင်တဲ့သူတွေကို သေနတ်ပစ်တာ အရင်သင်မပေးဘဲ စစ်ရေးပြ အရင် သင်ပေးရတဲ့ရည်ရွယ်ချက်တွေထဲမှာ အမိန့်နာခံမှုအလေ့အကျင့်ဖြစ်အောင်ဆိုတာ ပါပါတယ်။ ဒါ မြန်မာ့တပ်မတော်သာမဟုတ်၊ စစ်တပ်တိုင်းလိုလို ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို စစ်မိန့်ကို အသက်ပေးပြီး လိုက်နာရမယ့် စည်းကမ်းမျိုးလုပ်ထားတဲ့ အတွက် အမိန့်ပေးခွင့်ရှိသူတွေက ကိုယ်ရထားတဲ့ အမိန့်အာဏာကို အလွဲသုံးစား လုပ်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အဲဒီလို အလွဲသုံးစားလုပ်တာမျိုးကို တားဆီးထိန်းကွပ်ထားတာက စစ်ဥပဒေ၊ အရပ်ဖက် ဥပဒေတွေ ဖြစ်ပါတယ်။ ဒီလိုထိန်းညှိထားတာလဲ တပ်မတော်တိုင်းလိုလိုပါပဲ။
အဲ... တခါတရံကျတော့ ဥပဒေတွေ ပြဌာန်းထိန်းချုပ်ထားတဲ့ကြားထဲက ဥပဒေနဲ့ မညီတဲ့ အမိန့် တွေကို အချို့အရာရှိတွေက ထုတ်ပြန်တတ်ပါတယ်။ ဒါဆို လက်အောက်ခံ စစ်သည်တစ်ဦး အနေနဲ့ ဘယ်လိုလုပ်ရမှာလဲ။ ဒီလို အခြေအနေ မျိုးမှာ လိုက်နာဖို့ သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းတွေကျတော့ မြန်မာ့ တပ်မတော်ဟာ အခြားနိုင်ငံတကာတပ်မတော်တွေနဲ့ မတူတော့ပါဘူး။
ဥပမာ... ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာဆိုရင် စစ်သားတိုင်းဟာ ဥပဒေနဲ့ညီတဲ့ အမိန့် (lawful order) ကိုသာ လိုက်နာရမယ်လို့ ပြဌာန်းထား ပါတယ်။ ဥပဒေနဲ့မညီတဲ့ အထက် အမိန့်ကို နာခံမိခဲ့တယ် ဆိုရင် အမိန့်ပေးသူရော၊ အမိန့်နာခံသူရော (၂) ယောက်လုံး ဥပဒေ ချိုးဖေါက်မှုအတိုင်းအတာကို လိုက်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရမှာပါ။ ကိုယ်က လက်အောက် ငယ်သားဖြစ်လို့ အထက်အမိန့်ကို နာခံရတာပါဆိုတဲ့ ဆင်ခြေမျိုး တက်လို့မရပါဘူး။
အဲဒီလိုမဟုတ်ဘဲ အမိန့်တစ်ခုဟာ ဥပဒေနဲ့ မညီဘူးထင်လို့ မနာခံဘဲ ငြင်းတယ် ဆိုပါတော့။ ဒါလဲ မလွယ်သေးပါဘူး။ ရှေ့တန်းမှာ အရာရှိရဲ့အမိန့်ကို မနာခံတာမျိုး ဆိုရင် သေဒါဏ်ပေးလို့ရတဲ့အတွက် အဲဒီရဲဘော် ချက်ချင်း သေသွားနိုင်ပါတယ် (ဖြစ်လာမယ့် ပြဿနာကို သေဒါဏ်ပေး လိုက်တဲ့ အရာရှိက ဖြေရှင်းရမှာပါ)။ ကံကောင်းထောက်မလို့ ချက်ချင်းသေဒါဏ်ပေးမခံရဘူးဆိုရင် စစ်ခုံရုံးက အဲဒီအမိန့်ကို ဥပဒေနဲ့ညီမညီ စစ်ဆေးပါလိမ့်မယ်။ အမိန့်က တကယ်ကို ဥပဒေနဲ့ မညီဘူး ဆိုရင် အမိန့် မနာခံတဲ့ ရဲဘော်ကို လွတ်ငြိမ်းခွင့်ပေးပြီး မတရား အမိန့်ပေးခဲ့တဲ့ အရာရှိကို အပြစ်ပေးပါလိမ့်မယ်။ အမိန့်က ဥပဒေနဲ့ ညီတယ်ဆိုရင်တော့ အရာရှိက လွတ်ငြိမ်းခွင့် ရပြီး ရဲဘော်ကို အမိန့်မနာခံမှုနဲ့ အရေးယူပါလိမ့်မယ်။
အဲဒီမူဝါဒတွေအရ အမေရိကန်တပ်မတော်မှာ...
၁။ ”ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရ” ဆိုတဲ့အတိုင်း အထက်အမိန့် ဆိုတာလဲ ဥပဒေအောက်မှာပဲ ရှိနေပါတယ်။
၂။ စစ်သားတစ်ယောက်အနေနဲ့ အမိန့်နာခံတာပဲဖြစ်ဖြစ်၊ မနာခံတာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ်တာဝန်ယူရပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ပဲ ရင်ဆိုင်ကြရပါတယ်။
၃။ ထုတ်ပြန်လိုက်တဲ့ အမိန့်တစ်ခု ဥပဒေနဲ့ ညီမညီဆိုတာလဲ အမိန့်ပေးသူ၊ အမိန့်ကို နာခံသူ (သို့) ငြင်းပယ်သူ ကာယကံရှင်တွေရဲ့ ထင်မြင်ချက်ပေါ် မူမတည်ဘဲ စစ်ခုံရုံးရဲ့ အဆုံးအဖြတ် ပေါ်သာ တည်ပါတယ်။ (ဒါကြောင့် အမေရိကန်စစ်သားတွေဟာ ကိုယ့်လုပ်ငန်းအလိုက် စစ်ဖက် ဥပဒေ၊ အရပ်ဖက် ဥပဒေ တွေကို နောကျေနေရပါတယ်၊ ပြဿနာဖြစ်တဲ့အချိန်ကျမှ ဥပဒေကို မသိလို့၊ နားမလည်လို့ပါဆိုတဲ့ ဆင်ခြေမျိုးတက်လို့ မရပါ)
မြန်မာ့တပ်မတော်ကျတော့ အဲဒီလိုမဟုတ်ပါဘူး။ စစ်သည်တစ်ယောက်ဟာ ဥပဒေနဲ့မညီဘူးလို့ သူယူဆတဲ့ အထက်အမိန့်ကို ရပြီဆိုရင်...
၁။ အမိန့်ပေးသူထက် အဆင့်မြင့်တဲ့ အရာရှိကို ဖြစ်နိုင်ရင် ချက်ချင်း သတင်းပို့ရပါတယ်။ (ဒီအမိန့်ကို ဖြစ်နိုင်ရင် တားဆီးဖို့ပါ)
၂။ အဲဒီလို သတင်းပို့ဖို့ အခြေအနေမပေးဘူး၊ အမိန့်ကိုလဲ အချိန်ဆွဲထားလို့ မရဘူးဆိုရင် အဲဒီအမိန့်အတိုင်း လိုက်နာဆောင်ရွက်ရပါတယ်၊ လုံးဝ ငြင်းခွင့်မရှိပါ။ (ငြင်းဆိုခဲ့ရင် ရှေ့တန်းမှာဆို သေဒဏ်၊ နောက်တန်းမှာ ထောင်ဒဏ် (၁၄)နှစ်အထိ အပြစ်ပေးနိုင်ပါတယ်)
၃။ အဲဒီလို ဆောင်ရွက်ပြီးရင်လဲ အခြေအနေပေးပေးချင်း အမိန့်ပေးသူထက် အဆင့်မြင့်တဲ့ အရာရှိကို သတင်းပို့ရပါတယ်။ (တိုင်ကြားတဲ့ သဘော)
အဲဒီ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့မယ်ဆိုရင် ကိုယ် လိုက်နာခဲ့ရတဲ့ အမိန့်ဟာ ဥပဒေနဲ့မညီပေမယ့် လွတ်ငြိမ်းခွင့် ရပါတယ်၊ အဲဒီ မတရားအမိန့်ကို ထုတ်ပြန် ခဲ့တဲ့ အရာရှိကိုသာ အပြစ်ပေးမှာ ဖြစ်ပါတယ်။
အဲဒီမူဝါဒတွေ အရ မြန်မာ့တပ်မတော်မှာ...
၁။ အထက်အမိန့်ဟာ ဥပဒေအထက် ရောက်နေပါတယ်။ ဥပဒေနဲ့မညီတဲ့အမိန့်ကို တားဆီးချင်ပေမယ့် အမိန့်ပေးသူထက် ရာထူးကြီးတဲ့ အရာရှိကို လက်လှမ်းမမှီဘူး ဆိုရင် မတရား အမိန့်ပေးသူကို နောင် အရေးယူတာ မယူတာ နောက်ထား၊ လောလောဆယ်မှာတော့ လက်အောက်ခံ စစ်သည်တွေဟာ သူ့အမိန့်ကို နာခံပြီး ဥပဒေကို ချိုးဖေါက်ရတော့မှာ ဖြစ်လို့ပါ။
၂။ တကယ်လို့ မတရားအမိန့်ကို ထုတ်သူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ရင် အရေးယူတားဆီးဖို့ ဘယ်သူ့ကို သတင်းပို့ရမှာလဲ၊ သူ့ထက်ကြီးတဲ့ အရာရှိ မရှိပါ။ တစ်နည်းအားဖြင့် ပြောရရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မတရားအမိန့်ကို အကောင်အထည် မပေါ်နိုင်အောင် တားဆီးနိုင်တဲ့ နည်းလမ်း တပ်မတော်မှာ မရှိပါ။
၃။ အဲဒီလို အမိန့်ကို နာခံရလို့ တရားသော မတရားသော လုပ်ဆောင်ခဲ့ရတဲ့ အလုပ်တွေအတွက် တာဝန်မယူဘဲ ခေါင်းရှောင်ခွင့်ကို (လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ပြီး) တရားဝင် ပေးထားပါတယ်။
အဲဒီလို မြန်မာ့တပ်မတော်ရဲ့ ထူးခြားတဲ့ အမိန့်နာခံမှုစည်းကမ်းသဘောတရားတွေကို သိထားမှ (၈၈) ကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်က ဘာလို့ တာဝန်မယူနိုင်သလဲ ဆိုတာ နားလည်မှာ ဖြစ်ပါတယ်။
(၈၈) အရေးအခင်းနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ
------------------------------------------------------
၁။ (၂၀၀၈)မတိုင်မီက ရှိခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေတွေမှာ စစ်တပ်ကို တရားဝင် အာဏာ သိမ်းခွင့် ပေးမထားပါ။ ဒါကြောင့် အာဏာသိမ်းအမိန့် မှန်သမျှဟာ rule of law အမြင်နဲ့ ကြည့်ရင် ဥပဒေနဲ့ မညီတဲ့ အမိန့်၊ မတရားအမိန့်တွေချဉ်း ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ်က ပေးတဲ့အမိန့်ဖြစ်လို့ ဒီအမိန့်ကို တားဆီးတဲ့နည်းလမ်းဟာ (mutiny ခေါ်တဲ့ ဥပဒေပြင်ပ စစ်ပုန်ကန်တဲ့နည်းကလွဲလို့) တပ်မတော်မှာ မရှိပါ။
၂။ (၈၈)မှာ ဆန္ဒပြတဲ့ မြို့ရွာတွေဟာ ရှေ့တန်းစစ်မြေပြင်မဟုတ်သလို ဆန္ဒပြသူတွေဟာလဲ လက်နက်ကိုင် သူပုန်ထနေသူတွေ မဟုတ်ပါ။ ဒီတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖို့ ပစ်မိန့်ကိုလဲ တပ်မမှူး၊ တိုင်းမှူးလောက်က တာဝန်ယူပြီး ပေးရဲမှာ မဟုတ်ဘဲ ထိပ်ဆုံး ကာကွယ်ရေးဦးစီးချုပ်ဆီကသာ ဒီလို အမိန့်မျိုး ဆင်းသက်လာရမှာပါ။ ဒီအမိန့်ကို တားဆီးတဲ့နည်းလမ်းလဲ လက်အောက်ခံတပ်ဖွဲ့တွေမှာ မရှိပါ။
၃။ အထက်အမိန့်အတိုင်း လုပ်ခဲ့ရတာမှန်သမျှ တာဝန်မယူရဘဲ ခေါင်းရှောင်ခွင့်ကို အစဉ်အဆက် ခံစားလာ ခဲ့ကြတဲ့ စစ်သားတွေဟာ ဒီလိုကိစ္စမျိုးကို ပိုပြီးတော့တောင် ခေါင်းရှောင်လိုကြမှာပါ။ အာဏာ သိမ်းချိန်တုံးက ကာချုပ် ဗိုလ်စောမောင်ရဲ့ လက်ရုံးတွေဖြစ်ခဲ့ပြီး အခုချိန်ထိ သက်ရှိထင်ရှား ရှိသေးတဲ့ ဦးသန်းရွှေ၊ ဦးခင်ညွန့်တို့ကို မေးကြည့်ရင်လဲ "အမိန့်အရ၊ တာဝန်အရ” ဆိုတဲ့ စကားတွေကို သုံးပြီး ရှောင်ကြမှာပါ။ သူတို့ခိုင်းလို့ လုပ်ခဲ့ရတဲ့ အောက်ခြေ အရာရှိအရာခံစစ်သည် အဆင့်ဆင့်ကတော့ ပြောစရာ မရှိ၊ ဘယ်သူမှ တာဝန်ယူကြမှာ မဟုတ်ပါ။
၎။ ကိုယ်တိုင် လုပ်ခဲ့သူတွေကမှ တာဝန်မယူဘူးဆိုရင် အဲဒီတုံးက ပြည်သူကို နှိမ်နင်းတဲ့ ကိစ္စမှာ မပါဘဲ ရှေ့တန်း ရောက်နေသူတွေ၊ ငယ်ရွယ်လို့ စစ်ထဲတောင် မရောက်သေးသူတွေကတော့ "ငါတို့နဲ့ ဘာဆိုင်လဲ” လို့သာ ပြောကြမှာပါ။
ခြုံပြီး ပြောရရင်တော့ မြန်မာ့တပ်မတော်ဟာ အမိန့်နာခံမှုမှာ အစွန်းရောက်အောင် အားကောင်းပြီး ကိုယ် လုပ်ခဲ့တဲ့အလုပ်ကို ကိုယ်တိုင်တာဝန်ယူနိုင်မှုကျတော့ အားနည်းနေသေးတဲ့ တပ်မတော် ဖြစ်ပါတယ်။ ကိုယ်တိုင် မလုပ်ခဲ့ရတဲ့ ကိစ္စကို စစ်သည်အဆက်ဆက်က သမိုင်းတာဝန်ယူရတဲ့ ကိစ္စမျိုးကို လုပ်ဆောင်ဖို့ ကတော့ အဝေးကြီးပါ။ ၀န်နဲ့အား၊ လေးနဲ့ မြှား မမျှဘူးဆိုတာ ဒါကို ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်၊ တပ်မတော်မှာ ဒီတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသေးပါ။
ဒီလို အောက်ခြေရဲဘော် က အစ ဗိုလ်ချုပ်တွေ အဆုံး၊ လက်ရှိ in-service တွေရော အငြိမ်းစားတွေပါ၊ ကိုယ်တိုင်လုပ်ခဲ့သူတွေရော မလုပ်ခဲ့သူတွေပါ ဘယ်သူမှ တာဝန်ယူလိုမှု မရှိတဲ့ ကိစ္စမျိုးအတွက် ကာကွယ်ရေးဦးစီးချုပ်က တောင်းပန်တယ်ဆိုရင်တောင် "လေ” ပဲ ဖြစ်ပါလိမ့်မယ်၊ တကယ်တာဝန် မယူနိုင်ဘဲနဲ့ ကတော့ စကားဖတ် အတင် မခံသင့်ဘူးလို့ မြင်ပါတယ်။
ရေးသားသူ -အရှင်ပန်