သီဟသူရဘွဲ့ရရှိခဲ့သူများ (အပိုင်း ၄ )
~~~~~~~~~~~~~~~~~~~~~
သီဟသူရဘွဲ့ရရှိခဲ့ သူစုစုပေါင်း (၄၈) ဦးမှ ယနေ့ (၃) ဖော်ပြပေးပါမည် ။
(၄၈ ဦးလုံး၏ အသေးစိတ် နာမည်၊ရာထူး၊ ခုနှစ်၊တိုက်ပွဲ များကိုလဲ ရှေ့တွင်ဖော်ပြပြီးဖြစ်ပါသည်)
(၁၀) ဒုတိယတပ်ကြပ်သန်းနိုင်
~~~~~~~~~~~~~~~~~~
၁၅-၁၁-၅၆ နေ့ နံနက်တွင် ဒုတိယတပ်ကြပ်သန်းနိုင် ဦးစီးသောတပ်စိတ်တစိတ်သည် မိုင်းပွန်ရှိ အမှတ် (၁) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲ (၂) အား ကြိုရန်ကား အစောင့်အရှောက်အဖြစ် ထွက်ခွာခဲ့ကြသည်။
တောင်ကြီး-မိုင်းပွန်သွား ကားလမ်းပေါ်ရှိ တောင်ကုန်းများပေါများပြီး သစ်ပင်တောအုပ်ထူထပ်သော မိုင်တိုင်အမှတ် (၃) သို့အရောက်တွင် တပ်မဟာ (၉) မှ ဗိုလ်ကြီးချစ်ဆွေ (ကြည်း- ) ခေါင်းဆောင်သော တပ်စုတစုမှာ ၀ဲယာတောင်ကုန်းများပေါ်တွင် နေရာကောင်းယူထားသော ရန်သူအင်အား (၁၀၀) ခန့်က စက်ကလေး ၇ လက်နှင့် ၀ိုင်းဝန်း ပစ်ခတ်နေသည်ကိုတွေ့ရသည်။ ဗိုလ်ကြီးချစ်ဆွေ၏ တပ်စုမှာ ရန်သူ့ကျည်ဆံများအောက်တွင် ခေါင်းမဖေါ်ဝံ့အောင် ငုံ့ခံ၍နေရပြီး ၄င်းတို့၏ လက်နက်ခဲယမ်းမီးကျောက် နှင့် စစ်ဝတ်ပစ္စည်းသေတ္တာများတင်ထားသော ကားတစ်စီးမှာ ရန်သူ့လက်ထဲတွင် ကျရောက်တော့မည့်ဆဲဆဲ ဖြစ်နေသည်ကိုသိရသည်။ ဗိုလ်ကြီးချစ်ဆွေတို့ဘက်မှ အရပ်သား ၂ ဦး နှင့် တပ်မတော်သား ၆ ဦးတို့ ကျဆုံးဒဏ်ရာရရှိထား သဖြင့် စိတ်ဓါတ်ကျဆင်းနေသလောက် ရန်သူများမှာ စိတ်ဓါတ်တက်ကြွလျက်ရှိနေကြသည်။
ထိုအခြင်းအရာကို မြင်တွေ့ရသော ဒုတိယတပ်ကြပ်သန်းနိုင်တို့အဖွဲ့သည် ရန်သူအား ၀င်ရောက်တိုက်ခိုက်ရန် စီစဉ်ရသည်။ ဗိုလ်ကြီးချစ်ဆွေတို့အား အချိန်မီမကူညီပါက ၄င်းတို့အဖွဲ့နှင့်အတူ ပါလာသော လက်နက်ခဲယမ်းမီးကျောက် နှင့် စစ်ပစ္စည်းအားလုံးမှာ ရန်သူလက်တွင်းသို့ ကျရောက်တော့မည်ကို ကြိုတင်သိမြင်သဖြင့်၊ ဒုတိယတပ်ကြပ်သန်းနိုင် သည် သူ့တပ်စိတ်မှ ရဲဘော်များအား အခြေအနေကိုရှင်းပြပြီး “ငါ ကိုယ်တိုင် အသေခံပြီး တိုက်ခိုက်ကူညီမည်။ ငါနှင့်အတူ တစ်ဖွဲ့ လိုက်ခဲ့၊ ကျန် ၂ ဖွဲ့က ကာပစ်ပစ်ပေးဟု” အမိန့်ပေးကာ ၄င်းကိုယ်တိုင် ခေါင်းဆောင်ပြီး ရန်သူ ၅၀ ခန့် နေရာယူထားသော နေရာသို့ အတင်းထိုးဖောက် တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့သည်။ ထိုနေရာသို့ တိုက်ခိုက်သိမ်းပိုက်ပြီးချိန်တွင် တဘက်မှပစ်ခတ်သော ရန်သူစက်ကလေးကြောင့် ဒုတိယတပ်ကြပ်သန်းနိုင်မှာ နေရာတွင်ပင်ကျဆုံးခဲ့ရသည်။
ဒုတပ်ကြပ်သန်းနိုင်၏ ထိုးဖေါက်တိုက်ခိုက်မှုကြောင့် ရန်သူတို့သည် ၄င်းတို့လက်တွင်းကျရောက်နေပြီဖြစ်သော လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်ဝတ်ပစ္စည်း နှင့် သူတို့၏ အလောင်းများ ကိုပင် မကောက်ယူနိုင်ဘဲ စွန့်လွှတ် ထွက်ပြေးသွားကြသည်။
ဒုတိယတပ်ကြပ်သန်းနိုင်သည် မိမိ၏ဥာဏ်ကို အသုံးပြုလျက် အသက်ကိုပင်ပဓာနမထားဘဲ တပ်သား ၉ ဦးတည်းဖြင့် ရန်သူလက်တွင်ကျရောက်လုဆဲဆဲဖြစ်နေသော ရဲဘော်များ နှင့် စစ်ပစ္စည်းများကို ဘေးမသီရန်မခဘဲ ပြန်လည်ကယ်ယူနိုင်သည့်အတွက် နိုင်ငံတော် သမ္မတက ၄င်းအား ၁၉၅၈ ခုနှစ်တွင် “သီဟသူရ” ဘွဲ့ကို ချီးမြှင့် အပ်နှင်းလိုက်သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် ဧပြီလ (၉) ရက်နေ့ စာ-၅ မှ)
________________________________________
(၁၁) ဗိုလ်မှူးကျင်စံ (ကျဆုံး)
~~~~~~~~~~~~~~~~
ရဲရန်နိုင်စစ်ဆင်ရေးအတွင်း ၁၉၇၅ ခုနှစ် ဇန်န၀ါရီလ(၂၅)ရက်နေ့တွင် ဗိုလ်မှူးကျင်စံဦးစီးသော အမှတ် (၁) ဗမာ့သေနတ်ကိုင်တပ်ရင်းမှတပ်ဖွဲ့များ နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် လွယ်ဆီးတောင်ကြောတလျောက် တပ်စွဲထားသောရန်သူဗကပများသည် ပွိုင့် ၆၃၀၃ တိုက်ပွဲ၌ အပြင်းအထန်တိုက်ခိုက်ခဲ့ကြရာ ဗိုလ်မှူးကျင်စံသည် အလွန် ရဲရင့်စွာကွပ်ကဲမှုပေး၍ အသက်ဆုံးရှုံးသည်အထိ သက်စွန့်ကြိုးပမ်းတိုက်ခိုက်ခဲ့သောကြောင့် ရန်သူဗကပများ၏ ထိုးစစ် ပြင်ဆင်နေမှုမှာ ပျက်ပြားသွားရပြီး လွယ်ဆီးတောင်ကြော တလျောက်လုံးမှ ဆုတ်ခွာသွားရခြင်း၊ အလွန်အထိနာပြီး ယင်းတို့၏စစ်ဆင်ရေးစီမံချက်တစ်ခုကို စွန့်လွှတ်လိုက်ရခြင်း စသည့် တပ်မတော်အတွက် အလွန်အရေးပါသော စစ်ရေး ရလာဒ်ကြီးကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ဗိုလ်မှူးကျင်စံအား နိုင်ငံတော်မှ သီဟသူရဘွဲ့တံဆိပ်ကို ချီးမြှုင့်ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်စိုးလွင် (ကျဆုံး)
~~~~~~~~~~~~~~~~
၁၉၇၇ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရန်သူဗကပများ အခိုင်အမာတပ်စွဲထားသည့် ဟိုပန်မြို့နယ် ခြူးရွှေစခန်းကို ပြန်လည်သိမ်းပိုက်ရန် တပ်မတော်က တိုက်ခိုက်ရာတွင် ဒုဗိုလ်စိုးလွင်သည် မိမိရှေ့မှတပ်ခွဲ (၄) ခွဲစလုံး ရန်သူ၏ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ကွင်းအောက်တွင် ကျရောက်နေသည်ကို သိလျှင်သိချင်း မိမိဦးဆောင်ရသည့် တပ်ခွဲ (၅) ကို ရှေ့မှတပ်ခွဲများနှင့် အမြန်ပေါင်းမိစေရေးအတွက် နေရာယူခြင်း၊ ၀ပ်ခြင်း လုံးဝမပြုပဲ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ခဲ့ပြီး တပ်ခွဲများ ပူးပေါင်းမိသည်နှင့်တပြိုင်နက် ရန်သူကတုတ်ကျင်းများရှိရာသို့ တဟုန်ထိုးပြေးတက်ကာ လှံစွပ်ထိုးတိုက်ခိုက်ခဲ့သည်။ ထိုစဉ် ရန်သူ၏ လက်နက်ငယ်ကျည် ထိမှန် ဒဏ်ရာရသော်လည်း မိမိဒဏ်ရာကိုဂရုမထားပဲ ရဲဘော်များအား ရန်သူ့စခန်းသို့ ဆက်လက်တက်ရောက်ချေမှုန်းရန်အမိန့်ပေးပြီး ရန်သူ့ကတုတ်ကျင်းများကို ဆက်လက် တိုက်ခိုက်ချေမှုန်းစဉ် ကျဆုံးခဲ့သည်။
ဒုဗိုလ်စိုးလွင်၏ ရဲဝံ့ပြတ်သားသော ခေါင်းဆောင်မှု၊ တိုင်းပြည်နှင့်တပ်မတော်အတွက် ပေးအပ်သောတာဝန်ကို ရဲဝံ့သောအသိစိတ်၊ ခိုင်မြဲသောဇွဲစိတ်ဓါတ်တို့ဖြင့် အသက်ကို စွန့်လွှတ်သည်အထိ ထမ်းဆောင်ခဲ့သောကြောင့် ဒုဗိုလ်စိုးလွင် အား နိုင်ငံတော်မှ သီဟသူရဘွဲ့တံဆိပ်ကို ချီးမြှုင့်ခြင်းဖြစ်သည်။

Ref - Tea Shop
May Thit Lwin