နရသိန်ကို လေ့လာခြင်း
---------------------------
ရေးသားသူ- ရဲမိုး
ခေတ်သစ်ကမ္ဘာ့ အာဏာရှင်များ သမိုင်းမှာ အော်ဂလီဆန်စရာ အကောင်းဆုံးနှင့် ရယ်စရာအကောင်းဆုံး စကားနှစ်ခွန်းရှိသည်။ ဇင်ဘာ
ဘွေသမ္မတရောဘတ်မူဂါဘီ၏“ဇင်ဘာဘွေနိုင်ငံကိုငါပိုင်တယ်”ဆိုသည့် စကားနှင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူး”ဆိုသည့် စကားများဖြစ်ပါသည်။
ယခုတော့ နိုင်ငံတော်သမ္မတ နိုင်ငံခြားသွားခါနီးတိုင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပြနေသည့်အတွက် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားရှိ၊ မရှိ အငြင်းပွားစရာမလိုတော့ပါ။
အခုမနက် အကျဉ်းထောင်များအကြောင်းကို ဆွေးနွေးကြရအောင်ပါ။
လူ့အဖွဲ့အစည်းအတွင်းမှာ ရာဇ၀တ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ခတ်ရန်နှင့် အမှားပြင်ဆင်ခွင့်ပေးရန်ရည်ရွယ်ဆောက်လုပ်သည့် အကျဉ်းစခန်းများသည် အာဏာရှင်များလက်ထက်တွင် ပြည်သူ့အရေးလှုပ်ရှားသူ၊ ပညာတတ်နှင့် တက္ကသိုလ်ကျောင်းသားများကို မသေမရှင်ထားရာ ငရဲခန်းများ ဖြစ်လာခဲ့ကြသည်။
ဒီမိုကရေစီတောင်းဆိုမှုများ ထပ်မံမပြုလုပ်ရဲအောင် ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် မိသားစုဝင်များကို ပြန်ပေးဆွဲပြီး တံခါးပိတ်လှောင်ထားရာ ပြန်ပေးစခန်းကြီးများဖြစ်လာကြသည်။ နိုင်ငံတော်ပြန်ပေးဂိုဏ်းတို့၏ နှစ်ထောင်ချီသည့် “ယဉ် ကျေးမှု”ကြီးဖြစ်ပါသည်။
အကျဉ်းစခန်းများကို အလွဲသုံးမှု (Abuse) ပြုလုပ်ခြင်းသည် လူ့အဖွဲ့အစည်း၏ စာရိတ္တနှင့် လုံခြုံရေးအပေါ် အဓမ္မပြုကျင့်ခြင်းဖြစ်သည်။ “အမှားပြန်လည် ပြင်ဆင်နိုင်ရန်နေရာ” (Correctional Facility)ဆိုသည့် အကျဉ်းစခန်းများသည် ပြစ်မှုကျူးလွန်သူများကို နောင်တရခွင့်ပေးခြင်း နှင့် မိမိကိုယ်ကိုယ် ပြန်လည်ထူထောင်ရာမှာကူညီအားပေးခြင်းဖြင့် လူ့အဖွဲ့အစည်းကို သန့်ရှင်းသထက် သန့်ရှင်းလာအောင် ပြုလုပ်ရမည့် တာဝန်ဖြစ်သည်။
အကျဉ်းထောင်တို့သည် အကျင့်စာရိတ္တအားနည်းသူနှင့် ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပြင်ဆင်ခွင့်ပေးမည့်အစား အာဏာရှိသူတို့၏ ကလဲ့စား၊ အာဃာတနှင့် အမုန်းတရားတို့ကို ခစားဝပ်တွားခဲ့ကြရသည်။
အပြည်ပြည်ဆိုင်ရာ အကျဉ်းထောင်လေ့လာမှုစင်တာ International Centre for PrisonStudies ၏ ၂၀၁၃ ခုနှစ် စာရင်း ဇယားများအရကမ္ဘာတစ်ဝန်းမှာ အကျဉ်းသားပေါင်း ၁၀ ဒသမ ၁ သန်းကျော်ရှိသည်ဟုဆိုသည်။ နိုင်ငံတစ်နိုင်ငံချင်းမှာ အကျဉ်းသား ၂ ဒသမ ၂၉ မီလီယံရှိသည့် အမေရိကန်ပြည်ထောင်စုက နံပါတ်တစ်ဖြစ်သည်။
ကမ္ဘာ့အကျဉ်းသားအရေအတွက်၏ ငါးပုံတစ်ပုံက အမေရိကန်ပြည်ထောင်စုမှာရှိနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ၁ ဒသမ ၆၅ သန်းနှင့် ဒုတိယလိုက်ပြီး ရုရှားက တစ်သန်းနီးနီးဖြင့် တတိယလိုက်ပါသည်။
လူဦးရေဖြင့် အချိုးချလျှင် လည်း အမေရိကန်ပြည်ထောင်စု က လူတစ်သိန်းမှာ အကျဉ်းသား ၇၄၃ ယောက်နှုန်းဖြင့် နံပါတ်တစ် နေရာကိုယူထားသည်။ အာဖရိ ကတိုက်က ရ၀မ်ဒါက လူတစ် သိန်းမှာ ၅၉၅ ယောက်နှုန်းဖြင့် ဒုတိယ၊ ရုရှားကတစ်သိန်းမှာ ၅၆၈ ယောက်နှုန်းနှင့် တတိယ နေရာအသီးသီးကို ယူထားကြ သည်။ စစ်တမ်းများအရ ကမ္ဘာ့ တိုက်ကြီးငါးတိုက်စလုံးမှာ အ ကျဉ်းသားအရေအတွက်က အဆက်မပြတ်မြင့်တက်လာနေ သည်။ အာဖရိကတိုက်ရှိ နိုင်ငံများ၏ ၇၁ ရာခိုင်နှုန်း၊ အမေရိကတိုက်ရှိ နိုင်ငံများ၏ ၈၂ ရာခိုင်နှုန်း၊ အာရှ၏ ၈၀ ရာခိုင်နှုန်း၊ ဥရောပ၏ ၇၄ ရာခိုင်နှုန်းနှင့် သမုဒရာနိုင်ငံများ၏ ၈၀ ရာခိုင်နှုန်းမှာ အကျဉ်းသားအရေအတွက် ပိုမိုမြင့်တက်လာနေသည်။
သို့သော် အရေအတွက်တစ်ခုတည်းက အကျဉ်းထောင်များအကြောင်းကို မရှင်းပြနိုင်ပါ။ အကျဉ်းထောင်များနှင့်ပတ်သက်လျှင် ကျွန်တော်က မေးခွန်းလေးခုကို မေးချင်ပါသည်။
(၁)ဘယ်သူတွေကို ထည့်ထားသလဲ။
အကျဉ်းထောင်များမှာဘယ်သူတွေကို ထည့်ထားသလဲဆိုသည့်အချက်က အရေးအကြီးဆုံးဖြစ်သည်။ သံလက်သီးဖြင့် အုပ်ချုပ်သည့်နိုင်ငံများမှာ တိုင်းပြည်ကို ထုဆစ်မည့် နိုင်ငံရေးသမား၊ ပညာတတ်နှင့် လူငယ်မျိုး ဆက်သစ်များကို အထဲမှာထည့် ထားခြင်းဖြင့် လူ့အဖွဲ့အစည်းကို အာဏာရှင်တို့ ဦးချိုးလိုက်သည်။ အပြင်ကမ္ဘာမှာနေပြီး နိုင်ငံကို ဦးဆောင်ရမည့်သူများက အကျဉ်း ထောင်များတွင်းမှာ ဘ၀ကိုအဆုံးရှုံးခံလိုက်ကြရသည်။ လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ဖုတ်ကြည်းသဂြိုဟ်လိုက်ခြင်းဖြစ်သည်။
(၂)အထဲမှာ တကယ်ရှိရမည့်သူများက ဘယ်သူတွေလဲ။
ထောင်ထဲမှာ လူဦးရေနည်းတိုင်းလည်း ဂုဏ်ယူဝမ်းသာစရာ မဟုတ်ပါ။ “တရားဥပဒေစိုးမိုးမှု” မှန်ကန်ရဲ့လား၊ အပြစ်ပေးသင့်သူ များကို အရေးယူနိုင်ရဲ့လားဆိုသည့်အချက်က အလွန့်အလွန် အရေးပါသည်။ ဒုစရိုက်မှုကျူးလွန်သူများ၊ အကြမ်းဖက်သမားများ၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုသူများ၊ နိုင်ငံ့သယံဇာတများကို လက်ဝါးကြီးအုပ်သုံးစွဲသူများကို ဘယ်လိုအရေးယူနေပါသလဲ။
အထဲမှာထည့်ထားပြီး သင်ခန်းစာယူစေရမည့်သူများက အပြင်ရောက်ပြီး အပြင်မှာ လူ့အဖွဲ့အစည်းကို ပခုံးထမ်းတွန်းတင်ရ မည့်သူများက အထဲမှာ ရောက်နေလား။
(၃)အထဲမှာ ဘယ်လောက်ကြာအောင် ထည့်ထားသလဲ။
ဆိုခဲ့ပြီးသည့်အတိုင်း အကျဉ်းထောင်စနစ်သည် အပြစ်ကျူးလွန်သူများကို ဒဏ်ခတ်ရန်နှင့် ပြန်လည်ပြင်ဆင်နိုင်ရန်ထား ရှိသည့် စနစ်ဖြစ်သည်။ အလွန့်အ လွန်အန္တရာယ်ရှိသူများမှအပ ကျန်သူများ အထူးသဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ များကို ထောင်ဒဏ်အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ချမှတ်သည့် တရားစီရင်ရေးစနစ်ကိုတော့ ပြောစရာစကားမကျန် တော့ပါ။
(၄)အထဲမှာ သူတို့ကို ဘယ်လိုဆက်ဆံသလဲ။
၁၉၅၅ ခုနှစ် သြဂုတ် ၃၀ ရက်မှာ ကမ္ဘာ့ကုလသမဂအဖွဲ့ကြီးက ပြဋ္ဌာန်းခဲ့သည့် “အကျဉ်းသားများကို ဆက်ဆံရာတွင် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ” (The Standard Minimum Rules for the Treatment of Prisoners) တွင် လမ်းညွှန်ချက် များ ပါဝင်ခဲ့ပြီးဖြစ်သည်။ သို့တိုင်နိုင်ငံတော်ပြန်ပေးဂိုဏ်းကြီးများ ၏ အကျဉ်းထောင်များမှာတော့ ရိုက်နှက်နှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာ မဲ့စွာ နှိမ့်ချဆက်ဆံခြင်း၊ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုမပေးခြင်း၊ လာဘ်စားခြင်းနှင့် ကြားဖြတ်ယူအနိုင်ကျင့်ခြင်း စသည့် လူ့ယဉ်ကျေးမှုတစ်ခုမှာ ပြောပြရန်ပင် မသင့်လျော်သည့် နှိပ်စက် ညစ်ပတ်မှုများအားလုံးကို တက်စုံရွက်ကုန်လွှင့်ကြပါတော့သည်။ ဆရာကြီးဦးဝင်းတင်၏ စကားနှင့် ပြောရလျှင် “လူ့ငရဲ”။ သဘောကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အရှင်လတ်လတ် “ငရဲခန်း”တစ်ခုကို ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။
ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို အရေးတကြီးပြုပြင် ပြောင်းလဲဖို့ လိုအပ်သလို လူ့အ ဖွဲ့အစည်း၏ စာရိတ္တနှင့် အေး ချမ်းသာယာမှုအတွက် အရေးပါသည့် အကျဉ်းထောင်စနစ်ကို လည်း အမြန်ဆုံးပြုပြင်ပြောင်းလဲ ကြရမည်ဖြစ်သည်။ ခေတ်မီ သစ် လွင်သော မြို့သစ်ကြီးတစ်ခု၊ ဖြောင့်တန်းသော မြစ်ကူးတံတားကြီးများနှင့် ဆည်ကြီးများကို ညွှန် ပြဂုဏ်ယူတတ်သလို သဘောထားကြီးမားပြီး စည်းကမ်းစနစ် ပြည့်ဝသည့် “အမှားပြန်လည်ပြင်ဆင်ပေးသည့်စနစ်”ကို တည်ထောင်ဂုဏ်ယူတတ်သည့် စိတ်ဓာတ်အဆင့်အတန်းကိုလည်း ကျွန်တော်တို့ မွေးမြူဖို့လိုအပ်ပါသည်။
မိမိအစိုးရဖြစ်နေချိန်မှာ အကောင်အထည်ဖော်ဖို့ အကောင်းဆုံးဖြစ်ပါသည်။ သို့မှသာ ကံအကြောင်းမလှလို့ နရသိန်ကို အ လည်အပတ်ရောက်ခဲ့လျှင် မှန်ကန်စွာ အမှားပြင်ဆင်ခွင့်ရပါလိမ့်မည်။
မြန်မာ့နိုင်ငံရေးသည် အပိုင်း ၁၀၀ ကျော်သည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲထက် ပိုမိုရှုပ်ထွေးနက်နဲသည်မဟုတ်ပါလား။