ပြီးခဲ့တဲ့အပတ်က ကျွန်တော့်ဆေးခန်းကို အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ ကြည့်လိုက်တာနဲ့တင် ထင်းခနဲမြင်နေရတာတစ်ခုက ဖြူဖျော့နေတဲ့ သူရဲ့သွင်ပြင်ပါပဲ။ အကျိုးအကြောင်း မေးကြည့်တော့ ကိုယ်ဝန်နုနုမှာ ချော်လဲပြီး ပျက်ကျသွားတယ်၊ ဆရာဝန်တစ်ယောက်နဲ့ ပြကြည့်တော့ ဆေးရုံတက်ပြီး သားအိမ်ခြစ်ရမယ်လို့ ပြောတယ်၊ ဒါပေမဲ့ ပိုက်ဆံကလည်း မရှိ၊ ဆေးရုံတက်ရမှာလည်း သေမလောက်ကြောက်တဲ့ မြန်မာတို့ရဲ့ ထုံးစံအတိုင်း အိမ်မှာပဲ ပေပြီး ဆက်နေတယ်၊ သွေးတွေက ပိုဆင်းလာတော့ ရှိတဲ့ပိုက်ဆံလေးနဲ့ နောက်ဆရာဝန်တစ်ယောက် ထပ်ပြကြည့်တယ်၊ ပုလင်း(၃)ပုလင်း ချိတ်ပေးပြီး ဆေးပေးလိုက်တယ်၊ ကုန်သွားတဲ့ပိုက်ဆံက တစ်ပုလင်း ၅,၀၀၀ နှုန်းနဲ့ ၁၅,၀၀၀၊ ဆေးဖိုးနဲ့ ပေါင်းလိုက်တော့ ၂၀,၀၀၀နီးနီးပေါ့။ အဲ့ဒီပိုက်ဆံကျ ဘယ်ကရလဲဆိုတော့ သမီးကို အိမ်တစ်အိမ်မှာ အိမ်အကူအဖြစ် သွားထားပြီး ရလာခဲ့တာ လို့ဆိုတယ်။သက်သာလားဆိုတော့လည်း မသက်သာပြန်ဘူး၊ သွေးတွေက ဆင်းနေတုန်းပဲ။ အဲ့ဒါနဲ့ပဲ ကျွန်တော့်ဆီ ထပ်ရောက်လာတာ၊ ဆေးရုံမတက်ရဘဲနဲ့ ပျောက်လိုပျောက်ငြားပေါ့။ ကျွန်တော့်ဆီ ရောက်တဲ့အထိလည်း ဆေးရုံတက်ဖို့ကို ငြင်းနေတုန်းပဲ။ နောက်ဆုံး မတက်လို့မရဘူး၊ ပိုက်ဆံကိစ္စ ပူမနေနဲ့၊ ဆေးရုံကလည်း အလကား လုပ်ပေးလို့ရတာ လုပ်ပေးလိမ့်မယ်၊ ကျွန်တော်တို့တွေလည်း ၀ိုင်းကူမှာပေါ့လို့ အတင်းအကြပ် ပြောတော့မှပဲ ရတော့တယ်။ ဆေးရုံရောက်ရောက်ချင်းပဲ သွေး(၃)ပုလင်း သွင်းရတယ်၊ သွေးလှူရှင်ရှာရတာနဲ့ သွေးစစ်ခတွေ သွေးအိတ်ဖိုးတွေနဲ့တင် တစ်ညတည်းမှာပဲ ၃၀,၀၀၀ လောက်ကုန်သွားတယ်။ ဒါတောင် အဓိကလိုရင်းဖြစ်တဲ့ သားအိမ်ခြစ်တဲ့ဆီ မရောက်သေးဘူး။ သွေးသွင်းပြီး လူက အတော်လေး ကောင်းလာလို့ သားအိမ်ကို စမ်းကြည့်ပြန်တော့ မပွင့်သေးဘူး။ အဲဒါနဲ့ သားအိမ်ပွင့်ဆေးတွေ ၈နာရီခြားပေးပြီး စောင့်ကြည့်တယ်၊ ဒါလည်း ပွင့်မလာပြန်ဘူး၊ နောက်ဆုံး ခွဲခန်းဝင်၊ သားအိမ်ဝကိုချဲ့ပြီး သားအိမ်ခြစ်လိုက်ရတယ်။ ပြောရမယ်ဆို အပ်နဲ့ထွင်းရမဲ့ကိစ္စကို ပုဆိန်နဲ့ပေါက်လိုက်ရတယ်ပေါ့။
ကျွန်တော်တို့မြန်မာပြည်သူတွေ ဆေးရုံအရောက်နောက်ကျလို့ မသေသင့်ဘဲ သေခဲ့ရတာတွေ၊ မဖြစ်သင့်ဘဲ ဖြစ်ကုန်တာတွေက အထူးတဆန်းပြောနေရမဲ့ကိစ္စတော့လည်း မဟုတ်တော့ပါဘူး။ ဗဟုသုတအားနည်းလို့၊ သွားရေးလာရေးခက်လို့၊ ပိုက်ဆံမရှိလို့၊ ကျန်းမာရေးဝန်ထမ်းက ပေါ့လျော့လို့ စသဖြင့် အကြောင်းရင်းပေါင်းမြောက်များစွာနဲ့ ဖြစ်ခဲ့ကြပါတယ်၊ ဖြစ်လည်းဖြစ်နေဆဲပါပဲ။ အခုကိစ္စမှာဆိုလည်း တကယ်ဆွေးနွေးမယ်ဆို ဆွေးနွေးစရာတွေမှ အများကြီးပါ။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ပညာရေးဘက်ပေါင်းစုံ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ အဲ့ဒီလောက်အထိ မပြည့်စုံနိုင်လို့ တစ်ခုပဲ ဆွေးနွေးသွားပါရစေ၊ ဘာလဲဆိုတော့ လူနာတွေ ဆေးရုံတက်ရမှာ အရမ်းကြောက်နေကြတဲ့ အကြောင်းရင်းတွေအများကြီးထဲကမှ တစ်ခုရဲ့အကြောင်းပေါ့။
လွန်ခဲ့တဲ့လက ကျွန်တော်ဆေးရုံလွှဲပေးလိုက်တဲ့ လူနာတစ်ယောက်ကို သတင်းသွားမေးပါတယ်၊ ကျွန်တော်ရောက်တော့ သူက မေးတယ်၊ လက်မှာ ဆေးသွင်းထားတဲ့နေရာက နာနေတယ် ဆရာ၊ အဲဒါ ဘယ်လိုလုပ်ရမလဲ၊ ဒီက ဆရာမတွေကို မမေးရဲလို့ တဲ့။ လူနာက ကိုယ်ဖြစ်နေတဲ့ ဝေဒနာကိုတောင် မပြောရဲဘူးဆိုတဲ့ကိစ္စဟာ တွေးကြည့်ရင် အင်မတန်မှကို ၀မ်းနည်းစရာ ကောင်းတဲ့ကိစ္စပါ။ ဘယ်လိုမှလည်း မဖြစ်သင့်ပါဘူး။ နောက်တစ်ယောက်ကလည်း ပြောဖူးတယ်၊ ဆရာရယ်၊ ဆေးဝယ်ခိုင်းတော့ ပိုက်ဆံအဆင်မပြေလို့ပါ ပြောတာကို ပိုက်ဆံမရှိရင် ဆေးရုံမလာနဲ့ ဆိုပြီး ဆရာမတစ်ယောက်က ပြောတယ် တဲ့။ ဒါတော့ အားလုံးလည်း သိပါတယ်၊ ဆေးရုံမှာ ဆေးမရှိတာ၊ ဆေးတွေ အခမဲ့မပေးနိုင်တာဟာ ဘယ်ဆရာဝန်၊ ဘယ်ဆရာမမှာမှ တာဝန်မရှိဘူး၊ အပြစ်မရှိဘူးဆိုတာကို။ ဒါပေမဲ့လည်း ကိုယ်တွေဆီကို အားကိုးတကြီးနဲ့ ရောက်လာတဲ့ ဆင်းရဲသားပြည်သူတွေ လူနာတွေကို ပြန်ဖြေစရာစကားဟာ ဒီတစ်ခွန်းတည်း ရှိပါသလား၊ အလုပ်တာဝန်တွေက ပိ၊ ဘ၀အာမခံချက်က မရှိ၊ ဒီလိုအခြေအနေတွေရဲ့အောက်မှာ အင်မတန်မှကို နူးညံ့သိမ်မွေ့ပါတယ်ဆိုတဲ့ နှလုံးသားတွေ ခက်ထန်မာကျောလာကြ့ပီလားလို့တောင် မေးခွန်းထုတ်နေမိပါတယ်။
ဟိုးတစ်လောက ဖေ့စ်ဘွတ်မှာ ကာတွန်းလေးတစ်ခု ဖတ်လိုက်ရပါတယ်၊ မြန်မာ့ဆက်သွယ်ရေးနဲ့ မြန်မာ့လျှပ်စစ်ပြီးရင် အစိုးရဆေးရုံတွေဟာ ပြည်သူ့ဝန်ဆောင်မှု အညံ့ဖျင်းဆုံးပဲ ဆိုပြီး ပြောထားတဲ့ ကာတွန်းလေးပါ။ ဒီကာတွန်းလေးရဲ့အောက်မှာတော့ ထုံးစံအတိုင်းပဲ ဆရာဝန်တွေရဲ့ တုံ့ပြန်သံတွေကို ကြားရပြန်တယ်။ ကိုယ့်လုပ်ငန်းခွင်က အခက်အခဲတွေ၊ ကိုယ့်ခံစားချက်တွေကို ရေးထား ပြောထားတာပေါ့။ တကယ်ဆို ဒါကလည်း ဆန်းတော့တဲ့ အရာ မဟုတ်ပါဘူး။ ပြဿနာတစ်ခု ဖြစ်တယ်၊ ဆရာဝန်တွေကို ဝေဖန်ကြတယ်၊ ဆရာဝန်တွေကလည်း ဖြေရှင်းကြ၊ တုံ့ပြန်ကြတယ်၊ အချိန်တွေသာ ကြာလာတယ်၊ အခြေအနေက ကောင်းမလာတဲ့အပြင် ဆရာဝန်-လူနာဆက်ဆံရေးက ပိုပိုပြီးတောင် ဆိုးလာပါသေးတယ်။
ဒါတွေဟာ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တွေဟာ ပြဿနာကို လက်တွေ့ကျကျ ချဉ်းကပ်တဲ့နေရာမှာ အားနည်းနေကြလို့ပါပဲ။ အရာရာကို စံနှုန်းတွေနဲ့ပဲ တိုင်းတာနေလို့တော့ အမြဲတမ်း အလုပ်မဖြစ်နိုင်ပါဘူး။ ဥပမာ နိုင်ငံရေးမှာဆိုပါတော့၊ နှစ်ပေါင်းများစွာ စိတ်တိုင်းကျ အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရက သူ့သဘောနဲ့သူ ကြည်ကြည်ဖြူဖြူ ဆင်းပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှလာမယ်၊ တိုင်းပြည်ကြီးကလည်း ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် တိုးတက်လာမယ်ပေါ့၊ ဒါကတော့ ဘယ်သူမဆို လိုချင်ကြတဲ့အဖြစ်မျိုးပါ၊ ဒါပေမဲ့ လက်တွေ့ဖြစ်နိုင်ရဲ့လား သုံးသပ်ကြည့်ဖို့တော့ လိုပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတာတွေကို ဘယ်တော့မှ အလွယ်တကူ လက်လွှတ်လေ့မရှိဘူးဆိုတဲ့ လူ့သဘာဝကို မေ့ပြီး ဒီလိုတွေချည်း တောင်းဆိုနေမယ်ဆိုရင်တော့ လိုချင်တာရမှာ မဟုတ်တဲ့အပြင် ပိုပိုပြီး ဝေးသွားဖို့ဘဲ ရှိပါတယ်။ အခု ဆရာဝန်-လူနာပြဿနာတွေမှာလည်း ဒီလိုပါပဲ၊ မြန်မာပြည်ဟာ တခြားတိုင်းပြည်တွေနဲ့ စာရင် အစစအရာရာ နောက်ကျကျန်နေခဲ့တာဆိုတော့ ဒီက ကျန်းမာရေးအဆင့်အတန်းဟာလည်း နိမ့်ကျနေမှာ မဆန်းပါဘူး။ စနစ်လည်း အားနည်းတယ်၊ ပစ္စည်းကိရိယာပိုင်း၊ လူသားအရင်းအမြစ်ပိုင်း၊ အားလုံး အားနည်းနေပါတယ်၊ ဒါ ဘယ်သူမှ ငြင်းလို့မရတဲ့ အမှန်တရားပါ။ ဒါဆို ဒီနိမ့်ကျနေတဲ့ ကျန်းမာရေးအဆင့်အတန်းကို ပြန်မြင့်လာအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီက ဆရာဝန်တွေလည်း လူနာတစ်ယောက်ကို အချိန်တွေအများကြီး ပေးချင်တာပေါ့၊ ရှင်းပြချင်တာပေါ့။ စာအုပ်ထဲမှာပဲ တွေ့တွေ့နေရတဲ့ စက်အသစ်ကြီးတွေ၊ နောက်ဆုံးပေါ်ကုထုံးတွေနဲ့ ကုပေးချင်တာပေါ့၊ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်နိုင်ရဲ့လား စဉ်းစားကြည့်ရပါမယ်။ ဘယ်နိုင်ငံမှာတော့ ဘယ်လိုလုပ်တယ်၊ ဘယ်လိုစနစ်တွေ ကျင့်သုံးတယ် စသဖြင့် လေ့လာနေကြတဲ့တစ်ပြိုင်နက်တည်းမှာပဲ ဒီက ပြဿနာတွေ ဘာကြောင့် ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းရင်းတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်၊ ဒါမှ အဖြေမှန်နဲ့ နီးစပ်မှာပါ။
Performance influencing factors are the characteristics of the job, organization and individual that influence performance. Optimising PIF will reduce the likelihood of all types of human failure.
အဖွဲ့အစည်းတော်တော်များများရဲ့ စီမံခန့်ခွဲမှုမှာ သုံးလေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို လွှမ်းမိုးတဲ့အရာများပေါ့။ ကိုယ့်အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာစေဖို့ စဉ်းစားတဲ့နေရာ ပြင်ဆင်တဲ့နေရာမှာ ဒီအချက်တွေက မပါမဖြစ်ပါပဲ။ ဆရာဝန်အလုပ်နဲ့ ဥပမာပေးရရင် အလုပ်ရဲ့သဘောသဘာဝကိုက Stressful ဖြစ်တယ်၊ စိတ်ဖိစီးမှုများတယ်၊ လူ့အသက်နဲ့ အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်က နည်းနည်းလေးမှ အမှားမခံဘူး၊ အချိန်မိနစ်ပိုင်းလောက်လေးကလည်း လူတစ်ယောက်ရဲ့ အသက်ကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ သဘောရှိတယ်။ ရောဂါသည်တွေကို ကုသရတာဖြစ်လို့ ကြည်နူးဖွယ်မြင်ကွင်းတွေတော့ ဘယ်မြင်နေရပါ့မလဲ၊ ရောဂါပိုးတွေ၊ အနိဌာရုံမြင်ကွင်းတွေရဲ့ ကြားမှာ အလုပ်လုပ်ရတဲ့အချိန်က ပိုများမှာပေါ့။ နောက်ပြီး မီဒီယာတွေရဲ့ ဖိအားကလည်း ရှိနေပြန်တယ်၊ အလုပ်နဲ့လူနဲ့ကလည်း ဘယ်လိုမှမမျှဘူး။ အလုပ်တွေများနေပေမဲ့ လခကျပြန်တော့လည်း မလောက်ငှဘူး။ အဖွဲ့အစည်းအနေနဲ့ ပတ်သက်လို့ ဆရာဝန်ကြီးနဲ့ ဆရာဝန်ငယ်တွေရဲ့ ဆက်ဆံရေး၊ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်အနေအထား၊ facility တွေပံ့ပိုးပေးမှု၊ ဘ၀တက်လမ်းအတွက် အာမခံချက်ပေးဖို့၊ ဒါတွေလည်း အရေးကြီးသလို၊ လူတစ်ယောက်ချင်းစီအနေနဲ့လည်း အရည်အချင်းပြည့်ဖို့၊ စိတ်အားထက်သန်မှုရှိအောင် လှုံ့ဆော်ပေးဖို့၊ အလုပ်ချိန်က လူတစ်ယောက်အတွက် အကောင်းဆုံးအနေအထားမှာ ရှိနေဖို့ စတာတွေလိုအပ်ပါတယ်။ ဒီလိုမပြည့်စုံမှုတွေ ရှိနေတဲ့ အနေအထားမျိုးမှာ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်တစ်ရပ်ကို ဆရာဝန်တိုင်းဆီကတော့ မျှော်လင့်လို့ မရနိုင်တာ အသေအချာပါပဲ။ ဘာလို့ဆိုတော့ သူများကိုတစ်ခုခုပေးချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ပေးစရာတစ်ခုခုတော့ ရှိနေမှရမှာမို့လို့ပါပဲ။ ဆရာဝန်တွေဟာလည်း စက်ရုပ်တွေ မဟုတ်ပါဘူး၊ လူသားစစ်စစ်တွေပဲဖြစ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး၊ သူတို့လည်း ဘ၀အာမခံချက်ဆိုတာကို လိုချင်ကြတယ်၊ သူတို့လည်း စိတ်တိုတတ်တယ်၊ အလုပ်တွေ တအားပိလာရင် မှားလာတတ်တယ်။ အဲ့ဒီလိုပါပဲ၊ ကျွန်တော်တို့ ဆရာဝန်တွေလည်း မမေ့သင့်တာတစ်ခု ရှိပါတယ်၊ ဘာလဲဆိုတော့ ဆရာဝန်ဆိုတဲ့ လူတန်းစားဟာ လုပ်ငန်းခွင်ကို ရောက်လာတဲ့အခါ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေကို မဖြစ်မနေ နောက်ပို့ထားရမဲ့ တကယ့်ပရော်ဖက်ရှင်နယ်စစ်စစ်တွေ ဖြစ်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ဘယ်လိုပြောင်းကြ၊ ပြင်ကြမလဲ ကျွန်တော် မပြောတတ်ပါဘူး။ အရမ်းလည်း ကျယ်ပြန့်သလို၊ အရမ်းလည်း နက်နဲပါတယ်။ သေချာတာက အပြောင်းအလဲတွေတော့ လုပ်ရတော့မယ်ဆိုတာပါပဲ။ အပြောင်းအလဲတစ်ခု စလုပ်တော့မယ်ဆို ပထမဆုံးနဲ့ အရေးကြီးဆုံးအဆင့်က self-awareness လို့ ခေါ်တဲ့ မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်ခြင်းပါ။ ခု ဖြစ်ပြီးခဲ့တဲ့ ပြဿနာတွေမှာ ကျွန်တော်တို့ဆရာဝန်တွေ ဘာတွေမှားနေကြသလဲ၊ ဘယ်လိုပြင်ရင် ရနိုင်မလဲ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ကျွန်တော်အပါအ၀င် ဆရာဝန်တော်တော်များများရဲ့ မသိစိတ်ထဲမှာ ငါတို့ဟာ စာအတော်ဆုံး၊ လူ့အသိုင်းအ၀ိုင်းမှာ အထင်ကြီးလေးစားခံရတဲ့ လူတန်းစား၊ သွေးမတော်သားမစပ် သူစိမ်းတွေကို ပြုစုကုသပေးနေသူ၊ Nobel profession တွေ ဆိုပြီး ထင်ထားတတ်ကြပါတယ်။ နောက်ပြီး ဆရာဝန်ဘ၀ရဲ့ အချိန်ကာလတော်တော်များများမှာက ဆင်းရဲသားပြည်သူတွေနဲ့ ထိတွေ့ရပြန်တယ်၊ ကိုယ်အချိန်ပေးပြီး ရှင်းပြလည်း နားမလည်၊ ဆရာတို့ကောင်းမယ်ထင်သလို လုပ် ဆိုတဲ့ ဘာမှန်းမသိတဲ့ consent တွေရဲ့ကြားမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ကိုယ့်ဟာကိုယ်ပဲ ချခဲ့ရတယ်၊ ဒီလိုနဲ့ ကြာလာတော့ ခင်ဗျားက ဆရာဝန်လား၊ ကျွန်တော်က ဆရာဝန်လားဆိုတဲ့စကားက ကျွန်တော်တို့ဆရာဝန်တွေရဲ့ လက်သုံးစကား ဖြစ်လာခဲ့တယ်။ ပိုက်ဆံထောင်ဂဏန်း သောင်းဂဏန်းလောက်ကို နေ့ပြန်တိုးနဲ့ ချေးခဲ့ရတဲ့ လူနာနဲ့ ကုန်းကောက်စရာတောင် မရှိတဲ့လူနာတွေရဲ့ကြားမှာ ပိုက်ဆံမရှိလို့ ဆိုတဲ့စကားဟာ အထူးသနားစရာကောင်းတဲ့ကိစ္စ မဟုတ်တော့ဘူး။ အထူးကုဆေးရုံကြီးပေါ်က လူနာတစ်ယောက် ဆေးသွင်းထားတဲ့လက်က နာလို့ အရေးတယူ လုပ်ပေးနေရချိန်မှာ ပြည်သူ့ဆေးရုံက မွေးလူနာကတော့ ကလေးမွေးလို့ ဗိုက်နာတာပဲဟယ်၊ အော်မနေစမ်းနဲ့ ဆိုပြီး အော်ငေါက်ခံနေကြရတယ်။ ဒါတွေဟာ ဘယ်သူမှ ငြင်းလို့မရတဲ့ အဖြစ်မှန်တွေပါ။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါ ဆေးရုံဟာ အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်လာတယ်၊ အကြောက်တရားကြီးစိုးတဲ့နေရာတစ်ခု ဖြစ်လာတယ်၊ ဒီတော့ ဒီနေရာကို ဘယ်သူမှ မလာချင်တော့တာ၊ ရောက်လာတဲ့သူတွေလည်း ဘယ်သူမှ စိတ်မချမ်းသာကြတာဟာ မထူးဆန်းတော့ပါဘူး။
ဒီပြဿနာကို အထိုက်အလျောက် ပြေလည်သွားစေနိုင်တာကတော့ ၀န်ဆောင်မှုဆိုတဲ့ စကားလုံးပါပဲ။ ကျွန်တော်တို့ဆရာဝန်တွေ ဆေးရုံလာကြတာ ငွေကြေးကြောင့်တော့ မဟုတ်တာ သေချာပါတယ်၊ ဒါပေမဲ့လည်း ငါ ဒီကိုလာတာ ငါ့ဘ၀တက်လမ်းအတွက် ဆိုတာမျိုး၊ မရှိဆင်းရဲသားတွေကို အလကား လာကုပေးနေတာ ဆိုတာမျိုးထက် ငါတို့ဆီ ရောက်လာမဲ့လူနာတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်မှု၊ ပျော်ရွှင်မှုရသွားအောင် လုပ်ပေးကြမယ်ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့လိုပါတယ်။ ဒီအတွက် ဆရာဝန်တိုင်း ၀န်ဆောင်မှု ဆိုတဲ့အမြင် ရှိကြရပါမယ်။ ငါတို့က သူတို့ထက် အဆင့်မြင့်တဲ့ လူတန်းစား၊ ငါတို့က ဘာမှ အောက်ကျို့နေစရာ မလိုဘူး၊ ငါတို့ပြောသမျှ သူတို့လုပ်ရမှာပေါ့ ဆိုတဲ့အယူအဆနဲ့တော့ ဒီဝန်ဆောင်မှုဆိုတဲ့ စကားလုံးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။
ဝန်ဆောင်မှုဆိုတာ စီးပွါးရေးလုပ်ငန်းတွေမှာ အသုံးများပေမဲ့ သူနဲ့ပဲ ဆိုင်တဲ့စကားတစ်ရပ် မဟုတ်သလို၊ အကျိုးအမြတ်ကို ဦးတည်တော့မှ လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ ငါတို့က စီးပွါးရေးသမားမှ မဟုတ်တာ၊ ဆေးပညာရှင်ပဲ၊ လူနာတွေဆီက ဘာအကျိုးအမြတ်မှ ယူတာ မဟုတ်လို့ ဒါမျိုးတွေလည်း လုပ်ဖို့ မလိုပါဘူး ဆိုတဲ့စိတ်ကိုလည်း ကျွန်တော်တို့တွေ စွန့်ပစ်ထားကြဖို့ လိုပါတယ်။ တကယ်တော့ ၀န်ဆောင်မှုဆိုတာ အရိုးရှင်းဆုံး ပြောရရင် လူတစ်ဖက်သားကို စိတ်ချမ်းသာအောင်၊ သက်တောင့်သက်သာ ရှိအောင် လုပ်ပေးတာပါပဲ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စီးပွါးရေးလုပ်ငန်းတွေအားလုံးမှာတော့ ၀န်ဆောင်မှုဆိုတာ မရှိမဖြစ် အရေးထားရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက ကိုယ့်ရဲ့အကျိုးအမြတ်ကို ဦးတည်ပါတယ်။ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေရဲ့ ၀န်ဆောင်မှုကလည်း ဒီအတိုင်းပါပဲ။ ဒါဖြင့် ပြည်သူ့ဆေးရုံတစ်ရုံရဲ့ ၀န်ဆောင်မှုဆိုတာကရော ဘာကို ဦးတည်ပါသလဲ။ လူနာတွေရဲ့ စိတ်ချမ်းသာမှုသက်သက်ကိုပဲ ဦးတည်ပါတယ်။ ဘာပုဂ္ဂိုလ်ရေးအကျိုးအမြတ်မှ မပါပါဘူး။ ပြောရရင် အဖြူစင်ဆုံး ၀န်ဆောင်မှုတွေပေါ့။ တခြားစီးပွါးရေးလုပ်ငန်းတွေမှာလောက် မပြည့်စုံနိုင်ပေမဲ့လည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ်တော့ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုစံနှုန်းကို မြင့်သထက်မြင့်အောင် မြှင့်သွားကြဖို့ လိုပါတယ်။
ဝန်ဆောင်မှုဆိုတာ ဘာလဲ အနည်းငယ်တို့ထိကြည့်ပါရစေ၊
A service is any act or performance that one party can offer to another that is essentially intangible and does not result in the ownership of anything. Providing services aim to provide better lives.
ဝန်ဆောင်မှုဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရသလို၊ ဘာကိုမှလည်း မြင်မြင်ထင်ထင် ပေးလိုက်နိုင်တာ မရှိပါဘူး၊ တစ်ဖက်သား ပိုမိုအဆင်ပြေစွာ နေနိုင်ရေးအတွက်သာ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။
တချို့ပြောကြသလို၊ ဆရာဝန်က ပြုံးနေတာ့ လူနာလည်း ဝေဒနာတစ်ဝက် သက်သာတာပေါ့ဆိုတဲ့ စကားလေးလိုပါပဲ။ ပိုက်ဆံမရှိတဲ့လူနာတစ်ယောက်ကို ဆေးဖိုးတွေ စိုက်ထုတ်ပေးလိုက်မှ ၀န်ဆောင်မှုဖြစ်တာ မဟုတ်ပါဘူး၊ သူ့အတွက် စာနာနားလည်ပေးတာ၊ ဖြစ်နိုင်မဲ့နည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ ပြောပြ အကြံပေးလိုက်တာ၊ တတ်နိုင်သမျှ ကူညီပေးလိုက်တာ၊ ဒါတွေဟာ ၀န်ဆောင်မှုပါပဲ။ ဒီလိုလုပ်လိုက်လို့ ဆေးဖိုးမရှိတဲ့လူနာ ဆေးတွေ ရမလာပါဘူး၊ ဒါပေမဲ့ သူတို့စိတ်ချမ်းသာသွားမှာ၊ ကျေနပ်သွားမှာကတော့ အမှန်ပါပဲ။
ဝန်ဆောင်မှု၏ ၀ိသေသလက္ခဏာများ (Characteristic of services)
1) Intangibility - ၀န်ဆောင်မှုဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရပါဘူး၊ မျက်စိနဲ့ မြင်မယ်၊ နားနဲ့ကြားမယ် စသဖြင့် အာရုံနဲ့ပဲ ခံစားလို့ရတဲ့ အရာတစ်ခုပါ။
2) Heterogeneity - ရောနှောနေတဲ့ အနေအထားရှိပါတယ်။ ဆရာဝန်၊ ဆရာမတွေက သဘောကောင်းကြပေမဲ့ ဆေးရုံက အရမ်းညစ်ပတ်နေတာ၊ ဆေးရုံအလုပ်သမားတွေက ပိုက်ဆံတောင်းတာ စသဖြင့် ရှိနေနိုင်ပါတယ်။ ဆိုလိုတာက ၀န်ဆောင်မှုကောင်းတဲ့နေရာတစ်နေရာဖြစ်ဖို့ အားလုံးပါဝင်လုပ်ဆောင်ကြဖို့ လိုတယ် ဆိုတာပါပဲ။
3) Simultaneous production and consumption - ၀န်ဆောင်မှုဟာ ကုန်ထုတ်ပစ္စည်း မဟုတ်တဲ့အတွက် ထုတ်လုပ်ပြီးမှ မကောင်းဘူးထင်ရင် ပြန်လိုက်သိမ်းလို့ မရပါဘူး။ ၀န်ထမ်းတွေရဲ့ ပြုမူပုံ၊ ပြောဆိုဆက်ဆံပုံ၊ ဒါတွေအားလုံးကို လူနာက တစ်ချိန်တည်းမှာ မှတ်ယူသွားတာ ဖြစ်ပါတယ်။
4) Perishability - အင်မတန်မှကို ပျက်ဆီးလွယ်ပါတယ်။ ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ ဆေးရုံဝင်ပေါက်ကနေစပြီး လူနာဆေးရုံက ပြန်ဆင်းသွားတဲ့အချိန်ထိ အသေအချာ ပြင်ဆင်ထားဖို့ လိုပါမယ်။
ဝန်ဆောင်မှုအရည်အသွေးကောင်းများ (Service Quality)
1)ယုံကြည်အားကိုးလောက်ခြင်း (Reliability)
ဆရာဝန်အလုပ်မှ မဟုတ်ပါဘူး၊ လူတစ်ဖက်သားရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့က ဘယ်အလုပ်မှာမဆို လိုအပ်ပါတယ်။ ရိုးသားဖို့၊ အရည်အချင်း ရှိဖို့၊ ပြောထားတဲ့စကားကို တည်ဖို့၊ လုပ်သမျှအလုပ်တိုင်း ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူတတ်၊ တာဝန်ခံတတ်ဖို့၊ ဒါတွေဟာ ယုံကြည်လောက်တဲ့သူ ဖြစ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရည်အချင်းတွေပါပဲ။
ခုဆိုရင် မီဒီယာတွေရဲ့ အလွန်အကျွံဖော်ပြမှုတချို့ကြောင့် မြန်မာဆရာဝန်တွေအပေါ် လူနာတွေရဲ့ ယုံကြည်မှုတွေက တဖြည်းဖြည်းကျလာပါပြီ။ မင်းသား မင်းသမီးတွေ ပိုက်ဆံရှိသူတွေ သူဌေးတွေ တော်တော်များများက ထစ်ခနဲဆို အသေးအဖွဲကအစ နိုင်ငံခြားထွက် ဆေးကုနေကြပါပြီ။ ဟိုက ပိုပြည့်စုံလို့ အရမ်းကို ပြည့်စုံနေတဲ့သူတွေက သွားကြတာကိုတော့ မတားလိုပါဘူး။ ဒါပေမဲ့ တောနေလူတန်းစားလူနာတွေရဲ့ ယုံကြည်မှုကိုတော့ ကျွန်တော်တို့တွေ အဆုံးရှုံးခံလို့ မရပါဘူး။
2) လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာများ (Tangible)
ဝန်ဆောင်မှုဟာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူးဆိုပေမဲ့ အဲဒီဝန်ဆောင်မှုကို ပေးစွမ်းတဲ့နေရာမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။ အလွယ်တကူ အကဲခတ်လို့ ရတဲ့အတွက် ဒါတွေကလည်း ၀န်ဆောင်မှုရဲ့ အရည်အသွေးကို အဓိက အဆုံးအဖြတ်ပေးပါတယ်။ ဆရာဝန်ရဲ့ ဆက်ဆံပုံက အဆင်မပြေရင်၊ ၀တ်ပုံစားပုံ မသပ်ရပ်ရင်၊ စမ်းသပ်မှုခံယူရမဲ့ ကုတင်က ညစ်ပတ်နေရင်၊ ဆေးရုံက သန့်ရှင်းမှု မရှိရင်၊ အနံ့အသက် မကောင်းရင်၊ ဆူညံသံတွေက နားမခံနိုင်အောင် ကြားနေရရင်၊ ဒါတွေဟာ ၀န်ဆောင်မှုအပေါ် သက်ရောက်မှုရှိုလို့ ဂရုစိုက်ဖို့ လိုပါတယ်။
3) ကိုယ်ချင်းစာ မျှဝေခံစားတတ်ခြင်း (Empathy)
ဒါကတော့ ဆရာဝန်တိုင်းမှာ မရှိမဖြစ် ရှိရမဲ့ အရာတစ်ခုပါ။ ကိုယ်ချင်းစာ မျှဝေခံစားတတ်ခြင်းပါ။ ဒါ မရှိဘဲ အောင်မြင်တဲ့ဆရာဝန်ကောင်းတစ်ယောက် ဖြစ်မလာနိုင်သလို၊ အဲဒီလို ဆရာဝန်တွေနဲ့ တည်ဆောက်ထားတဲ့ အဲဒီနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာလည်း ဘယ်လိုမှ မြင့်မလာနိုင်ပါဘူး။ ပြောရရင် ၀န်ဆောင်မှုဆိုတဲ့အရာရဲ့ အချုပ်က ကိုယ်ချင်းစာတရားပါ။ ကိုယ် လူနာ ဒါမှမဟုတ် လူနာရှင်အနေနဲ့ ဆေးခန်းသွားရတဲ့အခါ ကိုယ့်ကို ဆက်ဆံစေချင်တဲ့ပုံစံမျိုးနဲ့ ကိုယ့်ဆေးရုံကို လာတဲ့လူနာတွေကိုလည်း ဆက်ဆံပေးတာဟာ Empathy ပါပဲ။
4) မဆိုင်းမတွ တုန့်ပြန်ဆောင်ရွက်တတ်ခြင်း (Responsiveness)
ခုနက စာနာမျှဝေတတ်တဲ့စိတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ စာနာစိတ်မရှိဘဲ ဘယ်လိုမှလည်း မဆိုင်းမတွ သွက်သွက်လက်လက် တုံ့ပြန်မှာ မဟုတ်ပါဘူး။
ပြည့်သူဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနကို ခဏရောက်နေတုန်း ဓါးခုတ်ခံရတဲ့ လူနာတစ်ယောက် ရောက်လာပါတယ်။ ကျောက ဒဏ်ရာက တော်တော်လည်း ကြီးပါတယ်။ လူနာရှင်တွေလည်း စိတ်ပူပြီး အသည်းအသန် ရောက်လာကြတာပေါ့။ တာဝန်ကျဆရာဝန်ကတော့ skynet ကြည့် မပျက်ပါဘူး။ ခဏနေမှ ပုဆိုးလေးပြင်ဝတ်ပြီး လူနာဆီ အေးအေးဆေးဆေး လျှောက်လာပါတယ်။ သူ့အတွက်တော့ ဒီအလုပ်ဟာ ငြီးငွေ့စရာ ကောင်းချင်ကောင်းနေမယ်၊ ဒါမှမဟုတ် ဒီလိုလူနာတွေ တွေ့ရပါများနေလို့ စိတ်ထဲ ဘယ်လိုမှ မခံစားရတော့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူနာနဲ့လူနာရှင်တွေဘက်က ကြည့်ရင်တော့ နားလည်မပေးနိုင်စရာပါပဲ။ တောသူတောင်သားတွေမို့လို့သာ အားမလို အားမရနဲ့ပဲ ကြည့်နေကြပေမဲ့ လူနာများ တခုခု ဖြစ်သွားမယ်၊ ပိုက်ဆံရှိ အသိုင်းအ၀ိုင်းကလည်း ဖြစ်နေမယ်ဆိုရင်တော့ ဒီဆရာ ဂျာနယ်ပေါ် ရောက်နေလောက်ပါပြီ။ အဲဒီလို မဆိုင်းမတွ သွက်သွက်လက်လက် မပြုမူခြင်းဟာ တစ်ဖက်သားကို ပိုပြီးဒေါသထွက်စေသလို၊ တိုင်ဖို့တန်းဖို့ကိုလည်း ပိုပြီးတွန်းပို့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ သတိထားသင့်တဲ့ အရာတစ်ခုပါ။
Service Marketing Triangle
1) External Marketing – Marketing to End-users
စီမံခန့်ခွဲသူများကနေ သုံးစွဲသူများကို ရည်ရွယ်တဲ့ ၀န်ဆောင်မှုတွေပါ။ ကျန်းမာရေးဘတ်ဂျက်တွေ တိုးတာ၊ ဆေးတွေ အခမဲ့ပေးတာ၊ အာဟာရတိုက်ကျွေးရေး အစီအစဉ်တွေ ချမှတ်တာ၊ ၀န်ထမ်းတွေခန့်တာ၊ သားဖွါးဆရာမတွေ သင်တန်းပေးတာ စတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ချမှတ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေ မှန်ကန်ဖို့ လိုပါတယ်။
2) Internal Marketing – Marketing to Employees
ဝန်ထမ်းတွေ ၀န်ဆောင်မှုကို ထိထိရောက်ရောက်ပေးနိုင်စေဖို့အတွက် စီမံခန့်ခွဲသူများက ပံ့ပိုးကူညီပေးခြင်းကို ဆိုလိုပါတယ်။ သင်တန်းတွေပေးတာ၊ အလုပ်ခွင်မှာ ပျော်ရွှင်နေစေဖို့၊ တက်ကြွနေစေဖို့ မက်လုံးတွေပေးတာ၊ လူတော်ကို နေရာပေးတာမျိုးတွေပေါ့။ စီးပွါးရေးလုပ်ငန်းတွေမှာတော့ အရင် Customer first ကနေ အခုတော့ Employee first ဖြစ်ကုန်ကြပါပြီ။ အကြောင်းကတော့ ၀န်ထမ်းတွေ မပျော်ဘဲနဲ့ ကိုယ့်ဆီလာတဲ့သူတွေကို ပျော်အောင်လုပ်ပေးလိုက်နိုင်ဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးဆိုတာကို သိသွားကြလို့ပါပဲ။
3) Interactive Marketing – Most important moment of interaction between front-office employees and customers
အရေးကြီးဆုံးအဆင့်လို့ ပြောလို့ရပါတယ်၊ ၀န်ဆောင်မှုဆိုတာကို ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပေးရတဲ့အနေအထားမျိုးပါ။ ဒီနေရာမှာ အတိမ်းအစောင်းဖြစ်ခဲ့ရင် စောစောက ပြောခဲ့ လုပ်ခဲ့သမျှအရာအားလုံးဟာ သဲထဲရေသွန် ဖြစ်သွားမှာမို့လို့ပါပဲ။
ကျန်းမာရေးစနစ်ကြီးကို ပြင်ဖို့ကတော့ ပြောခဲ့ပြီးသလိုပါပဲ၊ ကျွန်တော် ဉာဏ်မမီပါဘူး။ ဒီလိုဆောင်းပါးလေးတစ်ပုဒ်လောက်နဲ့လည်း ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ ဒီလိုရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်၊ မြန်မာနိုင်ငံရဲ့ ဆရာဝန်-လူနာဆက်ဆံရေးကို ဒီထက်ပိုကောင်းလာစေချင်တယ်၊ ပြည်သူ့ဆေးရုံတွေပေါ်က လူနာတွေကို ဒီထက်ပိုပြီး စိတ်ချမ်းသာစေချင်တယ်၊ မလွဲမသွေ ဖြစ်ပေါ်လာတော့မဲ့ အပြောင်းအလဲတွေမှာ အရင်အယူအဆဟောင်းတွေ၊ အမြင်ဟောင်းတွေကို ဖက်တွယ်မထားဘဲ ကျွန်တော်တို့ဆရာဝန်တွေ လိုက်ပါစေချင်တယ်၊ ဒါပါပဲ။ ဒီရှည်လျားလှတဲ့ ဆောင်းပါးကိုတော့ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်တစ်ရပ်နဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။
မှောင်အတိကျနေတယ်လို့ ဆဲရေးမြည်တွန်နေခြင်းထက် သင်ကိုယ်တိုင် ဖယောင်းတိုင်တစ်တိုင် ထွန်းညှိပေးခြင်းက ပိုကောင်းပေသည်
ဟုတ်ပါတယ်၊ အစိုးရက ဘာဖြစ်တယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ဘယ်လို၊ လူနာတွေက စိတ်ကုန်စရာ ကောင်းတယ်၊ မီဒီယာတွေကလည်း ဖွလိုက်ကြတာ၊ ဒါတွေ အပြစ်မတင်တော့ဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဖယောင်းတိုင်လေးတွေ ကိုယ်စီကိုယ်စီ စထွန်းလိုက်ကြပါမယ်၊ ကျွန်တော်တို့ရဲ့ သိပ်ကိုသနားစရာကောင်းတဲ့ လူနာတွေအတွက်ပေါ့။