တပ်မတော်သားတဦးရဲ့ ဘဝမှာ အကျိုးခံစားခွင့်နဲ့ ပတ်သက်လာရင် အနီးစပ်ဆုံးဆွေမျိုး (အမွေခံအမည်) အင်္ဂလိပ်လို အတိုကောက် NOK (Next of Kin) အတည်ပြုနိုင်ရေးက အလွန်အရေးကြီးပါတယ်။ အနီးစပ်ဆုံး ဆွေမျိုးဆိုတာ တပ်မတော်သားတဦးရဲ့ နောက်ဆက်တွဲ အကျိုးခံစားခွင့်များကို ထုတ်ယူခံစားပိုင်ခွင့် ရှိသူကို ရည်ညွှန်းတာပါ။
တပ်မတော်သားတဦး ရှေ့တန်းတိုက်ပွဲမှာကျဆုံးခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာနဲ့ သေဆုံးခြင်း၊ ရောဂါကြောင့် သေဆုံးခြင်း တပ်ထွက်ကိစ္စဆောင်ရွက်ခြင်း စတဲ့ဖြစ်စဉ်တွေမှာ အမွေခံအမည် လွဲမှားနေခြင်း (သို့မဟုတ်) ရှုပ်ထွေးခြင်း ဖြစ်ပေါ်လာရင် သူနဲ့ပတ်သက်တဲ့ ခံစားခွင့်တွေ ထုတ်ယူရရှိနိုင်ဖို့ အခက်အခဲ ကြုံရတတ်ပါတယ်။ မကြာခဏလည်း ပြဿနာ တက်လေ့ရှိတဲ့ ကိစ္စမျိုးပါ။ အမှန်က ကာယကံရှင် တပ်မတော်သားကိုယ်တိုင် ပေါ့ပေါ့လျော့လျော့နေခဲ့လို့ ဖြစ်တာ များပါတယ်။
တပ်မတော်ကို စတင်ဝင်ရောက်ဖို့ စာရင်းပေးသွင်းစဉ်ကတည်းက ကိုယ်ရေးရာဇဝင် ဖြည့်သွင်းရာမှာ အမွေခံ အမည်ကို တိတိကျကျ ရေးသွင်းရပါတယ်။ တပ်သားသစ်ဟာ လူပျိုဖြစ်ပြီး မိဘနှစ်ပါးစုံညီရှိသူဖြစ်တယ်ဆိုရင် မိခင်ရဲ့အမည်ကို အမွေခံအဖြစ် ရေးသွင်းရပါတယ်။ ဖခင်တဦးတည်း ကျန်ရှိသူအဖို့ ဖခင်အမည်ကို ပေးရ ပါတယ်။ မိဘ နှစ်ပါးစလုံး မရှိတော့သူဆိုရင်တော့ မွေးချင်း ညီအစ်ကိုမောင်နှမထဲက တဦး (ကျနော်မှတ်မိ သလောက် အငယ်ဆုံးတဦးလို့ ထင်ပါတယ်) ရဲ့ အမည်ကိုပေးရပါတယ်။ မိဘရော ညီအစ်ကိုမောင်နှမရင်းပါ မရှိသူအနေနဲ့ အုပ်ထိန်းသူတဦးအမည်ကို ပေးနိုင်ပါတယ်။ ဒီနေရာမှာ ချစ်သူရည်းစားတဦး အမည်ကိုပေးတယ် ဆိုတဲ့ ဝတ္တုဇာတ်လမ်းဆန်ဆန်မျိုး ဖြစ်ရပ်တချို့ ကြားဖူးပါတယ်။ အမှန်တကယ်တော့ ချစ်သူရည်းစားအနေနဲ့ အမွေခံအမည် ထားလို့မရပါ။ အစ်မ၊ နှမ တဦး အဖြစ်သာ အကျုံးဝင်နိုင်စရာရှိပါတယ်။
အမွေခံ အမည်ပေါက်ရေးနဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့ရဖူးသော အခက်အခဲများကို အခြေခံ ရေးသားတင်ပြလိုပါတယ်။
ကျနော်က အိမ်ထောင်ကျပြီး ကလေးတယောက်ရမှ တပ်ထဲဝင်တာဖြစ်လို့ တပ်ဝင်စာချုပ် ချုပ်ဆိုရာမှာ လက်ထပ်စာချုပ်နဲ့ ကလေးမွေးစာရင်း ပြဖို့ စုဆောင်းရေးအရာရှိက တောင်းဆိုလာရာ ကျနော့်ဘက်က ပြစရာ တခုမှ မရှိပါ။ ကျေးလက်တောရွာဓလေ့ထုံးစံအရ တရားဝင်အကြင်လင်မယား ဖြစ်ခဲ့ရသော ကျနော်တို့ ဇနီးမောင်နှံမှာ လက်ထပ်စာချုပ်မရှိပါ။ ရပ်ရွာမှာနေသရွေ့ မရှိလို့လည်းဘာမှမဖြစ်ပါ။ နောက်ပြီး တောရွာမှာ လူအများစုက အရပ်လက်သည်နဲ့ မီးဖွားလေ့ရှိတာမို့ မွေးစာရင်းဆိုတာလည်း မရှိကြတာများပါတယ်။ ကျနော့်သားလေး မွေးတုန်းကတော့ ကျေးလက်သားဖွားဆရာမနဲ့ မွေးဖွားတာမို့ ကျန်းမာရေးဌာနမှာ မှတ်ပုံတင်စာရင်း ရေးသွင်းထားပါတယ်။ သို့ပေမဲ့ မွေးစာရင်းထုတ်ယူရကောင်းမှန်း ကျနော်တို့ သတိမပြု အလေးအနက်မထားမိခဲ့ပါ။
ဒီလိုနဲ့ ရေတပ်ထဲကို ဝင်ပြီဆိုမှ တရားဝင်စာချုပ်စာတမ်းဆိုတာတွေ မရှိမဖြစ် အသက်ဝင်လာပါတယ်။ ကျနော် ရွာကို ပြန်သွားခဲ့ပြီး ကျန်းမာရေးမှူးဆီမှာ အကျိုးအကြောင်းပြော အကူအညီတောင်းတော့ ကလေးမွေးစာရင်း ရလာပါတယ်။ လက်ထပ်စာချုပ်ကိုလည်း ရဝတရုံးမှာလုပ်ပြီး ယူလာခဲ့ပါတယ်။ သို့ပေမဲ့ စုဆောင်းရေး အရာရှိ က ကျနော်တင်ပြသော လက်ထပ်စာချုပ်ကို အသိအမှတ်မပြုပါ။ မြို့နယ်တရားရုံးတခုခုမှာ ပြုလုပ်တဲ့ လက်ထပ် စာချုပ်မှ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ကျနော်အသိတခုရလိုက်တာက လက်ထပ်စာချုပ်ကို တရားရေးအခွင့်အာဏာရှိသူ တဦးဦးကသာ လက်မှတ်ရေးထိုးခွင့် ရှိတယ်ဆိုတာပါပဲ။ လမ်းစဉ်ပါတီခေတ်က ရပ်ကွက်အဆင့်အထိ တရားရုံးများရှိခဲ့တဲ့အတွက်ကြောင့် ရပ်ကွက်တရားရုံးမှာ လက်ထပ်စာချုပ်လုပ်ရင် အတည်ဖြစ်ပေမဲ့ နဝတ၊ နအဖ လက်ထက်မှာ အနိမ့်ဆုံးတရားရုံးက မြို့နယ်အဆင့် ဖြစ်နေပါတယ်။ အခု ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ တရားစီရင်ခွင့် အာဏာရှိမရှိ ကျနော်လက်လှမ်းမမီတော့ပါ။
ဒါနဲ့ပဲ မိတ်ဆွေတဦးရဲ့ ကူညီဆက်သွယ်ပေးမှုနဲ့ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ လက်ထပ် စာချုပ်တခု လုပ်ခဲ့ရပါတယ်။ အဲဒီမှာ တရားရုံးထုံးစံအတိုင်း လက်ရှိရက်စွဲ အတိုင်းသာ လက်မှတ်ရေးထိုး ပေးခဲ့တာမို့ ကျနော်မွေးထားတဲ့ကလေးဟာ အလိုလိုနေရင်း မွေးစားသားအဖြစ် ရောက်ရတော့မယ့် အခြေအနေ ဆိုက်ပါတော့တယ်။ မတတ်သာတဲ့အဆုံး လက်ထပ်စာချုပ်ပါ ရက်စွဲကို ပြင်ဆင်ဖို့ဖြစ်လာပါတယ်။ ကလေးမွေးတဲ့ ရက်စွဲမတိုင်မီ အနည်းဆုံး ၁၀ လ ခွာပြီး ယူမှဖြစ်မှာပါ။ ကျနော်ကတော့ ရက် နဲ့ လ ကို နဂိုအတိုင်းထားပြီး ခုနှစ်ကို ပြင်ဆင်လိုက်ပါတယ်။ စုဆောင်းရေးအရာရှိကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ပြင်ဆင်လိုက်တာပါ။ ကျနော်တို့တုန်းက လက်ထပ်စာချုပ်မူရင်း ၂ စောင်မှာ ကျနော့်အတွက် ၁ စောင်ကို ကိုယ်ရေးရာဇဝင်မှတ်တမ်းနဲ့အတူ ထိန်းသိမ်းထားဖို့ စုဆောင်းရေးအရာရှိကို အပ်နှံလိုက်ရပါတယ်။ ကျနော် တပ်ရင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်တော့လည်း လက်ထပ်ဖြစ်စဉ်ပေးပို့ရာမှာ လက်ထပ်စာချုပ်မူရင်း ပူးတွဲပေးပို့ရတဲ့ ကာလတခု ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တပ်မတော်မှတ်တမ်းရုံးကပဲ လုပ်ထုံးလုပ်နည်း ပြင်ဆင် လျှော့ပေါ့ လိုက်သလား မသိ၊ လက်ထပ်စာချုပ် မိတ္တူနဲ့ ပေးပို့လို့ရတဲ့ အခြေအနေဖြစ်လာပါတယ်။ အဲဒီမှာပဲ ရုံးလုပ်ငန်း ဝန်ဆောင်မှုအတွက် အဆင်ပြေချောမွေ့မှုတွေရှိလာသလို မရိုးမသားလုပ်ဆောင်ဖို့ တံခါးဖွင့် ပေးလိုက် သလိုလည်း ဖြစ်သွားပါတယ်။
တချို့တပ်မတော်သားတွေဟာ အမွေခံအမည် လွှဲပြောင်းခြင်းကို အလေးမထား ခပ်ပေါ့ပေါ့ နေကြရာက မမျှော်လင့်သော အခြေအနေကြုံတွေ့ရတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ တန်းစီတက်ရပါလေရော။ ကျနော် နယ်တပ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက ဒုအရာခံဗိုလ်ရဲ့ သက်ပြည့်အငြိမ်းစားယူခွင့် တပ်ထွက်ကိစ္စရပ်များ ဆောင်ရွက်စဉ် အမွေခံအမည် ကွဲလွဲမှုကြုံခဲ့ရပါတယ်။ သူ့ကိုယ်ရေးရာဇဝင် မှတ်တမ်းအရ အမွေခံအမည်ပေါက်ထားသူမှာ ၁၅ နှစ်ခန့်က ကွယ်လွန်သွားပြီးသော ဇနီးဟောင်းအမည်ဖြစ်နေပြီး လက်ရှိပေါင်းသင်း နေသော ဇနီးအမည်မဟုတ်တဲ့အတွက် တပ်ထွက်လုပ်ငန်း ဆက်လက်ဆောင်ရွက်ဖို့ အခက်ကြုံရပါတယ်။ တပ်မှာ ရှိစဉ်ကလည်း ၆ လ တကြိမ်မှတ်တမ်းစစ်ဆေးရာမှာ အမည်အပြောင်းအလဲ မရှိတာမို့ ကျနော်တို့လည်း သတိမထားမိ၊ ကာယကံရှင် ဆရာကြီးကလည်း ဘာမှမပြောတော့ အမှားအတိုင်း အတည်ဖြစ်နေခဲ့တာပါ။ မှတ်တမ်းရုံး ရောက်ခါမှ အမွေခံအမည် ပြဿနာပေါ်လာပြီး… သူရော ကျနော်ပါ ခေါင်းမီးတောက်ရပါတော့တယ်။ နောက်ဆုံး မလွှဲမရှောင်သာတော့ဘဲ ကွာရှင်းစာချုပ်၊ လက်ထပ်စာချုပ် အတုလုပ်ကာ ဖြစ်စဉ်ပြန်တမ်း တခု ပေးပို့လိုက်ရပါတယ်။ အဲဒီအချိန်က စာချုပ်မိတ္တူနဲ့ ခွင့်ပြုတဲ့ ကာလမို့လည်း သူ့အတွက် အဆင်ပြေသွား တာပါ။
ဒါကြောင့်မို့ တပ်မတော်သားတိုင်း အမွေခံအမည် မှန်ကန်မှုရှိဖို့ အစဉ်အမြဲ အလေးထားသင့်ပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်စစ်သည်များ ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ပြဿနာတက်တယ်ဆိုရာမှာ အဲဒီ ဖြစ်စဉ် တွေက ပိုများတာပါ။ စစ်သည်တဦးကို လက်ထပ်ပေါင်းသင်းသော အိမ်ထောင်ရှင် ရဲမေအနေနဲ့လည်း အမွေခံ လွှဲပြောင်းရေးကိစ္စကို မပေါ့မလျော့ သတိချပ် စောင့်ကြည့်နေရပါမယ်။ လိုအပ်ရင် မိမိနာမည်ကို တရားဝင် အမွေခံအဖြစ် လွှဲပြောင်းပေးကြောင်း တပ်မတော်မှတ်တမ်းရုံးက ထုတ်ပြန်တဲ့ အပိုင်း(၂) အမိန့်ပြန်တမ်းကို ကိုယ်တိုင်ကိုယ်ကျ ဖတ်ရတဲ့အထိ လုံ့လပြုသင့်ပါတယ်။ လက်ထပ်ပြီး အချိန်ကာလတခုကြာလို့မှ တရားဝင် အပိုင်း(၂)အမိန့် ထွက်မလာသေးဘူးဆိုရင် တပ်မှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းအဆင့်ဆင့်ကို သတင်းပို့ရပါမယ်။ တပ်အုပ်ချုပ်ရေးပိုင်းမှာက နေ့စဉ်ရုံးလုပ်ငန်းတာဝန်များကို အဆက်မပြတ် လုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် စစ်သည်တဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြန်လည် စီစစ်ရာမှာ လစ်ဟာမှုတွေ ရှိနေနိုင်ပါတယ်။
စစ်သည်တဦးနဲ့ ပတ်သက်တဲ့ ခံစားခွင့်ဆိုတာ မက်မောလောက်တဲ့ငွေကြေးပမာဏ မဟုတ်သော်လည်း စစ်သည်ရဲ့ ဘဝ၊ အသက်နဲ့ ရင်းနှီးပြီးမှ ခံစားခွင့်ခံစားထိုက်ရှိတဲ့ အခွင့်အရေးတရပ်ပါ။ ပေါ့ပေါ့တန်တန် ရတာမဟုတ်တဲ့ အခွင့်အရေးတရပ်ကို သက်ဆိုင်သူတွေ မှန်မှန်ကန်ကန်နဲ့ ထိုက်ထိုက်တန်တန် ခံစားခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။
နေမင်းသူ
၁၈-၈-၂၀၁၃