ဆရာဆိုသည်မှာ ဆရာမောင်ဝံသကို ဆိုလိုပါသည်။ ဆရာ့ကို ကျွန်တော်က အစ်ကိုကြီး … ဆရာ … တစ်ခါတရံ ချစ်စနိုးဖြင့် ဆရာဝံ ဟု ခေါ်သည်။ ဆရာကမူ ကျွန်တော့အား ဗိုလ်မှူး … ဆရာရဲ … သို့မဟုတ် မောင်ရဲ ဟု ခေါ်ဆိုတတ်သည်။ ဆရာနှင့် ကျွန်တော်၏ ခင်မင် ရင်းနှီးမှုသည် အမှန်အတိုင်း ၀န်ခံရလျှင် ဆယ်စုနှစ် တစ်စုကာလမျှပင်မရှိခဲ့ပါ။ သို့သော် ကျွန်တော်တို့ အတူတူပေါင်းစည်း လုပ်ကိုင် ဆောင်ရွက်ခဲ့ရသော လုပ်ငန်းတွေကများသည်။ သဘောထားကွဲလွဲတာလည်းရှိ၊ တူတာလည်းရှိ၊ ပျော်ရွှင်ကြည်နူး တာလည်းရှိ၊ စိတ်ဆိုး မာန်စောင်တာလည်းရှိ၊ အေးတစ်ခါ ပူတစ်လှည့်နှင့် ဆောင်ရွက်ခဲ့ကြသည်။ ဆရာကြီး လူထုစိန်ဝင်း စကားနှင့် ပြောရပါလျှင် ဆရာမောင်ဝံသက ယုံကြည်ချက်ကြောင့် အကျဉ်းကျ ထောင်ထွက်၊ နာမည် မည်းဝင် စာရေးဆရာ၊ ကျွန်တော်က စာပေကင်ပေတိုင် ပြဒါး တစ်လမ်း၊ သံတစ်လမ်း ဖြစ်ကြသည်။
ဆရာဆုံးပါးသွားမှုအတွက် အိမ်ကိုလည်းမရောက်၊ ဆရာ့နောက်ဆုံးခရီးကို လိုက်လည်း မပို့နိုင် ခဲ့သော ကျွန်တော့အနေဖြင့် ရဲဖက် ရဲဘော် ဆရာတစ်ဦးအပေါ် တာဝန်မကျေသူအဖြစ် ကိုယ့်ကိုကိုယ် ခံစားရပါသည်။ ထို့ကြောင့်လည်း ကျွန်တော် အမှန်တကယ် ချစ်ခင်လေးစားရပါသော ဆရာ့အတွက် ဤစာစုကို ရေးသားမိခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ် စာပေစိစစ်ရေးဌာနကို ကျွန်တော်စတင် တာဝန်ယူချိန်၌ ဆရာက ဖတ်စရာ ဂျာနယ် မျိုးတွင် ဆရာ့ဇာတိ ဝေါမြို့က စီးပွားရေး၊ လူမှုရေး အကြောင်းအရာလေးတွေကို ဆောင်းပါးဖွဲ့ ရေးသား နေချိန်၊ အတွေးအမြင် မဂ္ဂဇင်းမျိုး၌ စာပေနှင့် စာနယ်ဇင်း လောက ဆိုင်ရာ အကြောင်းအရာလေးများကို ရေးသားပေးပို့နေချိန်ဖြစ်သည်။ စာပို့နောက်ကျမှုတွေ၊ တယ်လီဖုန်း ပြတ်တောက်မှုနှင့် ဖုန်းခ ပေးသွင်းရမှုတွေကို လူထုကိုယ်စား ခံစားချက်လေးများ အပတ်စဉ်ရေးသားနေချိန်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၏ တစ်ရက်သော နေ့တွင် ဆရာ့စာအုပ်တစ်အုပ်အား သုတစွယ်စုံဆုပေးရန် သက်ဆိုင်ရာ စာပေဆုရွေးချယ်ရေးအဖွဲ့က တင်ပြလာခဲ့သည်။ ထိုစဉ်က စာပေနှင့် ပတ်သက်သော အကြောင်းအရာနှင့် လှုပ်ရှားမှုမျိုးစုံကို ထိန်းချုပ်ထား ချိန်လည်းဖြစ်သဖြင့် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ ဤသို့ တင်ပြရခြင်းဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် နာမည်မည်းစာရင်းဝင် စာရေးဆရာတစ်ယောက်ကို ဆုပေးမလား၊ မပေး မလား ဆိုသည်ကို အတန်ကြာ စဉ်းစားသုံးသပ်ခဲ့ကြပြီး နောက်ဆုံး၌ဆုပေးရန် အတည်ပြုခဲ့ကြသည်။ စင်စစ်တွင်လည်း စိစစ်ရေးမူဝါဒသည် စာနယ်ဇင်းလောကသားများနှင့် ရန်သူသဖွယ်မယုံမကြည် ဆက်ဆံနေခဲ့သည့် လုပ်ရပ်များအစား စာပေ လောကဖွံ့ဖြိုးတိုးတက်ရန် နှစ်ဦး နှစ်ဖက်ပေါင်းစည်း ဆောင်ရွက်ကြရမည့် အချိန်ဖြစ်ကြောင်း ချမှတ်ထားသောကြောင့်ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဆရာမောင်ဝံသသည် နီညိုရောင် လွယ်အိပ်တစ်လုံးကိုလွယ်ကာ မြန်မာ့စာနယ်ဇင်းလောကအလယ်သို့ ဝံ့ဝံ့ကြွားကြွား ပြန်လည်ရောက်ရှိလာခဲ့သည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသည် နိုင်ငံအတွက် ဆိုးကျိုးများစွာကိုပေးစွမ်းခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း စာပေလွတ်လပ်မှု ကောင်းကျိုးများစွာကို ပေးစွမ်းခဲ့ပါသည်။ မုန်တိုင်းဒဏ်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ခံစားမှုအစုစုကိုလည်းကောင်း၊ ပြန်လည် တည်ထောင်ရေးအတွက် လိုအပ်သောကူညီမှု အစုစုကိုလည်းကောင်း ထိုခေတ်အပတ်စဉ် ဂျာနယ်များ၌ လုံးဝနည်းပါး လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့် ရခဲ့ကြသည်။ တစ်ပြိုင်နက်တည်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြု ရွေးကောက်ပွဲကိုလည်း ကျင်းပ ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လူထုက ထောက်ခံအတည်ပြုလိုက်ချိန်တွင် စာပေစိစစ်ရေး မူဝါဒများသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့သည်။ တစ်ချိန်က နိုင်ငံရေးကို လုံးဝမထိ မတွေ့ရ ဆိုသည့်အစား၊ ဒီမိုကရေစီနိုင်ငံရေးဆိုသည်မှာ မည်သည့် မည်ပုံ ဆိုသည်ကို ပြည်သူတို့ သိရှိစေရန်မူဝါဒဖြစ်လာခဲ့သည်။ သို့ဖြင့် ၁၉၄၈-၆၂ ခုနှစ် ဒီမိုကရေစီခေတ်နှင့် မီဒီယာအခြေအနေများကို ခေတ်လူတို့ သင်ခန်းစာယူနိုင်စေရန် ခွင့်ပြုပေးရသည်။ ဆရာ မောင်စူးစမ်း၊ ဆရာလူထုစိန်ဝင်း၊ မောင်ဝံသ၊ ကျော်ဝင်း၊ ကိုကိုလှိုင်၊ တင်ညွန့်၊ ဒေါက်တာနေ၀င်းမောင်နှင့် အခြားသော နိုင်ငံရေးစာပေ ရေးသားသူ ကလောင်ရှင်တို့၏ ဆောင်းပါးများမှာ အလွန် ရေပန်း စားခဲ့သည်။ တပ်မတော် ဗိုလ်ချုပ်ဟောင်းအချို့လည်း စာရေးဆရာများအဖြစ် ပေါ်ထွက်လာခဲ့သကဲ့သို့ ဆရာကိုကိုမောင်ကြီး၊ သခင်တင်မြစသည့် ဆိုရှယ်လစ်ခေတ် စာရေးဆရာကြီးများ၏ ဆောင်းပါးများသည်လည်း လူကြိုက်များခဲ့သည်။ ဆရာမောင်ဝံသ သည် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် နိုင်ငံတကာနှင့်သော်လည်းကောင်း၊ အတိတ်ကာလ ပြည်တွင်းအခြေအနေများနှင့် သော်လည်းကောင်း၊ မျက်မှောက်ခေတ် စာနယ်ဇင်း လောကအခြေအနေများ နှင့်သော်လည်းကောင်း သင်ခန်းစာဖော်ထုတ် ရေးသားသော သတင်းဆောင်းပါး အစုစုကို ရေးသားဖော်ဆောင်ခဲ့သည်။ ထို့နောက်တွင် ပြည်သူ့ခေတ်ဟူသော အမည်ဖြင့် ဂျာနယ်ထုတ်ဝေခွင့်ကို ဆရာက ရရှိခဲ့သည်။ ယင်းဂျာနယ်၌ ပြောချင်လွန်းလို့ဟူသော ကဏ္ဍဖြင့် စာပေလွတ်လပ်ခွင့် ဆိုင်ရာ အကြောင်းအရာများကို အပတ်စဉ် ရေးသား ဖော်ပြခဲ့ သည်။ ပြည်သူ့ခေတ်တွင် ဖော်ပြမည့် သတင်းဆောင်းပါးများနှင့် ပတ်သက်၍ ထိုစဉ်က ဆရာ မောင်ဝံသ၊ ဆရာဖေမြင့်တို့ကို အပတ်စဉ် လိုလို လူကိုယ်တိုင်တစ်နည်း၊ တယ်လီဖုန်းဖြင့်တစ်ဖုံ ဆက်သွယ် တွေ့ရှိခဲ့ကြရသည်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့် သဘောကွဲလွဲလိုက်၊ နားလည်မှုရလိုက် အချိန်ကာလ များစွာကို ကျော်ဖြတ်ခဲ့ကြရသည်။ မည်သို့ဆိုစေ ကျွန်တော်တို့သည် ပြန်လည်ဆုံတွေ့သည့် အခါတိုင်း၌ စာနယ်ဇင်းမိတ်ဆွေများအနေဖြင့် အမြဲတမ်းရင်းနီးစွာ ဆက်ဆံနေထိုင်ခဲ့ကြချည်းသာဖြစ်ပါသည်။
၂၀၁၁ ခုနှစ်၊ ဒီမိုကရက်တစ်အစိုးရသစ် တာဝန်ယူအပြီး နှစ်ကုန်ပိုင်းတွင် မြန်မာစာနယ်ဇင်း လောကအတွက် စာနယ်ဇင်း ဆုပေးပွဲ ကျင်းပရန် ထိုစဉ်က မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံစာနယ်ဇင်း ဆုရွေးချယ်ရေး ကော်မတီ၏ ဥက္ကဌတာဝန်ကို ဆရာ မောင်ဝံသ အား ပေးအပ်ရန်ညှိနှိုင်းခဲ့ကြသည်။ ဆရာက လွတ်လပ်စွာလုပ်ကိုင်ခွင့်၊ အသင်းအဖွဲ့တစ်ခု၊ လူတစ်စု၏ လွှမ်းမိုးမှုမှ လွတ်လပ်မှုရမည်ဟု အာမခံမှသာ လုပ်နိုင်မည်ဖြစ်ကြောင်း တောင်းဆိုပါသည်။ သို့ဖြင့် နောက်ဆုံး၌ဆရာ့ကို လွတ်လပ်မှု အတွက် အာမခံချက်ပေးပြီး အမျိုးသားစာနယ်ဇင်းဆု ရွေးချယ်ရေး ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ကြသည်။ ကော်မတီသည် ဆုအမျိုး အစား ၅ ခု ခွဲခြား၍ စိစစ်ရွေးချယ်ရေး ဆပ်ကော်မတီများ ထပ်ဆင့်ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။ သို့ဖြင့်နောက်ဆုံးအဆင့် အတည်ပြု ရွေးချယ်ရေး ဒုတိယအကြိမ်အစည်းအဝေးတွင် ဆု ၄ ဆုအား အဖွဲ့ဝင်အားလုံးက သဘောတူကြ သော်လည်း Editorial ခေါ် ဂျာနယ် ခေါင်းကြီးပိုင်း ဆုအတွက် သဘောထားကွဲလွဲကြသည်။ စိစစ် ရွေးချယ်ရေး ဆပ်ကော်မတီက ဂျာနယ်ခေါင်းကြီးများ၌ ထိုက်တန်သော ဆုပေးရန်မရှိသဖြင့် Opinion Feature ကို ပေးလိုကြောင်း၊ ယင်းအတွက် News Watch ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် ၏ ရာမာယဏ ဆောင်းပါးကိုရွေးချယ်ပေးကြောင်း အစည်းအဝေး၌တင်ပြသည်။ ကျွန်တော်တို့ကလည်း သတင်းခေါင်းကြီးကိုသာ ပေးရန် ဖြစ်သင့်ပြီး ဂျာနယ်စာတည်းအဖွဲ့ကိုသာ ပေးသည့်ဆုမျိုးဖြစ်သင့်ကြောင်း၊ အမျိုးသားသတင်းဆုသည် သတင်းသမားများ အတွက်သာ ဖြစ်သင့်ကြောင်း၊ စာနယ်ဇင်းလောကနှင့် နိုင်ငံရေး ရှုပ်ထွေးမှုမျိုးမဖြစ်သင့်ကြောင်းနှင့် ထိုက်တန်သောဆုမရှိလျင်လည်း ချန်လှပ် ထားသင့်ကြောင်း၊ ဆွေးနွေးတင်ပြရာ ဆရာအတော်ခေါင်းရှုပ်သွားခဲ့သည်။ သြဇာရှိဂျာနယ်တိုက်ကြီး အချို့ကလည်း ဝေဖန် ကန့်ကွက်မှုတွေ အင်တာနက်စာမျက်နှာများ၌ပလူပျံခဲ့သည်။ နောက်ဆုံးတွင် ဆရာသည် ကော်မတီဝင် အားလုံးပါဝင်သော အစည်း အဝေးကို ထပ်မံကျင်းပပြီး မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုအား ဆုံးဖြတ်ချမှတ် ပေးခဲ့သည်။ သို့ဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် အမျိုးသားသတင်း ဆုပေးပွဲ အခမ်းအနားကို အမျိုးသားကဇာတ်ရုံကြီးတွင် ကျင်းပနိုင်ခဲ့ပြီး စာနယ်ဇင်း လွတ်လပ်မှုအတွက် ဖြတ်တောက်မှု တစ်စုံတစ်ရာ မပါဝင်သော မိန့်ခွန်းအား ဆရာမောင်ဝံသ က ဝင့်ကြွားထည်ဝါစွာ မိန့်ခြွေ နိုင်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံ နိုင်ငံရေးအကူးအပြောင်း၌ ပုံနှိပ်မီဒီယာလောကအတွက် စာနယ်ဇင်းကောင်စီဖွဲ့စည်းရေး (၁၁) ရက်ကြာ လေ့လာရေးခရီးတစ်ခုကို International Media Support က စီစဉ်ပေးခဲ့သည်။ ၄င်းခရီးစဉ်မှာ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် သီရိလင်္ကာရှိ စာနယ်ဇင်းကောင်စီများအား လေ့လာရန်ဖြစ်ပြီး ဆရာမောင်ဝံသ၊ ဒေါက်တာ ကျော်ဇောနိုင်၊ ဦးရဲတင့်၊ ဦးကိုကို၊ ဦးစိုးမြင့်၊ ဦးထက်ဇော်နိုင်နှင့် ကျွန်တော်တို့သွားခဲ့ကြပါသည်။ နိုင်ငံတကာ၏ စာနယ်ဇင်းကောင်စီ အယူအဆများ သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှုမရှိဘဲ ခေတ်ကာလများအလိုက် ပြောင်းလဲနေသည်ကို လေ့လာတွေ့ရှိ ကြရပါသည်။ ဟိုနိုင်ငံဟုတ်နိုးနိုး၊ ဒီနိုင်ငံဟုတ်နိုးနိုးဖြင့် ဝေခွဲမရဖြစ်ကြရသည်။ စာနယ်ဇင်းကောင်စီဟူသော အယူအဆသည် ၁၉၇၀ ခုနှစ်ခန့်က အယူအဆဖြစ်ပြီး မျက်မှောက်ခေတ်၌မူ မည်သို့မျှ အသုံးမတည့်နိုင် တော့ကြောင်းလည်း ဝေဖန်ပြောကြားသည့် စာရေးဆရာ အသင်းအဖွဲ့နှင့် နိုင်ငံများကိုလည်းတွေ့ခဲ့ရသည်။ သို့လော၊ သို့လော ခရီးစဉ်အတွင်းမှာပင် ကျွန်တော်တို့အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြောဆိုခဲ့မှုများကို အမှတ်ရမိပါသေးသည်။ နယူးဒေလီ သို့သွားရန် ကွာလာလမ်ပူ လေဆိပ်၌ ခေတ္တရပ်နားစဉ်အချိန်၌ ဆရာမောင်ဝံသက “နည်းပညာတွေကလည်း ကောင်း လိုက်တာ၊ လွတ်လပ်မှုတွေလည်း တော်တော်ရနေပြီ။ ကျွန်တော့အသက်ကို အခုထက် နှစ် ၂၀၊ ၃၀ ငယ်လို့ရရင် ပြန်ငယ်ချင်လိုက်တာ” ဆိုသည်ကို အမှတ်ရ ပါသေးသည်။ ကျွန်တော်ကလည်း အရွှမ်းဖောက်လိုသော ဆန္ဒဖြင့် “ဆရာ ဝံ… ဒါဆိုရင် Back to the future ရုပ်ရှင်ထဲကလို ဖြစ်နေဦးမယ်။ အင်းစိန်မှာ ဆရာနေခဲ့ရတဲ့ကာလတွေကို ပြန်ရောက်ရ လိမ့်မယ်နော်” ဟု ဆိုသောအခါ “အဲဒါတော့ မလုပ်ပါနဲ့ဗျာ” ဟူ၍ ရယ်မောပျော်ရွှင်သော မျက်နှာဖြင့် ပြောခဲ့ သည်ကိုမေ့မရ။ ဆရာရယ်လိုက်သောအခါ ရိုးသားပွင့်လင်းစွာနှင့် ချစ်စရာ ကောင်းသော ဟန်ပန်ကို ပြန်လည်အမှတ်ရမိပါသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ဒုတိယပတ်အတွင်း၌ အမြုတေစာနယ်ဇင်းကောင်စီတစ်ခုကို ရုတ်တရက် ဖွဲ့စည်းပေးခဲ့သည်။ ယင်းနောက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် စာပေစိစစ်ရေး စနစ်ကို ဖြုတ်သိမ်းခဲ့သည်။ ၄၈ နှစ် နှင့် ၁၄ ရက်ကြာ စာပေလောကနှင့် စာပေ စိစစ်ဌာနတို့အကြား စစ်ကြီးပြီးဆုံး သွားသော်လည်း အသစ်ဖွဲ့စည်းပေးသော စာနယ်ဇင်းကောင်းစီသည် စာပေ စိစစ်ရေး၏ တာဝန်များကို ထမ်းဆောင်ရန်လားဆိုသည့် သံသယကပေါ်ပေါက်လာပြန်ပါသည်။ သို့ဖြင့် စာနယ်ဇင်းလောကနှင့် ပြန်ကြားရေး အကြားပြဿနာမှာ ဆုံးခန်း မတိုင်ဖြစ်ရပြန်သည်။ ထိုအချိန်က မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ကြပြီး ဆရာ မောင်ဝံသကို ဥက္ကဌအဖြစ် ရွေးချယ် ခံရချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ကျွန်တော်တို့သည် MJA ရွေးကောက်ပွဲ ကျင်းပနေရာ ယုဇနဂါးဒင်း ဟိုတယ်သို့သွား၍ ဆရာနှင့်တွေ့ဆုံပြီး ဖွဲ့စည်းထားသောအမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများ ကို အတည်ပြုပေးရန် မေတ္တာရပ်ခံသော်လည်း ဆရာကခေါင်းတရမ်းရမ်းဖြင့် လုံးဝသဘောမတူ။ အချိန်ယူ၍ ညှိနှိုင်းဆွေးနွေးမှု ပြုကြရန်သာ တောင်းဆိုပါသည်။ ဆိုလိုချင်သည်မှာ မြန်မာနိုင်ငံစာနယ်ဇင်းလောက လွတ်လပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးပွားရေးအတွက် ဦးစိုးသိမ်း (ခ) မောင်ဝံသ သည် မည်သည့်အခါမျှ မယုံကြည်ဘဲနှင့် လိုက်လျောခြင်း၊ အညံ့ခံအရှုံးပေးခြင်းမပြုခဲ့။ သက်ဆုံးတိုင် စာပေ လွတ်လပ်ခွင့် ယုံကြည် မှုကို ကျင့်ဝတ်နှင့်အညီ တိုက်ပွဲဝင်သွားသည်ကို တွေ့မြင်နိုင်ကြမည်ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း အများလက်ခံနိုင်သော ယာယီ စာနယ်ဇင်းကောင်စီတစ်ခုကို ဖွဲ့စည်းရန်အတွက် ဆရာသည် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဆရာ၏ ရည်ရွယ်ချက်မှာ စာနယ်ဇင်းလောကအတွင်း မည်သူမည်ဝါ ခွဲခြားနေကြခြင်းမပြုဘဲ အမှန်တကယ် လွတ်လပ်မှုအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပါလျင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြသင့်သည်ဟူသော အယူ အဆ ဖြစ် သည်။ တစ်ဖက်တွင်လည်း ကျင့်ဝတ်နှင့်ညီသော သတင်းစာဆရာများရှိသည့် စာနယ်ဇင်းလောကမျိုးကို အမှန်တကယ် ဖြစ်ထွန်း ပေါ်ပေါက်စေလိုသော ဆန္ဒရှိသည်။ သို့ဖြင့် စက်တင်ဘာ ၁၇ ရက်နေ့ ယာယီ စာနယ်ဇင်းကောင်စီအား ဖွဲ့စည်းပြီးချိန်၌ ဆရာက ဒုတိယ ဥက္ကဌတစ်ဦးအနေဖြင့် ကြီးလေးသော တာဝန်ကို ရယူဆောင်ရွက်ခဲ့သည်။ သို့သော် လှေလှော်ရင်း တက်ကျိုးဆိုသကဲ့သို့ ဆရာ့ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းဆိုးတစ်ခုကို မယုံကြည်စွာနှင့် ကြားသိခဲ့ရပြန်သည်။ ထို့နောက်ပိုင်းတွင် အားကြိုး မာန်တက် ဆရာ၏ လှုပ်ရှားမှုပုံရိပ်တွေကို စာနယ်ဇင်းလောက၌ မမြင်တွေ့နိုင်တော့ပေ။ ဦးရဲတင့်၊ ဦးမျိုးမြင့်မောင်နှင့်အတူ ကျွန်တော်သည် ဆရာ ဒုတိယအကြိမ် စင်ကာပူသို့ ဆေးကုသွားရောက်ချိန် မတိုင်မီက ဆရာကိုတွေ့ဆုံ ဂါရဝပြု ကန်တော့ခဲ့ပါသေးသည်။ နောက်ဆုံး ဆရာနှင့် တွေ့ဆုံသည် အချိန်မှာ ၂၀၁၃ ခုနှစ်၊ မေလ ရန်ကုန်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင်ကျင်းပသော မီဒီယာကွန်းဖရန့်၌ နှုတ်ဆက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အချိန်အခါမျိုး၌ ဆရာကိုဆုံးရှုံးရခြင်းသည် မြန်မာစာနယ်ဇင်းလောကအတွက် နှိုင်းဆ၍မရသော ဆုံးရှုံးမှုဖြစ်သည်ကို စာနယ်ဇင်းလောကသားတိုင်းက မှတ်ကျောက်ပြုခဲ့ပြီးကြပါပြီ။ ကြည်သာရွှင်ပြစွာဖြင့် ရိုးသားစွာရယ်မောနေတတ်သည့် သတင်းစာဆရာ ဆရာမောင်ဝံသမျက်နှာကို ကျွန်တော်တို့ရင်ထဲတွင် အမြဲအမှတ်တရရှိနေကြမည်သာဖြစ်သည်။ ဆရာဆုံးမလေ့ရှိသည့် ကျင့်ဝတ်နှင့် ညီသော စာနယ်ဇင်းသမားများဖြစ်ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ မြင့်မြတ်ရာ ဘုံဘဝမှ သာဓုခေါ် ဆိုနိုင်ပါ စေကြောင်း၊ ကျွန်တော်ချစ်ခင်လေးစားခဲ့ရပါသော ဆရာမောင်ဝံသအတွက် ရေးသား ဆုတောင်း မေတ္တာပို့သ အပ်ပါကြောင်း……
ရဲရင့်တင့်ဆွေ
၂၀၁၃ခုနှစ်၊ သြဂုတ်လ ၁၈ ရက်