Image may be NSFW.
Clik here to view.
Clik here to view.

- ၂၀၁၀ မှာ သမ္မတသစ် အိုဘားမားက အီရတ်စစ်မြေပြင်က အမေရိကန်စစ်သားတွေကို ပြန်ခေါ်မယ်လို့ ကြေငြာလိုက်တဲ့အခါ လက်ခုပ်သံတွေ သောင်းသောင်းဖြဖြ ညံသွားပါတယ်။ တစ်ပတ်အတွင်းမှာပဲ အိမ်ပြန်ရောက်လာတဲ့ စစ်ပြန်များနဲ့ မိသားစုများ တွေ့ဆုံကြပုံကို ရုပ်သံဖန်သားပြင်ပေါ်မှာ တွေ့ကြရတဲ့အခါ မျက်ရည်ဝဲမိလောက်အောင် ရိုက်ကူးတင်ဆက်နိုင်စွမ်းတာကို တွေ့ရပါတယ်။
- ကိုယ်နဲ့ မဆိုင်ပေမယ့်လည်း လူသားတစ်ယောက်အနေနဲ့ ပြန်ဆုံကြတဲ့ မိသားစုတွေကိုမြင်ရတာ ပျော်စရာသိပ်ကောင်းတာပဲ။ တစ်ချိန်ထဲမှာပဲ ပြန်မလာနိုင်သူများရဲ့ မိသားစုတွေအတွက် ဒီမြင်ကွင်းဟာ ဘယ်လောက်များ ထိခိုက်စရာကောင်းလိမ့်မလဲ။ ကိုယ့်အဖေကို ရုတ်တရက် ဆုံးရှူံးရတဲ့ခံစားမှုကို ကောင်းကောင်းနားလည်တာမို့ ကိုယ်ဖြစ်ချင်တာတွေကို ဖြည့်ကြည့်မိတဲ့အခါ လောကဟာ မှောင်မည်းနေတာပဲကိုး။
- တစ်ဆက်ထဲမှာပဲ တို့တိုင်းပြည်မှာကောလို့ တွေးနေမိပါတယ်။ အောင်ပွဲကပြန်လာရင် သပြေပန်းနဲ့ကြိုကြတာ၊ အိမ်ကလူ ပါမလာလို့ ငိုကြရတာတွေကို ရုပ်ရှင်ထဲမှာတော့ မြင်ဖူးသားပဲ။ ဒါပဲလား၊ အသက်ကိုစွန့်လို့၊ မိသားစုကိုခွဲလို့ ထားရစ်ခဲ့ရသူတွေအတွက် အိမ်ပြန်လမ်းဟာ ဒီလောက်ပဲလား။
- လူချင်းတူပေမယ့် ဘ၀ချင်းမတူတာကြောင့် အနောက်တိုင်းသားစစ်ပြန်တွေအတွက် ထောက်ပံ့မှုတွေဟာ အများကြီးပိုကောင်းတာကိုတော့ တွေ့ရပါတယ်။
Image may be NSFW.
Clik here to view.
Clik here to view.

- ဒဏ်ရာရလာတဲ့သူတွေကို ဆေးရုံတွေမှာ လိုလေးသေးမရှိပြုစုတယ်။ စောင့်ရှောက်တယ်။ ခြေလက်အင်္ဂါ စွန့်ရသူတွေကို စိတ်ပိုင်းဆိုင်ရာကအစ မညှိုးငယ်ရလေအောင် ၀ိုင်းဝန်းဖေးမကြတယ်။ ဒါကြောင့်လည်း ခြေနှစ်ဖက်မရှိတော့ပေမယ့် လေထီးခုန်တာမျိုး၊ အင်မတန်စွန့်စားရတဲ့ မြစ်ရိုင်းထဲမှာ ကနူးလှေလှော်တာမျိုးတွေအထိ ပြန်လည်သန်စွမ်းလာနိုင်ကြတာကို တွေ့ရပါတယ်။ စစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် စိတ်ကျရောဂါတွေများလွန်းလို့ အိန္ဒိယထိတောင်ပို့ပြီး ဘုရားကု ကုတာတောင်ပါသေးရဲ့။
Image may be NSFW.
Clik here to view.
Clik here to view.

- ဒီကမှ တစ်ဆင့် ကိုယ့်မြေကိုယ့်ရေမှာ ပြန်အခြေကျဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားမှုတွေကလည်း အဆင်သင့်။ အလုပ်အကိုင်နေရာချထားရေးတွေမှာလည်း ဦးစားပေး။ စစ်ပြန်ကြီးရယ်လို့ စစ်ပွဲအထိမ်းအမှတ် နှစ်ပတ်လည်တိုင်းမှာ ရင်ဘတ်မှာ တံဆိပ်တွေချိတ်ဆွဲလို့၊ ရင်ကိုကော့မတ်လို့၊ တိုင်းပြည်အတွက်စွန့်ဝန့်သူများ ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ လေးစားကြည်ညိုတဲ့ မျက်ဝန်းတွေကို ခံယူလို့။
Image may be NSFW.
Clik here to view.
Clik here to view.

- ရှေ့တန်းမှာ ကျဆုံးရတယ်ဆိုရင်တောင် အလောင်းကို မွေးရပ်မြေအထိ ပြန်ယူကြတာ။ တကယ့်ကို အိမ်အထိ ပြန်တဲ့ အိမ်ပြန်လမ်းမှာ လမ်းဘေးဝဲယာ ထွက်ကြိုကြတဲ့ ရပ်သူရွာသားတွေနဲ့ ပြည့်နှက်နေတာ မယုံနိုင်စရာ။ သေရတာမြတ်တယ်ဆိုတာ စကားလုံးအဆင့်မှာတင် မဟုတ်ဘူးကိုး။ တစ်မြို့လုံး ၀မ်းနည်းခြင်းတွေကို လှိုက်လှိုက်လှဲလှဲပြသတာကို မြင်ရတဲ့အခါ မြို့သားတစ်ယောက်၊ အိမ်နီးချင်းတစ်ယောက်၊ သူငယ်ချင်းတစ်ယောက် အပေါ်ထားတဲ့ သူတို့ရဲ့ စိတ်ထားကို လေးလေးနက်နက်ခံစားရင်း တန်ဖိုးထားနေမိပါတယ်။
Image may be NSFW.
Clik here to view.
Clik here to view.

Image may be NSFW.
Clik here to view.
Clik here to view.

- ကျွန်မတို့ဆီမှာတော့ ဒီလိုမျိုး တစ်ခါဆို တစ်ခါလေးတောင် မမြင်ဖူးဘူးနော်။
- ဒါဆိုတော့ သူတို့က ချမ်းသာ၊ တို့က ဆင်းရဲလို့ ပြောစရာတွေရှိလာပါတယ်။
- ဟုတ်ပါတယ်။ သူတို့က မေတ္တာတရားချမ်းသာတာကြတာ။ လူသေအနေနဲ့ပြန်လာလာ၊ လူရှင်အနေနဲ့ပဲပြန်လာလာ၊ အင်္ဂါမစုံပဲနဲ့ ပြန်လာလာ အိမ်ပြန်လာသူကို နွေးထွေးလှိုက်လှဲမှုတွေအပြည့်နဲ့ မိသားစုတင်မက ရပ်ဆွေရပ်မျိုး၊ တစ်တိုင်းပြည်လုံးကပါ ထောင့်မျိုးစုံက ဖြည့်တင်းပေးဖို့ စနစ်ထဲမှာကို ပုံစံတကျ အသင့်ဖြစ်နေကြတာ အားကျစရာကြီးပါ။ ဒီလိုစည်းလုံးမှုမျိုး၊ ဒီလိုချစ်ခင်ရင်းနှီးမှုမျိုး၊ ဒီလိုကြင်နာမှုမျိုးရမယ်လို့ သေချာနေတဲ့နောက် တိုက်ပွဲဝင်ဖို့ စာရင်းပေးမယ့် တပ်သားသစ်တွေပြည့်နေတာ မထူးဆန်းဘူးမို့လား။
- ဒါတွေနဲ့ ယှဉ်ရင် ၀မ်းနည်းစရာကောင်းတာကတော့ ကိုရဲမိုးရဲ့ ပို့စ်ထဲမှာ ခြေတစ်ဖက်ပြတ်သွားတဲ့ တပ်မတော်သားရဲ့ အိမ်ရှင်မက သားလေးကို ကျောင်းမကြိုခိုင်းဘူးတဲ့။ ကျောင်းမှာ ခြေပြတ်ရဲ့သားလို့ အတန်းဖော်တွေ နောက်ပြောင်မှာစိုးသတဲ့။
- ကမ္ဘာတစ်ဖက်မှာ ပန်းတွေပွင့်နေပေမယ့် ကျွန်မတို့ရဲ့ ကမ္ဘာမှာတော့ ဆူးပင်တွေနဲ့ ပြည့်နေတယ်။
- ဘယ်သူ့ကြောင့် ဘာ့ကြောင့်ဆိုတာတွေထက် ကလေး ကလေးချင်း မခွဲခြားတတ်အောင်သင်ပေးဖို့ ကျွန်မတို့ မေ့နေကြတယ်။
Image may be NSFW.
Clik here to view.![]()
Clik here to view.

- ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် ကျောင်းခန်းထဲမှာ အတူတူပဲဆိုတဲ့ ယုံကြည်မှုမျိုးမပေးနိုင်ရင် မျှော်မှန်းနေတဲ့ ဒီမိုကရေစီဆိုတာ ရယ်စရာကြီးနေမှာပဲနော်။ ဘဘကြီးသားမို့ပင့်ထား၊ အကြော်သည်သားမို့ ခေါက်ထားဆိုတာ အပင်မသန်ခင် အမြစ်ကလှန်ပစ်တဲ့ အလေ့အထတွေပဲ။
- အားနည်းသူကို ဖေးကူတတ်အောင်မှ လမ်းမပြနိုင်ရင် ကျောင်းလို့လည်း မခေါ်ထိုက်ပါဘူးလေ။
- ပတ်ဝန်းကျင်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆူးပေါက်နေတဲ့ ကလေးတွေ ဘယ်လောက်များလိုက်မလဲ။
- ပြည်တွင်းစစ်နဲ့ အာဏာရှင်တွေရဲ့ဒဏ်ကို လှိမ့်ခံရကြတာချင်းအတူတူ ဘယ်သူသာသလဲလို့ ပြိုင်စရာလည်း လိုမယ်မထင်ပါဘူး။ ရွှေတံဆိပ်ကြီးမှ မဟုတ်တာပဲ။ ဒီလိုသာ ငိုကြကြေးဆို စစ်ဘေးဒုက္ခသည်တွေက သမုဒ္ဒရာကြီးဖြစ်သွားအောင် ငိုပြနိုင်မှာပေါ့။
- မသန်စွမ်းတဲ့ အငြိမ်းစားတွေကို ပင်စင်ပိုပေးလိုက်ရုံနဲ့လည်း စောင့်ရှောက်တယ်လို့ မခေါ်တဲ့အကြောင်း ဘဘကြီးများ သိအောင် ဘယ်သူများ ပြောပေးမလဲနော်။ ကိုယ့်ကို ဘ၀နဲ့ရင်းလို့ အလုပ်အကျွေးပြုသူများကို လျစ်လျူရှူနိုင်စွမ်းလှတာ အသည်းမာလှချည့်။ လွှတ်တော်ထဲထိုင်နေတဲ့ ကိုကိုများလည်း ပိစိကလေးတောင် စိတ်မ၀င်စားကြလေရော့သလား။
- ဒီကြားထဲကမှ စစ်တပ်၊ ဒီမိုလို့ ကိုယ့်ကိုယ်ကို အိုးမဲသုတ်ရင်း ဘယ်အထိများ ဆက်ခွပ်ကြရင်ကောင်းမလဲ။
- ဟုတ်တယ်။ ကျွန်မတို့ မေတ္တာတရား ခေါင်းပါးကြတယ်။
- လော်ကြီးနဲ့အော်ပြီး အရပ်ဆယ်မျက်နှာပို့နေပေမယ့် ဘယ်သူမှလည်း မကြားကြဘူးလေ။
- အသွားအပြန်ရှိတယ်လို့ ဘယ်သူမှလည်း မယုံကြဘူး။
- ကလေးတွေကိုလည်း ခွဲခြားနည်းသစ်တွေ လက်ဆင့်ကမ်းနေလေရဲ့။
- ကိုယ်တိုင်မှ မချမ်းသာချင်လို့ ဆင်းရဲနေကြရတာများ အဆန်းတကျယ်လုပ်လို့နော်။
- ဒါသည်ပဲ ကျွန်မတို့ရဲ့ အိမ်ပြန်လမ်းပေလားကွယ်။
Thanda Win