Quantcast
Viewing all articles
Browse latest Browse all 1811
↧

“၄၆”

“၄၆”

August 29, 2013 at 4:31am
            လွန်ခဲ့တဲ့လေးနှစ်က ဘူတန်မှာတစ်ယောက်တည်း မွေးနေ့ကြုံလာတုန်းကတော့ ဘာရယ်မဟုတ်။ သူတို့ဘူတန်ဝတ်စုံကြီးဝတ်ပြီး ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံရိုက်တင်ခဲ့တာ ခုတော့ အမှတ်ရစရာလေးတွေ ဖြစ်ကုန်ပြီပေါ့။ စိတ်ထဲမှာတော့ ဘာမှ မကြာသေးဘူးလို့ထင်နေမိတာ။ ပြန်စဉ်းစားကြည့်တော့မှ သည်ကြားထဲ အပြောင်းအလဲတွေ ဖြစ်ကုန်တာလည်း နည်းမှမနည်းပဲ လို့ တွေးမိလာပါတယ်။ ဘာလိုလိုနဲ့ သည်ဖေ့စ်ဘုတ်ပေါ် ကျင်လည်လာတာလည်း လေးနှစ်စွန်းစွန်း ရှိလာပြီပေါ့။ ပထမဦးဆုံး ပရိုဖိုင်းပုံတင်တုန်းက ဘူတန်ကျန်းမာရေးဝန်ကြီးဖိတ်တဲ့ ညစာစားပွဲကအပြန် ဟိုတယ်ရေချိုးခန်းထဲကမှန်ထဲကို တရုတ်ဟန်းဆက်လေးနဲ့ လှမ်းရိုက်ပြီးတင်ထားတာလေ။ ဟိုရောက်မှ ကွန်ပြူတာ အင်တာနက်နဲ့ အကျွမ်းဝင်ရတာမို့ ကလေးဆန်လိုက်တာ လို့လည်း မတွေးမိပါဘူး။
ဆန်ချင်လည်းဆန်ပေါ့။ သည်အသက်အရွယ်ရောက်မှ အွန်လိုင်းပေါ်တက် မွှေရတာဆိုတော့ သည်လိုပဲ ရှိလိမ့်မယ်။ မှန်ထဲကြည့်ရင် ကိုယ့်ကိုယ်ကိုယ်တော့ အများကြီးကျန်သေးတယ် ထင်ရတာပလေ။ တကျော့နှစ်ကျော့ထဲက ခင်လေးဆွေကြီး မေးသလို “ကိုကျော်။ ဆွေ ငယ်ပါသေးတယ်နော့။” လို့တောင် မေးလိုက်ချင်သေးတာ။ နောက်တော့ သူငယ်ချင်းတစ်ယောက်က သူ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ပေါတောတောနဲ့ မလောက်လေးမလောက်စားဆန်လွန်းလို့ “ပရိုဖိုင်းပစ်ချာ ပြောင်းပါဦး။” လို့ ပြောလာတဲ့အခါ မီးပူတိုက်နေရင်းတန်းလန်းက ၀က်ကင်နဲ့လှမ်းရိုက်ပြီး အဲဒီအတိုင်းပဲ တင်ထားလိုက်တာ အခုလိမ်မော်ရောင်တီရှပ်နဲ့အကောင်ဆိုတာ ဖြစ်လာတာပေါ့။ ဒါတောင် မတွေ့တာကြာတဲ့ တူကလေးတွေက ကိုကိုဖိုးချိုတစ်ယောက် ငယ်ငယ်တုန်းကပုံကလေးတင်ထားတယ် ပြောကြလို့ မခံချင်တာနဲ့ “ဘယ်သူမဗျူး ၀မ်းတွင်းရူး” ဆို နုတ်စ်ရေးတင်ထားခဲ့တာကြောင့် တော်ပါပြီ။ နောက်တစ်ပုံ မပြောင်းတော့ဘူးဆိုပြီး သည်အတိုင်းထားလိုက်တယ်။ ဒါလည်း အမှတ်တရပေါ့။

            အရင်ပြောခဲ့ဖူးသလိုပါပဲ။ ရှေ့ကအနှစ်လေးဆယ်မှာ သိသိသာသာ မပြောင်းလဲခဲ့ပေမယ့်လည်း အဲသည်နောက် လေးနှစ်ကျတော့ သိသာလာပြီ။ ငါမအိုသေးဆိုပြီး ၀တ်ချင်တာတွေ ၀တ်လို့ မရတော့ဘူး။ အ၀တ်တခြား လူတခြားဖြစ်ဖြစ်နေတာ ကိုယ့်ဘာသာတောင် သတိထားမိလာပေါ့။ ကိုယ့်အပေါ်မှာ အကောင်းမြင်စိတ်နဲ့ အားပေးချင်တဲ့လူဆိုရင်တောင် “ငယ်ငယ်တုန်းကဆို အလန်းကြီးနေမှာနော်။” လို့ နွားပိန်အသားထိုးကြည့်ပြီး ရှာရှာဖွေဖွေ ချီးမွန်းခန်းဖွင့်ယူရတယ်။ ကိုယ့်ရုပ်ကိုယ် တယ်လည်း ဂရုစိုက်သကိုး လို့ ပြောစရာဖြစ်တော့မှာပဲ။ တကယ်တော့ လှချင်တယ်ဆိုတာလေ။ သူများတွေ မျက်စိထဲမှာ ကြည့်ပျော်ရှုပျော်ဖြစ်နေဖို့မှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် ကိုယ့်မျက်စိထဲမှာ မြင်နေရတဲ့ ပုံရိပ်ကို မြင်မကောင်းရှုမကောင်း ဖြစ်မနေစေချင်တာပါ။ လောကကြီးမှာ မှန်မြင်ရင် မကြည့်ပဲနေတဲ့သူ ရှိလို့လား။ သူများကိုကြည့်တဲ့အကြိမ်နဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်တဲ့အကြိမ် ဘယ်ဟာက ပိုများမယ် ထင်လဲ။
ဒါပေမယ့် လူတွေမှန်ထဲမကြည့်တာက ကိုယ့်စိတ်ကိုယ်ကိုယ် ဘယ်တော့မှ မကြည့်ဘူး။ ကိုယ့်နှလုံးသားကိုယ်လည်း ဘယ်တော့မှ မကြည့်ဘူး။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်းလည်းမသိသလို ဘာလိုလို့လိုနေမှန်းလည်း မသိကြဘူး။ သက်ရှိလူတစ်ယောက်ရဲ့ ရုပ်သွင်ဆိုတာ ဥတုဇရုပ်တစ်ခုတည်းမှ မဟုတ်တာ။ ကမ္မရုပ်တို့ စိတ္တဇရုပ်တို့လည်း ပါတယ်လေ။ အသက်အရွယ်ရလာတဲ့အခါ လူတွေကိုကြည့်ရင် မျက်နှာပေါ်က ရုပ်သွင်အပြင် စိတ်ရင်းမနောရဲ့ အရောင်အ၀ါ အကြည်ဓါတ်ကိုပါ တဖြေးဖြေး မြင်တတ်လာလိမ့်မယ်။ ငယ်တုန်းရွယ်တုန်းတော့ ဒါတွေ ဘယ်မြင်ဦးမလဲ။ စက်ဆီဖြစ်တယ်။ စက်ဆီဖြစ်တယ် ဆိုပြီး အန်ချင်စရာ ကျက်သရေတုံးတဲ့ပုံကြီးတွေကို အဟုတ်မှတ်ပြီး အရိုက်ခံချင်ကြတာ။ သူတို့ပြောတဲ့ စက်ဆီဖြစ်တယ် မဖြစ်တယ်ဆိုတာကလည်း ဖုံးထားသမျှတွေ လှစ်ကာလှန်ကာဖော်ပြတာ မဟုတ်ဘူး။ စိတ်ထဲက ခံစားချက်ကိုပဲ မြင်ရသူတွေ စိတ်ထဲကို ကူးစက်ခံစားလို့ရအောင် သရုပ်ဖော်ရတာ။ ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ မွေးနေ့မှာ ကိုယ့်စိတ်ကိုယ်ကိုယ် မှန်ကြည့်ပြီး သုံးသပ်ကြည့်လိုက်မိပါတယ်။ သူလည်းပဲ တော်တော်ကြီးတောင် ပြောင်းလဲသွားမှပဲလေ။

             ဘူတန်ဆိုတာကတော့ ကိုယ့်ဘ၀မှာ ပထမဦးဆုံးအကြိမ်ရောက်ခဲ့ဖူးတဲ့ ပြည်ပနိုင်ငံတစ်ခုပေါ့။ အဲသည်ကိုထွက်သွားတုန်းကတော့ စိတ်ထဲမှာ အလုပ်လုပ်ဖို့တစ်ခုတည်းသက်သက်အတွက် မဟုတ်ပါဘူး။ ဘ၀ရှေ့ရေးအိပ်မက်ကြီးကြီးမားမား မက်ကြည့်ချင်လို့။ မြန်မာပြည်မှာ ဆက်ရှိနေရင် ကိုယ့်အတွက် နောက်ထပ်ဘွဲ့လွန်တွေ၊ သင်တန်းတွေ၊ နိုင်ငံခြားခရီးတွေ မျှော်လင့်လို့မရဘူး။ ၀န်ကြီးဌာနမှာ သတ်မှတ်ထားတဲ့ စံတွေအရည်အချင်းတွေနဲ့ မပြည့်မီလို့။ ဖောင်ကြီးလည်း မတက်ရသေးလို့။ တစုံတရာတိုးတက်ဖို့အတွက်ဆိုရင် အရင်ဆုံး ထွက်တော်မူနန်းကခွာမှဖြစ်မယ်လို့ တွက်မိပြီး ရောက်ရာပေါက်ရာ ထွက်လိုက်တာ။ ဒါပေမယ့် ဘ၀ဆိုတာ အံ့သြစရာကြီး။ ကာလကတ္တားမှာ သွားသွားဖြေတဲ့ စာမေးပွဲတွေက လွတ်လွတ်ကျွတ်ကျွတ် မအောင်ခဲ့ပဲ “စာမေးပွဲဖြေပြီးရင် ကူရေးပေးမယ်နော်” ဆိုပြီး မြန်မာဝီကီမှာ သီချင်းတွေအကြောင်း ကူရေးပေးရာကနေ ခုတော့ ဘာကြီးမှန်းမသိတဲ့အကောင်ဘ၀ ရောက်လာတယ်။

           အစစ်ပဲ။ လေးနှစ်ကာလ ကြာသွားပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဘာကောင်ကြီးဖြစ်နေပါလိမ့်လို့ ဆန်းစစ်ကြည့်လိုက်တော့ ဟုတ်ပါရဲ့။ ဘာကောင်ကြီးမှန်းလည်း မသိဘူး။ ဆရာဝန်တော့ ဆရာဝန်ပေါ့။ ခွဲစိတ်ဆရာဝန်။ ဒါပေမယ့် သူများတကာ ခွဲစိတ်ဆရာဝန်တွေနဲ့လည်း မတူဘူး။ တစ်မျိုးကြီးပဲ။ တချို့ကပြောတော့ စာရေးဆရာတဲ့။ အဲဒါလည်း ဟုတ်သေးပါဘူး။ ဟိုမရောက်သည်မရောက်နဲ့ရယ်။ စာအုပ်ကလေးမှ သုံးအုပ်လောက် ဖြစ်ဖြစ်မြည်အောင် ထုတ်ထားဖူးတာ။ သူများတကာတွေ ဟောတစ်အုပ်ဟောတစ်အုပ်ထုတ်နေတဲ့ ဘက်ဆယ်လာတွေက ရယ်မှာပေါ့။ ဖေ့စ်ဘုတ်ပေါ်သာ လူစွာလုပ်နေတာ။ ၃၃လမ်းထဲ လျှောက်သွားကြည့်ပါလား။ ပေါ်တယ်ကုလားကတောင် အဖက်လုပ်မှာ မဟုတ်ဘူး။ “အင်တာနက်ပေါ် စာရေးနေတယ် ဟတ်လား။ အေး ကောင်းတယ် ကောင်းတယ်။ ကြိုးစားထား။ အလေ့အကျင့်ရတာပေါ့။ အန်တီတို့ကတော့ မဖတ်အားပါဘူးကွယ်။” လို့ ကြည့်ကောင်းအောင် အားနာပါးနာ ပြောလိမ့်မယ်။ တော်ပါသေးရဲ့။ ကိုယ့်စာမူကလေးကိုယ်ထုတ်ပြီး တစ်တိုက်ဝင်တစ်တိုက်ထွက် လိုက်မိတ်ဆက်ပြီး “ဖတ်ကြည့်ပေးပါနော်။” လို မရဲတရဲ သွားဖြဲလေးနဲ့ လေချိုမသွေးရလို့။

           ဆရာဝန်စာရေးဆရာတွေ အင်မတန်ပေါများလှတဲ့ သည်ခေတ်ကြီးထဲမှာ ကိုယ့်ကလောင်ကတော့
မော်တော်နံမယ်လိုလို ဇာတ်သဘင်နံမယ်လိုလိုနဲ့ လူစိတ်ဝင်စားနည်းရှာသတဲ့။ ဖေ့စ်ဘုတ်ပေါ်သာ ကျယ်နေတာပါ။ ရောင်းတမ်းကျတော့ မစွံပါဘူး လို့ အပြောခံရမယ် ထင်တယ်။ စန်းဆိုတာကလည်း ရှိသေးတယ်လေ လို့ လည်း ပြောကြတယ်။ ဘယ်ဂျာနယ်တိုက်ကိုမှ စာမူမပို့ပေမယ့်လည်း အိမ်ရှင်မဂျာနယ်ကတော့ သူကြိုက်ရာကြိုက်ရာတွေ ယူယူသုံးလေ့ရှိတယ်။ တစ်ခါတစ်ခါ ပေါ်ပြူလာက ဆရာလေး ကိုမျိုး(မြန်မာစာ) ကလည်း အားပေးတတ်တယ်။ ကျန်တာတွေက ဟိုကပြော သည်ကပြော လာပြောတော့မှ သိရပေမယ့်လည်း ကာယကံရှင်စာနယ်ဇင်းသမားက ကိုယ့်ကို လာပြောထားတာ မဟုတ်လေတော့ ခမျာများ အားနာနေမှာစိုးတာနဲ့ပဲ ကိုယ့်ဘာသာ မသိချင်ယောင်ဆောင်နေလိုက်တယ်။ ကြိုက်လို့သုံးတာ သုံးပါစေ။ ကိုယ့်ဘာသာ အသစ်ပြန်ရေး ရတာပဲဟာ။ ဘယ်စာပဲရေးရေး သိပ်သံယောဇဉ်ထားမနေဘူး။ ရေးပြီး တင်ပြီး ကွန်မန့်လေးဘာလေးစောင့်ဖတ်ပြီးရင် လွှတ်လိုက်ပြီ။ နောက်တစ်ပုဒ်ထပ်ရေးဖို့ စဉ်းစားရဦးမယ်။ ရေးထားတဲ့စာတစ်ပုဒ်နဲ့ ပတ်သက်ပြီး အကျိုးအမြတ်ကို စာဖတ်သူတွေဆီမှာပဲ မျှော်လင့်တယ်။ ကိုယ့်ဆီကို ပြန်လာစရာ မလိုဘူး။

             အဲဒီစိတ်ကြီးနဲ့ စာရေးနေတာဆိုတော့ ထုတ်ဝေသူများအပေါ်မှာ တစ်ကိုယ်ကောင်းဆန်ရာ ကျသလား မသိပါဘူး။ ဒါပေမယ့် သူတို့အသိဆုံးနေမှာပဲ။ ပိုက်ဆံနဲ့ပတ်သက်လို့ ချိုတယ်ခါးတယ် ဘယ်သူ့ကိုမှ ဘာတစ်ခွန်းမှ မပြောဖူးဘူး။ ဒါပေမယ့်လည်း ကိုယ့်စာအုပ်ကိုယ် အားပေးကြပါဦးဗျာ။ ၀ယ်လိုက်ကြပါ။ ယူလိုက်ကြပါ။ ဘယ်တုန်းကမှ ပါးစပ်ကပြောမထွက်ဘူး။ အဆိုတော်တွေလို “သားကိုချစ်ရင် ခိုးကူးအားမပေးနဲ့နော်။ အော် ၀ယ်ရင် အာဘွားပေးမယ်။” လို့ ပရိုမိုးရှင်းတွေ လောင်းချင်းတွေလည်း မလုပ်ချင်ပါဘူး။ ဒါနဲ့များ နံမည်က ကြီးချင်သေးတယ် လို့တော့ မထင်နဲ့ဗျ။ နံမည်ကြီးဖို့နေနေသာသာ ကိုယ်စာရေးမှန်း လူသိတာတောင် မကြိုက်ဘူး။ တစ်ကန့်စီပဲ နေချင်တယ်။ နို့မို့ အလုပ်လုပ်ရတာ မဖြောင့်ဘူး။ ၀င်းဦးရှစ်ကိုယ်ခွဲကားထဲက စာရေးဆရာလို “ဟိုဇာတ်လမ်းလေး ထည့်ရေးစမ်းပါ။ သည်ဇာတ်လမ်းလေး ဆင်ရေးစမ်းပါ။ ဆရာ” တွေ အဟုတ်ကိုတွေ့ဖူးသလို “ဟဲ့ ဟဲ့။ သူ့ရှေ့ စကားပြောတာဆိုတာ ဆင်ခြင်။ စာထဲထည့်ရေးခံနေရဦးမယ်။” ဆိုတာ အိမ်က မွေးသမိခင် ကိုယ်တိုင် အားပေးတဲ့စကား။ အလုပ်လုပ်နေတဲ့အချိန်မှာ အဲဒီစာရေးစာဖတ်တာနဲ့ ပတ်သက်တဲ့ကိစ္စ ဘာမှ ခေါင်းထဲ မရှိဘူး။ ထည့်လည်း မထားဘူး။ စာရေးတဲ့အချိန်ကျမှသာ အလုပ်ထဲက ကြုံခဲ့တာတွေ ပြန်စဉ်းစားချင် စဉ်းစားမယ်။ အစကတည်းက မသိလို့ပါ။ နို့မို့ဓါတ်ပုံအစစ်၊ နံမည်အစစ်ကြီးတွေနဲ့ မရေးခဲ့ပါဘူး။ ကလောင်နဲ့လူနဲ့ ရောရောကုန်ရင် လူက အူလည်လည်ကြီးနဲ့ နေလို့မကောင်းဘူး။ ဘယ်သူမှ မသိတာပဲ အေးတယ်။ အဲဒါကြောင့် တချို့ကပြောသား။ အပြင်မှာ သူမဟုတ်သလို နေတယ်တဲ့။ အင်း။ ဟုတ်တယ်။ စကီဇိုဖရီးနီးယားရောဂါသည်တွေလိုပဲ ကိုယ်ပွားတွေအများကြီး သပ်သပ်စီထားတာ။ အတူတူ မဟုတ်ဘူး။

           “ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်” တဲ့။ သည်အပြော သည်အရေးလေးတွေကြောင့် “ရယ်ရတယ်တော့။” “ဘောကျာရဲ့ ဘောကျာရဲ့။” တွေနဲ့ ချစ်တဲ့ခင်တဲ့သူတွေ ရှိသလို၊ “လူကိုကလိသလို ရိသလိုနဲ့ သေနာကျကလေး” လို့ မေတ္တာတွေ အကြီးကြီး ထားမယ့်သူတွေလည်း ဘယ်နည်းမလဲ။ အနာပေါ် တုတ်လာလာကျအောင်လုပ်တာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်ဆိုတော့ သူတို့လည်း “ငါ မင်းကို သတ်ချင်တယ်။” ဖြစ်ကုန်လောက်ပြီ။ မွေးနေ့မွေးရက်ကြီးမှာ မုသားတွေလည်း မဆိုချင်ပါဘူး။ ဘုရားကြီးကို စူးရစီရဲ့။ ပုဂ္ဂိုလ်ရေးတွေကို ထိခိုက်စေလိုတဲ့ စေတနာ ပါကိုမပါဘူး။ အဖြစ်အပျက်ကိုရေးရင်းနဲ့ ပုဂ္ဂိုလ်တွေ စွဲကုန်ကြတာပါ။ ရည်ရွယ်ပါဘူး။ အဟုတ် အဟုတ်။

           သူက နံမယ်ကြီးမှာပေါ့။ အစိုးရမကောင်းကြောင်းတွေ လေပုပ်ထုတ်ဆေးဖော်နေတာကိုး လို့လည်း အပြောမခံချင်ပါဘူး။ ဖြစ်နိုင်ရင်တော့ ကောင်းတာတွေချည့် ပြောချင်တာပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ပိုတောင်ရှင်းသေးတယ်။ ဘယ်တော့မှ အဲဒီထဲ ၀င်မပတ်သက်ဘူး။ ဝေးလေကောင်းလေ နေချင်တာ။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်နိုင်လို့ ဒုက္ခတွေကိုရောက်နေတာ။ သန်းခြောက်ဆယ်ကြီးကို အတင်းလိုက် မချစ်ပါရစေနဲ့တော့။ အဲဒီအထဲ ကိုယ်ရေးတာ နားလည်အောင်ဖတ်မယ့်သူဆိုလို့ ခြောက်ရာလောက်ရှိရင် ကံကောင်း။ ဒါပေမယ့်လည်း နိုင်ငံရေးနဲ့ ပတ်သက်ရင် ကိုယ့်ဘက်က မျှော်လင့်တာ အပြောင်းအလဲတစ်ခုခုတော့ ဖြစ်စေချင်မိတယ်။ အစိုးရအပြောင်းအလဲကို ပြောတာ မဟုတ်ဘူး။ လူတွေရဲ့ စိတ်နေသဘောထား အယူအဆတွေကို ပြောင်းစေချင်တာ။ ဘိုလိုပြောတော့ mindset တဲ့။ အဲဒါကြီးမပြောင်းသရွေ့ အစိုးရ ဘယ်နှစ်ဆက်ပြောင်းပြောင်း အရင်ပုံစံ ပြန်ပြန်ဖြစ်သွားမှာလေ။ အဲဒါကြောင့် ကိုယ်ကိုယ်တိုင်ကစပြီး ပြောင်းပြီးမြင်တယ်။ ပြောင်းပြီးတွေးတယ်။ ပြောင်းဖို့ ကြိုးစားတယ်။ ဟိုးရှေးရှေး စာစရေးကာစက အတွေးအမြင်နဲ့ အခုရေးနေတဲ့ အတွေးအမြင် အရေးအသားက ကွာတော့ကွာသွားပြီ။ စာရေးနေတာဟာ သူများတွေမှာ အကျိုးရှိတာ မရှိတာထက် ကိုယ့်ဆီမှာအရင် အကျိုးဖြစ်ထွန်းရတာ။ သင်တန်းတွေလိုက်တက်ရင်း အချိန်ကုန်သွားလို့ စာရွက်ကလေးတစ်ခုအဖတ်တင်တာမျိုး မဟုတ်ဘူး။ အသိဥာဏ်အလင်းကို ရလိုက်တယ် လို့ ခံစားရတယ်။

          ဒါနဲ့များ ကိုယ့်ကိုယ်ကိုယ် ဘာကောင်ကြီးမှန်းမသိဘူးလို့ ပြောတာဟာ ကျေနပ်ရောင့်ရဲမှု မရှိတဲ့သဘောကို ပြတာပဲ လို့ မထင်နဲ့နော်။ တကယ်ကို ဘာကောင်ကြီးမှန်းမသိ ဖြစ်နေတာ။ ဟိုမရောက်သည်မရောက်နဲ့ရယ်။ ဇော်ကန့်လန့် လို့ ပြောရင်ရတာပေါ့။ မိုးလည်းမပျံနိုင်သေးဘူး။ မြေလည်းမလျှိုးနိုင်သေးဘူး။ အလယ်ခေါင်မှာ ကန့်လန့်ကြီးခံနေတယ်။ ဆရာဝန်ဆိုလည်း ဆရာဝန်ပေါ့။ စာရေးဆရာဆိုလည်း စာရေးဆရာပေါ့။ နှစ်ခုစလုံး ဟုတ်ရင်လည်း ဟုတ်လိုက်ပေါ့။ ခုဟာက နှစ်ခုစလုံး မဟုတ်သေးတာ။ နှစ်နေရာစလုံး အပျော်တမ်းအဆင့်မှာပဲ ရှိတယ်။ ပရို မဖြစ်သေးဘူး။ ကိုယ့်ကိုယ်ကိုတော့ ကျေနပ်နေတာပါပဲ။ သွားလေရာလာလေရာ မအူပင်ငပိ လူမြင်သိလို့ မဟုတ်ဘူး။ ဖိုရမ်အခန်းထဲက ကိုယ့်နာမည်ရေးထားတဲ့ စားပွဲနောက်မှာ မိုက်တံကလေးငုတ်တုတ်နဲ့ လာထိုင်ဖို့ အဖိတ်ခံရလို့ မဟုတ်ဘူး။ အဲဒါတွေအားလုံး အာပလာတွေ။ အရေးမပါတာတွေ။ သည်ဘ၀မှာ ကိုယ့်ကို ပညာတတ် ဆရာဝန်တစ်ယောက် အဖြစ်နဲ့ နေရာပေးဆက်ဆံမှုကို အတိုင်းမသိ ဂုဏ်ယူကျေနပ်မိတာ တစ်နေရာပဲ ရှိတယ်။ အဲဒါကတော့ ကိုယ့်သမီးက အသိအမှတ်ပြုတာလေ။ သူနေမကောင်းတဲ့အခါ သူ့အဖေဆီမှာ မမေးပဲနဲ့ ဘာဆေးကိုမှ မသောက်ဘူး။ အိမ်စာတွေ သူမလုပ်တတ်လို့ မေးစရာရှိရင် သူ့အဖေကလွဲလို့ ဘယ်သူ့ကိုမှ အကူအညီမတောင်းဘူး။ သူ့အဖေမလာမချင်း ထိုင်စောင့်တယ်။ သမီးဘ၀မှာ သူ့အဖေဟာ အဲဒီနှစ်နေရာမှာတော့ ဘယ်သူနဲ့မှ အစားထိုးလို့မရဘူးဆိုတာ ဂုဏ်ယူရတာပ။

         သည်လိုဆိုတော့ သမီးလေးရဲ့ သိစိတ် မသိစိတ်ထဲမှာ စွဲထင်နေတဲ့ သူ့အဖေရဲ့ ပုံရိပ်ဟာ ပညာတတ်၊ ဆရာဝန်တစ်ယောက် လို့တော့ ဖြစ်လိမ့်မယ် ထင်တာပဲ။ ဒါပေမယ့် သူ့အဖေရေးတဲ့စာတွေကို အရသာခံဖတ်တတ်ဖို့တော့ ငယ်နေသေးတယ်။ နားမလည်ဘူးလို့ ပြောတယ်။ အခုမှ ကာတွန်းဖတ်တုန်းကိုး။ တစ်နေ့သောအခါမှာတော့ သည်စာတွေ သူဖတ်နိုင်လာတဲ့အခါ သူ့အဖေဟာ ဘယ်လိုလူစားမျိုးလဲ ပိုပြီး ပြတ်ပြတ်သားသား ပုံဖော်နိုင်လိမ့်မယ် မျှော်လင့်ရတာပေါ့။ အဲဒါကြောင့် ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်အတ္တကို ကိုယ်တည်ဆောက်ထားတာဆိုတဲ့ Virtual Image ပုံရိပ်ယောင်ပေမယ့် နောင် ကာလရှည်ကြာလို့ သမီးလေးအနားမှာ ကိုယ်မရှိတော့တဲ့အခါ စူပါမင်းကားထဲက သူ့မိဘများ ရေခဲနန်းတော်ထဲမှာ ရုပ်သွင်ချန်ထားပြီး သွန်သင်လမ်းပြသလို ဖခင်ပုံရိပ်ကလေးကျန်ရစ်ပြီး ဆုံးမပဲ့ပြင်ပေးချင်တယ် လို့ ရည်ရွယ်တာပါပဲ။ ဒါကြောင့် မကောင်းတာတွေလည်း မရေးဘူး။ မဟုတ်တာတွေလည်း မရေးဘူး။ စေတနာသန့်သန့်နဲ့ ယုံကြည်ရာကိုပဲ ရေးတာပေါ့။

          ခုဆိုရင် ၄၆ နှစ်ပြည့်တဲ့မွေးနေ့ရောက်လာပြီ။ စာရေးသက်ကလေးလည်း သုံးနှစ်စွန်းလာပြီ။ ဆရာဝန်လုပ်သက်က ၁၇ နှစ်ကျော်ပြီ။ ဘာတွေဖြစ်ခဲ့ပတုန်းဆိုရင် ဘာမှလည်း မဖြစ်သေးပါဘူး။ ၀ါဆိုသင်္ကန်းကပ်တုန်းက မတွေ့တာကြာလှပြီဖြစ်တဲ့ ဘုန်းဘုန်းတွေနဲ့ ပြန်တွေ့တယ်။ “ဖိုးချို။ ဆရာဝန်ဖြစ်တာ တော်တော်ကြာပြီ။ နယ်တွေလည်း နှံ့ခဲ့ပြီ။ တော်တော် စုမိဆောင်းမိရှိပလား။ သန်လျင်မှာ ဒလမှာ မြေကွက်တွေ ဈေးကကောင်းသနဲ့။ ဘယ်နှစ်ကွက်ပိုင်ပြီတုန်း။” လို့ အမေးခံရတယ်။ ဘုန်းဘုန်းက နောက်ပြီးမေးတာပေမယ့်  á€žá€°á€ąá€™á€¸á€á€Ź သဘာဝကျတယ်။ ကိုယ့်သူငယ်ချင်းအင်ဂျင်နီယာတွေ ကိုယ့်နောက်မှ အစိုးရအလုပ်ဝင်တာ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ စုမိကုန်ပြီ။ ဒါတောင်သူတို့ဌာနက ထောလျှံပေါလန် မဟုတ်ဘူး။ ကိုယ့်မှာဖြင့် ဘာတွေများ စုမိပါလိမ့်လို့ စဉ်းစားပြီးမှ ကမန်းကတန်း ထုတ်ကြွားရတယ်။ “တပည့်တော်မှာလည်း မြေတွေယာတွေ၊ အိမ်ကြီးအိမ်ကောင်းတွေ စုမိနေပါပြီဘုရား။ ဒလမှာ၊ တညင်မှာတော့ မဟုတ်ဘူးပေါ့။ တာဝတိန်သာ၊ တုဿီတာလောက်မှာ နေပါလိမ့်မယ်။” လို့ ခေါင်းကလေးမော့ပြီး အတည်ပေါက်ကြီးကို ဖြေပလိုက်တယ်။ ဒါကတော့ အဖေမရှိတော့တာ ကြာပြီးနောက် သမီးလေး လိုက်လာခဲ့ချင်ရင် သူ့အဖေဘယ်မှာရှိမယ်လို့ လိပ်စာပေးတာပါလေ။ သမီးကလေးဟာ သူ့အဖေထက် ပိုပြီးရင့်ကျက်လာတဲ့တစ်နေ့မှာတော့ သူ့အဖေ ဇော်ကန့်လန့်ဘ၀နဲ့ သောင်မတင်ရေမကျ တစ်လစ်ကြီးဖြစ်နေတာဟာ အရူးမဟုတ်၊ အကောင်းမဟုတ်၊ ဆယ်ပြားလိုနေလို့ကိုး လို့ သဘောပေါက်သွားလိမ့်မယ် ထင်ပါရဲ့။
↧

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...


ဂျူနီယာဝင်း -ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ်...


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဝေရှောက်ကမ်း ဘယ်ရောက်သွားပြီလဲ


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက်ပျိုးနည်း


၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>