Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဆန္ဒ နှင့် အမျှော်အမြင်

$
0
0


August 11, 2013 at 12:48am
ဆန္ဒ နှင့် အမျှော်အမြင်

ဗစ်ရှင် နဲ့ မစ်ရှင်
          ယနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လွန်ခဲ့သော၊ ၂၅နှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် မတူတော့ပါ။ ထိုစဉ်ကတော့၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှလွဲ၍၊ မည်သည့်နိုင်ငံရေးပါတီမှမရှိ။ ဆိုရှယ်လစ်လွှတ်တော်မှလွဲ၍၊ ဒီမိုကရက်တစ်ပါတီမန်လည်းမရှိ။ အရပ်ဘက်အဖွဲ့အစည်းဆို၍လည်း ဘာဆိုဘာမှမရှိ။ ဤမျှကျဉ်းကြပ်သော အနေအထားတွင် ‘တက်ကြွလှုပ်ရှားသူများ’ (activists) ၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်သာ၊ အမှောင်ကန့်လန့်ကာကြီးကို ဆွဲကိုင်လှုပ်ယမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ‘လှုံ့ဆော်နိုင်ငံရေး’ (agitate politics) ဖြင့် ဇတ်ပန္နက် တည်ခဲ့ရခြင်းဖြစ်ပါသည်။

          ယနေ့ဖြစ်ထွန်းတိုးတက်မှုများမှာ၊ အဆိုပါတက်ကြွလှုပ်ရှားသူများ၏ ကျေးဇူး တစ်နည်း ဆိုခဲ့ပါ လှုံ့ဆော်နိုင်ငံရေး၏ အကျိုးဆက်ဟုဆိုနိုင်ပါလိမ့်မည်။ သို့နှင့်တိုင်၊ လှုံ့ဆော်နိုင်ငံရေးသက်သက်ဖြင့်၊ ရှစ်လေးလုံး၏ အန္တိမရည်မှန်းချက် (ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံထူထောင်ရေး) ကို၊ ဦးတည်သွားနိုင်မည်ကားမဟုတ်ပါ။ ‘မိမိဘာလိုချင်သည်၊ မိမိလိုလားသောရည်မှန်းချက်အတွက် ဘယ်လိုပေါ်လစီအဆင့်ဆင့်ခင်းရမည်’ စသည်၊ စသည်တို့ကို ဘက်စုံထောင့်စုံ တွက်ဆပုံဖော်ကြရမည့် ‘ရည်မှန်းချက်ရှိရှိနိုင်ငံရေး’ (deliberate politics) ဖြင့် သွားမှဖြစ်ပါလိမ့်မည်။ နိုင်ငံရေးဆိုသည်မှာ၊ နုရာမှ ရင့်ရာသို့ ဦးတည်ကြရမည်မဟုတ်ပါလော…. ။
          ဆိုခဲ့ပြီးသော ‘ရည်မှန်းချက်ရှိရှိနိုင်ငံရေး’ တွင် မဟာဗျူဟာကျကျ၊ စဉ်းစားတတ်ဖို့က ‘အခရာ’ ကျသည်။ မဟာဗျူဟာသဘောတွင် Vision ရှိသည်။ ‘အနာဂတ်စိတ်ကူးရည်မှန်းချက်’ ဟုဆိုနိုင်ပါလိမ့်မည်။ သို့တစေ- vision ဖြင့် အစပြုလို့မဖြစ်။ အရပ်ရပ်အခြေအနေကို နက်နက်ရှိုင်းရှိုင်းခြုံငုံသုံးသပ်ပြီးသကာလ၊ လက်တွေ့အလုပ်ဖြစ်နိုင်မည့် Mission ဖြင့် ပေါ်လစီခင်းတတ်ဖို့ အရေးကြီးသည်။ Mission (တစ်နည်း- အလုပ်ရည်မှန်းချက်) အဆင့်အဆင့်ဖြင့် vision သို့ ဦးတည်ကြရမည်ဖြစ်ပါသည်။

အကဲဆတ်ပွိုင့်
          လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ၊ အရေးကြီးသည်နှင့်အမျှ၊ ခက်ခဲသိမ်မွေ့လှသော လုပ်ငန်းစဉ်ကြီးသုံးရပ်ကို၊ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေကြရသော ‘သုံးပွင့်ဆိုင် အပြောင်းအလဲ’ ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တို့ဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ်ခွဲတာကာလအတွင်း၊ မြန်မာနိုင်ငံ၏ ပကတိအရှိကို၊ စာရေးသူဥာဏ်မီသမျှ၊ တို့ထိကြည့်ပါမည်။
          ၁။ ဆိုခဲ့ပါ၊ သုံးပွင့်ဆိုင်အပြောင်းအလဲအနက်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ၊ သိသိသာသာချွန်ထွက်လျက်ရှိသည်။ အထူးသဖြင့်အစိုးရသစ်၏ ‘ဖြေလျှော့ရေး’ (liberalization) လုပ်ငန်းစဉ်များမှာ၊ ပြည်တွင်းပြည်ပစောင့်ကြည့်အကဲခတ်သူများပင် ‘မင်တက်’ မိလောက်အောင် မြန်ဆန်လှသည်။
          ၂။ သို့တစေ၊ ‘ဖြေလျှော့ရေး’ နှင့် ဟန်ချက်ညီညီဖွံ့ဖြိုးအားကောင်းဖို့လိုသည့် ‘ကျင့်ထုံးမှုဘောင်များ’ (institutions) မှာ၊ အားနည်းချည့်နဲ့ဆဲရှိသည်။
          ၃။ ဤအခြေအနေတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ၊ လူအများစုကြီးအတွက်၊ ထင်သာမြင်သာရှိသော အကျိုးရလဒ်များ ဆောင်ကြဉ်းမပေးနိုင်ဖြစ်နေသည်။
          ၄။ တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ပြောရလျင် မဏ္ဍိုင်သုံးရပ်လုံးမှာ၊ စနစ်သစ်နှင့်အံဝင်ခွင်ကျဖြစ်ရန်၊ မနည်းကြိုးစားရုန်းကန်နေကြရသည့် အနေအထားတွင်ရှိနေဆဲဖြစ်သည်။
          ၅။ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများမှာလည်း၊ စနစ်သစ်ကို ကူညီဝိုင်းဝန်းကြသည်ထက်၊ (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) အားယူခါစ၊ ရှေ့မဏ္ဍိုင်သုံးရပ်ကို ကိုင်နှဲ့သလိုဖြစ်နေသည်များရှိသလောက်ရှိသည်။
          ၆။ ပဉ္စမမဏ္ဍိုင် - ပြည်သူလူထု အနေနှင့် အနှစ်နှစ်အလလကျိတ်မှိတ်မြိုသိပ်ထားခဲ့ရသော၊ မျှော်လင့်ချက်များ လျှံကျ၊ အံကျလာသည်မှာ၊ သဘာဝကျသော အချင်းအရာဖြစ်ပါသည်။ သို့တိုင်အောင်၊ အဆိုပါ ‘မျှော်လင့်ချက်များကို စီမံခန့်ခွဲနိုင်မှု’ (management of expectation) မှာ၊ မရှိသလောက်ပင် လစ်ဟာနေသည်။ ဤအတွက် လူထုတွင် တာဝန်ရှိသည်တော့မဟုတ်။ လူထုပညာရေးမှူးဟု ဆိုအပ်သော စာရေးဆရာများ၊ လူထုကိုယ်စားပြု နိုင်ငံရေးပါတီများ အလေးထားစဉ်းစားကြဖို့ လိုပါလိမ့်မည်။
          ၇။ လက်ရှိစတင်နေပြီဖြစ်သော၊ လစ်ဘရယ် နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုမှ ခံတွင်း မတွေ့နိုင်ဘဲ၊ မိမိတို့အားသန်ရာ၊ ရယ်ဒီကယ်လမ်းကြောင်းကို ပြန်ဖော်ဖို့ကြိုးစားနေသူများ ရှိသလောက် ရှိနေသေးသည်ကို၊ မမေ့မလျှော့ သတိပြုကြဖို့လိုပါလိမ့်မည်။ အစဉ်အလာမြန်မာ့နိုင်ငံရေးဓလေ့မှာ ရယ်ဒီကယ်အစွဲသန်သည်ကို၊ သတိချပ်ရာသည်။
          အချုပ်ဆိုရလျင်၊ ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးမှာ အလွန်အကဲဆတ်သော ‘ပွိုင့်’ တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုချင်ပါသည်။

လမ်းကြောင်းနှစ်ခု
ဤပွိုင့်အရောက်မှာပင်၊ ဆိုခဲ့ပြီးသော သုံးပွင့်ဆိုင်အပြောင်းအလဲထဲမှ၊ တတိယလုပ်ငန်းစဉ် - ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ၊ အရေးကြီးသော အဆင့်တစ်ခုသို့ရောက်ရှိလာသည်။ မကြာမတင် အချိန်အတွင်း၊ တစ်ပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကာ၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်ဟုသိရသည်။ ချိန်ခါသင့်ဆိုသလိုပင် ပြည်ထောင်စုလွှတ်တော်ကလည်း၊ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းကာ၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ဆန်းစစ်ကြဖို့၊ ပြင်ဆင်နေပြီဖြစ်ပါသည်။
          ဤနောက်ခံအခင်းအကျင်းမှာပင်၊ တိုင်းရင်းသားလူမျိုးစုပါတီများမှလည်း မိမိတို့၏ အနှစ်နှစ်အလလက မျှော်မှန်းချက်များကို၊ ပြောဆိုကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြသည်များ ခပ်စိပ်စိပ်လုပ်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ၊ ထိုင်းနိုင်ငံတွင် သုံးရက်ကြာ ကျင်းပခဲ့သော ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ’ (UNFC) ညီလာခံကမူ အခြေခံဥပဒေသစ်ပြန်လည်ရေးဆွဲမည်ဟု ကြေငြာထားသည်။ မနေ့က (၈ - သြဂုတ် ၂၀၁၃) ပင် ပြီးဆုံးသွားသော၊ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခန်းအနားတွင်လည်း ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး’ ဆိုသောအဆိုကို အတည်ပြုလိုက်သည်ဟု ကြားရသည်။ သက်ဆိုင်ရာ အင်အားစုအသီးသီး၏ vision များဟုနားလည်ရပါသည်။
          ဤတွင် မတူခြားနားသော လမ်းကြောင်းနှစ်ရပ်ကို သတိပြုလိုက်မိသည်။ အလုပ်ရည်မှန်းချက်သဘော၊ မစ်ရှင်သဘောဖြစ်ပါလိမ့်မည်။ ပထမလမ်းကြောင်းမှာ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ‘ပေးထားချက်’ (given) အဖြစ်ယူပြီး၊ မိမိတို့လိုလားချက်များကို၊ အကြေအလည်ညှိနှိုင်းဆွေးနွေးအဖြေရှာကြမည့် လမ်းစဉ်ဖြစ်သည်။ ဆိုခဲ့ပါရှစ်လေးလုံးငွေရတုအခန်းအနားတွင်၊ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းပြောကြားခဲ့သော၊ အကြမ်းမဖက်နည်းလမ်း၊ ပြန်လည်ကုစားရမည့်စိတ်ဒဏ်ရာ နည်းပါးမည့် လမ်းကြောင်းဟု သဘောရပါသည်။ ဒုတိယလမ်းကြောင်းကား ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း၍ အခြေခံဥပဒေသစ်ရေးဆွဲအတည်ပြုလိုသည့် လမ်းစဉ်ဖြစ်သည်။ လက်ရှိအရပ်ရပ်အခြေအနေအရ၊ ဘေးထွက်ဆိုးကျိုးများနိုင်သလို၊ အဆင်မသင့်လျှင်ရယ်ဒီကယ်ထောင်ချောက်ထဲသို့ လိမ့်ကျသွားနိုင်သည့် အန္တရာယ်ရှိသည်ဟု မြင်သည်။

သမိုင်းသင်ခန်းစာ
သမိုင်းသည် တစ်ကျော့လည်တတ်သည်လား၊ စာရေးသူမသိပါ။ မြန်မာ့နိုင်ငံရေးတွင် တွေ့ရလေ့ရှိသည့်အမှားတော်တော်များများကား၊ မှားပြီးသား အမှားတွေ၊ ထပ်ကျော့သံသရာလည်နေသလား သံသယဖြစ်မိသည်။ ယခုလည်း စာရေးသူတို့သက်တမ်းအတွင်း ကြုံခဲ့ရသော သမိုင်းဖြစ်ရပ်တစ်ခုကို၊ ပြန်လည်ဆင်ခြင်ကြဖို့ ဖော်ပြလိုသည်။
          ၁၉၆၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ပါလီမန်အစည်းအဝေးတွင်ဖြစ်သည်။ ထိုစဉ်က အာဏာရပါတီ (ပထစ) မှ၊ တရားရေးဝန်ကြီး၊ ဒေါက်တာအေးမောင်က၊ အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့ရာ၊ ပါလီမန်က လက်ခံအတည်ပြုခဲ့သည်။ ဤတွင်၊ နိုင်ငံရေးအင်အားစုတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “၁၉၄၇ ၊ အခြေခံဥပဒေဟာ အိမ်အိုကြီးနှင့်တူကြောင်း၊ တစ်ခုချင်းကွက်၍ပြင်လို့မလွယ်ကြောင်း၊ ဥပဒေတစ်ခုလုံး အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း” အဆိုပြုခဲ့သည်။ ဤသည်ပင်၊ နောင်တွင်ကျော်ကြားလာမည့် ဖက်ဒရယ်မူ၏ မူလအစဟုဆိုနိုင်စရာရှိပါသည်။ ဤနေရာတွင်၊ စာရေးသူအနေနှင့် ဖက်ဒရယ်မူခေါ်ရှမ်းမူကို အမှားအမှန်ဝေဖန်ဆန်းစစ်ဖို့ သဘောထားမရှိပါ။ ထိုစဉ်က ရွေးချယ်ခဲ့ကြသော လမ်းကြောင်း၏ လက်တွေ့အကျိုးဆက်ကို ပြန်လည်အမှတ်ရစေလိုသည့် ဆန္ဒသာရှိပါသည်။ ဆိုခဲ့ပါအဆိုပြုချက်နောက်ပိုင်း၊ တစ်နှစ်သာသာအကြာတွင် နုနယ်သော မြန်မာ့ဒီမိုကရေစီ ပုဒ်မချသွားခဲ့ရသည်ကိုသတိပြုဆင်ခြင်ကြဖို့ ဖြစ်သည်။
          စာရေးသူတို့သက်တမ်းအတွင်း၊ တစ်ခါဖူးမှ၊ အိပ်မက်ပင် မမက်ခဲ့ဖူးသော၊ လက်ရှိမြန်မာ့ဒီမိုကရေစီအပြောင်းအလဲဖြစ်စဉ်ကြီးကို၊ ကတိမ်းကပါး မဖြစ်ရအောင်၊ ကြီးစွာသော အမျှော်အမြင် မပြတ်သောသတိဖြင့်၊ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေသတည်း။

ကျော်ဝင်း
၉၊ သြဂုတ်၊ ၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>