
နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုရေးသားတဲ့ ‘တာတေစနေသား’ စာအုပ်ကို ကျနော်ဖတ်ရပါတယ်။ ပြည်ပမှာ ထုတ်တဲ့ မူပါ။ မဂ္ဂဇင်း အလတ်စားဆိုက်လောက်ရှိပြီး ၁ လက်မခွဲနီးပါး ထူပါတယ်။
စာရေးကောင်းသူ ဦးနုက သူ့ရဲ့ ငယ်ဘဝဖြစ်စဉ်ကနေ အစချီပြီး နိုင်ငံရေးဖြတ်သန်းမှုနဲ့ ပေါင်းစပ်ယှက်နွယ် ဖော်ပြရေးသားထားတာ အင်မတန် ဖတ်လို့ကောင်းပါတယ်။ သူ့ဘဝမှာ လုပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ရေးလုပ်ရပ် အတော် များများကို ပွင့်ပွင့်လင်းလင်း ဖွင့်ချဝန်ခံထားတာကိုလည်း ကြက်သီးဖြန်းဖြန်းထရလောက်အောင် ဖတ်ရှုသိခွင့် ရလိုက် ပါတယ်။ တော်ရုံလူ ဝန်မခံရဲလောက်တဲ့ လူတွေနှာခေါင်းရှုံ့လောက်တဲ့ အမူအကျင့်တချို့ သူ့မှာရှိခဲ့ ကြောင်း သူပြုမူမိခဲ့ကြောင်း ရေးသားထားတာ တွေ့လိုက်ရလို့ပါ။ အာဂ ပုဂ္ဂိုလ်ကြီးပါပေပဲ လို့ သြချလေးစား မိပါတယ်။

ဒီလိုနဲ့ .. စာအုပ်အဆုံးထိ စိတ်ဝင်တစား ဖတ်ရှုပြီးတဲ့နောက် ကျနော့ခေါင်းထဲမှာ မချင့်မရဲ ခံစားမှုတခုပေါ်လာ တယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီလောက်ထင်ရှားတဲ့ ဧရာမအခန်းကဏ္ဍကြီးမားခဲ့တဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်ကြီး တဦးရေးသားသွားတဲ့ သမိုင်းဇာတ်လမ်းရှည်ကြီးထဲမှာ သူနဲ့ခေတ်ပြိုင် လုပ်ဖော်ကိုင်ဘက် ရဲဘော်ကြီးတဦး အကြောင်း စိုးစဉ်းမျှ ဖော်ပြထားတာ မတွေ့လိုက်ရလို့ပါ။
မြန်မာနိုင်ငံရဲ့ ကိုလိုနီလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းမှာ ၁၉၃၀ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုမှာဖြစ်ဖြစ်၊ တို့ဗမာအစည်းအရုံးပဲဖြစ်ဖြစ်၊ ၁၃၀၀ပြည့်အရေးတော်ပုံဖြစ်ဖြစ်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးပဲဖြစ်ဖြစ် သမိုင်း ဇာတ်ကွက်တိုင်းမှာ သူမပါလျှင်မပြီးဆိုသလို အရေးပါအရာရောက်ခဲ့တဲ့ ‘သခင်ဗဟိန်း’ ဆိုသော ခေါင်းဆောင် တဦးရဲ့ အခန်းကဏ္ဍကို ရေးသားဖော်ပြဖို့ ဦးနုဘာကြောင့် ပျက်ကွက်ခဲ့ရတာလည်း စဉ်းစားမရနိုင် ဖြစ်ခဲ့ရ ပါတယ်။ ကျနော် သိထားသလောက် သမိုင်းအချက်အလက်အရတော့ သူတို့နှစ်ဦးဟာ အင်မတန်မှကို ရင်းနှီး ကျွမ်းဝင်ရှိကြမယ့် ရဲဘော်ရဲဘက်တွေဖြစ်ခဲ့မယ်လို့ ထင်ပါတယ်။
တာတေစနေသား စာအုပ်ဟာ သမိုင်းကျမ်းတစောင်မဟုတ်တာကို ကျနော် လက်ခံသဘောပေါက်ပါတယ်။ သို့သော် သမိုင်း နောက်ခံဝတ္တုတပုဒ်ထက် ပိုသော ကိုယ်ရေး အတ္ထုပ္ပတ္တိ အဖြစ်နားလည်ပါတယ်။ အဲဒီလို သမိုင်းစဉ်လာ ကြီးကျယ်ခန်းနားသော ပုဂ္ဂိုလ်ကြီးတွေ ရေးသားတဲ့ မှတ်တမ်းမှတ်ရာတွေထဲက ကျနော်တို့ နှောင်းလူတွေအတွက် မှတ်သားလေ့လာစရာ သမိုင်းအချက်အလက်တွေ များစွာရယူနိုင်ပါတယ်။ ခေတ်တခု အပေါ်မှာ အမြင်ရှုထောင့်ချင်း မတူညီစွာ ရေးသားဖော်ပြချက်တွေကို စုစည်းတိုက်ဆိုင်ကြည့်ပြီး ဘယ်ဟာ သမိုင်းဖြစ်စဉ် အမှန်ဖြစ်နိုင်မလဲ ဆိုတာကို ကောက်ချက်ဆွဲယူရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။

အခုတော့ သမိုင်း ပုဂ္ဂိုလ်ကျော်ကြီးတဦးရေးသားပြုစုတဲ့ သမိုင်းအခြေပြု စာအုပ်ထဲမှာ ‘မြင်းခွာသံတချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်’ ဆိုတဲ့ ကြွေးကြော်သံစကားကို ကျောင်းသုံးဖတ်စာအုပ်ထဲအထိ အရောက်ပို့နိုင်ခဲ့တဲ့ သမိုင်း အထင်ကရ ခေါင်းဆောင်တဦးရဲ့ ပုံရိပ် တစွန်းတစမှ ခြေရာခံခွင့်မရလိုက်တာ အံ့သြစရာ ကောင်းနေလို့ပါ။ ဦးနုရေးသားတင်ပြခဲ့သော သမိုင်းရဲ့ဟာကွက်တခုအဖြစ် ခံစားမိပါတယ်။
…………………………………………………………………………..
ဖေ့စ်ဘွတ် လူမှုကွန်ရက်က လူတွေရဲ့ ပြောရေးဆိုခွင့်ကို ဘောင်ချဲ့ပေးလိုက်တယ်။ ဖေ့စ်ဘွတ်ပေါ်မှာ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်း ရေးသားဖော်ပြချက် အမြောက်အများပေါ်ထွက်လာပါတယ်။ လွတ်လပ်မှုနဲ့အတူ ရောထွေးပါလာတဲ့ လက်လွတ်စပယ်ရေးသားပြီး ကိုယ်ရေးတာကိုယ် တာဝန်မခံနိုင်မှု၊ တဖက်သတ်ထိုးနှက်ဝေဖန်တိုက်ခိုက်မှု၊ လိုရာဆွဲဝါဒဖြန့်မှု စတဲ့ အမှောင်ဘက်အခြမ်းရှိသလို လူအများစု သိမထားတဲ့ သမိုင်းမြှုပ်ကွက် ဖြစ်ရပ်မှန်တွေ၊ သမိုင်းကွက်လပ်တွေ၊ လက်ရှိအခြေအနေရဲ့ အားနည်းချက်၊ မှားယွင်းဖောက်ပြန်မှုတွေကို တာဝန်သိသိရေးသားဖော်ထုတ်လာမျိုး အလင်းဘက်ခြမ်းကိုလည်း ဖတ်ရှုခွင့် ရတဲ့အတွက် မျှတတယ်လို့ သဘောထားမိပါတယ်။ ဒီနေရာမှာတော့ သမိုင်းနဲ့ဆိုင်တဲ့ လစ်လျူရှုခံ မြင်ကွင်း တချို့ကို အလေးပေးတင်ပြချင်တာပါ။
လွန်ခဲ့တဲ့ ၂ လကျော်လောက်က ကိုZay Yar Kyaw (Notes) မှာ ‘အမြန်ကယ်တင်သင့်တဲ့ သမိုင်းဝင် နေရာတစ်ခု’ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒီဆောင်းပါးထဲမှာ ကိုဇေယျာကျော် က…

လွန်ခဲ့တဲ့ ( ၁၀ ) နှစ်ကျော်လောက်က အမှတ် ( ၇၄ ) ရေကျော်လမ်း မှာနေခဲ့ဖူးပါတယ်..။ နောက်မှ စာအုပ်တွေထဲ ဖတ်မိတာ တို.ဗမာအစည်းအရုံးဖွင့်ခဲ့တာဟာ အမှတ် ( ၇၆ ) ရေကျော်လမ်း ဆိုတော့ ကျွန်တော် နေခဲ့တဲ့ နေရာ နဲ. ကပ်လျှက်ဆိုတာ သတိထားမိသွားတာပါ…။ကျွန်တော် နေခဲ့တဲ့ အမှတ်( ၇၄ ) ရေကျော်လမ်း နေရာကတော့ ကန်ထရိုက်တိုက် ဖြစ်တာကြာနေပါပြီ..။တစ်ခု ကံကောင်းတာက တို.ဗမာ အစည်းအရုံးဖွင့်ခဲ့တဲ့ အမှတ် ( ၇၆ )၊ရေကျော်လမ်းမ နေရာက ရှေးဟောင်း ပျဉ်ထောင် နှစ်ထပ် အိမ်ပုံစံ နဲ.ပဲ ရှိနေပါသေး တယ်…. မြန်မာပြည်ဖွား တရုတ်မိသားစုတစ်စုက လက်ရှိုပိုင်ပါတယ်.. လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော် အဲဒီဘက် ရောက်လို. အမှတ်တရ ကြည့်လိုက်တော့ နဂို အဆောက်အဦ အတိုင်းရှိနေပါသေးတယ်….
လို့ … အစပြုရေးသားပြီး မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲမှာ အလွန်အရေးပါ အရာရောက်ခဲ့တဲ့ အဖွဲ့အစည်းကြီး လည်း ဖြစ်၊ ကျွန်တော်တို.လူမျိုး ကို သခင်စိတ်ဓါတ်တွေ ပြန်လည်မွေးမြူနိုင်ဖို. စတင်လှုံ.ဆော် ခဲ့တဲ့ အထင်ကရ အဖွဲ.အစည်းကြီးလည်းဖြစ်တဲ့ တို့ဗမာအစည်းအရုံးကြီး အခြေပြုလှုပ်ရှားခဲ့ရာ ဘူမိနက်သန် အဆောက်အဦးကို နိုင်ငံတော်အနေနဲ့ သမိုင်းဝင်နေရာတခုအဖြစ် မူလအတိုင်း ထိန်းသိမ်း စောင့်ရှောက်ပေးဖို့ ဆော်သြတိုက်တွန်း ရေးသားထားတာပါ။ အင်မတန်လေးစားစရာကောင်းတဲ့ ထောက်ပြချက်ဖြစ်ပြီး နိုင်ငံတော်အနေနဲ့လည်း အလေးထား ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ အဲဒီအဆောက်အဦးမှာ လက်ရှိနေထိုင်တဲ့ ပိုင်ရှင်မိသားစု နဲ့ ကျေကျေလည်လည် ညှိနှိုင်းလုပ်ဆောင်မယ်ဆိုရင် ဖြစ်နိုင်တဲ့ ကိစ္စ ပါ။
ပျောက်ကွယ်တိမ်မြုပ်လုနီးပါး လျစ်လျူရှုခံထားရတဲ့ သမိုင်းဝင်အရာ အားလုံးကို သက်ဆိုင်သူများနဲ့ နိုင်ငံတော် အစိုးရ ပူးပေါင်းတာဝန်ယူ ထိမ်းသိမ်းကြစေချင်ပါတယ်။ မြန်မာပြည်မှာ ထိန်းသိမ်းစောင့်ရှောက်စရာ သမိုင်း အမွေအနှစ်တွေ အများအပြားရှိနေဆဲပါ။ ဒါဟာ အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေးကိုသာမက နိုင်ငံတော်ရဲ့ ဂုဏ်ကျက်သရေ တိုးပွားမှု၊ နိုင်ငံသားတို့ရဲ့ မျိုးချစ်စိတ်ဓာတ်မြင့်မားရေးကိုလည်း များစွာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
နောက်တခါ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ကို Kyaw Swar Myint's photo. မှာ ‘တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတို့အတွက် နေရာ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ်ကို ထပ်မံဖတ်ခွင့် ရလိုက်ပါတယ်။ စာထဲမှာ သူရေးထားတဲ့ ယနေ့မြန်မာ့တပ်မတော်ကို စတင် သန္ဓေတည်ထူထောင်ခဲ့သူတွေ ဖြစ်ပြီး ကျဆုံးသွားရှာပြီဖြစ်သော ရဲဘော်သုံးကျိပ်ဝင်တချို့ရဲ့ (တချို့လို့ သုံးလိုက်ရတာက ကျဆုံး ရဲဘော်သုံးကျိပ်ဝင် အားလုံးရဲ့ အုတ်ဂူတွေ အဲဒီနေရာမှာ တစုတစည်းတည်း မရှိနိုင်လို့ပါ) အုတ်ဂူတွေကို ထိန်ပင်သုသာန်မှာ ခက်ခက်ခဲခဲ ရှာပြီးမှ တွေ့ခဲ့ရပုံလေးက ဖတ်ရတာ မချိတင်ကဲဝမ်းနည်းကြေကွဲစရာ…
…ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာ ရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာ လောက်သွားရင် အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေး ရှိတယ်။ မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာလူသွား လမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။ ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊ ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေ အုတ်ဂူလေးတွေ စတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။
ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။ အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊ နောက် ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီး မုဆိုးဝတ္ထု စာရေးဆရာပေါ့) နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် ) ဆိုတာ ဖတ်လို့ ရတယ်။…

သူရေးတဲ့စာကို ပြီးဆုံးအောင်ဖတ်ပြီးချိန်မှာ ကျနော့်ခေါင်းထဲ မဆုံးနိုင်တဲ့ အတွေးတွေ ဝင်ရောက်လာတယ်။ မြန်မာ့သမိုင်းရဲ့ လှိုင်းတံပိုးတွေကြားမှာ ‘ရည်မှန်းချက်တူရင်လက်တွဲ မတူတဲ့အခါခွဲခွာတတ်တဲ့’ နိုင်ငံရေး ယဉ်ကျေးမှုအရ လွတ်လပ်ရေးကြိုးပမ်းမှုကာလက အသက်ပေးလက်တွဲ အတူတကွတိုက်ပွဲဝင်ခဲ့ကြသူတွေ အချင်းချင်းကြား လွတ်လပ်ရေးရပြီးချိန်မှာ မျက်နှာချင်းမဆိုင်ချင် အသံမကြားချင်လောက်အောင် တူးတူးခါးခါး ဖြစ်ခဲ့ရတဲ့ သမိုင်းကြောင်းဖြစ်ရပ်တွေ။
တဆက်တည်းမှာ သူက ရဲဘော်သုံးကျိပ်သမိုင်းရဲ့ တစိတ်တပိုင်းအမှတ်သင်္ကေတကို လှစ်ဟဖော်ပြနေတဲ့ ဂျပန်ပြည်တနေရာက ‘ဂျပန်-မြန်မာချစ်ကြည်ရေးကျောက်စာတိုင်’ လေးအကြောင်းပါ ဆက်စပ်ရေးသား ထား တာ ဖတ်ရတော့ စိတ်ထဲ မလုံမလဲဖြစ်မိသလို ခံစားရပါတယ်….
…….ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးက ဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ် ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်က ဟာမမတ်စု (Hamamatsu) တဲ့၊ ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။
ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာချစ်ကြည်ရေး ကျောက်စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။ အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။
ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည်တစ်သိန်း ခြောက်သောင်းခုနစ်ထောင် ကျော်ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာက ဒီအထိမ်းအမှတ်လေးဟာ ဗမာပြည် စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည် တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်တဲ့။
ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့  အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မှူးကြီး ဆူဇူကီးနဲ့  လွတ်လပ်ရေးလှုပ်ရှားမှု အတွက် လျှို့ ဝှက်အစီအစဉ် ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။ ………….
……………………………………………………………………………………………………………………………
အခုအချိန်မှာ ကျနော်တို့တတွေ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေးကို ပါးစပ်အမြှုပ် ထွက်မတတ် အာပေါင်အာရင်းသန်သန်နဲ့ ပြောဆိုနေကြတယ်။ နှစ်ပေါင်းများစွာ စစ်မက်အပြိုင်တိုက်လာခဲ့တဲ့ လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တခြိမ်းခြိမ်း လုပ်နေတယ်။ မကြာသေးခင်ကာလတုန်းကမှ စစ်မြေပြင်မှာ အကြိတ်အနယ်တိုက်ခိုက်နေခဲ့တဲ့ ဆန့်ကျင်ဘက်လက်နက်ကိုင် အင်အားစုက ခေါင်းဆောင်တွေနဲ့ စားပွဲဝိုင်းတခုထဲမှာ မျက်နှာချင်းဆိုင် ဆွေးနွေးရင်း ယုံကြည်မှုတည်ဆောက် နေပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေရဲ့ နှလုံးသားထဲမှာ ဒီတပ်မတော်ကို ထူထောင်ခဲ့သူတွေ ဖြစ်ခဲ့ပြီး တချိန်က တပ်မတော်ခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေအပေါ် ဘယ်လိုသဘောကြ မလဲဆိုတာကို ကျနော်စဉ်းစားနေမိတာပါ။
တပ်မတော် စစ်သမိုင်းပြတိုက်မှာ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဓာတ်ပုံအားလုံး ခင်းကျင်းပြသထားခြင်း မရှိသေး တာဟာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားကို ထင်ဟပ်ပြသလို ဖြစ်နေသလား တွေးဆ စရာ။ အခုလို မတူညီတဲ့အင်အားစုတွေအကြား ဆက်ဆံရေးပြေလည်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေချိန်မှာ ကိုယ်ကိုယ်တိုင်ပါဝင်တဲ့ အဖွဲ့အစည်းကို ကနဦးအစပြုတည်ထောင်ခဲ့သူတွေအပေါ် ထိုက်ထိုက်တန်တန် အသိအမှတ်ပြု နေရာပေးစေချင်ပါတယ်။
မြန်မာပြည်လွတ်လပ်ရေးအတွက် တပ်မတော်တရပ်ထူထောင်ဖို့ တိုင်းတပါးကို သက်စွန့်ဆံဖျား ထွက်ခွာခဲ့ပြီး နှိပ်စက်ညှင်းပန်းမှု ပင်ပန်းဆင်းရဲမှုတွေကြားက ကြံ့ကြံ့ခံကာ စစ်ပညာကို ဇွဲနဘဲနဲ့ မရမနေ သင်ယူရတဲ့ အလုပ်ကို တော်ရုံမျိုးချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ မလုပ်နိုင်ပါဘူး။ အဲဒီအချိန်က သူတို့စိတ်ထဲမှာ မြန်မာပြည် သူ့ကျွန်ဘဝက လွတ်မြောက်ဖို့ အာသီသတခုတည်းသာ ပြင်းပြင်းပြပြ ရှိနေခဲ့မှာ သေချာပါတယ်။ ထို့အတူ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ မြန်မာ့တပ်မတော်ရဲ့သမိုင်းမှာ သူတို့ရဲ့အခန်းကဏ္ဍ ကြီးကြီးမားမား တည်ရှိခဲ့ တာလည်း အမှန်ပါ။ ဒီနေ့ မြန်မာ့တပ်မတော်ဆိုတာ အဲဒီအခြေအနေက အစတည်ဖြစ်ပေါ်ခဲ့ရတာ။
‘မခေါ်ချင်လို့ရတယ် မတော်ချင်လို့မရ’ ဆိုတဲ့ မြန်မာစကားဟာ ကျင့်ဝတ်နဲ့ ဆက်ဆံရေးကို ပြက်ပြက်ထင်ထင် ကတ္တားခြားပေးလိုက်တာလို့ ကျနော်နားလည်မိပါတယ်။ ဆွေမျိုးတော်စပ်သူအချင်းချင်း ဆက်ဆံရေး အဆင်မပြေ စိတ်ထားချင်းမညီမျှတဲ့အခါ မခေါ်မပြောဘဲနေလို့ ရပေမယ့် သွေးသားတော်စပ်မှုကို ငြင်းပယ် ဖျောက်ဖျက်ပစ်လို့မရပါ။ ရဲဘော်သုံးကျိပ်က စတင်သန္ဓေတည်ပေါက်ဖွားလာတဲ့ မြန်မာတပ်မတော်အတွက် ရဲဘော်သုံးကျိပ်ဝင်တွေဟာ အစားထိုးမှတ်တမ်းတင်လို့မရတဲ့ ကနဦးထူထောင်သူတွေဖြစ်သလို ခေတ်အဆက်ဆက် တပ်မတော်သားတွေရဲ့ နှလုံးသားထဲမှာ မေ့ပျောက်လို့မရကောင်းတဲ့ ဦးဆောင်ဦးရွက်ပြုခဲ့ သူတွေအဖြစ် မှတ်ယူတန်ဖိုးထားစေချင်ပါတယ်။ ကိုယ်တိုင် ဘယ်ဘဝဘယ်အခြေအနေ ရောက်ရောက် မိဘတဦးက သားသမီးအပေါ် ထားတဲ့ ချစ်ခြင်း မေတ္တာတရားပြောင်းလဲမသွားနိုင်သလို ရဲဘော်သုံးကျိပ်ဝင် များရဲ့ တပ်မတော်အပေါ်ထားတဲ့ ချစ်မြတ်နိုးစိတ်နဲ့ စေတနာလည်း မပြောင်းလဲ နိုင်ဘူးလို့ ယုံကြည်မိပါတယ်။ အခုက သားသမီးတာဝန်ကျေရမယ့် အလှည့်ပါ။
လူတယောက်ရဲ့သမိုင်းဟာ တဖြောင့်တည်း တသမတ်တည်း မရှိနိုင်တာ သဘာဝပါ။ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ သန်ရာသန်ရာ နိုင်ငံရေးယုံကြည်ချက်အရ နောက်ပိုင်းကာလတွေမှာ အချင်းချင်းရပ်တည်ချက် ကွဲပြားသွား ခဲ့တာလည်း သဘာဝကျတဲ့ ဖြစ်စဉ်ဖြစ်ရပ်အနေနဲ့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့တဦးချင်းအပေါ် အထွဋ်အမြတ်ထား ကြည်ညိုလေးစားမှုတွေ မရှိနိုင်ရင်တောင်မှ တပ်မတော်မှာ ရှိခဲ့တဲ့ သူတို့ရဲ့အခန်းကဏ္ဍကို မှန်မှန်ကန်ကန် ဖော်ပြပေးစေချင်ပါတယ်။ ရှိနေပြီးသားဖြစ်တဲ့ မင်္ဂလာဒုံ စစ်သင်္ချိုင်းမှာ နေရာတခုသတ်မှတ်ပြီး ကျဆုံးလေပြီးသော ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ အုတ်ဂူတွေ တစုတစည်းတည်း အစီအရီ ဆောက်လုပ်ထား တာများရှိရင် တပ်မတော်ရဲ့ ဂုဏ်ရောင်ကို ပိုမိုတောက်ပြောင်စေမှာပဲ။ မြန်မာ့တပ်မတော်ကို လာရောက် လေ့လာတဲ့ နိုင်ငံတကာမှ ပုဂ္ဂိုလ်အသီးသီးအတွက်လည်း ခန့်ညားထယ်ဝါတဲ့ ပြယုဂ်တခု ဖြစ်လာမှာပါ။
ကြံတော်သုသာန်ရှိစဉ်က အသုဘပို့သွားတိုင်း မီးသင်္ဂြိုလ်စက်အဝင် ကားလမ်းနံဘေးမလှမ်းမကမ်းမှာ မြင်တွေ့ နေခဲ့ရတဲ့ ဗိုလ်မင်းခေါင်ရဲ့ အုတ်ဂူအနေအထားထောက်ဆို သင့်တော်မယ်ထင်ပါတယ်။ အဲဒီဗိမာန်မှာ နေရာ အနှင့်္အပြား အကြောင်းအမျိုးမျိုးနဲ့ သေဆုံးကျဆုံးခဲ့သော ရဲဘော်သုံးကျိပ်ဝင်အားလုံးကို ကိုယ်စားပြုတဲ့ အုတ်ဂူ တွေပါဝင်သင့်ပါတယ်။ အရိုးနဲ့ ပြာ မရနိုင်တော့သူတွေအတွက် သူတို့ရှိစဉ်က အမြတ်တနိုးအသုံးပြုခဲ့တဲ့ အသုံးအဆောင် တခုခုကို ဂူသွင်းထားရှိပေးလို့ ရမှာပါ။ အဲဒီအတွက် သက်ဆိုင်ရာမိသားစု များကလည်း ကြည်ဖြူကျေနပ်စွာ ကူညီမယ်လို့ တွေးမိပါတယ်။ တပ်မတော်ကို အစပျိုးထူထောင်ခဲ့သူတွေအပေါ် တပ်မတော် အနေနဲ့ ကျေးဇူးတုံ့ပြန် ဂါဝရပြုတဲ့ ပုံစံပေါ်လွင်စေချင်တာပါ။ အုတ်ဂူတိုင်းရဲ့ ဦးခေါင်းဘက်ထိပ်မှာ သက်ဆိုင်သူ ရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းကို ရေးသားဖော်ပြထားနိုင်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် တွေထဲက တဦးတည်းသော အသက်ရှင်ကျန်ရစ်နေသူ ဗိုလ်ရဲထွဋ် မျက်စိနှစ်လုံးမှိတ်မသွားခင်မှာ ဒီကိစ္စ အကောင်အထည် ဖော်နိုင်ရင် အသင့်လျော်ဆုံးဖြစ်မယ်လို့ ယူဆမိပါတယ်။
တပ်မတော်ခေါင်းဆောင်များအနေနဲ့ အဲဒါလေးတခုကို ထိုက်ထိုက်တန်တန် အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တပ်မတော်ရဲ့ သဘောထားကြီးမှုကို အထူးတလည် ဖော်ကျူး နေစရာမလိုဘဲ အလိုလိုထင်ဟပ်ပြသမှုကို ဦးတည်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ တပ်မတော်တွင်း စည်းလုံးညီညွှတ်မှု သင်္ကေတကိုလည်း ဖော်ပြရာ ရောက်ပါတယ်။
အတိတ်က မညီညွတ်မှုဖြစ်ရပ်ဆိုးတွေကို ခဝါချနိုင်တဲ့ မိမိတို့ခေါင်းဆောင်ဟောင်းတွေအပေါ် ဂါရဝတရားနဲ့ လေးစားအသိအမှတ်ပြုနိုင်တဲ့ တပ်မတော်အဖြစ်နဲ့ ဖြူစင်ရိုးသားသော သဘောထားတွေ မြန်မာပြည်သူလူထုရဲ့ နှလုံးသားထဲကို စိမ့်ဝင် ပြန့်နှံ့သွားပြီး တပ်နဲ့ပြည်သူ ကြည်ဖြူလက်တွဲလျက် အနာဂတ်နိုင်ငံတော်သစ်ကို အားကြိုးမာန်တက် တည်ဆောက်သွားနိုင်ပါစေကြောင်း ဆန္ဒပြု နိဂုံးချုပ်ပါရစေ။
နေမင်းသူ
၉-၉-၂၀၁၃