ကောင်မလေးတစ်ယောက် နေထိုင်မကောင်း ဖြစ်နေသလို ခါးထဲကလည်း နာနာနေပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ ဓါတ်မှန်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တဲ့။ သာမန်ကေ့စ်တစ်ခုလို့ပဲ သူမကယူဆထားခဲ့ပါတယ်။ဆေးစစ်ချက်အဖြေထွက်လာတော့ အဆုတ်ကင်ဆာ ဖြစ်နေပါတယ်တဲ့။ အခြေအနေက တော်တော်ဆိုးပြီး ကင်ဆာဆဲလ်တွေက ပျံ့နှံနေပါပြီ။ အဆုတ်မှာ အနက်ပျောက်တွေကလည်း အတော်များများ တွေ့နေရပါတယ်ကွယ်။
ကောင်မလေးဟာ မယုံနိုင်လောက်အောင် ခံစားရပြီး ဒူးတွေညွှတ်ခွေကျမသွားအောင် တော်တော်ထိန်းခဲ့ရပါသတဲ့ကွယ်။ မျက်လုံးတွေလည်း ပြာပြီးမြင်ကွင်းတွေဟာ ဝေဝါးသွားခဲ့ရှာတယ်လေ။ လက်ဖျားတွေတင်မကဘူး တစ်ကိုယ်လုံးအေးစက်လာပြီး ချွေးသီးချွေးပေါက်တွေပါ ကျလာခဲ့ပါတယ်ကွယ်။
သူမဟာ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းလည်း မသိတော့သလို ကောင်လေး ဘယ်အချိန်ပြန်သွားမှန်းလည်း မသိလိုက်တော့ပါဘူးတဲ့။အဲ့ဒီကစပြီးတော့ ကောင်မလေးဟာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီးရုတ်ချည်းပဲ လူမမာတစ်ယောက် ဖြစ်သွားပါတော့တယ်ကွယ်။ ဒီအချိန်မှာ ကောင်မလေး အတမ်းတဆုံးက သူမချစ်သူရဲ့ ဂရုစိုက်မှုနဲ့ အားပေးစကားတွေပါပဲကွယ်။
ဒါပေမယ့် ကောင်လေးကတော့ အဲ့ဒီအချိန်ကစပြီး ကောင်မလေးကို လာမတွေ့တော့ပါဘူးကွယ်။ ဖုန်းဆက်ရင်လည်း အကြောင်းအမျိုးမျိုး ပြပြီး ရှောင်နေခဲ့ပါသတဲ့ကွယ်။ ကောင်မလေးက အပူပေါ်အပူဆင့်ပြီး နလံမထူနိုင်လောက်အောင် ဖြစ်သွားရှာပါလေရောတဲ့ကွယ်။ မန္တလေးဆေးရုံကြီးကို ကင်ဆာဆေး သွင်းသွားချိန်မှာတောင် ကောင်လေးက လာမတွေ့ခဲ့တော့ပါဘူးကွယ်။
ဒီလိုနဲ့သေအံ့မူးမူးအခြေအနေကို အချိန်တိုတိုအတွင်းမှာပဲ ကောင်မလေးရောက်ရှိသွားခဲ့ပါတယ်။ "ဝေဝေ… ဂဲလ်ဆီလာတာလားးး ဝေ့ကိုတွေ့ရတာ အရမ်းဝမ်းသာတာပဲကွယ်။ ဂဲလ်လေ…ကြာကြာမနေရတော့ဘူးဝေ။" "ဘာလို့စိတ်လျှော့တဲ့ စကားတွေ ပြောနေတာလဲဂဲလ်ရယ်။အဓိကကတော့ စိတ်ပါပဲ။ဒါနဲ့စကားမစပ် မိုးမိုးရော!!!" "သူကလွိုင်ကော်ဆေးရုံမှာ တာဝန်ကျနေတယ်လေ။ဖုန်းတော့ဆက်ပါတယ်။ "
"အင်းးး သူအလုပ်စာမေးပွဲ အောင်တာကြားပါတယ်။ ဝေလည်းအဲ့တုန်းကဖြေသေးတယ်၊ မအောင်တာလေ။အခုတော့ တောင်တန်းသာသနာပြုအဖွဲ့နဲ့ နာဂတောင်တန်းဘက်လိုက်ပြီး ဆေးကုပေးနေတာ။အခုမှပြန်ရောက်တာ။ ဂဲလ်အကြောင်း ကြားကြားချင်း လာခဲ့တာပဲ။"
"ဂဲလ်တော့ စိတ်လျှော့လိုက်ပါပြီ ဝေရယ်…အခုလို ဝေဒနာပေါင်းစုံနဲ့ အသက်ရှင်နေရတာထက် မြန်မြန်သေသွားဖို့ကိုပဲ ဆုတောင်း နေမိပါတယ်။ဘဝမှာ ကြိုးစားခဲ့ရတာတွေ၊သင်ယူခဲ့ရတာတွေ၊မျှော်လင့်ခဲ့ရတာတွေ အားလုံးဟာ အလကားပါပဲကွယ်။သေတော့မယ်ဆိုတဲ့ အခါမှပဲ ဒါတွေက အလကားပဲလို့ ငါနားလည်လာမိတယ်ဝေ။"
"ဂဲလ်…ဘုရားရှင်လက်ထက် တော်တုန်းကလေ သူခိုးတစ်ယောက် ရှိခဲ့ဖူးတယ်တဲ့။ တစ်ရက်မှာတော့ ခိုးရာပါပစ္စည်းတွေနဲ့အတူ သူ့ရဲ့ဦးလေးတော်သူရဲ့အိမ်မှာပဲ ဘုရင့်ရဲမက်တွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်တဲ့။ ဦးလေးဖြစ်သူလည်း သူ့တူကိုသူခိုးမှန်းမသိလို့ လက်ခံထားရာကနေ အတူတူဖမ်းဆီးခံခဲ့ရတာပေါ့။ ရှေးခေတ်က ထောင်ဆိုတာမရှိဘူးဂဲလ်ရဲ့။ အချုပ်လောက်ပဲရှိတာ။ ခဏအချုပ်ထဲ ထားပြီးရင် ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်ရင်လွှတ် မဟုတ်ရင် သေဒဏ်စီရင်ခံရတာပဲလေ။
အဲ့တော့ သူခိုးတူဝရီးကို ဘုရင်က တံကျင်ထိုး ကားစင်တင်ပြီး သေအောင်ထားခိုင်းလိုက်တယ်တဲ့။ တံကျင်လျိုတယ်ဆိုတာ စအိုဝကနေ ဝါးချွန်နဲ့ ခန္ဓာကိုယ်ကိုယ် ဖောက်ဝင်စေပြီး လည်မျိုအစပ် ပုခုံးကြားကနေ ဖောက်ထွက်သွားတာကိုပြောတာပေါ့။ အဲ့လိုလုပ်ခံရတဲ့လူက ရက်တော်တော်နဲ့ မသေဘဲခပ်ကြာကြာခံရသတဲ့။ ဦးလေးဖြစ်သူက အသက်ကြီးတော့ ခပ်မြန်မြန်ပဲ သေးဆုံးသွားပါရော။ တူကတော့ လူငယ်ဆိုတော့ တော်တော်နဲ့ မသေဘူးပေါ့။
အဲ့ဒီမှာပဲ သေသွားတဲ့ဦးလေးက ဈေးထဲမှာ ဈေးရောင်းခဲ့စဉ်က လူအများသွားလာတဲ့ မြေသားလမ်းမှာ ရွှံ့တွေဗွက်တွေ ဖြစ်တဲ့အခါမှာ မြေဖို့ပေးခဲ့တဲ့ ကုသိုလ်ကြောင့် နတ်သားဖြစ်သွားတယ်တဲ့။ ချိုင့်နက်ပြီး မြေဖို့လို့ မလောက်တဲ့နေရာမှာ နွားဦးခေါင်းအရိုးခွံကြီးကို ခုပြီးမှအပေါ်ကနေ မြေထပ်ဖို့ပေးခဲ့တယ်တဲ့။အဲ့ဒီကုသိုလ်ကြောင့် ဦးလေးနတ်သားဟာ နတ်မြင်းဖြူကြီးတစ်ကောင်ကိုပါ စီးတော်ယဉ်အဖြစ်ရပြီး တူဖြစ်သူကို ညတိုင်းလာတွေ့ပြီး အားပေးစကားပြောရှာတယ်တဲ့။ မနက်မိုးသောက်မှပဲ ပြန်သွားရှာတယ်လေ။
ဒီအခါမှာ တူဖြစ်သူက ဦးလေးကို သူဟာဒီလိုဝေဒနာဆိုးကြီးနဲ့ အသက်ရှင်နေရတာထက် မြန်မြန်သေပါရစေလို့ပြောရှာတယ်တဲ့။ ဦးလေးဖြစ်သူက သူ့တူဟာသေခဲ့ရင် ယခုခံစားနေရတဲ့ ဒုက္ခထက်အဆများစွာ ကြီးမားဆိုးဝါးတဲ့ ဝေဒနာတွေကို ခံရမယ့် ငရဲပြည်ကို ကျရောက်မှာကို သိနေပါသတဲ့။ ဒီတော့ သေခြင်းထက် ရှင်နေရတဲ့ ဒီအချိန်လေးဟာ ပိုကောင်းတဲ့အကြောင်း နှစ်သိမ့်ဖြောင်းဖျ အားပေးပြီး ကားစင်ထက်မှာပဲ အသက်ဆက်ပြီး ရှည်စေခဲ့တယ်လေ။
ရာဇဝတ်သားကို ညတိုင်းမြင်းဖြူစီးတဲ့ နတ်ကြီးတစ်ပါးက လာတွေ့တယ်ဆိုတဲ့ သတင်းကိုဘုရင့်ထံ လျှောက်တင်ခဲ့ကြတယ်တဲ့။ဘုရင်က ကိုယ်တိုင်စုံစမ်းပြီး တကယ်ဟုတ်တဲ့အခါမှာ
အကျိုးအကြောင်းစုံစမ်းပြီးတော့ အပြစ်သားကို ပြစ်ဒဏ်ကလွှတ်ပြီး ဆေးကုပေးခဲ့တယ်လေ။ အပြစ်သားဟာ အသက်ပြန်ရှင်လာခဲ့ပြီး နောင်တအကြီးအကျယ်ရခဲ့တယ်တဲ့။ ဒါနဲ့ဘုရားရှင်ထံသွားပြီး ရဟန်းဝတ်သွားပါလေရော။ ရဟန်းတရားကို အားထုတ်လိုက်တာ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ပြီး ရဟန္တာကြီးဖြစ်သွားခဲ့တယ်လေ။
သူခိုးသာသေသွားခဲ့ရင် အလွန်ဒုက္ခကြီးမားမယ့် ငရဲကိုကျမှာ သေချာနေတာကိုး။အဲ့ဒီအခြေအနေကနေ လွတ်မြောက်ပြီး ဘုရားရှင်ကိုလည်းဖူးခွင့် ရတယ်၊ တရားလည်းနာခွင့်ရပြီး မဂ်ဖိုလ်နိဗ္ဗာန်ကိုပါ ရသွားတာဟာ မသေအောင်စိတ်အားတင်းခဲ့တဲ့ အကျိုးပဲ သူငယ်ချင်းးး လွယ်လွယ်မသေချင်ပါနဲ့ဟာ။သေရင်အားလုံးပြီးသွားပြီဟ။ ငါကစနေ၊ တနင်္ဂနွေမှာ အဘိဓမ္မာသင်တန်းလည်း တက်ထားသေးတယ်လေ။ အထင်မသေးနဲ့နော် စာမေးပွဲလည်း ဝင်ဖြေပြီး အောင်လက်မှတ်ရထားတာဟ။ နင့်ကို အဲဒီအဘိဓမ္မာတရားတွေ ပြန်သင်ပေးမယ်။ ငါ့မှာ တစ်လလောက် အချိန်အားပါသေးတယ်။ နင်နဲ့အတူတူနေပြီး တရားမှတ်ပေးမယ်လို့ စိတ်ကူးထားတယ်။"
"ငါနဲ့အတူတူ တကယ်နေပေး မှာလားဝေဝေ။" "ဂဲလ်မေမေတို့က လက်ခံပါ့မလားဆိုတာမေးကြည့်ပါအုံးး။ အန်တီတို့က လက်ခံရင် ဒီလကုန်ထိ ဝေဝေ နေပေးပါ့မယ်။" "ဂဲလ် ဘဝကို ထူးထူးခြားခြားပြောင်းလဲစေတဲ့ ပုံပြင်နှစ်ပုဒ်ရှိသွားပြီ ဝေဝေ။ တစ်ပုဒ်က ကိုကိုပြောပြခဲ့တဲ့ ကျောက်ခေတ်စုံတွဲ ပုံပြင်ပေါ့။ဂဲလ်စိတ်တွေကို လှုပ်ရှားစေပြီး ရင်ခုန်သံတွေမြန်လာစေခဲ့သလို သူ့ကိုလည်း ဂဲလ်ဘဝရဲ့လက်တွဲဖော်လို့ မြင်သွားစေခဲ့တယ်လေ။ နောက်ပုံပြင်တစ်ပုဒ်ကတော့ အခုဝေဝေပြောပြတဲ့ ပုံပြင်လေးပါပဲ။ မျှော်လင့်ချက်တွေမဲ့ပြီး မြန်မြန်သေချင်နေတဲ့ ဂဲလ်ကို အသက်ရှင်ချင်တဲ့မျှော်လင့်ချက်လေးတစ်ခု ဖြစ်ပေါ်လာစေလို့ပါပဲ။"
ရောဂါဒဏ်နဲ့ စိတ်ဆင်းရဲမှု ဒဏ်ချက်တွေကြောင့် နဂိုရုပ်ပျောက် နေရှာပြီး ဆံပင်တွေကျိုးတိုးကျဲတဲနဲ့ ကတုံးဆံပင်ပေါက်ဖြစ်နေတဲ့ ကောင်မလေးရဲ့ ခေါင်းလေးကို ဝေဝေက လက်နဲ့သပ်ပေးရင်း ပြုံးပြီး စိုက်ကြည့်နေခဲ့ ပါတယ်။ "ပြောရအုံးမယ်... နင့်ဆီမလာခင် ရှေ့နှစ်ရက်လောက်က ပြဒါးလင်းဂူကို ငါသွားခဲ့သေးတယ်။" "ခြေလျင်တောင်တက် အဖွဲ့နဲ့လား!!" "မဟုတ်ပါဘူး ရုက္ခဗေဒအဖွဲ့နဲ့ပါ။
ကင်းတားဆည်ထိ ကားနဲ့သွားတာဟ။ လှိုဏ်ဂူနံပါတ်၁ကို ရောက်တော့ ငါတော်တော်လေး စိတ်ထိခိုက်သွားတယ်။ပြီးတော့ ရှေးဟောင်းသုတေသနက ထိန်းသိမ်းတဲ့ဝန်ထမ်းတွေကိုခေါ်၊ တန်းစီခိုင်းပြီး ဂျပန်ပါးရိုက်နည်းနဲ့ ရိုက်ပစ်ချင်လိုက်တာဟာ။" "ဘာတွေဖြစ်ခဲ့လို့လဲ ဝေဝေ။" "ဒီလှိုဏ်ဂူကို သွပ်ဆူးကြိုးတွေနဲ့ အခိုင်အမာကာပြီး သော့ခတ်ထားတာဟ။ ဧည့်သည်လာမှ သူတို့တာဝန်ရှိသူတွေ ကိုယ်တိုင် သော့ဖွင့်ပေးတာလေ။
အဲ့ဒီဂူထဲမှာ ဒီကောင်တွေ မီးမွှေးပြီး မီးလှုံထားကြတယ်။ ဂူမျက်နှာကျက်မှာ မီးခိုးမှိုင်းတွေစွဲပြီး ပန်းချီတွေကို ဖုန်းအုပ်ကုန်တယ်။ ကျန်နေခဲ့တဲ့ ပန်းချီလေးတွေက နီရဲနေတဲ့ ဆေးသားလေးတွေဟာ မှိုင်းညစ်ညစ်အရောင်တွေဖြစ်ကုန်တယ်။" "ဟယ်……" "သူတို့ကြောင့်လားးး တခြားတောလိုက်ထွက်တဲ့ လူတွေခိုးဝင်ပြီး လုပ်တာလားးး ဆိုတာ သေချာအောင် ငါလှည့်ပတ်ပြောဆိုပြီး မေးခဲ့တယ်ဟ။ သော့ကိုင်ခွင့်ရထားတဲ့ ဒီကောင်တွေရဲ့ လက်ချက်ဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံတာပဲ။"
"နှမြောလိုက်တာ ဝေဝေရယ်။အဲ့ဒါဘယ့်နှယ့်လုပ်ကြမလဲဟင်။" "ငါလည်းဘယ်သိမလဲဟာ။ငါတို့တစ်တိုင်းပြည်လုံးက အုပ်စိုးသူတွေနဲ့ အုပ်စိုးခံသူတွေရဲ့ အသိဥာဏ်၊ ကိုယ်ကျင့်တရား၊ ပညာရေးရေချိန်တွေ၊ တာဝန်သိတတ်မှု၊တာဝန်ယူတတ်မှု၊ တာဝန်ခံရဲမှုတွေ…… အားလုံးဟာ လိုအပ်ချက်တွေ သိပ်များနေတယ်ဟ။" "………" ဒီလိုနဲ့ ဝေဝေနဲ့စကားတွေပြောနေရင်းမှာပဲ ဖြူဆုတ်နေတဲ့ ကောင်မလေးရဲ့မျက်နှာဟာ သွေးရောင်လွှမ်းလာပါတော့တယ်။
ကောင်မလေးက သက်သောင့်သက်သာနဲ့ အသက်ရှင်သန်နိုင်အောင် ကြိုးစားနေထိုင်သလို မသေခင်အချိန်လေးအတွင်းမှာ ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာ လေးတွေကို တရားသဘောနဲ့ ဆင်ခြင်ပြီး နေရှာပါတယ်တဲ့။ ဓမ္မပဒ စာအုပ်လေးဟာ သူမရဲ့လက်ဆွဲစာအုပ်လေး ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်လာတော့ ကောင်မလေးဟာ မိုးမိုးနဲ့ဝေဝေကို တွေ့ချင်လို့ပါ ဆိုပြီး လှမ်းခေါ်တာပေါ့ကွယ်။ သူမတို့နှစ်ယောက်ကလည်း ဒီတွေ့ဆုံခြင်းဟာ နောက်ဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းမိတော့ မဖြစ်မနေသွားခဲ့ကြတာပေါ့။
ဝေဝေရောက်သွားတော့ မိုးမိုးက ကြိုရောက်နေတာ၃ရက်ခန့်ရှိပြီတဲ့ကွယ်။ ဂဲလ်က သူတို့တွေနဲ့ အေးအေးဆေးဆေး ကြည်ကြည်သာသာ ပြောဆိုနေထိုင်ရှာပါတယ်တဲ့။ တစ်ရက်မှာတော့ ဂဲလ်ကဝေဝေ့ကို ပြောရှာပါတယ်…… သူမက ကောင်လေးကို မသေခင်မှာ တစ်ကြိမ်လောက် တွေ့ချင်နေတဲ့အတွက် ရအောင်ခေါ်ပေးပါလို့ အပူကပ်လာခဲ့ခြင်းပါပဲ။
"မိုးမိုးး ဆန်းမင်းဆီ ဖုန်းဆက်ပေးပါလား။" "ဂဲလ်ကခေါ်ခိုင်းနေတာလား။ နင်မရောက်ခင်ရက်တွေက အန်တီရော၊ငါပါ ခေါ်ပြီးပြီဟ။ လာမယ်ပြောပြီး ရောက်မလာတာပဲ။ ထပ်ဆက်တော့ ငါတို့ဖုန်းတွေကို ဘလော့ထားတယ်လေ။ တကယ်မိုက်ရိုင်းလွန်းတဲ့ကောင်" "အင်းးး ဟိုစကားပုံလေးကို သွားသတိရတယ်။အမှန်တရားက အိပ်ရာကထပြီး ဖိနပ်စီးနေစဉ်မှာပဲ အမှားက ကမ္ဘာတစ်ပါတ် ပတ်ပြီးပြီတဲ့။" "ဘာဖြစ်လို့လဲ" "အော်… ဆန်းမင်းဟာ သစ္စာမရှိဘဲ ရက်စက်တတ်သူ ဖြစ်တယ်ဆိုတဲ့ ငါ့ယူဆချက်လေး မှန်ကန်ကြောင်း ခုမှပဲ သိခွင့်ရတော့လို့လေ။" မိုးမိုးရဲ့ မျက်နှာဟာ အမ်းတမ်းတမ်းဖြစ်သွားပြီး ရုတ်တရက်မို့ မျက်နှာပျက်တာကို မထိန်းချုပ်နိုင်လိုက် ပါဘူးကွယ်။
"ကဲ…ဖုန်းနံပါတ်ပြော၊ငါခေါ်ကြည့်မယ်။" "…… " "ဟဲလို ဆန်းမင်းလားးး ငါဝေဝေပါ။ ငါ့စကားမဆုံးခင် ဖုန်းချတာတွေ ငါ့ဖုန်းကိုဘလော့တာတွေ လုပ်ရင် နင့်အိမ်နဲ့ နင်ထိုင်တဲ့ဆေးခန်းထိလာပြီး ပွဲကြမ်းပစ်မယ်။ နင်အခုချက်ခြင်း ဂဲလ်အိမ်ကိုလာခဲ့ပါ။နင့်ကိုအချိန်၂နာရီပေးမယ်။ ဘာဆင်ခြေမှမလိုချင်ဘူးးး၂နာရီကျော်လို့မှ နင်ရောက်မလာရင် ငါ့ကိုအဆိုးမဆိုနဲ့နော်။ ငါနင့်ကို ဝမ်နိန်ခေါ်နေပြီ။ အေးးး အခုဆိုအခုပဲ။ ဂဲလ်က ဒီထက်ပို မရှင်သန်နိုင်တော့တာ နင်လည်းသိနေပြီပဲ နောက်ဆုံးအနေနဲ့ လာတွေ့လှည့်ပါ။ နင်မလာရင် ငါဘာလုပ်မလဲဆိုတာ ငါ့ကိုယ်ငါ အာမမခံဘူးးး လုပ်ခံရမှသာ ငါ့ကိုအပြစ်မပြောနဲ့။ အဓိကကတော့ နင်အခုလာဖို့ပဲ။"
" ဝေဝေ...အဲ့ကောင်လာရင် ဂဲလ်အတွက် စိတ်ဆင်းရဲစရာတွေ ပိုဖြစ်ကုန်မှာလားးး။" "ငါကြည့်ထိန်းပါ့မယ်ဟာ။ မပူပါနဲ့။ငါ့တာဝန်ထားးး။" "ဂဲလ်က ဆန်းမင်းကို တွေ့ပြီးရင် စိတ်လျှော့တော့မယ်ထင်တယ်။ငါကတော့ အဲ့ဒီအစား ပေးမတွေ့သေးဘဲ ရသလောက်အချိန်ဆွဲထားချင်တယ်။" "ဒါကတော့ ငါတို့ဘက်က အတ္တကိုးးး ဝေဒနာကို မချိမဆန့်ခံပြီး အမျှော်လင့်ဆုံးသူကိုလည်း တွေ့ခွင့်မရတဲ့ ဘဝနဲ့ သေသွားရင် ဂဲလ်အတွက် လားရာဂတိမကောင်းဘူး မိုးမိုး။ ဒီတော့ တွေ့ပေးရလိမ့်မယ်။" "ဆန်းမင်းကရော လာပါ့မလာဟယ်။" "နှစ်နာရီပြည့်လို့မှ ရောက်မလာရင် ငါချက်ခြင်းမန္တလေး လိုက်သွားမယ်။ သင်းကိုအမှုန့်ခြေပစ်မယ်"
"ဟိုမှာ...ရောက်လာပြီ။ကားရှေ့ခန်းမှာ မိန်းမတစ်ယောက်လည်း ပါလာတယ်။ ဘယ်လိုလုပ်ကြမလဲ" "မိုးမိုးသာ ဆန်းမင်းကို ဂဲလ်ဆီခေါ်သွားး ဟိုမိန်းမကို ငါကြည့်ထိန်းလိုက်မယ်။" "ဆန်းမင်း...နင်မိုးမိုးနဲ့လိုက်သွားပါ။ ဒီကညီမလေး အပြင်မှာ အမနဲ့နေခဲ့ပါ။" အမျိုးသမီးက ဝေဝေကို ပေကပ်ကပ်ပြန်ကြည့်ပြီး ကောင်လေးကိုပါ ဘယ်လိုလဲ ဆိုတဲ့ပုံစံနဲ့ ကြည့်ပါတယ်။
"လူနာအရေးကြီးနေလို့ ဧည့်သည်ဆို တစ်ယောက်ချင်းပဲ ဝင်ခွင့်ပြုပါတယ်။ရှင်ကြည့်ချင်ရင် ခဏနေကျွန်မနဲ့ အတူတူဝင်တာပေါ့။" "ဟိုမြင်နေရတဲ့ အခန်းထဲမှာ လူတွေအများကြီးပါ။" "အဲ့ဒါဧည့်သည်မဟုတ်ဘူး မိဘဆွေမျိုးတွေရှင့်။ရှင့်လိုတစိမ်း တစ်ယောက်မှ မပါဘူး။"
"ဘာလို့ကျွန်တော့်ကို ကျွန်တော့်ချစ်သူနဲ့ အတူတူပေးမဝင်ရတာလဲ??"မခန့်တရန့် မျက်နှာပေးနဲ့မေးလာတဲ့ အမျိုးသမီးရဲ့ ခပ်ချောချော မျက်နှာကို စေ့စေ့ကြည့်ပြီး ဝေဝေက ပြန်ဖြေခဲ့ပါတယ် "အထဲမှာ သေခါနီးဝေဒနာကြီးကို ခံစားနေရတဲ့ ငါ့သူငယ်ချင်းဟာ ရှင့်ချစ်သူရဲ့ ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတဲ့ သူမို့လို့လေ။ တစ်ချိန်တုန်းက သူလည်းရှင့်လိုပဲ ဆန်းမင်းဆိုတဲ့လူက သူ့ကိုသိပ်ချစ်မြတ်နိုးပြီး ဘယ်တော့မှ စွန့်ခွာမသွားဘူးလို့ မာန်တွေတက်ခဲ့ ဖူးတယ်။ ရှင်လည်းသတိထားနေပေါ့။ ရှင့်ရဲ့ကျန်းမာရေးး စီးပွားရေးး တစ်ခုခုပြိုလဲသွားတာနဲ့ ရှင်လည်းအစွန့်ပစ်ခံ တစ်ယောက်ဖြစ်သွားမှာပဲ။" ဒေါသတွေနဲ့အတူ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတဲ့ အမျိုးသမီးကို ဝေဝေကလည်း ခပ်မာမာပဲကြည့်နေလိုက်ပါတယ်။
နာရီဝက်ခန့်ကြာတော့ ကောင်လေးပြန်ထွက်လာပါတယ်။ တော်တော်လေး စိတ်မကောင်း ဖြစ်နေတဲ့ရုပ်နဲ့ပါပဲ။ "လာတွေ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆန်းမင်း၊ ဒီဘက်ကညီမလေးရော ဝင်ကြည့်အုံးမှာလားးး"ဆန်းမင်းက "မလိုပါဘူးဟာ ငါကသာနင့်ကို ကျေးဇူးတင်ရမှာပါ။ ငါမနက်ဖြန်ထပ်လာခဲ့ ပါအုံးမယ်။" အမျိုးသမီးကတော့ ခပ်တင်းတင်းမျက်နှာထားနဲ့ ကားပေါ်တက်သွားပါတယ်။
အဲ့ဒီနေ့ညမှာပဲ ကောင်မလေးဟာ မိသားစုနဲ့ သူငယ်ချင်းတွေကို စွန့်ခွာသွားခဲ့ပါတယ်တဲ့။
ပြီးပါပြီ။
နေထက်ထက်အောင်
— with Maung Paing and 60 others.