ပြောင်းဖူးသည်တွေကလည်းများလိုက်ပါဘိသနှင့်
လွှတ်တော်ကိုယ်စားလှယ်၏တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပထမလွှတ်တော် သက်တမ်း တစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော လပေါင်း ၃ဝ ကျော်ကြာသည်အထိ ပြဌာန်းနိုင်ခြင်း မရှိသေးသည့်အတွက် အခြေခံ ဥပဒေကပေးအပ်ထားသည့် ပြည်သူတို့၏အခွင့်အရေးကို ပိတ်ပင်ရာ ရောက်ကြောင်း ” The Messenger ဂျာနယ်ဆောင်းပါးရှင် ဘုန်းအောင်က အတိအလင်း ရေးသား လိုက်သည့်အချိန်မှာပင် `မည်သည့်အတွက်ကြောင့် အလျင်လိုနေပါသနည်း”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေးခွန်းထုတ် လိုက်ပါသည်။
မဲဆန္ဒရှင်တစ်ဦးအနေဖြင့် မေးခွင့်ရှိမည်ဆိုပါက မေးလိုပါသည်။ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေပါသနည်း။
လွှတ်တော်များ၏အခြေခံအကျဆုံးဖြစ်သည့် အဓိကတာဝန်တာထမ်းမှာ ဥပဒေပြုရေးဖြစ်သည်ကို ယုံမှားဖွယ်ရာမရှိပါ။ သို့သော်၊ ဒီမိုကရေစီ အကူးအပြောင်းကာလအတွင်း မဲဆန္ဒရှင်ပြည်သူတို့၏ အကျိုးစီးပွား၊ အလိုဆန္ဒ နှင့်ကိုက်ညီသည့် မည်သည့်ဥပဒေများကိုပြဌာန်းနိုင်ခဲ့ပါသနည်း။ မဲဆန္ဒရှင် ပြည်သူတို့၏အကျိုးစီးပွား၊အလိုဆန္ဒနှင့်မကိုက်ညီသည့် မည်သည့်ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်နိုင်ခဲ့ပါသနည်း။
၁၉ဝ၈ ခုနှစ်၊ မတရားအသင်းများအက်ဥပဒေ (The Unlawful Associations Act)သည် မြန်မာ တိုင်းရင်းသားမျိုးချစ် တော်လှန်ရေးသမားများနှင့် ကူညီထောက်ပံ့ပေးသူများကို ပယ်ပယ်နယ်နယ် နှိပ်ကွပ်ရန် ကိုရွှေနယ်ချဲ့ အင်္ဂလိပ်တို့က ပြဌာန်းခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်ပေါင်း၁ဝဝကျော်ခဲ့သည့် ယခုအချိန်ကာလအထိ မဖျက်သိမ်းနိုင်သေးသည့်အပြင် ခေတ်အဆက်ဆက် လိုရာသုံးလောက်အောင် အသုံးဝင်တည်တံ့နေဆဲဖြစ်သည်။ ထိုတစ်ချက် တည်းနှင့်ပင် ကိုရွှေနယ်ချဲ့တို့၏ဥပဒေပြုနိုင်မှု၊ ဥာဏ် ပညာကြီးမြင့်မှု နှင့်ကျေးဇူးတရားကြီးမားမှုကို အလေးပြုရတော့မလို ဖြစ်နေသည်။
`ပုဒ်မ-၅၊ သို့မဟုတ် ၅(ည)ဟုအများသိကြသည့်”အရေးပေါ် စီမံမှုအက်ဥပဒေ သည်လည်း တည်မြဲ ခိုင်မာနေဆဲ။ မကြာသေးခင်က မိတ်ဆွေ စာရေးဆရာ တစ်ယောက်ကလှမ်းမေးသည်။ ပုဒ်မ ’ငါး’ကို ဘယ်ခေတ်က ပြဌာန်းခဲ့ တာလဲ”တဲ့။ ထစ်ခနဲရှိ ၅(ည)ဆိုပြီး အလွန်ဝေတေဝါးတား နိုင်လှသော ဖွင့်ဆိုချက်ဖြင့် လမ်းဘေးဈေးသည်ပင်လျှင် အချုပ်ထဲ နှစ်နှင့်ချီ ကွေးသွား နိုင်သော ပြဌာန်းချက် ကို အင်္ဂလိပ်တွေက ညစ်ပတ်သောအကြံအစည်နှင့် ဥပဒေပြုခဲ့ခြင်းဖြစ်သည်ဟု မိတ်ဆွေက ယူဆ ထားသည်။ အထင်မလွဲပါနဲ့ဗျာ၊ လွတ်လပ်ရေးရပြီး ၁၉၅ဝ ခုနှစ်မှာမှ မြန်မာနိုင်ငံရေးသမား အချင်းချင်း နှိပ်ကွပ်ဖို့ ရွှေဉာဏ်တော်စူးရောက်တဲ့ ကိုရွှေမြန်မာတို့ရဲ့ လွှတ်တော် ကပြဌာန်းခဲ့တာပါဟူ၍ ဂုဏ်ယူ ဝင့်ကြွားပြောရသည်။ ထိုဥပဒေပြဌာန်းခဲ့သော ထိုအမတ်မင်းများ ကိုယ်တိုင်နောင်အခါ ဘာမှန်းညာမှန်း မသိ၊ ညဉ့်အချိန် တံခါးခေါက်နှိုး၍ ထိုဥပဒေဖြင့်အထိန်းသိမ်းခံခဲ့ရသည်ကိုမူ မပြောဖြစ်ခဲ့။
ခေတ်စနစ်နှင့်လျော်ညီခြင်းမရှိတော့သည့် ဥပဒေများကိုမဖျက်သိမ်း နိုင်သေးစေကာမူ၊ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို အထိပါးခံရသည်ဟုများစွာအငြင်းပွားဖွယ်ရာရှိသော ”ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို” မူပြဌာန်းပြီးခဲ့ပြီဖြစ်သည်။ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေတို့ကို ပြင်ဆင် ပြဌာန်း နိုင်ခဲ့ပြီဖြစ်သည်။
၎င်းတို့ကဖွဲ့စည်းသည့် ကော်မတီ/ကော်မရှင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု အဆင့် ဟုတ်၊မဟုတ် ဥပဒေအရ အပြီးအပြတ် အတည်ဖြစ်သည့် ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိခဲ့သည့်အတွက် ၄င်းတို့၏ အတည်ပြုချက်ဖြင့် ခန့်ထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် များကိုပင်စွပ်စွဲပြစ်တင်၍ ရာထူးမှ နုတ်ထွက်သွားစေခဲ့သည်အထိ လျင်မြန်သွက်လက်စွာ စွမ်းဆောင် နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်၊ ၄င်းတို့အား တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် ဥပဒေတစ်ရပ်ကို လွှတ်တော်က ပြဌာန်းနိုင်ခြင်း မရှိသေးပါ။
ပထမသက်တမ်း၏တစ်ဝက်၊ လပေါင်း ၃ဝကျော်ကြာမြင့်ခဲ့သည် အထိ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကဥပဒေကြမ်းပေးပို့ခြင်းကို တစ်နှစ်ကျော်ကြာလျစ်လျူရှုပြီးသည်အထိ ”လွှတ်တော် ကိုယ်စားလှယ် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဥပဒေ”ကို အတည်ပြုပြဌာန်းရန် တာဝန် တစ်ရပ် ပျက်ကွက်နေသေးသည်ကိုတွေ့ ရပါသည်။ တွန့်ဆုတ်နေသည်ကို တွေ့ရပါသည်။
မည်သည့်အတွက် သို့မဟုတ် မည်သူ၏အကျိုးစီးပွားအတွက် ကြန့် ကြာတွန့်ဆုတ်နေရပါသနည်း။
ထိုသို့ကြန့်ကြာနေခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန်ပေး အပ်ချက်တစ်ခုကို မျက်ကွယ်ပြုရာ၊ လျစ်လျူရှု ရာ မရောက်ပါသလော။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တာဝန်မှပြန်လည်ရုပ်သိမ်းခံ ရမည်ကို အကြီးအကျယ် စိုးရိမ်ထိတ်လန့် နေသော အမတ်မင်းများ ရှိကောင်းရှိနိုင်ပါသည်။ အထူး အားဖြင့် ပြည်သူတို့ ၏ စစ်မှန်သော ဆန္ဒမဲများဖြင့် မိမိတို့ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည် ဟု မယုံရဲနိုင်သောသူ၊ မိမိတို့၏ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေမှု များသည် မဲဆန္ဒရှင်ပြည်သူတို့၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု မယုံရဲ နိုင်သောသူတို့တွင် စိုးရိမ်မကင်းဖြစ်ဖွယ်ရှိပါသည်။
ဤဘဝ၊ဤနေရာဆိုသည်မှာ မည်သူ့အတွက်မျှ စိတ်ဒုံးဒုံးချရလောက်အောင် သံမှိုနှက်စွဲထားသကဲ့သို့ ခိုင်မြဲနိုင်မည်မဟုတ်သည်မှာ သေချာလှပါသည်။ နိုင်ငံနှင့်ပြည်သူ(မဲဆန္ဒရှင်)တို့၏ အကျိုးစီးပွားကို သွေဖည်လာ သည့်တစ်နေ့။ မိမိကိုယ်ကျိုးအစီးအပွားကိုရှေ့တန်းတင်လာသည့် တစ်နေ့။ ဖောက်လွဲ ဖောက်ပြန်၊အတ္တဟိတတွေ ရှင်သန်ကြီးထွားလာသည့်တစ်နေ့။ မလွဲ မသွေပြန်လည်ရုပ်သိမ်းခွင့် ရှိရပါမည်။
ပြည်သူတို့ထံမှ ဆင်းသက်လာခဲ့သည့် အခွင့်အာဏာဖြစ်သည်ဟုဆိုပါလျှင် ထိုအခွင့်အာဏာနှင့် ထိုက်တန်ခြင်းမရှိတော့သောသူကို ပြည်သူတို့က ပြန်လည်ရုပ်သိမ်းနိုင်ခွင့်လည်း ရှိရပါမည်။ သည့် အတွက်ကြောင့်ပင်လျှင် ထိုသို့ရုပ်သိမ်းနိုင်ခွင့်ကို နိုင်ငံသားတို့၏အခွင့်အရေးတစ်ရပ်အဖြစ် အခြေခံ ဥပဒေဟူ၍အမည်ရသောပဋိညာဉ်တစ်ရပ်ဖြင့် အာမခံထားရှိခဲ့ခြင်း ဖြစ်ပါ သည်။ ဤအခွင့်အရေးကို မည်သည့်အကြောင်းကြောင့်မှ နှောင့်နှေး ကြန့်ကြာစေရန် မပြုလုပ်သင့်ဟု ထင်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယင်းဥပဒေကြမ်းကိုရေးဆွဲ၍ လွှတ်တော်မှအတည်ပြု နိုင်ရန်တင်ပြခဲ့ခြင်းမှာ လုပ်စရာအလုပ်မရှိ၍ ကြောင်မရေချိုးနေခြင်းမဟုတ်တန်ရာပါ။ သူတို့ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှပြန်လည်ရုပ်သိမ်းပေးရန် မဲဆန္ဒရှင်အချို့က ဆန္ဒထုတ်ဖော်ခဲ့ခြင်း၊ ထိုသို့လုပ်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်၍ တာဝန်မှပြန် လည် ရုပ်သိမ်းပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင် ကြားခဲ့ခြင်းတို့ရှိနေခြင်းကြောင့်သာပဲ ဥပဒေကြမ်း တင်သွင်းခဲ့ခြင်း ဖြစ်တန် ရာပါသည်။
အဆိုပါဥပဒေကြမ်းတင်သွင်းခြင်းသည် အခြေခံဥပဒေပါ ပြဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပြီး၊ တင်သွင်းလာသော ဥပဒေကြမ်းကို ဆွေးနွေးရန်၊ အတည်ပြု၊ ပြဌာန်းရန်ပျက်ကွက်ခြင်းသည် အခြေခံဥပဒေ ပြဌာန်းချက်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမဟုတ်ဟု ငြင်းဆန်လိုသော ဥပဒေပညာရှင်များရှိပါက စာမျက်နှာများပေါ်တွင် လူသိရှင်ကြား ရေးသားပါရန် ဖိတ်ခေါ်လိုပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၉၆(က)တွင် လွှတ်တော်ကိုယ်စားလှယ် ကို ၄င်း၏တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည့် အကြောင်းအချက်များကို ဖော်ပြထားသည်။ ပုဒ်မခွဲ(ခ)တွင် မူလမဲဆန္ဒရှင်များ၏ အနည်းဆုံး(၁) ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းရမည်။ ပုဒ်မခွဲ(ဂ) တွင် ရွေးကောက်ပွဲကော်မရှင်ကစုံစမ်းစစ်ဆေးရမည်။ ပုဒ်မခွဲ (ဃ)တွင် လွှတ်တော်ကိုယ်စားလှယ်ကို ခုခံချေပခွင့်ပေးရမည်။ ပုဒ်မခွဲ (င)တွင် စွပ်စွဲချက်မှန်ကန်၍ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန် ထမ်းရွက်ရန် မသင့်ကြောင်း သဘောရရှိလျှင် ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဟူ၍ ဖော်ပြထားသည်။
ယင်းဥပဒေပုဒ်မ-၃၉၇တွင်မူ ရွေးကောက်တင်မြှောက်ခြင်းနှင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ကိစ္စများ အတွက် လိုအပ်သောဥပဒေများကို ပြည် ထောင်စုလွှတ်တော်ကပြဌာန်းရမည် ဟူ၍ဖော်ပြထားသည်။ ဤသည်မှာ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သောလွှတ်တော်က အခြေခံဥပဒေအရ မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန်တစ်ခုဖြစ်သည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
မဲဆန္ဒရှင် ၁ရာခိုင်နှုန်းကလက်မှတ်ထိုးတယ်ဆိုတာ အချိန်မရွေးပြန်လုပ်လို့ ရတယ်။ တစ်ပါတီစနစ်မှာ လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချင်ရင်ြ့ဖုတ်ချနိုင်အောင် ဒီအခွင့်အရေးပေးထားတာ။ ပါတီစုံ ဒီမိုကရေစီစနစ်မှာ အရှုပ်အထွေးအများကြီးဖြစ်နိုင်တယ်။ တခြားနိုင်ငံမှာရှိ၊ မရှိ နိုင်ငံ တကာစံတွေကို လေ့လာရတယ်။
အံ့အားသင့်စဖွယ်အကြောင်းပြချက်များဖြစ်ပါသည်။ မဲဆန္ဒရှင် (၁) ရာခိုင်နှုန်းဆိုသည်မှာ တိုင်ကြားသူ အရေအတွက်သာဖြစ်ပြီး ထိုအရေ အတွက်မျှဖြင့် ရုပ်သိမ်းနိုင်မည်မဟုတ်သဖြင့် အလွန်အမင်း စိုးရိမ် ကြောင့်ကြ စရာမလိုဟု ထင်ပါသည်။ တစ်ပါတီစနစ်တွင်သာရှိသည်မဟုတ်ကြောင်း၊ ပါလီမန် ဒီမို ကရေစီစနစ် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ(၇၈)တွင်လည်း လွှတ်တော်အမတ် အဖြစ်မှ ထွက်ခိုင်းရန် ဥပဒေပြဌာန်း နိုင်သည့်အာဏာကို ပါလီမန်သို့အပ်နှင်းထားကြောင်း၊ ဒီမိုကရေစီ အသား ကျနေပြီဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ကနေဒါ၊ ဆွစ်ဇာလန် တို့တွင်လည်း (Right to Recall) လွှတ်တော်အမတ်တာဝန်မှ ပြန်လည်ရုပ် သိမ်းသည့်ဥပဒေကို ကျင့်သုံး လိုက်နာ လျက်ရှိကြောင်း၊ တရားမျှတမှု၊ သာနာ ညီမျှမှုနှင့်ကောင်းမြတ်သောကိုယ်ကျင့်တရားတို့ကို လိုလားစွာ တည်ဆောက် အပ်သည်ဟုယူဆပါက အဆိုပါဥပဒေကို လျင်မြန်သွက်လက် စွာပြဌာန်း သင့်ကြောင်း လေးလေးစားစားဖော်ပြလိုပါသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုတာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်မှ တင်ပြသည့် ဥပဒေကြမ်းအရ ပင်လျှင် အလွန်ခက်ခဲသောနည်းလမ်းများကို ဖြတ်သန်းကျော်လွှားရဦးမည် ဆိုတာ မြင်သာလှပါသည်။ ပြည်သူတို့သည် သူတို့ယုံမှတ်၍ပုံအပ်ခဲ့သော ကိုယ်စားလှယ်အမတ်မင်းများကို အတော်အတန်အယုံအကြည်ကင်းမဲ့ရုံမျှဖြင့်၊ အတော်အတန် မေတ္တာ ပျက်ရုံမျှဖြင့်၊ သည်မျှခက်ခဲ၍ သည်မျှငွေကုန်ကြေးကျ များမည့် (Right to Recall) ကို ကျင့်သုံးနိုင်မည် မထင်ပါ။သို့သော် သေချာ လိုသောအချက်တစ်ချက်ရှိပါသည်။ သူတို့ရွေးကောက်တင်မြှောက် လိုက် သော ကိုယ်စားလှယ်အမတ်က ရွေးကောက်ခံပြီးသည်နှင့် သူတို့အပေါ် ငတုံးငအသဖွယ် သဘော ထားလျက် ငါ့မြင်းငါစိုင်းလုပ်မှာမဟုတ် ဆိုသော အချက်ကို မည်သည့်မဲဆန္ဒရှင်မဆို သေချာလိုခြင်း ဖြစ်ပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကရေးခဲ့သည်-
မုံရွေးကြေးမုံချောင်းဦးနယ် တစ်လွှားဆီက၊
အလုံကျေးအကုန်မှာပြောင်းဖူးသည်တွေကလည်း များလိုက်ပါဘိသနှင့် …။
ဇေယျာမိုးမြင့်စံ
http://www.echoingvoicenews.com/မှ ကူးယူဖော်ပြသည်