(၁)
ကျွန်တော့်စီမှာ Kenbo အမျိုးအစား 110 ဆိုင်ကယ်တစ်စီးရှိသည်။
ဒီဆိုင်ကယ်လေးရှိလို့ပင် သွားရ၊ လာရအဆင်ပြေနေသည်။ ခရီးတွင်ပါသည်။
လက်ရှိ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများသည် ဆိုင်ကယ်ကို အားကိုးအားထားပြုရပါသည်။ ဒီဆိုင်ကယ်လေးတွေဖြင့် ကုန်စည်သယ်၊ ခရီးသည်ကြို/ပို့လုပ်၊ ဘုရားဖူးသွား၊ ဈေးဝယ်ထွက် အစုံလုပ်ကိုင် အသုံးချနေကြရပါသည်။
ဒီဆိုင်ကယ်ကို အကြောင်းပြုပြီး အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြရပါသည်။ စည်းကမ်းတကျ၊ နည်းလမ်းတကျမဟုတ်ပဲ ဆိုင်ကယ်ကို လေယာဉ်အမြန်နှုန်းကဲ့သို့မောင်းနှင်ခြင်း၊ စတန့်ထွင်လိုခြင်း၊ သွားချင် သလိုသွား လာချင်သလိုလာ၊ မောင်းချင်သလို မောင်းနှင်ခြင်းကြောင့် မိမိရော သူတစ်ပါးပါ ထိခိုက်ရသည့် အဖြစ်အပျက်များစွာလည်း ဖြစ်ပွားလျက်ရှိပါသည်။
ကျွန်တော် ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းနှင်သလို သူများမောင်းတာလည်း ထိုင်စီးဖူးသည်။ ထိုသို့ ကိုယ်တိုင်မောင်းနှင်ရာနှင့် သူများမောင်းတာထိုင်စီးသည့် ခံစားမှုမတူညီပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် သူတစ်ပါးအပေါ် မယုံကြည်မှုကွဲပြားသွားပါသည်။
(၂)
ကျွန်တော်က သူငယ်ချင်းဖြစ်သူကို နောက်ထိုင်ခုံမှာ တင်ပြီး မောင်းနှင်ခဲ့သည်။ ဆိုင်ကယ်က သူများ ဆိုင်ကယ်။ သူငယ်ချင်းဖြစ်သူကို ဘူတာလိုက်ပို့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့ ဘူတာမရောက်ခင် နာရီစင် တစ်ခုရှိသည်။ ကျွန်တော်ဆိုင်ကယ်ကို ဖြည်းဖြည်းခြင်း မောင်းလာလိုက်သည်။ နာရီစင်က လမ်းစုံလမ်းခွဖြစ်ခြင်းကြောင့် ရှေ့၊ နောက်လမ်းတွေမှ ကားဆိုင်ကယ် တွေနှင့်စုံတတ်ခြင်းကြောင့်ဖြစ်သည်။ ထင်သည့်အတိုင်း ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ကားတွေက လမ်းစုံမှ များနေသည်။
ကျွန်တော်ကို ဆိုင်ကယ်ကို အရှိန်လေးလျှော့အောင် ဘရိတ်နင်းလိုက်သည်။ နင်းလိုက်တက်ဘရိတ် ခြေနင်းက မြေကြီးကို သွားခြစ်သံကြားရသည်။ ဘရိတ်ပြတ်သွားခြင်းဖြစ်သည်။ ကျွန်တော်လည်း တန်းတန်း မတ်မတ်ဆိုင်ကယ်ကို မစီးပဲ စီးလာတဲ့အရှိန်လျှော့အောင် နာရီစင်ကို အ၀ိုင်းပတ်သလို တစ်ပတ်ပတ်လိုက်ပြီးမှ ဘူတာဘက်ကို ပြန်ထွက်လိုက်သည်။
နောက်က သူငယ်ချင်းကတော့ ဘုရားတနေသည်။ ဆိုင်ကယ်တွေကားတွေစုံကမှ ဘရိတ်ကပြတ် ရသည်။ နာရီစင်ကိုမပတ်လျှင် ကိုယ်က သူများယာဉ်ကိုတိုက်ရင်တိုက် မတိုက်လျှင် သူများယာဉ်က ကိုယ့်ကို လာတိုက်နိုင်ပါသည်။
ထို့အတူ တစ်ရက် သူငယ်ချင်းဖြစ်သူနှင့် ကျွန်တော် မြစ်ကြီးနားမြို့ထဲမှ လေဆိပ်ဘက်ကို ဆိုင်ကယ်ဖြင့် ထွက်ခဲ့ကြသည်။ ဆိုင်ကယ်ကို ကျွန်တော်ဘဲ မောင်းနှင်ခဲ့ပါသည်။ လူရှင်းတော့ အရှိန်လေးကို တင်ရင်း မောင်းနှင်ခဲ့သည်။
ကျွန်တော်ရှေ့မှာ သုံးဘီးဆိုင်ကယ်တစ်စီးက ခပ်လှမ်းလှမ်းမှာရှိသည်။ ကျွန်တော်က ကျော်တက်ဖို့ ဆိုင်ကယ်ကို အရှိန်မြင့်ပြီးမောင်းသည်။ သုံးဘီးဆိုင်ကယ်က ကွေ့ဖို့ အချက်ပြမီးပြတာကို ကျွန်တော်က မမြင်။ သုံးဘီးကလည်း ကွေ့ချလိုက်သည်။ အရှိန်နှင့် မောင်းနှင်လာသော ဆိုင်ကယ်ကို ကျွန်တော်က သုံးဘီးဘေး ကနေကပ်ရှောင်သည်။ တကယ်တော့ နေရာက ကျဉ်းကြပ်သည်။ သုံးဘီးကွေ့တဲ့နေရာက လမ်းလယ်ကျွန်းနှင့် ကပ်လျက်။ သုံးဘီးကိုရှောင်လျှင် လမ်းလယ်ကျွန်းနှင့် ကျွန်တော်တိုက်နိုင်မည်။
သုံးဘီး ဘယ်ဘက်က ရှောင်ပြီး လမ်းလယ်ကျွန်းဘေးက ကပ်ပြီးကျွန်တော်အရှိန်ဖြင့်ထွက်သွားသည်။ သုံးဘီးသမားနဲ့ ဘေးက သူတွေရဲ့ အော်ဟစ်သံကြားလိုက်ရသည်။ ကျွန်တော်တို့ ဆိုင်ကယ်ကို မေတ္တာလှမ်းပို့ တာဖြစ်မည်။
ကျွန်တော်လည်း ဘယ်လိုလွှတ်သွားမှန်းတောင်မသိခဲ့ဘူး။ ကံကောင်းထောက်မစွာ ယာဉ်တိုက်မှုက လွှတ်သွားခြင်းဖြစ်သည်။
ကျွန်တော့်မှာ ဘယ်ကံကပါသလဲမသိပါ။ ကျွန်တော်မောင်းနှင်သော ယာဉ်ဖြင့် သူတစ်ပါးကို မထိခိုက် ဖူးသော်လည်း သူတစ်ပါးမောင်းနှင်သော ဆိုင်ကယ်နောက် ထိုင်စီးလျှင်တော့ အတိုက်ခံရတဲ့ အဖြစ်တွေက များလှသည်။
တစ်ခါက ကွန်ပြူတာပုံးကို ကျွန်တော်က နောက်ကကိုင်ပြီးထိုင်လိုက်သည်။ ရှေ့က တစ်ယောက် မောင်းသည်။ လမ်းကျဉ်းနေရာရောက်တော့ နောက်ကကားတစ်စီး ကျော်တက်သည်။ ကျွန်တော်တို့ ဆိုင်ကယ်ကို ချိတ်သွားသွားသည်။ ဆိုင်ကယ်လည်း အရှိန်နှင့်လဲသွားသလို ကျွန်တော်တို့လည်း ပစ်ကျသည်။
ဆိုင်ကယ်ဦးထုပ်ဆောင်းထားခြင်းကြောင့် ဘာမှမဖြစ်လိုက်။ ဆိုင်ကယ်ဦးထုပ်မှာတော့ မြေကြီးနှင့် ခြစ်မိရာတွေက အများကြီး။ ကျွန်တော့် လက်မောင်းနှင့် ကျောပြင်တွေမှာတော့ ဆုတ်သွားသည်။ ကားက မရပ် ဘဲ ဆက်မောင်းသွားသည်။
တစ်ခါကလည်း သူငယ်ချင်းဖြစ်သူက မောင်းသည်။ ရှေ့က ကားက ဘယ်ကွေ့ဖို့ အချက်ပြမီးပြတာ ကြောင့် နောက်ကမှေးလိုက်သည်။ ပြီးတော့ ကားက အချက်ပြမီးပြန်ပိတ်ပြီး ရှေ့တည့်တည့်ပြန်မောင်း ပြန်သည်။ ဒါနဲ့ ကျော်တက်ဖို့ အရှိန်လေးတင်တော့ ကားကပြန်ကွေ့သည်။ အဲဒီမှာတင် သူငယ်ချင်းက ဆိုင်ကယ်ကို ကားနှင့်တိုက်မိမှာစိုးတာကြောင့် လှည့်ကွေ့လိုက်သည်။
အရှိန်ကနည်းပြီး ဆိုင်ကယ်လက်က ခေါက်သွားခြင်းကြောင့် နှစ်ယောက်သား ဆိုင်ကယ်နှင့် လမ်းမပေါ် ပစ်ကျပြန်သည်။ ဒဏ်ရာနည်းနည်းပဲရလိုက်သည်။
နောက်ဖြစ်စဉ်တွေကလည်း ဒီလိုပဲ သူများနောက်ထိုင်စီးလျှင် တစ်နည်းမဟုတ်တစ်နည်း ဖြစ်တတ်သည်။
ဒါကြောင့် ဆိုင်ကယ်ဖြင့် သွားလျှင် ကျွန်တော်ကိုမောင်းခိုင်းတတ်သည်။
ကျွန်တော်လည်း သူများမောင်းတာ ထိုင်စီးတာကြောက်လန့်လာသည်။ မလွှဲသာထိုင်စီးရလျှင် ဘုရား တနေမိသည်။ ဆိုင်ကယ်က ကားကြီးတွေက ဘေးကဖြတ်သွားလျှင် ကျွန်တော်က တစ်ခြမ်းစောင်းနေပြီ။ သူများနောက်ထိုင်စီးရတာကို လူက မယုံတော့။
ဒါတွေက ဆိုင်ကယ် မောင်းခြင်း၊ စီးခြင်းနှင့် ဆက်စပ်လို့ အတွေ့အကြုံထဲက ကျွန်တော်ခံစားမိတာပါ။
(၃)
မြန်မာ စကားပုံတွင် ကိုယ်ကကျူး ကိုယ့်ဒူမျှ မယုံရဆိုတဲ့ စကားရှိသည်။ ကျွန်တော် သူတစ်ပါးမောင်း နှင်သော ယာဉ်နောက်လိုက်ရင် မယုံတော့။ စီးရလျှင်လည်း ကြောက်စိတ်က ပါလာသည်။
ကိုယ်တိုင်းမောင်းနှင်ရမှ စိတ်ကျေနပ်သည်။ ဘေးအန္တရာကယ်ကင်းသည်ဟု ထင်သည်။
ဒီနေရာမှာ ကျွန်တော်တွေးမိတာလေး ပြောပြချင်ပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးတွင် လူတစ်ဦး တစ်ယောက်၊ တစ်သင်းတစ်ဖွဲ့က ဦးဆောင်ဦးရွက်ပြု၍ ဒီမိုကရေစီနိုင်ငံတော်သစ်စီ ချီတက်နေတဲ့ဖြစ်စဉ်များ ရှိပါသည်။
နိုင်ငံရေးအဖွဲ့တွေများလာတဲ့အခါ ကျွန်တော်ဆိုင်ကယ်စီးသလိုဖြစ်လာသည်။
ကိုယ်ကလွှဲလျှင် ဘယ်သူ့မှ မယုံချင်တော့။ ကိုယ်ကသာ ဦးဆောင်ဦးရွက်ပြုရမှ၊ ကိုယ်က ခေါင်းဆောင် လုပ်မှ နိုင်ငံတော်ကြီးသာယာမည်ဟု အထင်ရောက်တတ်ကြပါသည်။ သူတစ်ပါးက လမ်းပြပြီး ခေါင်းဆောင် သွားလျှင် မယုံကြည်။ တစ်နည်းနည်းဖြင့် အပြစ်ပြောတတ်ကြပါသည်။
လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ရပါသည်။ ထို့အတူ သူတစ်ပါးကိုလည်း ယုံကြည်စိတ်မွေး ရပါသည်။ ကိုယ့်ကိုယ်ကိုသာ ယုံကြည်ပြီး သူတစ်ပါးကို မယုံကြည်လျှင်တော့ အတ္တစိတ်များသူ ဖြစ်သွားတတ် ပါသည်။
ကိုယ်က လုပ်လျှင်ခေါင်းဆောင်ကောင်းဟု ထင်တတ်ပြီး တခြားသူလုပ်လျှင်တော့ ခေါင်းဆောင်မပီသ ဟုထင်မြင်တတ်ပါသည်။ တကယ်အများအကျိုးလိုလားသူသည် ခေါင်းဆောင်ကောင်းလည်း လုပ်တတ်ရသလို နောက်လိုက်ကောင်းတစ်ယောက်လည်း ဖြစ်ဖို့လိုပါသည်။
ထို့အတူ ကိုယ်သာ ခေါင်းဆောင်ဟူသော စိတ်ဖြင့် နောက်လူကို နေရာမပေးချင်သော အာဏာရှင်စိတ် ထား၍မရပါ။ ခေါင်းဆောင်နေရာမှာ အမြဲထိုင်ချင်နေလို့မရပါ။ ကိုယ်ထက်တော်သူများ ပေါ်ထွက်လာပါက ဖယ်ပေးရစမြဲဖြစ်ပါသည်။
(၄)
ဆိုင်ကယ်စီးရာတွင် မောင်းနှင်သူက ခေါင်းဆောင်၊ ထိုင်စီးသူက နောက်လိုက်ဖြစ်သည်။ မောင်းတဲ့သူ ကသူ့စည်းမျဉ်းအတိုင်း ပုံမှန်အတိုင်း မောင်းနေပါကပြဿနာမရှိ၊ လိုရာခရီးကို အဆင်ပြေချောမွေ့စွာ ရောက်ရှိ နိုင်မည်ဖြစ်သည်။
တစ်ခါက ဆိုင်ကယ်နှင့် ကားတစ်စီးမျက်နှာခြင်းဆိုင်တိုက်မိသည်။ မျက်နှာချင်းဆိုင် ကာလာတဲ့ ပထမကားတစ်စီးကို ဘေးကကပ်မောင်းပြီး သွားချိန်မှာ နောက်ကထိုင်စီးသူက ကြောက်ကြောက်နှင့် ငြိမ်မနေ ဘဲလှုပ်ရှားမိသည်။ မောင်းတဲ့သူက ထိန်းတဲ့ကြားက ဆိုင်ကယ်က ရမ်းသွားပြီး မျက်နှာချင်းဆိုင်ကလာ နောက် ကားတစ်စီးနဲ့ တိုက်မိတော့သည်။ မောင်းနှင်သူကတော့ ပွဲချင်းပြီး သေဆုံးရရှာသည်။ နောက်ထိုင်က လူက တော့ ခြေထောက်တစ်ချောင်းဖြတ်လိုက်ရသည်။
ရှေ့က မောင်းနှင်သူ ကောင်းကောင်းထိန်းကျောင်းမောင်းနှင်သော်လည်း နောက်ကလိုက်ပါသူများက အငြိမ်မနေပဲ ဖောက်ဖျက်ပါက အန္တရာယ်ဖြစ်ရသည်။
ကြည့် နိုင်ငံရေးအခင်းအကျင်းမှာ ခေါင်းဆောင်တွေက ပြုပြင်လိုတဲ့စိတ်၊ လုပ်ဆောင်ချက်တွေ၊ ချမှတ် ချက်တွေ လုပ်ဆောင်နေသော်လည်း နောက်လိုက်ပါများက လိုက်ပါနိုင်စွမ်းအားနည်းနေသေးခြင်း၊ စည်းကမ်း ဖောက်မျက်နေသေးခြင်းကြောင့် လိုသလောက်ခရီးရောက်ပေါက်ခြင်း မရှိလှတာကို သွားတွေ့ရသည်။
ဒီတော့ ဆိုင်ကယ်တစ်စီးပေါ်က လူလို ခေါင်းဆောင်နှင့်နောက်လိုက် ဟန်ချက်ညီညီ မောင်းနှင်သွား နိုင်မှသာ ခရီးပန်းတိုင်သို့ ချောချောမွေ့မွေ့ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
(၅)
ကျွန်တော့်အတွေ့အကြုံအရ သူများမောင်းတဲ့ ဆိုင်ကယ်နောက်လိုက်စီးလျှင် ရင်တထိတ်ထိတ်ဖြစ် သောအကျင့်ကို ပြင်သည်။ မောင်းနှင်သူကို ယုံကြည်လိုက်သည်။ သို့မဟုတ်က မတတ်နိုင်ပဲ သူလည်း အသက်နဲ့ ငါလည်းအသက်နဲ့ ဖြစ်ရင် အတူတူဖြစ်မှာဆိုတဲ့ သဗ္ဗေသတ္တာစိတ်မွေးပြီး နောက်က ခပ်ငြိမ်ငြိမ်လေး ထိုင်လိုက်ပါတော့သည်။
ဆိုင်ကယ်ပေါ်က တစ်ဦးနဲ့ တစ်ဦးယုံကြည်စိတ်တွေဖြင့် လိုရာခရီးကို ရောက်ရှိနိုင်ပါစေလို့သာ။
မောင်ပိုင်
၇-၉-၂၀၁၃။
— with William Tuntunko and 18 others.