ထို့အတူ လုဘီလူး အတ္တကျူးသည့် ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သူများ လွှမ်းမိုးအုပ်ချုပ်သော တိုင်းပြည် လူ့အဖွဲ့အစည်းတခုအတွင်း မှီတင်းနေထိုင်ရသော ပြည်သူလူထုအဖို့မှာလည်း ငြိမ်းချမ်းသာယာမှုမရှိ ဖိနှိပ်အနိုင်ကျင့်စော်ကားမှုတွေကို နေ့တဓူဝ ခါးစည်းခံရင်း နေစရာမလုံမခြုံ စားစရာမပြည့်စုံသော ဘဝမှာသာ ရှင်သန်ခွင့်ရလျက် လူ့အဆင့်အတန်း လူ့သိက္ခာတရား တို့ စုန်းစုန်းမြုပ် ပျောက်ကွယ်လျက် ရှိလေသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတော်အာဏာကို စစ်ဗိုလ်ချုပ်ကြီးအချို့က အသွင်အမျိုးမျိုးဖြင့် ချုပ်ကိုင်ရယူလာခဲ့သည့် ကာလအတွင်း အာဏာအလွဲသုံးစားမှုပြုခြင်း၊ နိုင်ငံရေး လူမှုရေးအရ ဖိနှိပ်ချုပ်ချယ်ခြင်း၊ စီးပွားရေးရာ အစီအမံများ မှားယွင်းမှုနှင့် အာဏာရှိသူ လူတစု၏ အကျိုးစီးပွားကို ရှေ့တန်းတင်လွန်းသောကြောင့် တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်စိုးသော အနှစ် ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသည် တချိန်က အရှေ့တောင်အာရှတွင် ရှေ့တန်း ရောက် နိုင်ငံအဖြစ် နှင့် ရှေ့ဆက်ဖံွ့ဖြိုးမှု အလားအလာ အားအကောင်းဆုံး နိုင်ငံအဖြစ်မှ ယုတ်လျော့ကျဆင်းကာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ Least Development Country (LDC) စာရင်းဝင်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။
၁၉၈၈ ခုနှစ်တွင် အဖက်ဖက်က ပျက်စီးယိုယွင်းနိမ့်ကျလာသော လူနေမှုစနစ်တရပ်၏ နိဂုံးသို့ ရောက်ရှိ လာချိန်မှာ အုပ်စိုးသူတို့၏ အဆင်ခြင်မဲ့ရမ်းကားမှုနှင့် ပြည်သူလူထု၏ စနစ်ဆိုးအပေါ် ခံပြင်းဒေါသ အမြင့်ဆုံးရှိနေချိန် သည်းခံနိုင်မှု ကုန်ဆုံးသွားချိန်တို့ ပေါင်းစပ်ပြီး သွေးထွက်သံယိုလူထုအုံကြွမှုကြီးဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းပါတီ အုပ်စိုးသောခေတ် အဆုံးသတ်ခဲ့ရပေသည်။
သို့သော် နိုင်ငံတော်၏ အာဏာအရပ်ရပ်ပြည်သူ့လက်ဝယ်သို့ ရောက်ရှိလာခြင်းမဟုတ်ဘဲ ယခင်အုပ်စိုးသူ အဝန်းအဝိုင်း အတွင်းမှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သော စစ်ဗိုလ်ချုပ်များက တိုင်းပြည်ကံကြမ္မာကို ဆက်လက်ချုပ်ကိုင် ထားပြီး လူထုအုံကြွမှုများကိုလည်း ရက်ရက်စက်စက် နှိမ်နင်းချေမှုန်းပစ်လိုက်သောကြောင့် လူထုအရေး ဦးဆောင်လှုပ်ရှားသူများအနေဖြင့် ထောင်ထဲရောက်သူရောက် တောထဲရောက်သူရောက်နှင့် အစည်းပြေ ပြန့်ကျဲသွားခဲ့ရသည်။
စစ်အစိုးရလက်ထက်တွင် အရင်အစိုးရလက်ထက်က မအောင်မြင်ခဲ့သော ဆိုရှယ်လစ်စီမံကိန်းစီးပွားရေး မူဝါဒ များကို ခဝါချပစ်ပယ်ဟန်ပြု၍ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးသည်ဆိုကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ခဲ့သော်လည်း ပီပြင်စနစ်ကျသော ဈေးကွက်စီးပွားရေးစနစ်ပုံစံ ဖြစ်ထွန်းပေါ်ပေါက်မလာဘဲ ဂုဏ်သိက္ခာမဲ့ နိုင်ငံခြား ကုမ္ပဏီတချို့နှင့် စစ်အစိုးရခေါင်းဆောင်များ လက်ဝါးရိုက်သဘောတူညီသည့် လက်ဝေခံစီးပွားရေး သဘောဆန်ဆန် ပုံစံမျိုးသာဖြစ်ပေါ်လာပြီး သက်ဆိုင်ရာကုမ္ပဏီများ အမြတ်ကြီးကြီး ရကာ စစ်ခေါင်းဆောင်တချို့၏ မိသားစုများ၊ စစ်ခေါင်းဆောင်များနှင့် နီးစပ်ပတ်သက်သူတချို့သာ ကြီးပွား ချမ်းသာခဲ့ကြပေသည်။
မြန်မာပြည်၏ အခြေခံလူတန်းစားလည်းဖြစ် အောက်ခြေလူများစုကြီးလည်း ဖြစ်သည့် လယ်သမားတို့၏ဘဝ မဆလခေတ်ကထက် ပိုဆိုးလာပြီး အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတို့မှာ နိမ့်ပါးလှသော လုပ်ခလစာများကို မလောက်မငှ ရယူသုံးစွဲကြရင်း ဆင်းရဲတွင်းနက်နေခဲ့ရသည်။
ပြည်သူလူထုအဖို့ အကြမ်းဖက်အုပ်ချုပ်သော အစိုးရကိုကြောက်ရ၊ အစိုးရအာဏာပိုင်များ၏ အကာအကွယ်ဖြင့် ဝိသမလောဘ တံခွန်ထူ စီးပွားရေးသမားများ၏ မတရားဂုတ်သွေးစုတ်မှုကိုလည်းခံရ၊ ဖိနှိပ်အုပ်ချုပ်သော စနစ်ဆိုးကိုလည်း တုံ့ပြန်အံတုနိုင်စွမ်း မရှိသဖြင့် မိမိတို့ မိသားစု ဘဝရပ်တည်နိုင်ရေးအတွက် နည်းလမ်း အမျိုးမျိုး ရှာဖွေကာ ရုန်းကန်ကြိုးပမ်းကြရလေသည်။
မြို့ပြနှင့် တောရွာနေ လောက်ခြေအလွှာ မိသားစုအများစုထဲမှ လူရွယ်၊လူငယ် အတော်များများ အိမ်နီးချင်း နိုင်ငံများသို့ တရားဝင်ရော တရားမဝင်ပါ စွန့်စားသွားရောက်၍ အောက်ခြေသိမ်း အလုပ်များလုပ်ဆောင်ကာ ရသမျှဝင်ငွေဖြင့် မိသားစုထံ ပြန်လည်ထောက်ပံ့ကြရသည်။ သူတပါးနိုင်ငံမှာ မျက်နှာငယ်ငယ်ဖြင့် အလုပ် လုပ်ကိုင်ကြရင်း အနိုင်ကျင့်ခေါင်းပုံဖြတ်ခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်းနှင့် လက်လွှဲရောင်းစားခံဘဝရောက်ရ ခြင်းများကိုလည်း မကြာခဏ ကြုံတွေ့ကြရ၏။
တဖက်မှာလည်း တိုင်းရင်းသားနယ်မြေများ၌ အဆက်မပြတ်ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော စစ်ပွဲများ ကြောင့် တောတောင်များထဲတွင် ရွာပုန်းရွာရှောင်များအဖြစ် ပုန်းအောင်းနေကြရင်း နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့် ထိုင်းနိုင်ငံပိုင် နယ်မြေအတွင်း၌ ခိုလှုံရေးစခန်းများ ဖွင့်လှစ်ပြီး နေထိုင်ကြရသော တိုင်းရင်းသား ဒုက္ခသည်စခန်းများလည်း ရှိနေသည်။
တချိန်တည်းမှာ တော်လှန်ရေးလှုပ်ရှားမှုအတွင်းမှ မြို့ပေါ်ရောက်လာသူများ၊ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှု ကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများ၊ ခိုကိုးရာမဲ့ ဒုက္ခသည်များအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကမကထပြု၍ တတိယနိုင်ငံတချို့တွင် ပြန်လည်အချေချနေထိုင်ရေး အစီအစဉ်များကို ဆောင်ရွက်လာရာ သွားရောက်ရန် ဆန္ဒရှိသော တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ဒုက္ခသည်မိသားစု များနှင့်အတူ ပြည်ပမှာလာရောက် လုပ်ကိုင်စားသောက်နေသူများလည်း ပါဝင်လာကြသည်။
အစောပိုင်းကာလများက UNHCR ၏ဆောင်ရွက်ချက်များကို မြို့ပေါ်အခြေစိုက်လုပ်ဆောင်ရာမှ နောက်ပိုင်း တွင် ဒုက္ခသည်စခန်းများ၌ ပြောင်းလဲအခြေစိုက်လုပ်ကိုင်လာသဖြင့် မြို့ပေါ်ရှိ UNHCR ရုံးများတွင် စာရင်းပေး လျှောက်ထားကြသူများကိုလည်း ဒုက္ခသည်စခန်းတည်ရှိရာသို့ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့သည်။ ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင်တော့ ဒုက္ခသည်အဖြစ်ခံယူပြီး တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချလိုသူ အားလုံးနီးပါး ဒုက္ခသည်စခန်းများသို့ မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ကြရတော့သည်။
UNHCR မှ မြို့ပေါ်ရှိ မှတ်ပုံတင်လျှောက်ထားသူများအား ထိုင်းပြည်ထဲရေးနှင့် အကြိုညှိနှိုင်း ဓာတ်ပုံရိုက်ပြီး သင့်တော်ရာ စခန်းအတွင်းသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ချိန်တွင် ကောလဟလ သတင်းပေါင်းစုံထွက်ပေါ်နေပြီး တတိယနိုင်ငံသို့ ပို့ဆောင်ပေးမည့် လုပ်ငန်းစဉ်များ မရှိတော့ဟု ယုံကြည်ထားသူများက စခန်းတွင်း လိုက်ပါရန် ငြင်းဆန်ခဲ့ကြသည်။ မယုံတဝက်ယုံတဝက်ဖြင့် ကံတရားစီမံရာအတိုင်းပဲ သဘောထားကာ လိုက်ပါလာသူများ ထဲမှ တတိယနိုင်ငံများသို့ ရောက်ရှိသွားသူတချို့ ရှိလာသည့်အခါမှာတော့ UNHCR ၏ လုပ်ဆောင်ချက်အပေါ် ယုံကြည် စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး စခန်းများအတွင်းတွင် လူသစ်များစွာ ထပ်မံရောက်ရှိပြီး အင်အား တိုးပွားလာပြန်သည်။
UNHCR တွင် ခိုလှုံခွင့်လျှောက်ထားသူများစွာ၏ အတွေးထဲ၌ လက်ရှိမြန်မာပြည် အခြေအနေ၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများတွင် လုပ်ကိုင်စား သောက်ရသည့် အနေအထားများနှင့် နှိုင်းယှဉ်တွေးတောပါက တတိယနိုင်ငံ တခုခုမှာ ပြန်လည်အခြေချ နေထိုင်ရမည့် အခွင့်အရေးမှာ တမ်းတနှစ်လိုဖွယ်အိပ်မက်တခု ဖြစ်လာသည်။ သို့သော် အိပ်မက်တခု တကယ်ဖြစ်လာဖို့ ဆိုသည်မှာလည်း အကြောင်းခံတရားများစွာ ပေါင်းစုညီညွှတ်ပါမှ အကျိုးတရား ထွက်ပေါ် လာရသကဲ့သို့ တိကျရေရာ ပြတ်သားသော မျှော်မှန်းချက် မဟုတ်ပါပေ။
စာရေးသူသည် ၂၀၀၆ ခုနှစ်တွင် UNHCR ၏ စီစဉ်မှုဖြင့် ဒုက္ခသည်စခန်းထဲသို့ ရောက်ရှိသွားပြီး ဆယ်စုနှစ် တခုနီးပါး နေထိုင်ခဲ့ရသူ ဖြစ်ပါသည်။ ယခုလိုရေးသားရခြင်းမှာ ထိုကာလတလျှောက် ကြုံတွေ့သိမြင်ခဲ့ရသော ဖြစ်ရပ်နှင့် အကြောင်းအရာ များကို ဒုက္ခသည်စခန်းနှင့် အလှမ်းဝေးသော မိတ်ဆွေစာဖတ်သူများသို့ ပြန်လည် ဖောက်သည်ချလိုရင်းဖြစ်ပါသည်။ ထိုသို့ဖော်ပြရာ၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များနှင့် ကြားသိမိခဲ့ရ သမျှ အကြောင်းအရာများကို အခြေခံ ရေးသားရသည်ဖြစ်သဖြင့် ဒုက္ခသည်စခန်းများ၏ ပုံရိပ်တစိတ်တပိုင်း ကိုတော့ ထင်ဟပ်ပေါ်လွင်စေလိမ့်မည်ဟု မျှော်လင့်မိပါသည်။
မြန်မာနိုင်ငံသား အများစုကြီး ဂဃနဏ ရေရေလည်လည် မသိနိုင်သေးသည့် မြန်မာပြည်သား အစိပ်အပိုင်း တခု၏ အေးချမ်းတည်ငြိမ်လုံခြုံမှုမရှိသော မရေမရာဘဝမှာ လင်းလက်တောက်ပသော အနာဂတ်ဆီသို့ အရောက်လှမ်းနိုင်ဖို့ အခါအခွင့်သင့် အိပ်မက်တွေ မက်ခွင့်ရခဲ့ကြသည်။ သို့သော် ထိုအိပ်မက်တို့ကား အားလုံးသောသူတွေအတွက် တထစ်ကျဖြစ်ကိုဖြစ်ရမည်ဟု အာမခံနိုင်သော သေချာမှုတော့ မဟုတ်။ ကြိုးတန်းပေါ်လမ်းလျှောက်သည့်ပမာ လှုပ်ခါယိမ်းထိုးဖြစ်နေသော ‘မရေမရာ ဝေဝါးဝါး အိပ်မက်များ’ အကြောင်းကို မိတ်ဆက်တင်ပြပေးရသော် ဤသို့…………..
(ဆက်လက်ရေးသားပါမည်)
ဝေမော်
၁၀-၉-၂၀၁၃