Quantcast
Viewing all articles
Browse latest Browse all 1811

လည်လည်သွားကြမယ် ( ၂ )


Thanda Win's photo.

စင်္ကာပူလို့ ပထမဆုံးကြားဖူးတာ ဒုတိယနှစ်တုန်းကပါ။ ငယ်ပေါင်းသူငယ်ချင်းက တက္ကသိုလ်တက်ရင်းတန်းလန်းနဲ့ သူ့အမဆီကို လိုက်သွားမယ်ဆိုလို့လေ။ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ အရပ်ဒေသတစ်ခုပေါ့။ ခုနေပြန်စဉ်းစားမှ ၁၉၉၃-၉၄ လောက်ကဆိုတော့ စင်္ကာပူ ထိုးတက်ချိန်ဖြစ်မှာပေါ့။ ပြည်ပလုပ်သားတွေ ပေါပေါများများ လိုတဲ့အချိန်ဖြစ်မယ်။ သူတို့ညီအမ စာရင်းကိုင်သင်တန်းတွေကနေတစ်ဆင့် တည်ဆောက်သွားလိုက်ကြတာ အခုတော့ ဘောစိတွေဖြစ်လို့။ ရှေ့ရေးကို ကြိုတွေးတတ်ကြတာကိုး။ နမူနာပါ။

နောက်တစ်ချီပြောဖြစ်ကြတာကတော့ လန်ဒန်မှာ။ စင်္ကာပူသွားလည်တဲ့အကြောင်း တစ်ယောက်ကပြောတော့ အင်္ဂလိပ်လူမျိုး ဆရာကြီးက မလည်ချင်ပါဘူး။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ စည်းကမ်းတွေများလွန်းလို့ ကျဉ်းကျပ်တယ်၊ ပျော်စရာကောင်းမှာမဟုတ်ဘူးတဲ့။ သူ ဘာပြောတာလဲလို့ ၆ နှစ်ကြာမှ သိတယ်ကော။ ချောင်ချောင်လည်လည် မနေဖူးတဲ့သူတွေက ကျဉ်းကျပ်တယ်ဆိုတာ ဘာအဓိပ္ပါယ်မှန်း ဘယ်သိနိုင်ပါ့မလဲနော်။

ဘာမှန်းညာမှန်းနားမလည်ခင်ကတော့ အတွေးထဲမှာ စင်္ကာပူဟာ ပြီးပြည့်စုံတဲ့ ဘုံတစ်ခုလိုထင်နေတာ။ အရှေ့တိုင်းယဉ်ကျေးမှုနဲ့ စည်းကမ်းကောင်းတယ်ဆိုတော့ ကိုယ့်ကလေးအတွက် အဆင်ပြေလိမ့်မယ်လို့။ အခြေချရင်ကောင်းမလားလို့ စိတ်ကူးဖူးတယ်။ နောက်တော့ ဘောစိဖြစ်နေတဲ့သူငယ်ချင်းဆီက သူ့ကလေးကို အတန်းကျောင်းထားတဲ့ ကိုယ်တွေ့တွေကြားရတော့ ထင်သလောက်မဟုတ်ဘူးဆိုတာ သိသွားတယ်။ ကိုယ့်သမီးအတွက် ကိုယ်ဖြစ်စေချင်တဲ့ အနာဂတ်မျိုးနဲ့ တစ်ခြားစီမှ တစ်ခြားစီ။

ခရီးသွားရမှာ အင်မတန်ကြောက်တဲ့ မေမေဟာ သူ့တူမရှိတယ်ဆိုတဲ့ အသိနဲ့ စင်္ကာပူကို သွားချင်တယ်လို့ ဆိုလာပါတယ်။ ဒါနဲ့ ဘန်ကောက်အပြန်မှာ ၀င်ဖို့ စီစဉ်ကြတယ်။ လေယာဉ်ပေါ်က ကြည့်လိုက်ရင်ကိုပဲ အခြေအနေကို သဘောပေါက်မိတယ်။ လား လား စင်္ကာပူဆိုတာ ပိစိညှောက်တောက်လေးပါလား ကရို့။ လူဦးရေ ၃ သန်းဆိုတော့ ရန်ကုန်မြို့တစ်ဝက်ပေါ့။ ဒါကြောင့်လည်း စာတစ်ပုဒ်ထဲမှာ နာရီဝက်ကားမောင်းပြီးသည်နှင့် ပင်လယ်ကမ်းခြေအစပ်သို့ ဒုတ်ဒုတ်ထိရောက်သောလို့ ဆိုပေတာကိုး။ နိုင်ငံလား၊ မြို့တော်လားဆိုတဲ့ မေးခွန်း ဘာကြောင့်မေးကြသလဲဆိုတာ သိပြီ။

ဝင် ၀င်ခြင်း ဆောက်နဲ့ ထွင်းဆိုသလိုပဲ မေမေ့အိတ်ကို သယ်လာပေးတဲ့ ကိုယ့်မှာ အိတ်ထဲဘာပါမှန်းမသိပဲ အရှာခံရပါတော့တယ်။ ရယ်တော့ရယ်ရသား။ ထွက်လာတာက ဓါတ်မီးကြီး။ မီးပျက်တဲ့ဒေသက လာကြတဲ့သူတွေဆိုတော့လေ။ လာကြိုတဲ့သူက နှစ်ယောက်ဆိုတော့ အားလုံး ၆ ယောက်ဖြစ်နေလို့ တက္ကစီငှားတော့လည်း ဆလွန်းတွေပဲရှိတာမို့ မဆန့်တာနဲ့ နှစ်စီးငှားလိုက်ရတယ်။ မြန်မာတွေပီပီ ကပ်ကပ်သပ်သပ်ကြပ်ကြပ်ထိုင်လို့လဲ ရဘူးတဲ့။ ဒါဆိုလည်း စူပါကပ်စတန်လေးဘာလေးစီစဉ်ပါလား နော့။

လမ်းမတွေဟာ သန့်ရှင်းသပ်ရပ်ပြီး သစ်ပင်တွေစိမ်းစိုစိုနဲ့ ရည်ရွယ်ချက်ရှိရှိကို စိုက်ပျိုးထားမှန်း သိသာလှပါတယ်။ ကြည့်လိုက်ရင် စိမ်းနေအောင်ပေါ့။ တည်းခိုခန်းကိုရောက်တာနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့တော့တာပါပဲ။ ဘန်ကောက်မှာ ၁၅ ပေ x ၂၅ ပေလောက်ရှိတဲ့ အခန်းကြီးကို တစ်ည ဒေါ်လာ ၄၀ နဲ့ စိတ်တိုင်းကျနေလာပြီးတဲ့နောက် ၁၀ ပေပတ်လည်လေးထဲမှာ ရေချိုးခန်း၊ အိမ်သာ ထည့်ထားပြီး ကုတင်ဘေးမှာ ၂ ပေအလွတ်မကျန်တော့တဲ့ အခန်းကို တစ်ည ဒေါ်လာ ၁၀၀ ပေးရတာ ဘယ်လိုမှ တန်တယ်လို့ကို မထင်တော့ပါဘူး။ လာမိတာ မှားလေခြင်းပေါ့လေ။ ငြီးမယ်လို့မှ မကြံသေးဘူး၊ မေမေက မနက်ဖြန်ပြန်မယ်တဲ့။ ဖြစ်သေးဘူးလေ။ အခန်းက ၂ ည ငှားထားပြီ။ လေယာဉ်လက်မှတ်စီစဉ်ထားပြီးသားဆိုတော့ မနေချင်လည်း နေပေတော့ပေါ့။

ရောက်တဲ့ညဆိုတော့ မိတ်ဆွေအိမ်က ထမင်းဖိတ်ကျွေးတာ သွားစားကြတယ်။ တိုက်ခန်းကျဉ်းကလေး၊ အိပ်ခန်း ၂ ခန်းပါတဲ့ ကွန်ဒိုမှာ တစ်လကို ငှားခက စင်္ကာပူ ဒေါ်လာ ၁၆၀၀ တဲ့။ ဘုရားတမိတာပဲ။ ဆာဆာနဲ့ အိမ်ထမင်း အိမ်ဟင်းကို အ၀တီးကြတယ်။ အားမနာတမ်းပေါ့လေ။ အပြန်မှာ အိပ်ငိုက်နေပေမယ့် နာမည်ကျော်အရုပ်ကြီးဆီသွားပြီး ဓါတ်ပုံရိုက်ကြသေးတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံတွေချည်းထွက်လာတာပဲ။

နောက်တစ်နေ့မှာတော့ အမကလာခေါ်ပေးလို့ ရထားစီးပြီး လျှောက်လည်တာပေါ့။ ရုံးဖွင့်ရက်မို့ လူတွေပြေးလွှားနေတာကိုကြည့်ပြီး စက်ရုပ်တွေလိုပဲလို့ ခံစားမိပါတယ်။ လန်ဒန်မှာလည်း ဒီလိုပဲ ဆင်းကြ၊ တက်ကြ အလောသုံးဆယ်ပါပဲ။ ဘာကွာသလဲလို့ ကြည့်လိုက်တော့ မျက်နှာပေါ်က တင်းကျပ်မှုတွေကွာတယ်။ စိတ်ဖိစီးမှုတွေဟာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေလို့ အလည်လာတဲ့ကိုယ့်အဖို့ မွန်းကျပ်သလိုပဲ။ ကိုယ်တွေလို လျှောက်လည်နေတဲ့အထဲမှာ အနောက်တိုင်းသားတွေလည်း နည်းပါးလှပါတယ်။ မမြင်ရသလောက်ပဲ။ ဘန်ကောက်နဲ့ အကွာကြီးကွာနေတာမို့ ကိုယ့်ဆရာကြီးပြောတာကို သတိရနေမိတယ်။

အဲဒီမှာ 4 D ရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးတာပါ။ ဈေးကလည်း ကြီးမှကြီးပဲ။ သစ်လုံးကြီးတွေ ကိုယ့်ဆီပြေးဝင်လာသလားလို့ ကြောက်တောင်ကြောက်တယ်။ သမီးကတော့ သူ့အဖေပေါင်ပေါ်မှာ ၀ပ်နေလေရဲ့။ အခုတော့ ရန်ကုန်မှာလည်း ရှိနေပြီဆိုတော့ အထူးအဆန်းမဟုတ်တော့ဘူးပေါ့လေ။ နောက်တစ်ခုက ရေအောက်ပြခန်းကို ၀င်ကြည့်တော့လည်း ပိုက်ဆံထပ်ပေးရပြန်ရော။ လှလှပပ အထူးအဆန်းတွေကို သပ်သပ်ရပ်ရပ်လုပ်ထားပေမယ့် ဘန်ကောက်လို တစ်ခါပေးပြီး မပြီးဘူး။ ခဏ ခဏပိုက်ဆံတောင်းတာ မြန်မာပြည်လိုပဲ။ ထမင်းစားတော့လည်း သီးသန့်ဝယ်စားရ။ ကိုယ်တွေကလည်း မတူတာနှစ်ခု လိုက်နှိုင်းယှဉ်နေမိတော့ ပျော်သင့်သလောက် မပျော်ဘူးပေါ့။

ကောင်းကင်ရထားလည်း စီးကြတယ်။ သစ်ခွခြံကိုတော့ သဘောကျတယ်။ သပ်ရပ်တယ်၊ လှပတယ်။ ဒီလိုသာလုပ်နိုင်ရင် ရန်ကုန် ကန်တော်ကြီးဆိုတာ အပုံကြီးသာမှာပဲ။ နေရာအကျယ်အ၀န်းအနေအထားခြင်း ဘာမှမဆိုင်ဘူးလေ။ ဈေးဝယ်တော့လည်း ဘာပဲကိုင်ကြည့်ကြည့် ဘန်ကောက်ဈေးနှစ်ဆဖြစ်နေလို့ ဘာမှ မ၀ယ်ဖြစ်ဘူး။

အမဦးဆောင်ခေါ်သွားတဲ့ ပင်လယ်ကမ်းခြေကို ကြည့်ပြီး ငိုရမလား၊ ရယ်ရမလားတောင် မသိပါဘူး။ ဒါ မြစ်ကမ်းခြေတစ်ခုထက်မှ မပိုတာနော်။ ဒါလေးကိုပဲ နေပူကျဲကျဲထဲမှာ ကြိုးစားပမ်းစား အပန်းဖြေနေကြတာ ရယ်စရာတော့ အကောင်းသား။ ချောင်းသာနဲ့ ငွေဆောင်ကို အခေါက်ခေါက်ရောက်ဖူးတဲ့ ကိုယ့်အတွက် ဘယ်လိုမှကို ခံစားကြည်နူးဖို့ မဖြစ်နိုင်ဘူး။ အရေးထဲ ဖိနပ်ကလည်း ပြတ်သွားသေးတာ။ ရာဘာဖိနပ်တစ်ရံကို ၁၀ ဒေါ်လာနဲ့ ၀ယ်လိုက်ရလို့ ပိုလို့တောင် ဖီလင်အောက်သွားတာပေါ့။ စိတ်နာနာနဲ့ ၀ယ်ထားတဲ့ဖိနပ်ကို ဒီနေ့အထိ အိမ်မှာစီးတုန်းပဲ။

အပြန်လေယာဉ်ကွင်းမှာတော့ ပိုတောင်ဆိုးသွားသေးတယ်။ မေမေက မေ့ပြီးတော့ အဖေလက်ဆောင်ပေးထားတဲ့ swiss knife ကို အိတ်ထဲထည့်ထားလို့ လေဆိပ်က သိမ်းသွားရော။ နှစ် ၃၀ လောက် သူသိမ်းထားတဲ့ အဖေ့အမွေပါသွားလို့ ငိုမဲ့မဲ့နဲ့။ အသက်ကြီးသူမို့ လွှတ်ပေးလိုက်တာတော်သေး။ ကိုယ်တွေသာဆို ဖမ်းကုတ်ထားလိုက်ရင် ဒုက္ခ။

အကုန်လုံးကို ပြန်ခြုံကြည့်လိုက်တော့ စင်္ကာပူကို အနောက်တိုင်းသားတွေ ဘာကြောင့်မလာသလဲဆိုတာ သေသေချာချာသိသွားတယ်။ အားလုံးက ဘန်ကောက်လို သဘာဝအလှအပကို ထပ်ဆင့်မွမ်းမံပြင်ဆင်ထားတာမျိုးမဟုတ်ပဲ လူလုပ်ထားတဲ့၊ လူဆောက်ထားတဲ့ အလှအပအတုတွေချည်းပဲကိုး။ ဒါတွေကို ရိုးအီလွန်းလို့ မြို့ပြကနေ ထွက်ပြေးချင်သူတွေအဖို့ ဘယ်မှာပျော်စရာကောင်းလိမ့်မလဲ။ နေရာအကျယ်အ၀န်းကလည်း နည်းပါးလွန်းတာမို့ စိတ်ကျဉ်းကြပ်မှုကို အလွယ်တကူဖြစ်စေတယ်။ ကိုယ့်လို တောသူအတွက် အသက်၀၀ ရှူမရ။

ဒါကြောင့်လည်း လီကွမ်ယုဟာ စင်္ကာပူနိုင်ငံရယ်လို့ ခွဲထွက်ရမယ်ဆိုတုန်းက ငိုတာဖြစ်မှာပဲ။ ရေခွက်ထဲထည့်ထားတဲ့ ကစားစရာကျွန်းကလေးလောက်ရှိတဲ့ဟာ။ ကြည့်မကောင်း ကောင်းအောင် အတင်းကို လုပ်ယူထားရတာ။ ဒါလေးကို တတိယ ၀င်ငွေအကောင်းဆုံးတိုင်းပြည်ဖြစ်အောင်လုပ်တယ်ဆိုတော့ ရွှေချထားဖို့ မကောင်းဘူးလား။ ဘယ်လိုမကောင်းတဲ့ အကြောင်းတွေပဲရှိရှိ သူသာ အနောက်တိုင်းသားဆိုရင်တော့ ကစ်ဆင်းဂျားလောက် ရယ်တာပေါ့နေမှာပဲ။

စင်္ကာပူဟာ နောက်နှစ် ၁၀၀ ရပ်တည်ဖို့ မလွယ်ပါဘူးလို့ သူကိုယ်တိုင်ဝန်ခံထားတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် စီးပွားပိတ်နိုင်တယ်ဆိုတော့ ကာစီနိုကို အရင်တည်ထားတယ်။ ရပ်တည်ရုန်းကန်နိုင်အောင် ကိုယ်သေပြီး နောက်နှစ် ၁၀၀ ကိုတွေးပူပေးမယ့် ပုဂ္ဂိုလ်တစ်ယောက်ရှိနေတာနဲ့တင် စင်္ကာပူဟာ ရှေ့တန်းကို တက်လာခဲ့တာ။

အားကျတယ်။ မနာလိုဘူး။ စင်္ကာပူကို နောက်တစ်ခါ ခြေချဖို့ စိတ်မကူးပေမယ့် လီကွမ်ယုရဲ့ ဦးဏှောက်ကိုတော့ ခိုးလို့ရရင် ခိုးချင်သား။ သူ့စိတ်ဓါတ်မျိုး တစ်ဝက်လောက် တို့တတွေမှာ ရှိရင်လေ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>