Quantcast
Viewing all articles
Browse latest Browse all 1811

အင်ဖက်ခေါင်မိုးအောက်က ဝိုးတဝါးအိပ်မက်များ(၂)


Image may be NSFW.
Clik here to view.



အိပ်မက်မြေမှာ ၇ နှစ်ကြာ

ပတ်ဝန်းကျင် တခွင်လုံး မှိုင်းမှိုင်းမှုန် အုံ့ဆိုင်းနေပြီး ချမ်းစိမ့်စိမ့် အေးမြလျက်ရှိသည်။ နံနက် ၈ နာရီခန့် ရှိပြီ ဖြစ်သော်လည်း နေရောင်ခြည် ဖြဖြမျှပင် မမြင် မတွေ့ရသေး။ တချက်တချက်မှာ လင်းခနဲ လက်ခနဲ ပေါ်ထွက် လာတဲ့ လျှပ်စီးကြောင်းနှင့်အတူ မိုးထစ်ခြုန်းသံ ကြားနေရဆဲ။

တစ်ညတာလုံး သဲသဲမဲမဲ ရွာသွန်းခဲ့သော မိုးက ကျေနပ်ပြီးဆုံးမည့် ဟန်မရှိသေး။ တံစက်မြတ်ချင်း ထိလုနီးနီး အိမ်တွေအကြားရှိ ရေမြောင်း ထဲမှာ မိုးရေတွေ စီးဆင်းနေတုန်းပင်။

နံနက်စာ အဆာပြေစားပြီး ဆေးလိပ်တလိပ်ကို မီးညှိဖွာရင်း ကိုမိုးသောက် အိမ်ရှေ့လမ်းဆီ မျှော်ငေး ကြည့်နေ၏။ ယနေ့ ရောင်းရင်းကြီး ကိုအုပ်နဲ့အတူ တောင်ပေါ်တက်ကာ ဟင်းရွက်ရှာထွက်ဖို့ ချိန်းဆိုထားသဖြင့် သူလာမည့်လမ်းကို စောင့်မျှော်နေခြင်း ဖြစ်သည်။


အခန်းတွင်း ဝေ့ဝိုက်ပျံ့လွင့်နေသော ဆေးလိပ်မီးခိုးငွေ့တွေအကြားမှာ သူ့အတွေးတို့ တိုးဝင်နစ်မျော နေလေသည်။

ဘဝမှာ တခါမှ စိတ်ကူးယဉ် အိပ်မက်ပင် မရှိခဲ့ဖူးသော ဤတောတောင်ထူထပ်သည့် ရေစိမ်းမြေစိမ်း နေရာသစ် တခုသို့ မမျှော်လင့်ဘဲ ရောက်ရှိနေထိုင်လာခဲ့ရသည်မှာ ၇ နှစ်တာကာလ တင်းတင်းပြည့်လာလေပြီ။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်း မိုးသဲသဲရွာနေသည့် နေ့တနေ့မှာ ကိုမိုးသောက်တို့တတွေ ဒီနေရာလေးကို ရောက်ရှိလာခဲ့တာ ဖြစ်သည်။ မဲဆောက်မှ တောင်ဘက်သို့ ကီလိုမီတာ ၂၅၀ ခန့်ဝေးသော တောင်ကြောလမ်း ခရီးကို ၅ နာရီကျော် မော်တော်ကား စီးလာရ၏။ လမ်းတလျှောက် မြေပြန့်လွင်ပြင် အနည်းငယ်သာရှိပြီး တောင်ဆင်း တောင်တက် အကွေ့ပေါင်း ရာချီ၍ ခရီးပြင်း နှင်ခဲ့ရရာ မဲဆောက်မြို့ပိုင်ရုံးရှေ့မှ  နံနက် ၇ နာရီခန့် စထွက်သည့် ကားတန်းကြီးမှာ စခန်းထိပ် ကြိုဆိုရေး မဏ္ဍပ်သို့ နေ့လည်မွန်းတိမ်းပိုင်းမှ ရောက်သည်။ ဤခရီးစဉ်ကို UNHCR နှင့် ထိုင်းပြည်ထဲရေးတို့မှ စီစဉ်ကြီးကြပ်ကာ ၁၀ ရက်မျှကြာအောင် နေ့စဉ်ပို့ဆောင် ပေးခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် သူတို့အတွက် ပြောင်းရွှေ့ နေရာချထားရေး လုပ်ဆောင်နေစဉ် ကာလ အတွင်းမှာ ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပိုက်တာနှင့် ကြုံကြိုက်ခဲ့သည်။

ရောက်ခါစ တုန်းက သူတို့စိတ်ထဲမှာ ၆ လ ၁ နှစ်မျှသာ အလွန်ဆုံးနေရလိမ့်မည်ဟူသော စိတ်အထင်ဖြင့် လန်းဆန်း တက်ကြွ နေခဲ့ကြသည်။ ရှေ့ရှေ့က လူတွေလည်း UNHCR မှာ လျှောက်ထားပြီး ၁ နှစ်အတွင်း လောက်မှာပင် တတိယနိုင်ငံ အသီးသီးသို့ ထွက်ခွာနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသောကြောင့် မိမိတို့ အလှည့် တွင်လည်း ထိုနည်းနှင်နှင်သာ ဖြစ်လိမ့်ဟု အတွေးရောက်ခဲ့ကြခြင်း ဖြစ်တန်ရာ၏။

အဲဒီတုန်းက မျှော်လင့်ချက်အလီလီ ရင်မှာတွယ်ကပ်လို့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြသည်။ ကလေးငယ်တွေ ပညာရေး နောက်ကျနှောင့်နှေးမှု မရှိစေရအောင်  တတ်အားသမျှ ဖြည့်ဆည်းဆောင်ရွက် ပေးတာတွေ ကိုယ်စီကိုယ်ငှ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြသည်။ သင်ကြားပေးနိုင်သူတွေက သင်ကြားမှု တာဝန်ယူကြသလို ကျန်သူတွေက သင်ကြားရေးအစီအစဉ် အထမြောက်အောင်မြင်ဖို့ အဖက်ဖက်က နိုင်ရာနိုင်ရာ ပံ့ပိုးကူညီ ပေးခဲ့ကြ၏။

တသီးပုဂ္ဂလ သင်ကြားရေးအစီအစဉ်တွေအပြင် အဖွဲ့အစည်းကိုယ်စားပြု စာသင်ကျောင်း ဖွင့်လှစ်ခဲ့တာ တွေလည်း ရှိခဲ့ကြပါသည်။ ‘ပညာလို အိုသည်မရှိ’ ..။ မိသားစု ဘဝပေးအခြေအနေအရ သော်လည်းကောင်း၊ လွတ်မြောက်ရေး ရုန်းကန်လှုပ်ရှားမှု ဝင်္ကပါထဲနစ်မျောနေခဲ့ရ၍ သော်လည်းကောင်း၊ စာသင်ကျောင်းနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ရသည့် လူရွယ်လူကြီးပိုင်း တချို့လည်း ကလေးငယ်များနှင့်အတူ စာသင်ခန်း ထဲမှာ အင်္ဂလိပ်စာ ဝင်ရောက်လေ့လာသင်ယူနေကြသည်ကို မြင်တွေ့ရ၏။ ပညာလိုချင်စိတ်ဖြင့် သဲသဲမဲမဲ ကြိုးစားကြသူတွေ ၁ နှစ်တာလောက်အတွင်း သိသိသာသာ တိုးတက်မှုရှိသွားသည်။ တချို့တလေကတော့ အပျင်းပြေ ခရီးသွားဟန်လွှဲသဘော တက်ရောက်ကာ ဇွဲမရှိကြ။

ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် ပတ်သက်သော အထိမ်းအမှတ်နေ့များကိုလည်း စည်စည် ကားကား ကျင်းပပြုလုပ်တာ တွေ့မြင်ရသလို… ကရင်နှစ်သစ်ကူးပွဲတော် အခါသမယတွင် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပါဝင်ဆင်နွှဲ ကောင်းနေကြဆဲပင်။
ညနေခင်း နေညိုချိန်ဆိုလျှင် ကားလမ်းပေါ်မှာ လမ်းလျှောက်သူ၊ ခြင်းခတ်သူ၊ စက်ဘီး၊ ဆိုင်ကယ်စီးသူတွေနှင့် ပျားပန်းခပ်မျှ လှုပ်ရှားသက်ဝင်နေတော့သည်။ အားလုံး၏ စိတ်ထဲမှာ မဝေးတော့သော အနာဂတ်ခရီးအတွက် သည်နေရာမှာ ခဏတာ စောင့်ဆိုင်းနေထိုင်ရခြင်းဟုသာ ထင်မှတ်နေကြပေလိမ့်မည်။

တကယ့်လက်တွေ့တွင်မူ အခြေအနေ အရပ်ရပ်ပေါ်မူတည်လျက်  UNHCR ၏ လုပ်ငန်းစဉ်များ ပြောင်းလဲ နေတာဖြစ်သည်။ အရင်တုန်းက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းမှာ UNHCR ၏ သီးခြားလုပ်ပိုင်ခွင့် ဘောင်အတွင်း တည်ရှိနေခဲ့ပြီး UNHCR မှ စီစစ်အတည်ပြုပြီးသူများကို Person of Concern (POC) အဖြစ် သတ်မှတ်လျက် တတိယနိုင်ငံတခုခုသို့ ပြန်လည်အခြေချခွင့် ဆောင်ရွက်ပေးသည်။

၂၀၀၅ နောက်ပိုင်း ရောက်ရှိလာသည့်အခါ ယင်းကိစ္စတွင် ထိုင်းပြည်ထဲရေး၏ ပါဝင်ပတ်သက်မှု များပြားလာပြီး အဖွဲ့ဝင် ၉ ဦး ပါဝင်သော Provincial Admitting Board (PAB) ဖြင့် စီစစ်လုပ်ဆောင်လာ၏။ ၄င်းလုပ်ငန်းစဉ်၏ အကောင်အထည်ဖော် ဆောင်ရွက်မှုအရ ကိုမိုးသောက်တို့တတွေ   ဒုက္ခသည်စခန်းထဲ ရောက်ရှိလာခြင်း ဖြစ်သည်။ ဒီကြားထဲ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရာ ဒုက္ခသည်အရေးကိစ္စ စီစဉ်ဆောင်ရွက်မှု များ မည်မျှနှောင့်နှေးကြံ့ကြာသွားမည်လဲ မခန့်မှန်းနိုင်အောင် ဖြစ်နေကြရသည်။ PAB ဘုတ်အဖွဲ့ဝင် ၉ ဦးတွင် UNHCR မှ ကိုယ်စားလှယ် ၁ ဦးသာပါဝင်လေသည်။

ဤသို့သော မရေရာမသေချာသည့် အခြေအနေများ ရှိနေသည့်ကြားမှပင် သူတို့အတွက် အခွင့်သာမှုနှင့် ကြုံခဲ့ရသည်ဟု ဆိုရပေမည်။ စခန်းအတွင်း ရောက်ပြီး ၃ လခန့်အကြာတွင် PAB ဘုတ်အဖွဲ့မှ အင်တာဗျူး လုပ်ကာ ရောက်ရှိလာသူအားလုံး UNHCR အသိအမှတ်ပြု ဒုက္ခသည်အဆင့် သတ်မှတ်ခြင်းခံကြရသည်။

လူတဦးနှင့် တဦး ကံအကြောင်းတရားချင်း မတူကြလို့လား မပြောတတ်၊ တချို့သူတွေက အိပ်မက်မြေမှာ ကြာကြာခိုနားခွင့် မရလိုက်။ ၂ နှစ်လောက်အတွင်းမှာပင် ဒီမြေဒီရေမှ လွတ်မြောက်ကာ ရှေ့ခရီးဆက်သွား ကြလေသည်။ အကြောင်းကြောင်းသော မညီညွှတ်မှုများကြောင့် နှောင့်နှေးကြန့်ကြာနေရသူများကား ထင်မြင် ခန့်မှန်းချက်များ လွဲချော်လျက် မပြီးဆုံးနိုင်သေးသော အိပ်မက်ကမ္ဘာထဲမှာ တဝဲလည်လည်နှင့် ရှိနေတုန်းပင်။ ကိုမိုးသောက် သည်လည်း အိပ်မက်ရှည် လူသားတဦးအဖြစ် သောင်တင်ကျန်ရစ်နေခဲ့သည်။ သူ့ ဘဝမှာ မွေးရပ်ဇာတိမြေပြီးလျှင် ဤနေရာမှာ အကြာဆုံး နေဖူးသည်ဟု ဆိုနိုင်၏။
Image may be NSFW.
Clik here to view.



အခုတော့ ဤမြေဤဌာနေသည်ပင် ကိုယ့်မြေကိုယ့်ရွာလို ပင်ဖြစ်နေရပေပြီ။ နှစ်တနှစ်၏ ရာသီစက်ဝန်းအတိုင်း အလိုက်သင့် လှုပ်ရှားသွားလာနေထိုင်တတ်နေပေပြီ။ ယခုလိုမိုးဦးရာသီ ရောက်လာလျှင် စခန်းနှင့် မလှမ်းမကမ်းရှိ တောတန်းတောင်စဉ်တလျှောက် ရာသီစာ သစ်သီးဝလံနှင့် ဟင်းရွက် အရှာထွက်မည်။ အိမ်ဘေးမှာ ရာသီအလိုက် သီးပင်စားပင်လေးများ စိုက်ပျိုးမည်။ ဤတောင် တကျောမှာ တညင်းပင်၊ ကနစိုပင် များနှင့် ဝရောင်းချဉ်၊ ကျောက်ချဉ်ပေါင် ဖလံတောင်ဝှေး ကဲ့သို့သော ဟင်းသီးဟင်းရွက်ပင်တွေ လှိုင်လှိုင် ပေါသည်။ မျှစ်ဆိုသည်မှာကား ဝါးပင်မျိုးစုံမှ မလိုချင်အောင် ရနိုင်သည်။ သွားခဲ့သည့် အခေါက်ရေ များလှသဖြင့် တောင်ပေါ်ဘယ်နားမှာ ဘာပင်ရှိသည် ဆိုသည်ကိုပင် မြေပုံညွှန်း အလွတ်ရနေပေပြီ။

ဆောင်းရာသီရောက်တော့ သက်ငယ်ရိတ်၊ နှီးဖြာ စသော နေအိမ် ပြုပြင်ရန် လိုအပ်သည်များကို ပြင်ဆင် လုံးပန်းရ ပြန်သည်။ အိမ်ဗာဟီရ လုပ်ငန်းများ အားလပ်ချိန်တွင် မိသားစုအသုံးစရိတ်အတွက် ထိုင်းတောင်သူ များထံမှာ ပြောင်းချိုး၊ ငရုတ်သီးခူး၊ ပီလောပီနံတူး စသည့် တောင်ယာလုပ်ငန်းများနှင့် လက်သမား၊ ပန်းရံ စသော ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ယာယီ သွားရောက်လုပ်ကိုင်နိုင်သည်။ တချို့တလေလည်း ထိုင်းလုပ်ငန်းရှင်တဦးဦးထံမှာ နှစ်ပေါက်အောင် လုပ်ကိုင်နေသူရှိ၏။ စခန်းထဲမှာ အရေးတကြီး လူစစ်ဆေး သည့် အချိန်ကျမှ အရောက် ပြန်လာတတ်ကြသည်။ ဒီမှာက အခြေခံစားကုန်တချို့ကိုသာ ထောက်ပံ့ပေးထား သောကြောင့် ထုတ်ယူရသမျှရိက္ခာနှင့် မှီခို စားသောက်၍ ဘယ်လိုမှ လုံလောက်မှု မဖြစ်နိုင်။

သည်လိုနှင့် ရာသီစက်ဝန်းတွေ တပတ်ပြီးတပတ် လည်သွားကာ နှစ်တွေကြာညောင်းခဲ့ရပြီ။ ဘဝရှေ့ရေးကား ယခုချိန်ထိ မရေရာ မသေချာနိုင်သေး။ မတတ်နိုင်တော့။ နောက်ဆုတ်ရန် ခက်ခဲသွားပြီဖြစ်သော လက်ရှိအခြေ အနေကိုပင် အကောင်းဆုံးဖြစ်အောင် ပုံဖော်နေရသည်။ မိသားစု ဥမကွဲသိုက်မပျက်စေဖို့ အားထုတ်ရသည်။ ကလေးတွေ ပညာရေးအဆက်မပြတ်စေဖို့လည်း တွန်းအားပေးရသည်။

ယခင်က တံစက်မြိတ်ချင်း ထိလုမတတ် ပြွတ်သိပ် ထူထပ်များပြားလှသော လူနေအိမ်တွေမှာ ယခုတော့ ယိုင်နဲ့ဆွေးမြေ့ကာ အောက်ခြေ တိုင်အကူများ ဒေါက်များဖြင့် ထောက်ကန်အားပြုနေရတော့၏။ အသစ်ပြန်မမိုး နိုင်သော အိမ်ခေါင်များတွင် ပလပ်စတစ် ဖာထေးရာနှင့် ပြောက်တိပြောက်ကြား ဖြစ်နေ၏။ နေအိမ်ထက်ဝက် နီးပါးလောက်မှာ လူမနေ တော့သဖြင့် အပြီးတိုင် ဖျက်ဆီးခြင်းပင် ခံလိုက်ရပေပြီ။


လမ်းမပေါ်မှာ ညနေခင်း လမ်းလျှောက်သူ မရှိသလောက် ခြောက်ကပ်နေသည်။ သည်နေရာရောက်မှ မွေးဖွားသော ၃ နှစ်မှ ၆ နှစ် အရွယ်လောက် ကလေးများသာ အိမ်ကြားမြေကွက်လပ်နှင့် လမ်းကြိုလမ်းတွေထဲ ပြေးလွှားဆော့ကစားနေကြသည်။ နှစ်စဉ်ကျင်းပမြဲ ရိုးရာပွဲတော်များမှာလည်း ကြက်ပွဲသာသာ မျှလောက်သာ။

မရေရာမသေချာသော ပန်းတိုင်တခုဆီသို့ ဘာဆိုဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် မရှိလှသော အားကိုးမျှော်လင့်ချက် ဖြင့် ခရီးဆက်ကြရာဝယ် ဖြစ်နိုင်ခြေအလားအလာတို့ မှုန်ဝါးလာချိန်မျိုးမှာ မိသားစုတွင်း စိတ်ဝမ်းကွဲပြားမှုတွေ ရှိလာတတ်သည်မှာ သဘာဝ။ ကိုယ့်မျက်စိရှေ့မှောက်မှာပင် တချို့တချို့သော မိသားစုဘဝတွေ ပြိုကွဲသွားကြ သည်။ ကလေးငယ်တွေ ပညာရေးတပိုင်းတစနှင့် ရပ်တန့်နေကာ အရွယ်မတိုင်မီ အိမ်ထောင်ကျသွားတာတွေ ရှိသည်။ အဖေနဲ့အမေ စိတ်သဘောမမျှ ဖီလာဆန့်ကျင်ဖြစ်နေမှတော့ သားသမီးတွေ မရေမရာဖြစ်ကြရတာ အဆန်းတကြယ် မဆိုသာတော့။

‘ကဲ အဆင်သင့်ဖြစ်ရင် သွားကြမယ်.. ကျနော်လည်း ကလေးကျောင်းပို့နေလို့ နောက်ကျသွားတယ်’

အိမ်ရှေ့တံစက်မြိတ်အောက်မှ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ကိုမိုးသောက် အတွေးတွေ လွင့်စင်ပျောက်ကွယ်သွားလေသည်။ ကိုအုပ် ရောက်လာပါချေပြီ။ ဘေးမှာအသင့်ချထားသော ဓားအိမ်ပါ ဓားချွန်တချောင်းကို ကောက်လွယ်လိုက်ပြီး ဇနီးသည် မနေခြည် ကမ်းပေးလာသော အိတ်ခွံတလုံးကို လှမ်းယူကာ အိမ်ပေါ်မှ တလှမ်းချင်းဆင်း လာခဲ့၏။ အိမ်ကြားလမ်းကျဉ်းလေးပေါ် ဖြတ်လျှောက်လာပြီး စခန်းစည်းရိုးအပြင် လမ်းမဆီသို့ ရောက်သောအခါ တောင်ခြေသို့ သွားရာလမ်းအတိုင်း ဦးတည်လိုက်သည်။

အနိမ့်အမြင့် အဆင့်ဆင့် အထပ်ထပ် ယှက်နွယ်ခွေပတ်နေသော တောင်ကြောတလျှောက် တောင်ခါးပန်း တဝိုက်ဝယ် မြူခိုးတွေ အုံ့ဆိုင်း မှိုင်းမှုန်လျက် ရှိနေတုန်းပင်။
(ဆက်ပါဦးမည်)

ဝေမော်
၁၅-၉-၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...