
ကျွန်တော် သူ့အပေါ် ရက်စက်ရာရောက်ခဲ့ပြီလားလို့ ကျွန်တော့်ကိုယ်ကျွန်တော် တွေးနေမိတယ်။
နေရှိန်ပြင်းလှတဲ့တစ်နေ့မှာ ကျွန်တော် လက်ပ့တော့လေးတစ်လုံးနဲ့ သဲကြီးမဲကြီး အလုပ်လုပ်နေလေရဲ့။ မျက်နှာကြက်မတပ်ထားတဲ့ သွပ်မိုးအိမ်လေးတစ်လုံးရဲအပေါ်ဖက် ပူပြင်းတဲ့ ဒဏ်အောက်မှာ ပူမှန်းမသိ အလုပ်လုပ်ဖြစ်နေလေရဲ့။ သို့သော် ဘေးနားဆီမှ တဝီဝီလည်နေသော ပန်ကာလေးတစ်လုံးကတော့ အအေးဓာတ်အနည်းငယ်ကို ဆောင်ကြဉ်းပေးလာနေလေရဲ့။
ကျွန်တော် အလုပ်လုပ်နေတာက စာရေးစားပွဲပေါ်မှာ လက်ပ့တော့ကို တင်၊ ရှေ့မှာထိုင်လျှက် ဟိုစာအုပ်လှန်၊ ဒီစာအုပ်လှော၊ ဟိုစာရိုက်၊ ဒီစာရိုက်ပါပဲ။
ဘုရားစင်ရဲ့ ဘယ်ဘက်ထောင့်စွန်းနာလေးမှာ ကုလားထိုင်လေးနဲ့ ထိုင်လျှက်သား။
မနက်ပိုင်းက အဆာပြေစားဖို့ဆိုပြီး အပေါ်ထပ်တင်လာခဲ့တဲ့ ကော်ဖီတစ်ခွက်နဲ့ အချိုဓာတ်လျှော့ ဘီစကွတ် (၅) ခုက လက်ပ့တော့လေးရဲ့ ဘယ်ဘက်အစွန်နားလေးမှာ ယုံ့ယုံ့လေး ထိုင်နေလေရဲ့။ ကျွန်တော် သတိရသလိုရှိတိုင်း ဒီကော်ဖီခွက်လေးကို လှမ်းလှမ်းကိုင်သပေါ့။ သူ့ဘေးနားက မုန့် (၃) ခုလောက်ကိုလည်း ဗိုက်ဆာနေတော့ မှတ်မှတ်ရရ စားလိုက်တယ်။
ဒီလိုနဲ့ အချိန်တွေက ကုန်သထက်၊ ကုန်လာနေတယ်။ နေပူရှိန်ကလည်း ပြင်းသထက်ပြင်းလာနေတယ်။ ကျွန်တော်ကတော့ နေရာက မထ၊ အလုပ်လုပ်နေဆဲ။
ဘေးနားက ကော်ဖီခွက်လေးနဲ့ မုန့်နှစ်ခုက ငေါင်စင်းစင်းကြီး ဖြစ်လို့။
ဒီအချိန်မှာ သူတို့တွေကို ကျွန်တော် စမြင်လိုက်ရတယ်။ နေပူချိန်ကြောင့်လား၊
စားစရာအနံ့ကြောင့်လားမသိ ဘုရားစင်ပေါ်ကနေ လက်ပ့တော့ပေါ်ကို ဖြတ်ပြီး စားပွဲပေါ်သို့ အိနြေ္ဒရရ စီစီရီရီ ဆင်းလာကြတဲ့ သူတို့တွေကိုလေ။ စည်းကမ်းသေဝပ် စနစ်ကျလိုက်တာလို့ ကျွန်တော့်စိတ်ထဲ မသိမသာလေး ချီးကျူးဖြစ်နေတယ်။
ဒါပေမယ့် အလုပ်ကိုတော့ သဲသဲမဲမဲ ဆက်လုပ်နေဆဲ။
ဒီလိုနဲ့ ဗိုက်ထဲက ဆာတာတာရှိလာတဲ့အချိန် ကော်ဖီခွက်လေးကို သတိတရနဲ့ ပြန်မပြီး အကုန် မော့လိုက်ရပြီ။ ဘီစကွတ်မုန့်လေး တစ်ခုကိုလည်း ဆာဆာနဲ့ ဆတ်ကနဲ ဆွဲဝါးလိုက်ရပြီ။ အားလုံးစုပြုံပြီး ဗိုက်ထဲကျသွားတဲ့ အသံ ကိုယ်တိုင်တောင် ပြန်ကြားမိသလိုလို ရှိရဲ့…. “ဂလု…”
တစ်ခုတည်းသော ဘီစကွတ်လေးက စိတ်ရှည်စွာ စောင့်မျှော်လျှက်…။ ကိုယ်ကတော့ သူ့ကို မျက်စပစ်ဖို့တောင် သတိမရဘဲ ဆက်လုပ်နေလေရဲ့..။
ဒီအချိန်မှာ စီကာရီကာ ညီညီညာညာ ဆင်းလာတဲ့ သူတို့တွေကို ကျွန်တော် ဒုတိယအကြိမ် သတိထားမိပြန်ပါရော။ သူတို့ရဲ့ ညီညာတဲ့ စိတ်ဓာတ်လေးကို လေးစားစိတ် တဖွားဖွား ပေါ်မိပြန်လေရော။ “တယ်တော်တဲ့ ကောင်တွေပဲ” လို့ စိတ်ထဲက ချီးကျူးမိပြန်ရော။
အခုတစ်ခါ သူတို့ ဆင်းလာတာ ပိုများနေတယ်။ လက်ပ့တော့ စကရင်မှာ သူတို့တွေ တစ်ဖွဲ့တည်း၊ တစ်တန်းတည်း ပုံစံမျိုးနဲ့ ဆင်းလာကြတယ်။ သူတို့တွေဟာ စစ်တပ်တစ်တပ်နဲ့တူတယ်လို့ ကျွန်တော် ချက်ချင်း အတွေးဝင်လာတယ်။
ပြီးတော့မှ ဒီအတွေးကို ခပ်ရှက်ရှက်နဲ့ ပြန်ရုပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ တစ်ဝမ်းတစ်ခါး အတွက် တစ်ဦးကောင်းကျိုး (အတ္တစိတ်) မပါဘဲ ကျန်တဲ့ သူ့ဆွေမျိုးတွေကို မရမက အပါခေါ်နေတယ်။ အားနဲ့မာန်နဲ့ ချီနေကြတယ်။ ဒါပေမယ့် သူတို့တွေ လောဘဇောနဲ့ တစ်ယောက်ကိုတစ်ယောက် အတင်းတိုးဝှေ့ပြီး မသွားနေကြဘူး။ အားလုံးကို တပြေးညီ ဆက်ဆံတတ်ကြတယ်။
လှလိုက်တဲ့စိတ်ဓာတ်၊ ကောင်းလိုက်တဲ့ စည်းရုံးမှုအင်အားတစ်ခု။
ဒီအတွေးလေးတွေကြောင့် ကျွန်တော် ရှက်မိသွားခြင်းပါ။ သူတို့တွေဟာ စစ်တပ်တစ်တပ်နဲ့တူတယ်ဆိုတဲ့ အတွေးလေးကို ကျွန်တော် တမုဟုတ်ချင်း နင်းချေပစ်လိုက်တယ်။ ပြီးတော့ သူတို့နဲ့ အလားသဏ္ဍာန်တူနိုင်မယ့် ဥပမာလေးတစ်ခုကို အပြေးလေး စဉ်းစားမိလိုက်တယ်။
ဟော… တွေ့ပါပြီကောဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကိုယ်တိုင်လုပ်ဖူးခဲ့တဲ့ ဘုရားရေသပ္ပာယ်ဖို့ သွားနေကြတဲ့ လူပျို၊အပျိုတန်းလိုပါပဲ။ ဟော… ဟုတ်ပ။
လူပျိုတွေက အပျိုတွေကို သွားစသလို သူတို့ထဲမှာလည်း ပိုးပန်သူတွေပါနေလေရဲ့။
လူနောက်တွေလည်း ရှိနေလေရဲ့။ ဟော ဒိုးပတ်ဝိုင်းနဲ့ ကနေတာနဲ့ အလားသဏ္ဍာန်တူတဲ့ တစ်ဝိုင်းကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ခုန်ပေါက်မြူးထူးနေကြလေရဲ့။
ဒီအချိန်မှာပဲ ကျွန်တော်လည်း ဗိုက်ထဲက ဖားအော်သံလို မြည်လာပြန်ရော။
စားလိုက်မှ ဖြစ်မယ်လို့ လက်ကျန် ဘီစကွတ်မုန့်လေးအကြည့်….
ဟော… သူတို့တွေမှ သူတို့တွေချည်းပဲ။ ဘီစကွတ်မုန့်လေးရဲ့ အဟာရကို သူတို့ ခံစားနေကြလေရဲ့။ တစ်ချို့တွေဆိုရင် ဘီစကွတ်မုန့် အစအနလေးတွေကို ပါးစပ်မှာကိုက်ပြီး လာရာလမ်းအတိုင်း အိနြေ္ဒရရ ပြန်လျှောက်နေကြလေရဲ့။
ပထမတော့ ကျွန်တော့်ဗိုက်ထဲက ဆာလောင်မှုဒဏ်ကြောင့် ဘီစကွတ်မုန့်လေးကို ဆတ်ကနဲ ဆွဲယူမိလိုက်တယ်။ သူတို့တွေကို လေနဲ့မှုတ်ပြီး ရှင်းထုတ်ပစ်လိုက်တယ်။ သူတို့တွေလည်း လေမှာလွင့်သွားကြလေရဲ့။ ခုန်ပျံကျော်လွှားသွားကြလေရဲ့။ တွန့်ခနဲ ဖြစ်သွားကြလေရဲ့။ ဘေးကို ရှဲသွားကြသူတွေလည်း ရှိလေရဲ့။
ထွက်ပြေးကြသူတွေလည်း အနပ္မတက္က။
ကျွန်တော်လည်း ဆာဆာနဲ့ ဘီစကွတ်မုန့်လေးကို အကုန် ရှင်းပစ်မယ်လို့ စိတ်ထဲ ဖြစ်မိတယ်။ ဒါပေမယ့် … ဒီကောင်တွေကို ကြည့်ပြီး စိတ်ထဲကလည်း သနားသယောင်ယောင် ဖြစ်လာမိတယ်။
ဒီတော့ ကျွန်တော်စဉ်းစားရပြီ။ ဒီကောင်တွေကို တစ်ချို့တစ်ဝက်စားစေပြီး၊ ဗိုက်ထဲလည်း တစ်ချို့တစ်ဝက် သွင်းလိုက်ရရင်… ဆိုတဲ့အတွေးလေး ရုတ်တရက် ပေါ်လာတယ်။ ကိုယ့်အတွက် တစ်လုပ်စာက သူတို့တွေအားလုံးအတွက် တစ်နပ်စာ ဆိုတာကိုလည်း တွေးမိလိုက်တယ်။
ချက်ချင်းပဲ ကျွန်တော် သူတို့ကို ဘီစကွတ်မုန့် အစအနတစ်ချို့ကို ဖဲ့ခြွေပေးလိုက်မိတယ်။ ပြီးတော့ လက်ကျန်ကို ပါးစပ်ထဲ သွင်းလိုက်မိတယ်။
ဘီစကွတ်မုန့်အစအနတွေ လွင့်ထွက်မသွားအောင်၊ သူတို့ ကောင်းကောင်း သယ်ယူသွားနိုင်အောင် ကျွန်တော် ပန်ကာကို ပိတ်လိုက်တယ်။
စိတ်ထဲ တွေးကျန်ရစ်စေတဲ့အတွေးလေးက ကျွန်တော်ကပဲ ကျူးကျော်သူလား၊ သူတို့ကပဲ ကျူးကျော်သူလား… ဆိုတာပါပဲ။
သူတို့တွေ တပျော်တပါးစားသောက်၊ တစ်ချို့တစ်ဝက်ကို သားသမီး၊ မြေး၊ မြစ်တွေအတွက် ပြန်သယ်ယူနေကြတာကို ကြည့်ပြီး ပီတိ ဖြစ်နေမိတာတော့ အမှန်။
သြော်… ပုရွက်ဆိပ်လေးတွေရယ်… မင်းတို့တွေကို ငါ ကျွေးမွေးလိုက်တာအတွက် ငါ့ကိုယ်ငါ သာဓုခေါ်နေဆဲပါ။ မင်းတို့တွေကလည်း ကျေးဇူးသိတတ်စွာ ငါ့ကို ပြန်မကိုက်ခဲ့တာကိုလည်း ငါ ပီတိဖြစ်မိတယ်။
မင်းတို့တတွေ ကျန်းမာကြပါစေလို့ ငါ ဗိုက်ဆာဆာနဲ့ ဆုတောင်းနေမိတာကို မင်းတို့တွေ သိမှ သိပါလေစ။
ငါ… ငါ … မင်းတို့ပေါ်မှာ မရက်စက်မိခဲ့ပါဘူးနော်…။
By: ဇွဲသစ် (ရမ္မာမြေ)
၁၉၊ ၉၊ ၂၀၁၃ (ကြာသပတေးနေ့)