Quantcast
Viewing all articles
Browse latest Browse all 1811

ဝဋ်ထဲမှာပဲ ပျော်ပါရစေ

Image may be NSFW.
Clik here to view.
Photo


(၁)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဖြစ်တဲ့ သူရဦးရွှေမန်းရဲ့ “ တော်ရုံတန်ရုံ အကုသိုလ်နဲ့ လွှတ်တော်ဥက္ကဋ္ဌ မဖြစ်ဘူး ” ဆိုတဲ့ စကားက “ထမင်းတစ်နပ်လျှော့စား ”၊ “တရုတ်ကိုလည်းကြောက်ရပါတယ် ဘုရား” ဆိုတဲ့စကားတွေလို မြန်မာပြည်မှာ သမိုင်းဝင်မယ့် စကားတွေထင်ပါရဲ့။
ဥက္ကဋ္ဌကြီးရဲ့ စကားကြောင့် ဝေဖန်မှုအမျိုးမျိုး၊ လှောင်ချင်သူအမျိုးမျိုး၊ လုပ်ဆောင်နေရမှုတွေအပေါ် စာနာနားလည်ပေးမှုအမျိုးမျိုး ကြားရ၊ ဖတ်ရမိပါတယ်။
ကျွန်တော်လည်း တစ်ခုသွားသတိရမိပါတယ်။
 
တစ်ခါတုန်းက မင်းတုန်းမင်းတရားကြီးဟာ သင်္ဂဇာဆရာတော်အပါအပင် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်တော်မူပါတယ်။ ဆွမ်းဆက်ကပ်ပြီး စကားစမြည်ပြောရင်း မင်းတရားကြီးက ဆရာတော်တွေကို လျှောက်ထားတယ်။
“ တပည့်တော်ဟာ ရတနာ ရွှေငွေ၊ ဆန်ရေစပါး၊ ကျွဲ၊ နွား၊ မြင်းသင်းပင်းကျေးကျွန် ခြွေရံပရိသတ် အရပ်ရပ်တို့သည် ကောင်းမြတ်သော ကုသိုလ်ပါရမီ ကူညီထောက်ပံ့၍ ဖြစ်လာသဖြင့် ချမ်းသာဟု ခေါ်သမုတ်ကြသော်လည်း ၀ဋ်သုံးဝအတွင်း၌ စာရင်းအပါအ၀င်ဖြစ်၍ စင်စစ်မုချမှာ ဒုက္ခပင်ဖြစ်ပါသည် ဘုရား”
“ သို့အတွက် ယခုတပည့်တော်အစိုးရသော တိုင်းပြည်ကျေးလက် ခရိုင် နိုင်ငံနှင့်တကွ မိဖုရားမောင်းမ မိဿံ အရံထီးနန်းစသော စည်းစိမ်ချမ်းသာ ဟူသမျှမှာလည်း ဒုက္ခဟူ၍သာ စိတ်ရှုတ်ခြင်း အတိသာ ဖြစ်ပါသည် ဘုရား ”
အဲဒီအခါ တခြားသော ဆရာတော်တွေက တိတ်ဆိတ်နေသော်လည်း သင်္ဂဇာဆရာတော်က ပြန်လည် ပြောကြားပါတယ်။
“ ဒကာလေးလျှောက်ထားသော စကားသည် ဘုရားဟောကျမ်းဂန်နှင့် သင့်မှန်ညီညွတ်သော စကား ဖြစ်ပါသည်။ သို့ရာတွင် သူတစ်ပါးကြားက သည်လို ဒုက္ခမျိုးတက်တိုးတို့ ခံစားချင်ပါဘိ ဆိုတာလို ဖြစ်နေလိမ့် မည် ” ဟု မိန့်ကြားပါတယ်။
ဒါနဲ့ မင်းတရားကြီးက ဥပမာစကားထင်ရှားအောင် ဟောတော်မူဖို့ လျှောက်ထားပါတယ်။ ဆရာတော်က
“ အရှင်ကောဏ္ဍညမထေရ်မြတ်၏ တူသားအမျိုးဖြစ်တဲ့ တက်တိုးဆိုသော ကျောင်းသားတစ်ယောက် ဟာ မထေရ်မြတ်ရဲ့ အနီးမှာ ပြုစုလုပ်ကျွေးနေပါတယ်။
 
တစ်နေ့ မထေရ်မြတ်၏ ဒါယကာတစ်ဦးက မထေရ်မြတ်ကိုအထူးကြည်ညိုလှလို့ ချိမြိန်ပြီးအရသာရှိတဲ့ နွားနို့ကို စီရင်ပြီးကပ်လှူသတဲ့။ မထေရ်မြတ်က နွားနို့ကို အဆောတလျင်ဘုန်းမပေးသေးဘဲ ဖြည်းဖြည်း လက်ပေါ် တင်ပြီး ပစ္စေဝေက္ခဏာ ဆင်ခြင်ပြီး သြော် ဒုက္ခ.. ဒုက္ခဟု နှုတ်ကဆိုပြီး ဘုန်းပေးသတဲ့။
ဒါကိုမြင်ကြားရတဲ့ တက်တိုးက “ အရသာရှိသော နို့ကို သောက်ရမည့်အရေးကိုများ ညည်းနေရ သေးတယ်။ သည်လို ဒုက္ခမျိုးကို တက်တိုးတို့ ခံစားချင်လှပါဘိ ” လို့ပြောသတဲ့ ဒကာရဲ့။ တဲ့။
အိမ်တစ်အိမ်မှာ အိမ်ရှင်နဲ့ အိမ်ဖော်ရဲ့ ကုသိုလ်ကံခြင်းမတူတာတော့အမှန်။ အိမ်ဖော်က အိမ်ရှင်ထက် အကုသိုလ်ကြီးခဲ့တာ၊ ၀ဋ်ကြွေးရှိခဲ့မှာလည်း အမှန်ပါပဲ။ ဒါကို အိမ်ရှင်က ငါ့ဝဋ်ကြွေးတော်တော်ကြီးပါလားဆိုရင် တော့ အိမ်ဖော်က ဘာပြောစရာကျန်တော့မှာပါလဲ။
 
(၂)
ရှင်းရှင်းပြောရလျှင်တော့ ဒီလို ဒုက္ခမျိုး၊ ဒီလို ၀ဋ်ကျွေးမျိုးကို မောင်ပိုင်လည်းခံစားချင်မိတာပဲဗျာ။ ဟုတ်တယ်လေ မိတ်ဆွေတို့လည်း မခံစားချင်ဘူးလားဗျာ။
သာမန်အမြင်မျိုးနဲ့ကြည့်ကြည့် လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်၊ ရာထူး၊ အာဏာ၊ ဥစ္စာတွေကို အောက်ခြေရုန်းကန်လှုပ်ရှားနေရတဲ့ဘ၀တွေက လိုချင်မှာပါပဲ။ ဒါကို တော်ရုံတန်ရုံ အကုသိုလ်နဲ့မဖြစ်ဘူး ဆိုတော့ တစ်နေ့လုပ်တစ်နေ့စားဘ၀တွေက လွှတ်တော်ဥက္ကဋ္ဌကြီးဖြစ်ဖို့ ကြီးကြီးမားမားအကုသိုလ်တွေလုပ်နေမှ ဖြင့် မခက်ပေလား။
ဒီဆောင်းပါးလေးရေးဖြစ်တာက လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ စကားကြောင့်တင်မဟုတ်ပါဘူး ၁၆-၉-၂၀၁၃ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ ဆောင်းပါးရှင် ထင်လင်းဦး( Wisdom Villa) ရဲ့ “ တော်ရုံတန်ရုံဝဋ်ကြွေး နဲ့လည်း မြန်မာပြည်မှာ သာမန်ပြည်သူပြည်သား တစ်ယောက်မဖြစ်ပါဘူးဗျာ ”ဆိုတဲ့ ဆောင်းပါးကြောင့်ပါ ဒီစာကို ရေးဖြစ်ခြင်းပါ။
 
Image may be NSFW.
Clik here to view.
Photo
မှန်ရာကိုဆိုရလျှင် ခုချိန်ထိ ကျွန်တော်မြန်မာပြည်မှာ လူလာဖြစ်ရတာ ၀ဋ်ကြွေးကြောင့်လို့ တစ်ခါမျှ မထင်မိဘူး။ ကျွန်တော်ကအမြဲတွေးတယ် တော်ရုံတန်ရုံ ကုသိုလ်ထက်ပိုလို့ မြန်မာပြည်မှာ လူလာဖြစ်ရတာလို့။ ထိုထက်ပိုပြောရရင် ကြီးမားသောကုသိုလ်ကံကြောင့်သာ ထေရ၀ါဒဗုဒ္ဓဘာသာတိုင်းပြည်ကြီးမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ခွင့်ရနေတာလို့ ယုံကြည်နေမိပါတယ်။
မြန်မာပြည်ကြီးမှာ အော်ဟစ်နေကြတဲ့ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီအရေးတွေ၊ ရပိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်တွေဆုံးရှုံးနေတာအမှန်ပဲ။ သို့သော် ထိုလူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီတွေက ဘာတွေနဲ့တိုင်း တာနေကြတာလဲ။ ဘယ်လောက်ထိဆုံးရှုံးနေကြတာလဲ။
ယခင်အစိုးရလက်ထက်က တံခါးပိတ်ဝါဒတွေကြောင့် အိမ်ကြီးဟာ လှောင်ပိတ်နေသလို အာဏာရှင် စနစ်ကြောင့် အိမ်ကြီးထဲက မိသားစုတွေ စိတ်မချမ်းမြေ့ရတာလည်းအမှန်ပါပဲ။ သို့သော်လည်းပဲ အာဏာတွေ ကြောင့် ဘာသာတရားကြီး ကွယ်ပမသွားသေးတာကိုပဲ ကျွန်တော်ကတော့ ကြံဖန်ကျေးဇူးတင်နေရပါတယ်။
 
ဒီမိုကရေစီအထင်ကရ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံကြီးမှာ တကယ်လူ့အခွင့်အရေးအပြည့်ရှိ သလား။ ပြည်သူတွေ ကိုယ်ရောစိတ်ပါ ချမ်းသာနေကြပြီလား။ လွတ်လပ်ခွင့်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေမရှိ တော့ဘူးလား။ ပြီးတော့ အာဏာရှင်စနစ်ကို မလိုလားလို့ ပြည်သူတွေဒီမိုကရေစီရဖို့ဆိုပြီး အီရတ်က ဆာဒမ်ဟူစိန်ကြီးကို ဖြုတ်ချလိုက်လို့ရော အီရတ်နိုင်ငံကြီး အခွင့်အရေးတွေ ပြည့်ဝသွားပြီလား။
ဒါတွေက ကျွန်တော်ဥာဏ်မီသလောက်လေး တွေးကြည့်မိတာလေးတွေပါ။
ပြီးတော့ ကျွန်တော်က ဆီးရီယားပြည်သူ၊ အာဖဂန်နစ္စတန်ကပြည်သူ၊ အစ္စရေး၊ ပါကစ္စတန်က ပြည်သူ ထဲမှာ လူမဖြစ်ရတာ ကံပိုကောင်းတယ်ထင်သလို အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ မြန်မာပြည်မှာ လူကြိုက်များ နေတဲ့ ကိုးရီးယားက မင်းသားတစ်ယောက်သွားပြီး မဖြစ်တာကိုပဲ ပိုပြီး ကျွန်တော့်ကံကို ကျေးဇူးတင်နေမိတယ်။
 
လက်ရှိအချိန်အထိ ကျွန်တော်က မိရိုးဖလာဗုဒ္ဓဘာသာပါပဲ။ သို့သော် ကုသိုလ်၊ အကုသိုလ်၊ ကံကံ၏ အကျိုးကိုယုံကြည်တယ်။ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃာ၊ မိဘ၊ ဆရာတွေကို ရိုသေကောင်းရမှန်း ဦးချကောင်းရမှန်းသိတယ်။ ကုန်ကုန်ပြောရရင် ၃၈ ဖြာမင်္ဂလာတရားတော်ကို သင်ကြားရတာနဲ့တင် မြန်မာပြည်မှာ လူဖြစ်ရတာ တန်နေပြီ။ ဒါတောင် တကယ်လိုက်နာ ကျင့်ကြံအားထုတ်တဲ့ အပိုင်းမပါသေးပါဘူး။
လူဆိုတာ ပိုမြင့်တဲ့ဘ၀၊ ပိုလွတ်လပ်တဲ့ ဘ၀ကို လိုချင်တာပါပဲ။ တခြားနိုင်ငံသား ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ယှဉ်ပြီး မြန်မာပြည်မှာ ပြည်သူဖြစ်ရတာ တော်ရုံတန်ရုံအကုသိုလ်နဲ့ မဖြစ်ဘူးဆိုတာကတော့ မှားနိုင် မယ်လို့ ထင်ပါတယ်။
 
ကျွန်တော့်အမြင်အရပြောရရင် အင်ဗရာဟင်လင်ကွန်းနဲ့ အရှင်အရဟံ၊ အိုဘားမားနဲ့ သီတဂူဆရာတော် ဘုရားကြီး၊ ဘန်ကီမွန်းနဲ့ အရှင်ဒေါက်တာနန္ဒမာလာဘိဝံသ ဘ၀တွေထဲက ဘယ်ဘ၀တွေကို အားကျလည်း ဆိုရင် မြန်မာပြည်က ဆရာတော်ကြီးတွေကို အားကျတယ် အတုယူတယ်လို့ပဲ ဆိုချင်ပါတယ်။
ကမ္ဘာကြီးကို အုပ်ချုပ်ခွင့်ရတဲ့လူတစ်ယောက်ရှိရင်တောင် သူဟာ ကမ္ဘာတစ်ခုကိုပဲ အလင်းရောင်ပေးနိုင် မှာပါ။ လွတ်လပ်သော ဘ၀တစ်ခုပေးနိုင်မှာပါ။ ဗုဒ္ဓဘာသာတရားတော်တွေဟာ စင်္ကြာဝဠာအနန္တက လူ၊ နတ် သတ္တ၀ါတွေကို အလင်းရောင်ပေးတဲ့ တရားပါ။ အေးငြိမ်းတဲ့ ဘ၀ကိုရရှိစေနိုင်တဲ့တရားပါ။ လွှတ်မြောက်ခွင့် ပေးတဲ့ တရားတော်တွေပါ။
 
ဒီလိုတရားမျိုးကို ထိန်းသိမ်း၊ စောင့်ရှောက်၊ ယုံကြည်ကိုးကွယ် ကျင့်ကြံနေတဲ့ မြန်မာပြည်မှာ လူလာဖြစ် ရတာ အတိတ်က ပြုခဲ့တဲ့ကုသိုလ်အရှိန်ကနည်းမှာ မဟုတ်ပါဘူး။
ဒါကိုပဲ တော်ရုံတန်ရုံအကုသိုလ်နဲ့ လွှတ်တော်ဥက္ကဋ္ဌမဖြစ်ဘူးဆိုတာ၊ တော်ရုံတန်ရုံဝဋ်ကြွေးနဲ့ မြန်မာပြည်မှာ သာမန်ပြည်သူပြည်သားတစ်ယောက်မဖြစ်ဘူးဆိုတဲ့ ခံယူချက်လွှဲမှားသွားစေနိုင်တဲ့ စကားတွေကို ဒီနေရာက ကျွန်တော်ကတော့ ဆန့်ကျင်လိုက်ပါတယ်။

(၃)
ချမ်းသာကြွယ်ဝတဲ့ သူဌေးအိမ်တစ်အိမ်ကခွေးဟာ စားကောင်းသောက်ဖွယ်တွေနဲ့ စားနေပါတယ်။ ခွေးစားသောက်တဲ့ အစားအစာတွေက တကယ်ကောင်းတဲ့ ပေါင်မုန့်တွေ၊ အသားတွေပါ။
နေရတဲ့ ခွေးအိမ်လေးကလည်း အရောင်အသွေးစုံနဲ့ချစ်စရာကောင်းပါတယ်။ ချမ်းသာတဲ့ အိမ်ဆိုတော့ လည်း ခွေးအိပ်ယာတွေကအစ အိစက်နေပါတယ်။
တစ်နေ့ သူဌေးအိမ်ရှေ့ကို သူတောင်းစားလေးတစ်ယောက် ရောက်လာပြီး ခြံဝမှာ ရပ်ကြည့်နေရင်း သူဌေးက ခွေးလေးကို အစာကျွေးနေတာကို မြင်သွားပါတယ်။
သူတောင်းစားလေးရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲဆိုရင်
“ အော် ငါ့ဘ၀ဟာ သူဌေးအိမ်က ခွေးလေးလောက် အစားကောင်းကောင်းမစားရ၊ နေစရာအိမ်ကောင်း ကောင်းကမရှိ၊ အိပ်ယာဆိုတာကလည်း ပလက်ဖောင်းခေါင်းအုံးအိပ်နေရတာ။ ဒီလို လူ့ဘ၀ကြီးဖြစ်မယ့်အစား သူဌေးအိမ်က ခွေးလေးဘ၀ပဲဖြစ်ရင် ကောင်းမှာပဲ ” ဆိုတဲ့အတွေးဖြစ်သွားတယ်တဲ့။
 
တကယ်စဉ်းစားကြည့်ရင် လူက ခွေးဖြစ်ချင်စိတ်၊ တိရိစ္ဆာန်ဖြစ်ချင်စိတ်ဖြစ်သွားတာပါ။ ဟုတ်ကဲ့ လူနဲ့ တိရိစ္ဆာန်ဘယ်က ပိုပြီးတန်ပါသလဲ။ ကုသိုလ်ထူးပါသလဲ။ နည်းနည်းလေးပဲ စဉ်းစားကြည့်လိုက်ပါ။
ကျွန်တော်ကတော့ လူ့ဘ၀နဲ့ မစားရလို့ငတ်ပဲသေသေ ခွေးမဖြစ်ချင်ပါဘူး။ ဘာလို့လဲဆိုရင် လူဆိုတဲ့ အသိအတွေးလေးရှိနေလို့ပါပဲ။
 
ဒါတွေပြောလို့ ဒီအထဲမှာ ဖိနှပ်ခံ၊ နှိပ်ကွပ်ခံ၊ အခွင့်အရေးတွေဆုံးရှုံးခံပြီး ဘာမှမလုပ်ပဲနေတော့မှာလား။ မဟုတ်ပါဘူး လုပ်ရမှာပါ။ ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ၊ ကံကြောင့်ပါကွာဆိုပြီး ဒီလိုပုံချပြီး နေရမှာ မဟုတ်ပါဘူး။ ရသင့်တဲ့အခွင့်အရေး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေရအောင် ဆောင်ရွက်သွားကြရမှာပါ။ ဒါမှလည်း ကိုယ့်အကျိုး၊ အများအကျိုးသယ်ပိုးရာ ရောက်မှာဖြစ်သလို မြန်မာပြည်မှာ လူဖြစ်ရတာပိုပြီး တန်ဘိုးရှိမှာ အသေအချာပါပဲ။
 
ဟုတ်ကဲ့ နောက်ဆုံး မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်ကတော့ မြန်မာပြည်မှာလူဖြစ်တာ အကုသိုလ် ကြောင့်၊ ၀ဋ်ကြွေးကြောင့်လို့ သူတို့ပြောတဲ့ စကားအတိုင်းပဲထားလိုက်လျှင် ကျွန်တော်ကတော့ ထိုဝဋ်ထဲမှာ ပျော်ပျော်ကြီး နေပစ်လိုက်မှာ ပါပဲခင်ဗျာ။

မောင်ပိုင်
၁၉-၉-၂၀၁၃
— with William Tuntunko and 13 others.



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>