Image may be NSFW.
Clik here to view.
▬▬▬▬▬▬▬▬▬▬▬▬▬
ငယ်ငယ်တုန်းက ဗျောက်ဝါး ၊ ဗျောက်သီး နဲ့ စစ်တိုက်တိုင်းကစားခဲ့ဘူးတယ် ။ ဗျောက်ဝါးကို ရွေးတဲ့အခါ မျင်ဝါး နဲ့ တင်းဝါး နှစ်မျိုးကိုသာ ရွေးကြတယ် ။ မျင်ဝါးကမာတော့ အထိအခိုက်ခံတယ် ၊ မကွဲလွယ်ဘူး ။ တင်းဝါးကတော့ ကွဲလွယ်တယ် ။ ဒါကြောင့် မျင်ဝါးကို ပိုကြိုက်ကြတယ် ။
ဒါပေမဲ့ မျင်ဝါးက တင်းဝါးလောက်မပေါဘူး ။ တင်းဝါးက ဗျောက်ဖောက်ရင် အသံပိုသာတယ် ။ သူ့အားသာချက်နဲ့သူပဲ ။ ဗျောက်သီးကတော့ ပုံထဲက
အသီးပဲ ငယ်ငယ်ကဗျောက်သီးလို့ပဲအလွယ်ခေါ်ခဲ့တော့ မူရင်းနာမည်ကိုမသိဘူး ။ ပိုးစာပင်လို အပင်ပုံစံမျိုးပဲ ။
တောမှာဆိုတော့ ပလပ်စတစ် သေနတ်လည်း ရောင်းမဲ့သူမရှိဘူး ။ ပွဲဈေးတွေမှာ ဝယ်လို့ရတယ်ဆိုပေမဲ့လည်း ကျည်ဆံထွက်တဲ့ ဗျောက်ဝါးလောက်
စစ်တိုက်ရတာ အရသာမရှိဘူး ။ ဗျောက်ဝါးနဲ့ ပစ်လို့ ဗျောက်သီး မှန်သွားရင် မင်းသေပြီ ၊ မင်းသေပြီ ဆိုပြီး ရင်ခုန်စွာအော်ဟစ်ရတာလည်း အရသာတမျိုးပဲ ။
ဗျောက်သီး အစေးက အင်္ကျီကို အညိုရောင်တွေ စွန်းစေတတ်တယ် ၊ စစ်တိုက်တမ်း ကစားရင် နှစ်ဖွဲ.ခွဲကစားကြရတာမို့ ၊အင်္ကျီဝတ်တဖွဲ.နဲ့ အင်္ကျီ ချွတ် တဖွဲ. ခွဲကစားရတယ် ။ ကိုယ်က အင်္ကျီဝတ် အဖွဲ.ဖြစ်သွားရင် ၊ ဗျောက်သီး အစေးစွန်းမှာလည်းကြောက်ရ ၊ သေမှာလည်းကြောက်ရ ၊ ရင်ခုန်ဖို့တော့ အတော်ကောင်းခဲ့တဲ့ ကစားနည်းလေးပါ ။ နောက်တော့ ဗျောက်သီး အစား စက္ကူကို နူးနေအောင် ရေစိမ်ပြီး ကျည်ဆံလုပ်ရတယ် ။
ဒါပေမဲ့ စက္ကူ ကျည်ဆံနဲ့ ပြစ်တဲ့ အသံက ဗျောက်သီး အသံလောက် နားထောင်လို့မကောင်းဘူး ။ တခါတလေ ရန်သူနဲ့ ထိပ်တိုက်တွေ.တုန်း ကျည်ဆံ
ဂျမ်း ဖြစ်တဲ့ အခါ ကျည်ဆံမထွက်တာ ၊ ဖွတ် ကနဲ မြည်ပြီး ကျည်ဆံက ရန်သူဆီ မရောက်တဲ့အခါတွေလည်း ရှိရဲ့ ။ ရုပ်ရှင်တွေ ၊ ကက်ဆက်ဇတ်လမ်းတွေ ၊ ဇာတ်ပွဲတွေက ဇာတ်လိုက်နာမည်တွေကိုယူပြီး ကစားကြတယ် ။ လူများရင်တော့ ဗိုလ် ၊ တပ်ကြပ် ၊ တပ်သား စသဖြင့် ခွဲကစားကြတယ် ။
ဦးနေဝင်းဟာ စစ်တပ်သာ နိုင်ငံရဲ့ ကယ်တင်ရှင် ၊ စစ်တပ်သာ အကြီးမြတ်ဆုံး ၊ ဆိုတဲ့ ဝါဒမှိုင်း ရိုက်သွင်းတာ ဘယ်လောက်ထိအောင်မြင်သလဲဆိုတော့ ၊ ရဲဘော်သုံးကျိပ်ဆိုတာ ဂရိ ရာဇဝင်ထဲက နတ်ဘုရားတွေလို လောကမှာ သူတို့သာ တန်ခိုးရှင်တွေလို ဖြစ်နေကြတယ် ။ ပြစ်မျိုး မှဲ.မထင်တဲ့ သူတော်ကောင်း သူရဲကောင်းတွေပေါ့ ။ သူကရဲဘော် သုံးကျိပ်ဝင်ကိုး ။
စစ်သားတွေချီတက်လာမြင်ရင် ၊ စစ်ကားတွေမှာ စစ်သားတွေ စစ်ချီသီချင်းတွေ သီဆိုရင်း ဖြတ်မောင်းသွားတာမြင်ရင် တလေးတစားနဲ့ လူတွေ ဝိုင်းအုံငေးမော ကြည့်ခဲ့ကြဘူးတယ် ။ ၈လေးလုံး အပြီး စစ်တပ်အာဏာသိမ်းတော့ ရေဒီယိုက စစ်ချီသီချင်းတွေ တနေကုန်လွှင့်တာ အလွန်နားထောင်လို့ကောင်းတာပဲ။ လူငယ်အတော်များများရဲ့ ရည်မှန်းချက်က ၁၀ တန်းအောင်ရင် ဗိုလ်သင်တန်း ဝင်ခွင့်ဖြေမယ် ၊ ၁၀ တန်းမအောင်တဲ့သူလည်း စစ်ထဲဝင်မယ်ဆိုတဲ့ အတွေး အနည်းနဲ့ အများ ရှိခဲ့ကြတယ် ။ ငယ်စဉ်က ကစားနည်းရွေးရင်တောင် စစ်တိုက်တမ်း
ကစားချင်ကြတဲ့သူတွေက အများစု ဖြစ်မယ် ။ ရုပ်ရှင် ၊ ဇာတ်လောကကိုလည်း လွမ်းမောဖွယ် ၊ အားတက်ဖွယ် ၊ ဂုဏ်ယူဖွယ် စစ်ဇာတ်လမ်းတွေကပဲ
နေရာယူထားကြတယ် ။ ဒီလိုနဲ့ စစ်သားဆိုသူများကလည်း လူစိတ်ပျောက်လို့ နတ်စိတ်ပေါက်ကာ ပြည်သူတွေက သူတို့ကို ကိုးကွယ်နေကြရတယ် ဆိုတဲ့ အတွေးတွေ ဝင်ကုန်တာ ဒီနေ့ထိပဲ ။
ဦးနေဝင်းဟာ
မြန်မာတွေကို ပုဂ္ဂိုလ်ရေးကိုးကွယ်တတ်အောင် သင်ပေးခဲ့သူ
မင်းလောင်းမျှော် သူရဲကောင်း ကိုးကွယ်တတ်အောင် လေ့ကျင့်ပေးခဲ့သူ
ရွေးချယ်စရာ ရှားပါးတဲ့ခေတ်မှာ ပြည်သူတွေကို အမှောင်ထဲမှာ တိုက်ပိတ်ခဲ့သူ
ဦးနေဝင်းဟာ ဘယ်လောက်ထိ ကျောင်းသားတွေကြားမှာ စစ်တပ်ကို အားကျလာအောင် မမုန်းအောင် မှိုင်းတိုက်သလဲဆိုရင် ကျောင်းသားတွေရဲ့
ကျောင်းဝတ်စုံကိုတောင် စစ်တပ်အရောင် ဖြစ်တဲ့ အစိမ်းရောင်ကို ဝတ်ဆင်စေခဲ့တယ် ။
စစ်တပ်ရဲ့ ဖွဲ.စည်းပုံတွေကို ကျောင်းသားထု အတွင်း အသက်သွင်းတယ် ။ တေဇလူငယ် ရှေ.ဆောင်လူငယ် လမ်းစဉ်လူငယ် တက္ကသိုလ် အရန်တပ်ရင်း ဆိုပြီး အာဏာမက် ခေါင်းဆောင် ရူးတွေ ဖြစ်အောင် လေ့ကျင့် ပေးခဲ့တယ် ။ သူတပါးကို ခေါင်းဆောင်ရတာ ၊ ဗိုလ်လုပ်ရတဲ့ အရသာကိုသိအောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တယ် ။ အရပ်ဘက် လူငယ်တွေလည်း အလွတ်မပေးပဲ ပါတီ အရန်အဖွဲ.ဝင် တင်းပြည့်
အဖွဲ.ဝင် ဆိုပြီး ဖွဲ.တယ် အလုပ်လျှောက်ရင် ပါတီဝင်လူငယ်တွေကို ဦးစားပေးတယ် ။ ဒီလိုနဲ့ လူငယ်တွေဟာ အာဏာရှင်မှန်း သိလျှက်နဲ့ မတော်လှန်ဘဲ သူ့ပါတီထဲမှာ နေရာရနိုးနိုး မျောပါနေကြတယ် ။
စစ်သားတွေဟာ ၃၇ မင်းနတ်တွေလိုပဲ ၊ ကိုးကွယ်နေတုန်း ပသ ပူဇော်နေတုန်းသာ ကောင်းချီးပေးတတ်ကြတာ ။ သူတို့ကို မကိုးကွယ်ကြတော့ရင်ဖြင့် ပြုစားရတာနဲ့ ၊ ဒုက္ခပေးရတာနဲ့ ပြောင်းပြန်ဖြစ်သွားပါလေရော ။ု
နိုင်ငံခြားသားမိတ်ဆွေက ရွှေစည်းခုံ ဘုရားဝင်းအတွင်းက အတွင်း၃၇ မင်းကိုသေသေချာချာကြည့်ပြီး ကျွန်တော့ကို ဒီနတ်တွေကို ဘာကြောင့် ကိုးကွယ်တာလို့ မင်းထင်သလဲ လို့ ကျွန်တော့ရဲ့ ထင်မြင်ယူဆ ချက်ကို မေးခဲ့ဘူးတယ် ။ ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်းပဲ ။ ဒီနတ်တွေက သူတို့ကို မပူဇော် မပသရင် ယာခင်းတွေ ပျက်စီးစေတယ် ၊ မိုးခေါင်စေတယ် ၊ မီးလောင်စေတယ် ။ လူတွေဆို ဘေးဒုက္ခတွေ ရောက်စေတယ်လို့ စုန်းပူးနတ်တိုက် ဆိုတဲ့ ဝိညာဉ်လောက အယူအဆကို လူတွေကယုံတော့ ။ ကြောက်ကြတယ် ။ ဒါကြောင့် ဘေးဆိုး ဒုက္ခတွေ
မတွေ.ရလေအောင် လဒ်ထိုးတဲ့ အနေနဲ့ ပူဇော်ပသ ကြောက်ပြကြရတယ် လို့ ပြန်ဖြေဖြစ်ခဲ့တယ် ။
ဒီနေ့ ရင်ဆိုင်နေရတဲ့ စစ်တပ် စစ်သားဆိုတာလည်း ရာဇဝင်ထဲက ၃၇ မင်းနတ်လို လျှော့ပေါင်း ၊ မြှောက်ပေါင်း ၊ လဒ်ပေး ၊ မသိချင်ယောင်ဆောင်နေကြရတော့တယ် ။ ဒီလိုမှ မလုပ်ရင် ဒုက္ခပေးတော့မှာကိုး ။ စစ်သားဟာ ဘယ်လောက်ထိ ၃၇ မင်းနတ်နဲ့တူသလဲဆိုတော့ သူတို့ကို ဖန်ဆင်းလိုက်တဲ့ ၊ ဘုန်းတန်ခိုး တွေ သွတ်သွင်းပေးလိုက်တဲ့ သူတို့ရဲ့ အရှင်သခင် ဦးနေဝင်းကိုတောင် မလိုအပ်တော့တဲ့ အချိန်မှာ လူလို မသေစေခဲ့ဘူး ။ ဦးနေဝင်းဟာ သူ ယုယ အမြတ်တနိုး စိုက်ပျိုးခဲ့တဲ့ အပင်ဟာ အဆိပ်ပင်မှန်း သိလိုက်ရတဲ့ အချိန်မှာ သူဟာ နေအိမ်
အကျယ်ချုပ်ဘဝကို ရောက်နေခဲ့ပြီ ။ သူနတ်ဘုရားလိုကိုးကွယ်ခဲ့တဲ့ စစ်တပ်ဟာ သူ့ကိုပြန်စားမဲ့ လူစားတဲ့ နတ်ကျား ဖြစ်နေတာကို သူအသိနောက်ကျသွားခဲ့ရတယ် ။
စစ်သားတွေ နတ်စိတ်ပျောက်လို့ လူစိတ်ရောက်အောင် ဝိုင်းဝန်းကျိုးစားကြရပါမယ် ။
စစ်သားတွေ ဒီမိုကရေစီရဲ့ အရသာ သိလာအောင် ၊ ဒီမိုကရေစီ စံနစ်အောက်မှာ ငွေရှာရတာ ၊ စစ်အာဏာရှင်အောက်မှာ ငွေရှာရတာထက် ပိုပြီး ဂုဏ်သိက္ခာရှိကြောင်း ၊ သမိုင်းလှစေကြောင်း ၊ ပိုမို လွတ်လပ်ပေါ့ပါး လွယ်ကူကြောင်း သိလာအောင် ကျွန်တော်တို့ အနေနဲ့ ကျိုးစားကြရတော့မယ် ။
ငယ်ငယ်က ဗျောက်ဝါး ဗျောက်သီးနဲ့ စစ်တိုက်တမ်း ကစားသလိုပဲ ၊ သေလည်းသေရအုန်းမယ် ၊ အစွန်းအထင်းလည်းစွဲရအုန်းမယ် ဆိုတဲ့ ဘဝထက်
ပိုမိုဂုဏ်သိက္ခါရှိသော လွတ်လပ်သော ဘဝကို စစ်သားတွေကော ၊ ပြည်သူတွေကော ပိုင်ဆိုင်နိုင်အောင် ကျွန်တော်တို့ဘက်ကလည်း ဝိုင်းဝန်းကျိုးစားဖို့ လိုပါမယ် ။ လက်ညှိုးတွေ ပတ်လည်ထိုးနေကြမဲ့အစား နိုင်ငံ ၊ လူမျိုး ၊ စီးပွားရေးကို အကျပ်အတည်းထဲ တွန်းပို့ပြီးမှ အနိုင်ယူမဲ့အစား အားလုံးပူးပေါင်းပါဝင်ပြီး (အစွန်းအထင်းတို့ဖြင့် သေဆုံးကြရမည့် ဘဝများမှ) လွတ်မြောက်စေချင်ပါတယ် ။
( ဗျောက်ဝါး ၊ ဗျောက်သီးပုံလေးမြင်လို့ ငယ်ငယ်က စစ်တိုက်တမ်းကစားခဲ့တာ ပြန်သတိရရင်း ရေးမိပါတယ် )
ရဲသူရိန်မင်း
050913