မြစ်ကြီးနားမြို့မှာ ၁၀ နှစ်ကျော်ကြာ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြောရရင် KIA နဲ့ ငြိမ်းချမ်းရေးယူထားစဉ်ကာလကနေ တိုက်ပွဲတွေပြန်ဖြစ်တဲ့ ကာလအထိပေါ့။ အဲဒီ ကာလတွေကနေတဆင့် ရတဲ့အတွေးလေးတွေ၊ အမြင်တွေ၊ အတွေ့အကြုံတွေကနေ တပ်မတော်ကြီးအတွက် စေတနာစကားဆိုချင်ပါတယ်။
ယခင်အစိုးရလက်ထက်က KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးယူထားကြပါတယ်။ ထိုအချိန်က မြစ်ကြီးနားမြို့ ပေါ်မှာ သူတို့တွေချည်းပါပဲ။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ သွားလာနေကြတာပါ။ ပြီးတော့ ပွိုင့်ကားတွေ၊ လက်နက် ကိုင်ဆောင်ထားသူတွေ ကားတွေနဲ့ မြို့ထဲမှာ မမြင်ချင်အဆုံးပါ။
ဒီအချိန်က ကျွန်တော့်အထင်တော့ ယခင်အစိုးရက ပစားပေးထားလို့ သူတို့လုပ်ချင်တိုင်း နေချင်တိုင်း နေခဲ့ ကြတာပါ။ ပြီးတော့ ပေါင်းစားပြီး ကိုယ်ကျိုးစီးပွားအတွက် အများကြီးလုပ်ဆောင်နေခဲ့ကြတာပါ။ သူတို့ ကချင် အမျိုးသားတွေ၊ ကချင်လူမျိုးတွေအတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ လက်ညှိုးညွှန်ပြခိုင်းကြည့်ပါ။
အဲဒီငြိမ်းချမ်းရေးယူစဉ်ကာလအတွင်းမှာ သူတို့က ကောင်းကောင်းစီမံနိုင်ခဲ့ပါတယ်။ နယ်မြေတွေကို စိုးမိုး ထားနိုင်ခဲ့ပါတယ်။
ကျွန်တော်သိမြင်သလောက် အစိုးရဘက်က သူတို့ခေါ်တဲ့နယ်မြေအထိသွားပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြ ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးပွဲအခွေတွေ ပြန်ကြည့်ကြရပါတယ်။
ဒီလိုဆွေးနွေးပွဲတွေအပြီးမှာ KIA စတင်တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်ဘက်က တိုက်မိန့်မပေးခဲ့လို့ တပ်ရင်း အလိုက် ကျဆုံးတဲ့အထိ ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။ တပ်မတော် ရဟတ်ယာဉ်တွေနဲ့ လူနာကောက်၊ စစ်သည် တွေပို့ ဖြစ်စဉ်တွေကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာပါ။
ထိုအချိန်မှာ KIA က သူတို့ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ အခွေ တစ်ခွေထွက်လာပါတယ်။ ကျဆုံးခဲ့တဲ့ အရာရှိ စိစစ်ရေးကတ်၊ အပွင့်တွေ လက်နက်တွေ၊ စစ်သည်တွေရဲ့ မှတ်တမ်းတွေကို စုပြီး အောင်ပွဲခံ ဗွီဒီယိုခွေပါ။ ဒီအခွေကို တပ်မတော်ဘက်က ကြည့်ရပြီး တပ်မတော်သားတွေ တော်တော်ဒေါသထွက် ခဲ့ကြတယ်။ သို့သော်လည်း အထက်အမိန့်မရတဲ့အတွက် မတိုက်ခိုက်ခဲ့ကြရပါဘူး။
နောက်ဆုံး ဆွေးနွေးပွဲကိုတော့ ဗိုလ်ချုပ်စိုးဝင်း (ယခု ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ကိုယ်တိုင် လာခဲ့ပါတယ်။ ဆွေးနွေးဖြစ်သလားဆိုတာတော့ မသိခဲ့ပါဘူး။ သို့သော် ဗိုလ်ချုပ် စိုးဝင်းပြန်သွား အပြီးမှာ စတင်တိုက်ပွဲတွေဖြစ်သွားခဲ့ပါတယ်။ တိုက်မိန့်ပေးခဲ့တယ်လို့ ထင်ရပါတယ်။
စဖြစ်စမှာ တပ်မတော်ဘက်မှ အများကြီး ကျဆုံးခဲ့ရပါတယ်။ တပ်စုအလိုက်၊ တပ်ခွဲအလိုက်ကို ဖြစ်ခဲ့ကြရ တာပါ။ နောက်ဆုံး လူအင်အား၊ လက်နက်အင်အား မနိုင်တော့မှ ငြိမ်းချမ်းရေးဆွေးနွေးသလိုလိုနဲ့ စစ်ပွဲကို ပြန်ထိန်းခဲ့တာပါ။
ခုကြည့် အလစ်အငိုက်ကျားဆွဲ ဆွဲခံရပြန်ပြီ။
KIA နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ဘာ့ကြောင့် တပ်မတော်ဘက်က အထိနာခဲ့သလဲဆိုတာ ကျွန်တော်မြင် သလောက် လေး အောက်ပါအတိုင်း သုံးသပ်ကြည့်မိပါတယ်။
၁။ KIA ဟာ ပြင်ဆင်ချိန် အများကြီးရထားပါတယ်။ ငြိမ်းချမ်းရေးယူစဉ်မှာ နယ်မြေတွေကို ကောင်းကောင်း ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ ပြောရရင် သတ်ကွင်းတွေကို စိတ်ကြိုက် စီစဉ်ဆောင်ရွက်ထားနိုင်ခြင်းကြောင့်ပါ။
၂။ KIA ဟာ သူတို့နယ်မြေဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတစ်ခုဖြစ်တယ်။ ဒါမှမဟုတ် အလစ်ဝင် တိုက်ပြီးချိန်မှာ သူတို့ဟာ ရွာထဲဝင်ပြီး ရွာသားအသွင်ဖြစ်သွားပါတယ်။ ရွာတွေကို တပ်မတော်က တိုက်လို့ မရပါဘူး။ ဒီတော့ သူတို့က စိတ်ကြိုက် တပ်မတော်ချီရာလမ်းတောက်လျှောက်မှာ ပျောက်ကျားနည်းနဲ့ တိုက်ခဲ့ကြပါ တယ်။
၃။ တပ်မတော်ဘက်က စွမ်းရည်နိမ့်ပါးလာမှု။ တပ်မတော်သားတွေဟာ စစ်မတိုက်ချင်ပါဘူး။ စစ်တိုက်ရင် သေဖို့ ၇၅ % ရှိလို့ပါ။ သို့သော်လည်း တပ်မတော်သားဆိုတာတော့ စစ်နဲ့မကင်းနိုင်ပါဘူး။ ဒါကြောင့် စစ်တိုက်နိုင် တဲ့ စွမ်းရည်ရှိရပါတယ်။ စိတ်ဓာတ်စွမ်း ရည်၊ ကိုယ်စွမ်းရည်ပါ။
စိတ်ဓာတ်စွမ်းရည်တွေကလည်း တော်တော်ကျဆင်းနေပါတယ်။ အထက်အောက် ဖိနှပ်မှုတွေ တစ်ကိုယ် ကောင်းဆန်မှုတွေကြောင့်ရော၊ စားဝတ်နေရေး ခက်ခဲလာချိန်မှာ မဖြစ်မနေတာဝန်တွေ ထမ်းဆောင်နေရခြင်း ကြောင့်လည်း တိုက်စိတ်ခိုက်စိတ်နဲ့ ဖြတ်ထိုးဥာဏ်တွေ မှိန်းမှိန်နေပါတယ်။
နောက်တစ်ချက်က လေ့ကျင့်ပေးတဲ့ လေ့ကျင့်ရေးကျောင်းတွေရဲ့ အားနည်းချက်တွေကြောင့်ပါ။ လေ့ကျင့်ရေး ကျောင်းတွေက အထက်ကထောက်ပံ့မှုနည်းတာရော လူတွေရဲ့ လောဘတွေကြောင့် သင်တန်းသားတွေ လေ့ကျင့်တဲ့အခါ လျော့ပါးလာပါတယ်။ စွမ်းရည်မပြည့်မီတော့ပါဘူး။ ပိုက်ဆံပေးပြီး အိမ်ပြန်နေကြတဲ့ သင်တန်းသားတွေ၊ ပိုက်ဆံပေးပြီး စံပြဆုယူကြတဲ့သင်တန်းသားတွေအထိ ဖြစ်လာကြ ပါတယ်။
ဒါကလည်း အားလုံးဆက်နွယ်နေကြတာပါ။ အထက်က အောက်ရဲ့ သက်သာချောင်ချိရေး ကောင်းမွန်စွာ ဖြည့်စွက်နိုင်မှုမရှိတော့ အဆင်ပြေသလို လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေတွေဖြစ်လာတာပါ။
နောက် လေ့ကျင့်ရေးထောက်ကူပစ္စည်းတွေ မပြည့်စုံခြင်းပါ။ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာ လိုချင် တယ်” ဆိုတဲ့စကား ရှိနေသ၍ တပ်မတော်ကြီး တိုးတက်မယ်လို့ မမြင်ပါဘူး။ “ရေဗူးအကောင်း ထုတ်ပေးမယ် ရေပြည့်ဖို့ မင်းတို့တာဝန်” ဆိုတဲ့ ခံယူချက်မထွက်မချင်း စွမ်းရည်တွေနိမ့်ကျနေဦးမှာပါ။
တိုက်ပွဲကပြန်လာတဲ့ အရာရှိ ဗိုလ်တစ်ဦးက သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ တိုက်ပွဲမှာ ပေါင်ကို သေနတ်မှန်ပြီး ခြေထောက်မှာမိုင်းစထိခဲ့တာပါ။ သူ့ကို မင်္ဂလာဒုံစစ်ဆေးရုံကြီးပို့ပြီး ဆေးကုသမှု ခံယူခဲ့ သော်လည်း ဆေးပစ္စည်း၊ စစ်ဆေးတဲ့အရာရှိတွေရဲ့ အားနည်းမှုကြောင့် သူ့ခြေထောက်က မသက်သာခဲ့ပါဘူး။ ဒီအချိန်မှာ ဘာဖြစ်လည်းဆိုရင် ဆေးဘုတ်နဲ့ သူ့ကို ထွက်ခွင့်ပေးလိုက်တော့တာပါပဲ။
ဒါက အရာရှိတစ်ဦးပါ။ ရှေ့တန်းက သယ်ဆောင်လာတဲ့ ခြေပြတ်လက်ပြတ် ဒဏ်ရာတွေဗရပွရခဲ့တဲ့ စစ်သည် တွေဟာ မြစ်ကြီးနားတပ်မတော်ဆေးရုံကြီးမှာ ပုံနေတာပါပဲ။ သူတို့အတွက် ကျွန်တော် တွေးကြည့်ရင်း စာနာစွာ မျက်ရည်စို့ခဲ့ရမိပါတယ်။
စစ်သားတစ်ယောက် စစ်တိုက်ဖို့ ဆိုရာမှာ တိုက်စိတ်ရှိယုံနဲ့ မဖြစ်နိုင်ပါဘူး။ “ငါမသေ ငါ့စခန်းမကျစေရ” ဆိုတာ စကားအရတော့ဟုတ်ပါတယ်။ ငါ့စခန်းမကျစေဖို့ တိုက်ခိုက်နိုင်တဲ့စွမ်းရည်၊ ကြံ့ခိုင်မှု၊ လက်နက်၊ ထောက်ပံ့မှု တွေ အများကြီး လိုပါသေးတယ်။
လက်ရှိအချိန်မှာ KIA က ဇာတ်လမ်းပြန်စပါတယ်။ ကချင်လူမျိုးတွေဆိုတာ ရိုးသားတယ်။ ပွင့်လင်းကြ ပါတယ်။ KIA က ကချင်လူမျိုးကို ကိုယ်စားပြုသလား။ မပြုနိုင်ပါဘူး။ ကချင်လူမျိုးအတွက်ဆိုရင် ဘာ့ကြောင့် အစိုးရနဲ့ ပူးပေါင်းပြီး မဆောင်ရွက်နိုင်တာလဲ။ ဒါကတော့ နိုင်ငံရေးအရ လူကြီးတွေ ဆောင်ရွက်ရမယ့်ကိစ္စတွေပါ။
တပ်မတော်ကြီးအတွင်းကရော။ ဒီတိုက်ပွဲတစ်ခုနဲ့တင် သင်ခန်းစားယူသင့်တယ်လို့ ထင်ပါတယ်။ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်၊ လိုအပ်တာတွေကို ဖြည့်စွက်၊ လေ့ကျင့်သင့်တာတွေကို လေ့ကျင့်ကြရမှာပါ။
ဒါမှသာလျှင် နောက်ကြောကို လှည့်မကြည့်ပဲ စိတ်ချနိုင်ပြီး တိုက်ခိုက်စွမ်းရည်တွေ၊ တပ်မတော်သား စွမ်းရည် တွေ တိုးတက်လာမှာဖြစ်ပါကြောင်း မြင်သလောက်လေး တင်ပြလိုက်ရပါတယ်။
မောင်တိုက်စည်း
26-9-2013