………………………..
(၁)
" Tiger..Tiger "
"ဝေါင်း..ဝေါင်း.."
"အဲဒါ ကျားလားအဖေ "
"ဟုတ်တယ်လေ သမီးရဲ့ "
ဖုန်းထဲက တိရစ္ဆာန်လေးတွေရဲ့ပုံ၊ အင်္ဂလိပ်အသံထွက်၊ အော်သံများတစ်ခါတည်းပါသည့် Application ကိုဖွင့်ရင်း မေးနေခြင်းဖြစ်သည်။ ပြီးတော့သူက အသံထွက်လိုက်ဆိုကြည့်သည်။ သူမသိသည့်အကောင်တွေဆို လျှင် ဘာကောင်တွေလဲဟု မေးတတ်သည်။ သူ့အဖို့ ဖုန်းလေးတစ်လုံးက သင်ယူစရာ၊ စိတ်ဝင်စားစရာတွေက များနေပါလိမ့်မည်။
တကယ်တော့ ကျွန်တော့်သမီးက ၃ နှစ်ကျော်သာရှိပါသေးသည်။ သူကို အိမ်အပြင်မှာ သူငယ်ချင်းတွေ နှင့်ကစားဖို့ လွှတ်ရသည်။ မိုးရွာထဲ ထွက်ဆော့ခိုင်းသည်။ ဖုန်တွေ၊ သဲတွေနှင့် ကျွန်တော်ကဆော့ခိုင်းသည်။ သူက ဖုန်းကိုင်ပြီး Game ဆော့ချင်သည်။ ဒီတော့ သူ့ကို ဖုန်းကိုင်ချိန်နည်းအောင် သူ့ဆော့ဖော်ဆော့ဖက်များနှင့် ပေးလွှတ်၍ကစားခိုင်းရသည်။
ခုန်ပေါ်မှာထိုင်၊ မျက်လုံးကစူးစိုက်ကြည့်ပြီး ဒီဖုန်းအပေါ်မှာပဲ အချိန်ကုန်သွားမှာကို မလိုလားပါ။ သူ့ငယ် ဘ၀တွေကို အပေါင်းအဖော်များဖြင့် ပျော်ရွှင်စွာဖြတ်သန်းစေချင်သည်။ တစ်ယောက်တည်း အထီးကျန်ဆန်စွာ ဆော့ကစားမှုမျိုးကို မလိုလားပါ။ သူ့ကျန်းမာရေးအတွက်လည်း ထိန်းသိမ်းပေးနေရခြင်းဖြစ်သည်။
(၂)
ကျွန်တော်တို့ခေတ်ငယ်ငယ်က ရပ်ကွက်တစ်ခုမှာ တီဗွီတစ်လုံးလောက်သာ ရှိသည်။ တီဗွီဆိုသည်မှာ ငွေကြေးတတ်နိုင်သူများ၏ ဇိမ်ခံပစ္စည်းဟုသာမြင်ကြသည်။ ရေဒီယိုလေလှိုင်းကလာသည့် သီချင်းလေးများ၊ သတင်းများ၊ ဇာတ်လမ်းများကိုသာ နားဆင်နေရသော ကျွန်တော်တို့အဖို့ ရုပ်ရောအသံပါမြင်ရသည့် တီဗွီများမှာ အထူးအဆန်းသဖွယ်ရှိလှသည်။
ဖုန်းဆိုတာကတော့ ရုံးတွေမှာသာမြင်ရသည်။ ဒီခေတ်ကလေးတွေ ကံကောင်းသည်ဟု ပြောရမည်လား မသိပါ။ ငယ်စဉ်ကတည်းက အီလက်ထရောနစ်ပစ္စည်းများဖြင့် နီးစပ်လာခဲ့ကြသည်။ သုံးလေးနှစ်အရွယ်ကအစ ဖုန်းကိုကောင်းကောင်း ကိုင်တတ်၊ ပြောတတ်၊ အသုံးချတတ်နေပြီ။
ကျွန်တော်တို့အဖို့မှာက သေနတ်ပစ်တမ်းကစားခြင်း၊ တူပုန်းခြင်း၊ ထုပ်ဆီးတိုးခြင်း၊ သားရေကွင်းပစ်ခြင်း တို့ဖြင့်သာ ကြီးပြင်းလာခဲ့ကြရသည်။ ယခုအသက်အရွယ်ရောက်လာကာမှ ဖွံ့ဖြိုးလာသည့် နည်းပညာများနောက် ကိုအပြေးအလွှားလိုက်ရတော့သည်။
နောက် ကလေးတွေဆီက ပြန်သင်ရတော့သည်။
(၃)
ယခင်နှစ်များဆီက ဓာတ်ပုံတစ်ပုံရဖို့ ဓာတ်ပုံဆရာခေါ်ရသည်။ ဒါမှမဟုတ် မိမိဆီမှာ ကင်မရာတစ်လုံး ရှိရမည်။ မိသားစုအပျော်တမ်း လှုပ်ရှားမှုပုံရိပ်များကို မှတ်တမ်းတင်နိုင်ဖို့အတွက် ဗွီဒီယိုရိုက်စက်တစ်လုံးလိုမည်။ ယခုအချိန်မှာတော့ ဖုန်း(Handset) တစ်လုံးက သင့်တင့်သော ဓာတ်ပုံအရည်အသွေးရိုက်ပေးနိုင်သည့် ကင်မရာ၊ လှုပ်ရှားမှုများကို မှတ်တမ်းတင်နိုင်မည့် Video recoding၊ ရေဒီယိုနားထောင်ဦးမလား၊ သီချင်းတွေ နားထောင်ဦး မလား အကုန်လုပ်လို့ရနေပြီ။
ဒါ့အပြင် အင်တာနက်ချိတ်ဆက်လိုက်သည်နှင့် နေ့စဉ် လူမှုဘ၀တွေ၊ သတင်းတွေ၊ အဖြစ်အပျက်တွေ၊ ရုပ်ရှင်တွေ၊ သတင်းစာတွေဖတ်ဦးမလား ရနိုင်နေပြီဖြစ်သည်။
ထိုသို့ အီလက်ထရောနစ်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုလာကြသည့်နောက်ဝယ် နောက်ဆက်တွဲ ပြဿနာတချို့က ပါဝင်လာတော့သည်။
ကျောင်းသားတချို့က စာသင်ခန်းထဲ မရှိတော့။ Game ဆိုင်ထဲတွေရောက်ရှိနေကြသည်။ စာဖတ်ချိန် ထက် Game ကစားချိန်က ပိုများလာသည်။ နောက်ကျန်းမာရေးအတွက် ထိခိုက်စရာတွေက ဖြစ်လာတော့သည်။ မျက်စိကျန်းမာရေး၊ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အားနည်းမှုတွေက ဖြစ်လာသည်။
လူငယ်တွေ၏ အစုအဖွဲ့ပေါင်းစည်းမှု၊ ပျော်ရွှင်စရာအချိန်လေးတွေကို ပေးလိုက်ရသည်။ သို့အတွက် အီလက်ထရောနစ်ပစ္စည်းများကို စွန့်ပစ်ရမည်လား။ မဟုတ်ပါ။ ကိုယ့်အတွက် အကျိုးရှိအောင်အသုံးပြုသွားရမည် ဖြစ်သည်။
(၄)
Handset တစ်ခု၊ Tablet တစ်ခုထဲတွင် လူငယ်တွေအတွက် လိုချင်လျှင် သင်ယူစရာတွေများလှသည်။ ဗဟုသုတရစရာတွေကများစွာပင်။
ခက်လဲလှစွာသော ပဋိကတ်သုံးပုံကအစ၊ တရားဓမ္မများ၊ စိတ်ကူးဥာဏ်ဖြင့် ရုပ်ပုံများ၊ စာများကို ဖန်တီး နိုင်သည့် Application များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်းအရာများကို ကြည့်နိုင်သည့် Application များ စသည့် လေ့လာစရာ၊ သင်ယူစရာတွေက ယူတတ်လျှင် ယူသလောက်ရရှိနိုင် ပေသည်။
ထို့အတူ လူငယ်တွေ၏ အာရုံကိုနှိုးဆွစေသည့် Application များ၊ ယစ်မူးမိုက်မှားစေသည့် Application များစသည့် အတုယူမှားစေနိုင်သည့်၊ လမ်းမှားရောက်စေနိုင်သည့် Application များစွာလည်းရှိလှသည်။
ဒီလိုရွေးချယ်စရာတွေထဲက လူငယ်တွေ အရွေးမမှားဖို့လိုမည်။ မိမိတို့ဘ၀လမ်းအတွက် အီလက် ထရောနစ် ပစ္စည်းများကို လှေကားအဖြစ်နင်းတက်သွားနိုင်ရမည်။ သို့မဟုတ်က မူးယစ်ဆေးဝါးသုံးစွဲသည့် လူတွေလို မူးယစ် ဆေးကိုအစွဲကြီးစွဲကို ဘ၀ဆုံးရှုံးရသည့် ဘ၀မျိုးရောက်ရှိသွားနိုင်ပါသည်။
နောက်တစ်ခုက Game ကစားခြင်းပါပဲ။ Game ကစားပြီဆိုလျှင် ပထမဆုံးစိတ်က နိုင်ချင်စိတ်ဖြစ်လာ သည်။ နိုင်လျှင် ၀မ်းမြောက်စွာ နောက်အဆင့်တစ်ခုကို ဆက်ကစားနိုင်သော်လည်း Level တစ်ခုမှာ ရှုံးနိမ့်ပြီဆို လျှင်တော့ စိတ်တိုလာသည်။ မကျေမနပ်ဖြစ်ကာ ဒေါသထွက်လာတော့သည်။
Game ကစားခြင်းကြောင့် လူငယ်တွေ၏စိတ်ထဲတွင် ပြဿနာတစ်ခုကို ဖြေရှင်းလိုစိတ်၊ ဘယ်လိုဖြေရှင်း ရမလဲဆိုသည့်နည်းစနစ်များကို သိရှိလာနိုင်သလို ဒေါသထွက်လွယ်၊ ခံစားလွယ်သည့် စိတ်မျိုးလည်း ဖြစ်လာနိုင်ပါ သည်။
လူငယ်တွေအတွက် ဒီပြဿနာများကို ဖြေရှင်းနိုင်ရန် အုပ်ထိန်းသိမ်းသူများကလည်း လိုအပ်သလို၊ လူငယ်တွေ၏ အသိစိတ်တွင် အစွန်းရောက်မသွားနိုင်သည့် အသိစိတ်များရှိနေဖို့လိုပေမည်။ ထိန်းသိမ်းမည့် မိဘ များကိုယ်တိုင်က ကလေးတွေနှင့်အပြိုင် Game ဆော့ကစားနေလျှင်တော့ လူကြီးတွေအရင်ပြင်ရပါလိမ့်မည်။
(၅)
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေရ နည်းပညာများထွန်းကားချိန်၊ အီလက်ထရောနစ်ပစ္စည်းများ ထွန်း ကားလာနေချိန်ဖြစ်သည်။
မြန်မာစကားပုံတွင် "လသာတုန်းဗိုင်းငင် "၊ "မိုးရွာတုန်းရေခံ "ဟူသော စကားပုံများရှိသည်။ ဒီလိုအနေ အထားမျိုးတွင် ကျွန်တော်တို့က နည်းပညာများကို တတ်ကျွမ်းအောင်၊ အီလက်ထရောနစ်ပစ္စည်းများအား ကောင်း စွာအသုံးချတတ်အောင် သင်ယူသွားကြရမည်ဖြစ်သည်။
ပညာသင်ယူသင်ဆိုရာဝယ် မိမိဘ၀အတွက် တက်လမ်း၊ အခွင့်အလမ်းနှင့် အသိဥာဏ်များတိုးတက်ရာ အတွက် သင်ယူကြရခြင်းဖြစ်သည်။ သို့အတွက်ကြောင့် နည်းပညာရပ်များသင်ကြားရာတွင်လည်းကောင်း၊ အီလက်ထရောနစ်ပစ္စည်းများအား အသုံးပြုရာတွင်လည်းကောင်း မိမိဘ၀တက်လမ်း၊ အသိဥာဏ်ပညာများရရှိ အောင် သင်ယူသွားကြရမည်ဖြစ်သည်။
မိုးရွာတုန်းရေခံရာတွင် ရေခံတတ်ဖို့နှင့် ရေခံသည့် ပစ္စည်းရွေးချယ်တတ်ဖို့လိုသည်။ မိုးစက်ကျတာကနေ တစ်နေရာ ရေခံတာက တစ်နေရာဆို ရေပြည့်မည်မဟုတ်။ ရေတော့ရပါရဲ့ ရေခံသည့်ပစ္စည်းက နို့ဆီဗူးလေးနှင့် ဆိုလျှင် နို့ဆီဗူးအပြည့်ရေသာ ရပေမည်။ ကိုယ့်အတွက် လိုအပ်လျှင် စဥ့်အိုးကြီးနဲ့ခံရမည်။ ထိုမှသာ စဥ့်အိုးကြီး နှင့်အပြည့် မိုးရေများရရှိမည်ဖြစ်သည်။
လူငယ်တွေ ပျော်ပျော်ကြီး မိုးရေသာ တစ်ဝကြီးထွက်ချိုးကျစေချင်သလို စဥ့်အိုးကြီးများနှင့်ခံစေချင် ပါသည်။ မိုးရွာတုန်းရေချိုးလို့ စဥ့်အိုးကြီးနှင့်ခံစေချင်ပါသည်။
တစ်ခုတော့ရှိသည် အအေးမပတ်အောင်၊ စဥ့်အိုးကြီးပေါက်မနေ ကွဲမနေရအောင်တော့ သတိပြုသွားရ မည်ဖြစ်ပါကြောင်း။
****************
မောင်ပိုင်
၂၂ . ၁၀ . ၂၀၁၃ — with Khin Soe Lwin and 14 others.